News @ M-Media

Blog

  • တာလီဘန်မူဝါဒကို လက်ခံကြောင်း အာဖဂန်အမျိုးသမီးများ ဆန္ဒထုတ်ဖော်

    တာလီဘန်မူဝါဒကို လက်ခံကြောင်း အာဖဂန်အမျိုးသမီးများ ဆန္ဒထုတ်ဖော်

    စက်တင်ဘာ ၁၁၊ ၂၀၂၁
    M-Media

    -တာလီဘန်အစိုးရရဲ့ မူဝါဒတွေကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို အာဖဂန်အမျိုးသမီးတွေက ဒီကနေ့မနက် ကဘူးလ်တက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။

    ဒီဆန္ဒထုတ်ဖော်ပွဲမှာ အမျိုးသမီး ၃၀၀ လောက်ပါဝင်ပြီး တာလီဘန်က ထုတ်ထားတဲ့ စည်းကမ်းအတိုင်း မျက်နှာပါအဝင် တစ်ကိုယ်လုံးကိုဖုံးထားတဲ့ ဝတ်ရုံတွေ ဝတ်ဆင်ထားကြကာ တာလီဘန်အလံတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

    ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ် တာလီဘန်ရဲ့ အုပ်ချုပ်မှုကာလအတွင်း အာဖဂန်အမျိုးသမီးတွေဟာ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်၊ တစ်ယောက်တည်း အပြင်သွားလာခွင့် ပိတ်ပင်ခံရတာလို ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ အခုတစ်ခေါက်အာဏာရပြီးတဲ့နောက် ကန့်သတ်ချုပ်ချယ်မှုတွေကို ဖြေလျော့ပေးပြီး အမျိုးသမီးတွေကို ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်ပေးမယ်လို့ တာလီဘန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    တာလီဘန်ရဲ့ ပညာရေးအာဏာပိုင်အဖွဲ့က တက္ကသိုလ်တွေမှာ ကျောင်းတက်ရင် အမျိုးသမီးတွေ တစ်ကိုယ်လုံးဖုံးထားတဲ့ဝတ်ရုံတွေ ဝတ်ရမှာဖြစ်ပြီး၊ အနည်းဆုံး ယောကျ်ားလေးနဲ့ မိန်းကလေး သီးသန့်ခွဲကာ အလယ်မှာ လိုက်ကာ ကာထားရမယ်လို့ ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။

    ဒီကနေ့ ကာဘူးလ်တက္ကသိုလ်က တာလီဘန်ထောက်ခံပွဲမှာ အမျိုးသမီးတစ်ချို့က အနောက်နိုင်ငံတွေကိုရှုတ်ချကြောင်း တာလီဘန်ကို ထောက်ခံကြောင်း ဟောပြောခဲ့ကြပါတယ်။ နိုင်ငံတစ်ဝှမ်း တာလီဘန်ကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေရဲ့ ဆန္ဒပြမှုဟာ အာဖဂန်အမျိုးသမီးအားလုံးကို ကိုယ်စားမပြုဘူးလို့လည်း သူတို့က ဆိုပါတယ်။

    ဟောပြောမှုတွေပြီးတဲ့နောက် အဲဒီအမျိုးသမီးတွေဟာ တက္ကသိုလ်အပြင်ကလမ်းမှာ တာလီဘန်အလံတွေဝှေ့ယမ်းပြီး ချီတက်ခဲ့ကြပါတယ်။

