News @ M-Media

Blog

  • လိင်တူ စိတ်ဝင်စားမှု ကုသသည့် ဆေးခန်းကို တရားစွဲသူအား တရုတ် တရားရုံး အနိုင်ပေး

    လိင်တူ စိတ်ဝင်စားမှု ကုသသည့် ဆေးခန်းကို တရားစွဲသူအား တရုတ် တရားရုံး အနိုင်ပေး

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    2014122034747489734_20
    – လိင်တူစိတ်ဝင်စားသောစိတ်ဓာတ်ကို ကုသပေးသည့် ဆေးခန်း၏ ဆိုးရွားသောကုသမှုများကို မကျေနပ်၍ တရားစွဲဆိုထားသူ လိင်တူစိတ်ဝင်စားသူတစ်ဦးအား တရုတ်တရားရုံးက အနိုင်ပေးလိုက်သည်ဟု သိရသည်။

    ဘေဂျင်းရှိ ဟိုင်ဒီယန်ခရိုင် ပြည်သူ့တရားရုံးက ယမန်နေ့ ကြားနားမှုအတွင်း လိင်တူစိတ်ဝင်စားမှုမှာ ဆေးကုသမှုခံယူစရာမလိုသော ကိစ္စဖြစ်သည်ဟု သတ်မှတ်ခဲ့ကာ ယခုကဲ့သို့ အနိုင်ပေးလိုက်ခြင်းဖြစ်သည်။

    ထို့ပြင် ကုသမှုခံယူစဉ်က ကုန်ကျခဲ့သည့် ကန်ဒေါ်လာ ၅၆၀ ပမာဏရှိ ငွေကိုလည်း အဆိုပါဆေးခန်းက တရားလို ယန်အား နစ်နာကြေးအဖြစ် ပြန်လည်ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

    လိင်တူစိတ်ဝင်စားမှုကို တရုတ်ပြည်သူ အများစုက နောက်ပိုင်းတွင် လက်ခံလာသော်လည်း မိမိကိုယ်ကို လိင်တူစိတ်ဝင်စားသူဟု လူသိရှင်ကြား ဖွင့်ဟသူများမှာ စိတ်ရောဂါဆေးကုခန်းများတွင် အတင်းအဓမ္မ ကုသခံရခြင်း၊ ဆန့်ကျင်ဘက်လိင်ဖြင့် အတင်းအဓမ္မ အိမ်ထောင်ချခံရခြင်း စသည့် အဖြစ်အပျက်များမှာ ရှိနေဆဲဖြစ်သည်။

    တရားလိုဖြစ်သူ ယန်ကမူ အဆိုပါဆုံးဖြတ်ချက်အတွက် ကျေနပ်မိကြောင်း၊ တရားရုံးအနေဖြင့် မိမိအား အနိုင်ပေးမည်ဟု မမျှော်လင့်ခဲ့ဘဲ လိင်တူ ဆက်ဆံမှုမှာ ဆေးကုသမှုခံယူရန်လိုအပ်သည့် စိတ်ရောဂါတစ်ခုမဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ယန်မှာ မိဘများ၏ ဖိအားပေးမှုကြောင့် လိင်တူစိတ်ဝင်စားသော စိတ်ဓာတ်အား ပျောက်စေရန် ဆေးခန်းတစ်ခုသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလက သွားရောက်ကုသခဲ့ရာ လျှပ်စစ်ရှော့ရိုက်၍ ကုသခဲ့သောကြာင့် ၎င်းက အဆိုပါ ဆေးခန်းအား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    Agencies

  • မန်ယူမှာ ပရီးမီးယားလိဂ် ဖလားအား မျက်စပစ်နေသည်ဟု အလယ်တန်းလူ ကာရစ်ပြောကြား

    မန်ယူမှာ ပရီးမီးယားလိဂ် ဖလားအား မျက်စပစ်နေသည်ဟု အလယ်တန်းလူ ကာရစ်ပြောကြား

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    722932_heroa
    – ယခုနောက်ပိုင်း ခြေပြန်မှန်လာသည့် မိမိတို့အသင်းမှာ ယခုနှစ် ပရီးမီးယားလိဂ်ဖလား ရယူရန် မျက်စပစ်နေသည်ဟု မန်ယူကွင်းလယ်လူ မိုက်ကယ်ကာရစ်က ပြောကြားလိုက်သည်။

    ဖာဂူဆန်၏ နောက်ဆုံးရာသီ ၂၀၁၂-၁၃ နှစ်တွင် နောက်ဆုံး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် မန်ယူအသင်းမှာ ပြီးခဲ့သည့်ရာသီ မိုယက်စ်လက်ထက်တွင် အဆင့် ၇ ဖြင့် ရာသီသိမ်းခဲ့သည်။

    အသင်းအား ဗန်ဂါးလ်ကကိုင်တွယ်ပြီးနောက် ယခုနှစ် ရာသီအစတွင်လည်း ရုန်းကန်ခဲ့ရသည့် မန်ယူအသင်းမှာ ယခုနောက်ပိုင်းတွင် ခြေစွမ်းကောင်းများ ပြန်လည်ရရှိလာပြီး ၆ ပွဲဆက်တိုက် နိုင်ပွဲရရှိသည့် စံချိန်ကောင်းကိုလည်း ရရှိခဲ့ကာ အဆင့် ၃ နေရာသို့ တက်လှမ်းလာနိုင်ခဲ့သည်။

