News @ M-Media

Blog

  • ဝီဂါတွေပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ ၉/၁၁ တိုက်ခိုက်မှုကို တရုတ်က ဘယ်လိုအမြတ်ထုတ်ခဲ့သလဲ

    ဝီဂါတွေပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ ၉/၁၁ တိုက်ခိုက်မှုကို တရုတ်က ဘယ်လိုအမြတ်ထုတ်ခဲ့သလဲ

    စက်တင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    Kent Kobersteen, former Director of Photography of National Geographic
    “The pictures are by Robert Clark, and were shot from the window of his studio in Brooklyn. Others shot the second plane hitting the tower, but I think there are elements in Clark’s photographs that make them special. To me the wider shots not only give context to the tragedy, but also portray the normalcy of the day in every respect except at the Towers. I generally prefer tighter shots, but in this case I think the overall context of Manhattan makes a stronger image. And, the fact that Clark shot the pictures from his studio indicates how the events of 9/11 literally hit home. I find these images very compellingÑin fact, whenever I see them they force me to study them in great detail.”

    (တကယ်တော့ အမေရိကန်ရဲ့ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ ကြောင့် ဝီဂါတွေအပါအဝင် ၉/၁၁ တိုက်ခိုက်မှုနဲ့ ဘာမှမသက်ဆိုင်တဲ့ သန်းပေါင်းများစွာသော မွတ်စလင်တွေရဲ့ဘ၀တွေ ဖျက်ဆီးခံခဲ့ရတယ်ဆိုတာ အသေအချာပါပဲ။ )

    -‘ဝီဂါအကြမ်းဖက်ဝါဒ’ ဆိုတဲ့ တရုတ်အစိုးရရဲ့ ခေါင်းစဉ်တပ်မှုကို အမေရိကန်က လက်ခံလိုက်တာဟာ ဝီဂါလူ့အဖွဲ့အစည်းအပေါ် တရုတ်အစိုးက အကြီးအကျယ် ဖိနှိပ်မှုကို ဖြစ်စေခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ် ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အခြေအနေတွေဟာ အလွန်အမင်း ဆိုးရွားခဲ့ပါတယ်။ ဝီဂါတွေထဲက အစိုးရဆန့်ကျင်သူတွေကို ရည်ရွယ်တဲ့ ဖိနှိပ်မှုကနေ ၂၀၀၁ ခုနှစ်နောက်ပိုင်းမှာတော့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးလို့ ခေါင်းစဉ်တပ်ပြီး ဖိနှိပ်ညှင်းပမ်းမှုကို တရုတ်အစိုးရက အကြီးအကျယ် ကျူးလွန်လာခဲ့တာ ဖြစ်ပါတယ်။

    ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်ဟာ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ ဆင်နွှဲကာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ရှင်းလင်းရေး အခြားနိုင်ငံတွေကိုလည်း ကူညီပေးခဲ့ပါတယ်။ ‘ခွဲထွက်ရေးလုပ်တဲ့ ပြည်တွင်းပြဿနာ’ လို့ အရင်က သတ်မှတ်တုန့်ပြန်ခဲ့တဲ့ ဝီဂါတော်လှန်ရေးလှုပ်ရှားမှုကို ‘ကမ္ဘာ့အကြမ်းဖက်ဝါဒ အရေးပေါ်အခြေအနေ’ အဖြစ် တရုတ်ကွန်မြူနစ်ပါတီ(CCP) က ပုံဖော်လိုက်တာဟာ ၉/၁၁ နောက်ပိုင်း ကိစ္စတွေကြောင့် ဖြစ်ပါတယ်။

    CCP ရဲ့ ဒီပုံဖော်မှုကို အမေရိကန်က ချက်ခြင်းဆိုသလို လက်ခံကာ အာဖဂန်နစ္စတန်မှာ အခြေစိုက်တဲ့ မထင်မရှား အရှေ့တာကစ္စတန် အစ္စလာမ့်မစ်လှုပ်ရှားမှု(ETIM) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဝီဂါတွေကိုလည်း နာမည်ဆိုးရှိတဲ့ ဂွါတာနာမိုအကျဉ်းစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