    Ref: AFP

  • မဟာမိတ်ဆော်ဒီတွင် ချထားသည့် ဒုံးခွင်းစနစ်များကို အမေရိကန်က ပြန်သိမ်း

    မဟာမိတ်ဆော်ဒီတွင် ချထားသည့် ဒုံးခွင်းစနစ်များကို အမေရိကန်က ပြန်သိမ်း

    စက်တင်ဘာ ၁၁၊ ၂၀၂၁
    M-Media

    -ဆော်ဒီအာရေဗျမှာ ထားရှိတဲ့ အဆင့်မြင့်ဒုံးခွင်းစနစ်တွေကို အမေရိကန်က ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ ပြန်သိမ်းလိုက်တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    ယီမင်က ဟူသီသူပုန်တွေက ဆော်ဒီကို ဒုံးကျည်နဲ့တိုက်ခိုက်မှု၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အချိန် ဘာ့ကြောင့် ဒီလိုရုပ်သိမ်းလိုက်လဲဆိုတာ အတိအကျ မသိရပါဘူး။ အမေရိကန်က အရှေ့အလယ်ပိုင်းထက် ခြိမ်းခြောက်မှုပိုများလာတဲ့ အာရှမှာ ဒီဒုံးခွင်းစနစ်တွေ လိုအပ်လာတယ်လို့ ရှုမြင်နေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ၂၀၁၉ ခုနှစ်က ဆော်ဒီရဲ့ရေနံထုတ်တဲ့ အဓိကစက်ရုံတွေကို ဟူသီတွေက တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း မြို့တော်ရီယာ့ဒ်အပြင်ဘက် ပရင့်စ်ဆူလ်တန်လေတပ်စခန်းမှာ တပ်ဖွဲ့ဝင် ထောင်ချီနဲ့ ဒုံးခွင်းစနစ်တွေကို အမေရိကန်က ချထားခဲ့တာဖြစ်ပါတယ်။

    ဒုံးခွင်းနစ်တွေက Patriot နဲ့ နောက်ဆုံးပေါ် THAAD စနစ်တွေ ဖြစ်ပါတယ်။ ဆော်ဒီကနေ ဒီဒုံးခွင်းနစ်တွေ ရုပ်သိမ်းမယ်ဆိုတဲ့သတင်း ထွက်လာတာ လနဲ့ချီရှိနေပါပြီ။

    အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက ဒုံးခွင်းစနစ်တွေ ရုပ်သိမ်းကြောင်း အတည်ပြုခဲ့ပေမယ့် အရှေ့အလယ်ပိုင်းက မဟာမိတ်အတွက် မိမိတို့ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်စောင့်ထိန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီဖက်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း ဒီသတင်းကို အတည်ပြုခဲ့ပြီး၊ မိမိတို့နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာ အရင်ကအတိုင်း ခိုင်ခိုင်မာမာ ရှိနေဆဲဖြစ်ကြောင်း၊ ဆော်ဒီစစ်တပ်ဟာ မိမိတို့ရဲ့ ပိုင်နက်နဲ့ ပြည်သူတွေကို အပြည့်အ၀​ ကာကွယ်နိုင်စွမ်းရှိကြောင်း ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • စစ်ကောင်စီလက်ချက်ကြောင့် ချင်းပြည်သူများ အိန္ဒိယထွက်ပြေးရပြန်

    စစ်ကောင်စီလက်ချက်ကြောင့် ချင်းပြည်သူများ အိန္ဒိယထွက်ပြေးရပြန်

    စက်တင်ဘာ ၁၁၊ ၂၀၂၁
    M-Media

    ဓာတ်ပုံ- မီဇိုရမ်ပြည်နယ်မှ မြင်ကွင်းတစ်ခု

    -ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု၊ ဗုံးကြဲမှုတွေ ပြုလုပ်တာကြောင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ ထပ်မံဝင်လာတယ်လို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရက ပြောပါတယ်။

    စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ပြင်းထန်နေတဲ့ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မြန်မာနိုင်ငံက လူ ၁၅၀ လောက် အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခဲ့ရတာပါ။

    မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Lalchamliana က မြန်မာဖက်မှာ စစ်ကောင်စီတပ်တွေ ဗုံးကြဲမှု၊ ဒုက္ခသည်တွေ ဝင်ရောက်လာမှုတွေရှိကြောင်း အတည်ပြုပါတယ်။

    “မီဇိုရမ်-မြန်မာ နယ်ခြားမှာနေတဲ့ ရွာသားတစ်ယောက်က မြန်မာဖက်ဖက်မှာ ဗုံးကြဲတဲ့ကိစ္စကို မနေ့က ကျွန်တော့်ကို သတင်းပို့ပါတယ်။ လုံလဲဆိုတဲ့ရွာမှာ စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတာကို ရွာသားတွေက မြင်တဲ့အကြောင်း သူက ကျွန်တော့်ကို ပြောပါတယ်”