    ထိုကဲ့သို့ ရလဒ်များကြောင့် မိမိတို့အသင်းသားများမှာ ပရီးမီးယားလိဂ်ဖလားအား ကိုင်မြှောက်နိုင်ရန် ရည်ရွယ်နေသည်ဟု ဆိုသည်။

    `ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးတော့မယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် သေချာတာက ဒီလိုအနေအထားမျိုးမှာ ကျွန်တော်တို့ ဒီလိုလုပ်ဖို့ ရည်ရွယ်နေပါတယ်။ ထိပ်ဆုံး ၃ သင်း၊ ၄ သင်းနေရာအတွက်နဲ့ ကျွန်တော်တို့ ပျော်ရွှင်မှာမဟုတ်ပါဘူ´ ဟု ကာရစ်က The Telegraph သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ တိုးတက်လာပြီဖြစ်ကြောင်း၊ မိမိတို့လိုချင်သည့် စိတ်ဓာတ်၊ မျှော်လင့်ချက်၊ စိန်ခေါ်မှုများ ရရှိနေပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

  • ၂၀၁၄ မှာ မိမိတို့အတွက် ဆိုးရွားသော ခုနှစ်ဟု ဘာစီလိုနာ ဥက္ကဌဆို

    ၂၀၁၄ မှာ မိမိတို့အတွက် ဆိုးရွားသော ခုနှစ်ဟု ဘာစီလိုနာ ဥက္ကဌဆို

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    454594_heroa
    – ၂၀၁၄ ခုနှစ်မှာ မိမိတို့အသင်း အတွက် ဆိုးရွားသော ကာလများဖြစ်ခဲ့ပြီး လာမည့် ၂၀၁၅ ခုနှစ်၌ ပိုမိုကောင်းမွန်သော အချိန်များ ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူက ပြောကြားလိုက်သည်။

    ဘာကာမှာ ယခုနှစ် အတွင်း နေမာ၏ အပြောင်းအရွှေ့ကိစ္စ၊ မက်ဆီ၏ အခွန်ရှောင်မှုများ၊ အသင်းအောင်မြင်မှု မရခြင်း၊ ဥက္ကဌ အပြောင်းအလဲ၊ အသင်းကိစ္စနှင့် ပတ်သက်၍ ဥက္ကဌဟောင်း တရား ရင်ဆိုင်ရခြင်း၊ ကစားသမားဝယ်ယူမှု ပိတ်ပင်ခံရခြင်း စသည်တို့အပါအ၀င် ပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရပြီး အသင်းတွင်လည်း မတည်မငြိမ် ဖြစ်ခဲ့ရသည်။

    သို့သော်လည်း ဘာတိုမြူကမူ ၂၀၁၅ ခုနှစ်မှာ အသင်းတွင် ရှိနေသူ အားလုံး အတွက် အောင်မြင်နိုင်သော နှစ် တစ်နှစ်ဖြစ်လာမည်ဟုဆိုသည်။

    `၂၀၁၄ ခုနှစ်ဟာ အရမ်းကို ခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ မှာတော့ ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြီးတော့ ခရစ္စမတ် ကာလကလည်း စတင်မှု အသစ် အတွက် မျှော်လင့်ချက်ကို ယူလာပါတယ်။ ၂၀၁၅ အတွက် အသင်းနဲ့ နည်းပြတို့မှာ ကောင်းမွန်တဲ့ စိတ်အားထက်သန်မှုနဲ့ ယုံကြည်မှုတွေ ရှိပါတယ်´ ဟု ဘာတိုမြူက ပြောကြားခဲ့သည်။

    မာတီနို၏ နေရာကို ဆက်ခံခဲ့သည့် အန်းရစ်မှာ ဘာစီလိုနာ အသင်းအား မက်လောက်စရာ အောင်မြင်မှုများကို မယူပေးနိုင်သေးဘဲ ယခုလက်ရှိ ချိန်ပီယံလိဂ် ရှုံးထွက် အဆင့်သို့ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေး ထားသော်လည်း လာလီဂါတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ရီးယဲလ်နှင့် ၄ မှတ်ကွာဟနေသည်။

  • ဆိုနီအား ဆိုက်ဘာ တိုက်ခိုက်မှု မြောက်ကိုရီးယားကို ပြန်လက်စားချေမည်ဟု အိုဘားမားဆို

    ဆိုနီအား ဆိုက်ဘာ တိုက်ခိုက်မှု မြောက်ကိုရီးယားကို ပြန်လက်စားချေမည်ဟု အိုဘားမားဆို