    ဝီဂါလူမျိုး တစ်သန်းလောက်ကို အကျဉ်းစခန်းကွန်ယက်တွေထဲမှာ ပိတ်လှောင်ထားတယ်လို့ ကုလက ထုတ်ပြန်ထားတဲ့ ကိစ္စအပါဝင် ဝီဂါလူမျိုးစုအပေါ် တရုတ်အစိုးရက အကြီးအကျယ် ဖိနှိပ်ညှင်းပမ်းမှုမျိုး ဖြစ်ပေါ်လာဖို့ အမေရိကန်ရဲ့ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ က အကူအညီပေးခဲ့တာပါ။

    ဝီဂါတွေ ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ဒေသဟာ အလ်တီရှာ၊ အရှေ့တာကစ္စတန်၊ ရှင်ကျန်း စသဖြင့် အမည်အမျိုးမျိုးတွင်ပါတယ်။ ၁၇၅၉ ခုနှစ် ချင်မင်းဆက်လက်ထက်မှာ ဝီဂါဒေသကို သိမ်းပိုက်ကာ ‘ရှင်ကျန်း’ (ပိုင်နက်သစ်) လို့ အမည်ပေးခဲ့ပါတယ်။ ၂၀ ရာစုအစောပိုင်းမှာ သူပုန်ထမှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် ဝီဂါဒေသဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ဆက်ရှိနေပြီး ၁၉၅၅ ခုနှစ်မှာ CCP ခေါင်းဆောင် မော်စီတုန်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ၁၀ စုနှစ်တွေမှာ ရှင်ကျန်းဒေသအတွင်း စီးပွားရေးနဲ့ အခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် လူနေမှုအဆင့်အတန်း မြင့်မားလာပြီး ‘ဟန်’ မဟုတ်တဲ့လူမျိုးတွေအတွက် အားသာချက် ရှိလာခဲ့ပေမယ့် ဝန်ဆောင်မှုတွေကို စျေးကြီးပေးပြီး အသုံးပြုရတာမျိုးပါ။ နောက်ပိုင်း ဟန်လူမျိုးတွေ ဒေသထဲ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာတာကြောင့်​ သူ့တို့ရဲ့ ဘိုး​ဘွားပိုင်မြေကနေ ဝီဂါတွေ ဖယ်ပေးခဲ့ရပြီး တင်းမာမှုတွေလည်း ရှိလာပါတယ်။

    ရှင်ကျန်းမှာပေါ်​ပေါက်လာတဲ့ ဝီဂါတွေရဲ့တိုက်ခိုက်မှုဟာ ဒီလို လူအဖွဲ့အစည်း ဟန်ချက်ပျက်မှုကြောင့်ဖြစ်ပြီး ဘာသာရေးလှုံ့ဆော်မှုကြောင့် မဟုတ်ပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ယဉ်ကျေးမှုအနုပညာ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု၊ ပညာရေးအခွင့်အလမ်း နည်းလာတာ၊ အလုပ်အကိုင်နဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်ပြီး ဝီဂါတွေ စိုးရိမ်ပူပန်လာရာကနေ ၂၀ ရာစုနှောင်းပိုင်း ရှင်ကျန်းပြည်နယ်မှာ လူမျိုးရေးတင်းမာမှုတွေ ပေါ်ပေါက်လာပါတယ်။