    မြန်မာစစ်တပ်က ဒီလိုတွေ ထပ်လုပ်နေမယ်ဆိုရင် မီဇိုရမ်ဖက်ကို ဒုက္ခသည်တွေ ပိုမိုဝင်လာလိမ့်မယ်လို့လည်း ဝန်ကြီး Lalchamliana က ဆိုပါတယ်။

    မီဇိုရမ်နဲ့ မြန်မာတို့ဟာ ၅၁၀ ကီလိုမီတာလောက် နယ်စပ်ချင်း ထိစပ်နေတာပါ။ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်က အနည်းဆုံး ဒုက္ခသည် တစ်သောင်းလောက် မီဇိုရမ်ထဲ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

    “ရွာသားတွေက ဒီဒုက္ခသည်တွေကို နေရာထိုင်ခင်းပေးပြီး ကြည့်ရှုစောင့်ရှောက်ထားပါတယ်။ ဒါဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပြီး လိုအပ်နေတဲ့သူတွေကို ကူညီရမှာ ကျွန်တော်တို့ တာဝန်ပါ”

    မြန်မာနိုင်ငံကနေဝင်ရောက်လာတဲ့ ဒုက္ခသည်တွေရဲ့ ကလေးငယ်တွေကို အစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့်ပြုဖို့ မီဇိုရမ်အစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ ပြည်နယ်ပညာရေးတာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ချင်းလူမျိုးတွေကို အိန္ဒိယမှာ မီဇိုလို့ခေါ်ပြီး ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ယုံကြည်ကိုးကွယ်မှုက အတူတူပဲဖြစ်ပါတယ်။ အိန္ဒိယက မီဇိုရမ်ပြည်နယ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်ပါတယ်။

    “ဗြိတိသျှရောက်မလာခင်က ကျွန်တော်တို့မီဇိုတွေက ကိုယ့်တိုင်းပြည်နဲ့ကိုယ်ပါ။ ဗြိတိသျှက ကျွန်တော်တို့ မီဇိုတွေရဲ့ဒေသကိုပိုင်းပြီး မြန်မာနဲ့ အိန္ဒိယနိုင်ငံထဲ တစ်ဖက်စီထည့်လိုက်ပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်အထိ ကျွန်တော်တွေဟာ ဟိုဘက်ဒီဖက် လက်ထပ်တာမျိုးရှိပြီး သွေးချင်း ဆက်နွယ်နေကြတုန်းပါ” လို့ Lalchamliana က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: newindianexpress

  • အထောက်အထားလိမ်၍ ကာကွယ်ဆေးထိုးသည့် မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားဖမ်းဆီး

    အထောက်အထားလိမ်၍ ကာကွယ်ဆေးထိုးသည့် မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားဖမ်းဆီး

    စက်တင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    -ပီနန်မြို့မှာ တစ်ခြားလူတစ်ယောက်ရဲ့ အထောက်အထားတွေနဲ့ ကိုဗစ်ကာကွယ်ဆေးလာထိုးတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    အသက် ၄၄ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဟာ ပီနန်မြို့ ဂျော့တောင်းမြို့နယ်က ကိုဗစ်ကာကွယ်ဆေးစင်တာတစ်ခုမှာ ကာကွယ်ဆေးသွားထိုးစဉ်အတွင်း သူ့ရဲ့ အမည်၊ နိုင်ငံကူးလက်မှတ် အမှတ်တွေ ပထမတစ်ကြိမ် ထိုးထားတဲ့ စာရင်းထဲမှာ ရှိနေတာကို တွေ့ခဲ့ရတာပါ။