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    the-interview-movie-banner-2014
    – ဆိုနီကုမ္ပဏီအား ဆိုက်ဘာတိုက်ခိုက်မှုအတွက် ပြန်လည်လက်စားချေသွားမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား လုပ်ကြံသည့်ပုံစံ ရိုက်ကူးထားသည့် ဟာသရုပ်ရှင် The Interview အတွက် မကျေနပ်၍ မြောက်ကိုရီးယား ဟက်ကာအဖွဲ့ တစ်ခုမှ ပြုလုပ်သော အဆိုပါ တိုက်ခိုက်မှုတွင် မြောက်ကိုရီယားအစိုးရ ပါဝင်သည်ဟု FBI က စောစာပိုင်းကပြောကြားထားသည်။

    `ကျွန်တော်တို့ တုံ့ပြန်သွားမှာပါ။ အချို့နေရာက အချို့အာဏာရှင်တွေ ဆင်ဆာပိတ်လို့ရတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းမျိုး အမေရိကန်မှာ အဖြစ်မခံပါဘူး´ ဟု ဒီဇင်ဘာ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော နှစ်ကုန် သတင်းစာရှင်လင်းပွဲတွင် အိုဘားမားက ပြောကြားခဲ့သည်။

    ထို့ပြင် ဆိုနီကုမ္ပဏီအနေဖြင့် အဆိုပါ ရုပ်ရှင်ပြသမှုကို ရပ်ဆိုင်းလိုက်ခြင်းမှာ အမှားပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထိုကုမ္ပဏီအနေဖြင့် ထိခိုက်မှုများရှိခဲ့ပြီး ၀န်ထမ်းများမှာလည်း ခြိမ်းခြောက်မှုများ ခံခဲ့ရသည့် အတွက် မိမိတို့မှ စာနာနားလည်ပါကြောင်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုတွင် ဆိုနီကုမ္ပဏီ၏ အရေးပါအသောအချက်အလက်များ အပြင်သို့ပေါက်ကြားခဲ့သည်။

    The Interview ရုပ်ရှင်ကို ခရစ္စမတ်နေ့တွင် ရုံတင်ပြသရန် စီစဉ်ထားသော်လည်း အချို့သောရုံများက ပြသရန် လက်မခံခြင်းနှင့် မြောက်ကိုရီးယား ဟက်ကာအဖွဲ့က ရုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေသောကြောင့် ရပ်ဆိုင်းခဲ့သည်။

    Al Jazeera and agencies

  • ရေနံသိုလှောင်ကန် ဖျက်ဆီးမှု လက်ဘနွန်အား လျော်ကြေး ဒေါ်လာ သန်း ၈၅၀   အစ္စရေး ပေးရန် ကုလ ဆုံးဖြတ်

    ရေနံသိုလှောင်ကန် ဖျက်ဆီးမှု လက်ဘနွန်အား လျော်ကြေး ဒေါ်လာ သန်း ၈၅၀ အစ္စရေး ပေးရန် ကုလ ဆုံးဖြတ်

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    _79858714_79858713

    – ၂၀၀၆ ခုနှစ်တွင် ဟစ်ဇဘိုလာအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုအတွင်း လက်ဘနွန်ပိုင် ရေနံသိုလှောင်ကန် ပျက်ဆီးမှုအတွက် လျော်ကြေး ကန်ဒေါ်လာ သန်း ၈၅၀ ကျော် ပေးဆောင်ရန် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့သည်ဟု သိရသည်။

    အဆိုပါ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၁၉ ရက်နေ့နှောင်းပိုင်းက အတည်ပြုခဲ့ခြင်းဖြစ်ပြီး သိုလှောင်ကန် ပျက်ဆီးမှုမှ ယိုစိမ့်ထွက်ပေါ်လာသည့် ရေနံများမှာ လက်ဘနွန်ကမ်းရိုးတန်းနှင့် ဆီးရီးယား ကမ်းရိုးတန်းအထိ ပြန့်နှံ့ခဲ့ကာ ဆိုးရွားသည့် ရေထုညစ်ညမ်းမှုကို ဖြစ်စေခဲ့သည်ဟု ဖော်ပြထားသည်။

    ထိုအဖြစ်အပျက်အတွက် နစ်နာကြေးပေးရန် ကုလက အစ္စရေးအား ယခင်ကတည်းက တောင်းဆိုခဲ့ပြီး ယခု ပထမဆုံးအကြိမ်အဖြစ် လျော်ကြေး ပမာဏအတိအကျကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ထိုဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၇၀ က ထောက်ခံမဲပေးခဲ့ပြီး အစ္စရေး၊ အမေရိကန်၊ ကနေဒါ၊ မိုက်ခရိုနီးရှားနှင့် မာရှယ်ကျွန်းတို့က ကန့်ကွက်ခဲ့ကြသည်။

    အစ္စရေးမှာ ပါလက်စတိုင်းအပါအ၀င် ပတ်ဝန်းကျင်ရှိ အာရပ်နိုင်ငံများအား အကြောင်းအမျိုးမျိုးပြကာ ကျူးကျော်တိုက်ခိုက်မှုများရှိပြီး အများပြည်သူနှင့် သက်ဆိုင်သောနေရာများ အများဆုံးပျက်ဆီးခဲ့ရသည်။

    AP