    အဲဒီနောက် စက်တင်ဘာ ၆ ရက်နေ့မှာ ဒီကိစ္စကို ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး ၉ ရက်နေ့ ဂျော့တောင်းမြို့က Gurney Paragon ရှော့ပင်းမောလ်မှာ ဒုတိယအကြိမ် ကာကွယ်ဆေးလာထိုးတဲ့ အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    ဖမ်းဆီးသူကို ရှာဖွေမှုအတွင်း တိုင်ကြားသူရဲ့ အထောက်အထားတွေအပြင် အခြားစာရွက်စာတမ်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

    လက်ရှိမှာ အဲဒီမြန်မာနိုင်ငံသားကို လိမ်လည်မှု၊ နေထိုင်ခွင့်အထောက်အထားမရှိ စတဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုထားပါတယ်။

    Ref: The Star

  • ဆင်းရဲမွဲတွေမှုဒဏ်ကို အာဖဂန်ပြည်သူ ၉၇ ရာခိုင်နှုန်းအထိ ခံရနိုင်ဟု ကုလသတိပေး

    ဆင်းရဲမွဲတွေမှုဒဏ်ကို အာဖဂန်ပြည်သူ ၉၇ ရာခိုင်နှုန်းအထိ ခံရနိုင်ဟု ကုလသတိပေး

    စက်တင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    -နိုင်ငံရေးနဲ့ စီးပွားရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် အာဖဂနစ္စတန်မှာ ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက် နေထိုင်ရသူအရေအတွက်ဟာ လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

    အာဖဂန်နစ္စတန်ရဲ့ လူဦးရေတစ်ဝက်လောက်ဟာ လက်ရှိမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ မနေ့က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအဖွဲ့ UNDP ရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံရဲ့ GDP ကျဆင်းမှုကြောင့် ဆင်းရဲမွဲတေမှုဟာ နောက်ထပ် ၂၅ ရာခိုင်နှုန်းအထိ တက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    “ဘက်ဂျက်ပြဿနာရှိတယ်။ အရံငွေပြဿနာရှိတယ်။ အရံငွေဆိုရင် ဒေါ်လာ ၉ ဘီလီယံလောက် ဆိုင်းငံ့ခံထားရတယ်။ ကုန်သွယ်ရေးပြဿနာရှိတယ်။ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးမှာ အခက်အခဲအတားအဆီးတွေရှိတယ်” လို့ UNDP ရဲ့ အာဖဂန်ဌာနေကိုယ်စားလှယ် အဘ်ဒူလာ အလ် ဒါဒါရီက ပြောပါတယ်။

    နိုင်ငံတစ်နိုင်ငံ ဒီလိုအခြေအနေမျိုးရောက်လာရင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်တို့လို နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့စည်းတွေက ပူးပေါင်းကူညီလေ့ရှိပေမယ့် တာလီဘန်အုပ်စိုးနေတဲ့ အာဖဂန်နစ္စတန်မှာတော့ ဒါမျိုးဖြစ်လာမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

    တာလီဘန်မသိမ်းပိုက်ခင်ကတည်းက အာဖဂန်ဟာ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေကို အဓိကမှီခိုနေရတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂကတော့ သူတို့ရဲ့ အကူအညီပေးရေးလုပ်သားတွေကို ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ တာလီဘန်ကို တောင်းဆိုထားပါတယ်။

    အာဖဂန်နစ္စတန်နိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ရင်ဆိုင်ရဖွယ်ရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက အခုသီတင်းပတ်အစောပိုင်းမှာ ပြောကြားထားပြီး နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကလည်း တိုင်းပြည်ရဲ့ အားနည်းနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ ​ပြိုလဲဖွယ်ရှိနေတယ်လို့ သတိပေးထားပါတယ်။

    လက်ရှိ အာဖဂန်နစ္စတန်က ပြည်သူတွေရဲ့ ၇၂ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်မှာ နေထိုင်နေရပြီး နှစ်ရှည် မိုးခေါင်ရေရှားမှု၊ ကိုဗစ်ကပ်ရောဂါ၊ နိုင်ငံရေးမတည်ငြိမ်မှု စတာတွေကြောင့် ဖြစ်ပါတယ်။

    Ref: Aljazeera