    ရှင်ကျန်းဒေသအတွင်း ခွဲထွက်လိုတဲ့ ခံယူချက်တွေ၊ လှုပ်ရှားမှုတွေပေါ်ပေါက်လာရာမှာ ပြောင်းရွှေ့အခြေချလာသူ ဟန်လူမျိုးတွေနဲ့ ဌာနေဝီဂါတွေအကြား ဒီလို မမျှတမှုတွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အချုပ်အခြာအာဏာ၊ လွတ်လပ်ခွင့်တွေနဲ့ပတ်သက်ပြီး ဝီဂါတွေရဲ့ စိုးရိမ်ပူပန်မှုဟာ ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်လာတာဖြစ်ပြီး ဒါကိုပြောင်းလဲဖို့အတွက်တော့ သူတို့မှာ အာဏာမရှိပါဘူး။ အစိုးရပေါ်လစီတွေကို ဆန်ကျင်တဲ့ ဒေသတွင်း ဆန္ဒပြမှုတွေ ပြင်းပြင်းထန်ထန် ဖြိုခွဲခံရကာ ၁၉၈၉ ခုနှစ် တီယန်နန်မန်ရင်ပြင် ဖိနှိပ်မှုနောက်ပိုင်း တရုတ်အစိုးရက အကြမ်းဖက်နှိမ်နှင်းမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာပါတယ်။

    ၁၉၉၀ ပြည့်နှစ်တွေတစ်လျှောက်လုံးမှာ ဝီဂါလွတ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပ လှုပ်ရှားမှုတွေ အလျှိုအလျှို ပေါ်ထွက်လာပြီး အထင်ရှားဆုံးက အရှေ့တာကစ္စတန် သတင်းအချက်အလက်စင်တာနဲ့ ကမ္ဘာ့ဝီဂါလူငယ်ကွန်ဂရက် အဖွဲ့အစည်းတို့ ဖြစ်ပါတယ်။

    ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွေမှာ ရှင်ကျန်းပြည်နယ်မြို့တော် အွမ်ရူကီက အများသုံး သယ်ယူပို့ဆောင်ရေးလိုင်းတွေနဲ့ ရဲစခန်းတစ်ခုတို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပြီး ‘အရှေ့တာကစ္စတန် ခွဲထွက်ရေးသမားတွေ’ က လုပ်တာလို့ ဆိုပါတယ်။ ၁၉၉၇ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီဟာ ခွဲထွက်ရေးဝါဒကို တိုက်ဖျက်ဖို့အတွက် ‘ကြမ်းကြမ်းတိုက်’ စစ်ဆင်ရေးကို စတင်ပါတယ်။ ဒီစစ်ဆင်ရေးနောက်ပိုင်း တရုတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ အစုလိုက်အပြုံလိုက် ဖမ်းဆီးတာ၊ ခွဲထွက်ရေးလုပ်တယ်လို့ သံသယရှိသူကို အလျင်အမြန် ရှင်းလင်းသုတ်သင်တာတွေ လုပ်ဆောင်လာပါတယ်။

    တရုတ်အစိုးရရဲ့ ပေါ်လစီတွေအပေါ် ဘယ်လိုဝေဖန်ပြစ်တင်မှုမျိုးကိုမဆို ခွဲထွက်ရေးခေါင်းစဉ်တပ်ပြီး တရုတ်အစိုးရက ပြင်းပြင်းထန်ထန် နှိမ်နင်းတယ်လို့ ဝီဂါအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ တစ်ချို့ တိုက်ခိုက်မှု​တွေကို ဝီဂါခွဲထွက်ရေးသမားတွေ လုပ်တာလို့ မမှန်မကန်စွပ်စွဲပြီး ဝီဂါတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေ တရားတယ်လို့ ပုံဖော်တာမျိုးတွေအထိ ရှိပါတယ်။

    အမေရိကန်မှာဖြစ်တဲ့ ၉/၁၁ တိုက်ခိုက်မှုက တရုတ်ရဲ့ ခွဲထွက်ရေးတိုက်ဖျက်မှုလုပ်ငန်းကို လမ်းကြောင်းအသစ် ပြောင်းသွားစေခဲ့ပါတယ်။ ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်သမ္မတ ဂျော့ဂျ် ဒဘလျူ ဘုရှ်က ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အမေရိကန်ဘက်နေမလား၊ အကြမ်းဖက်သမားတွေဘက်နေမလားဆိုပြီး ရွေးချယ်ခိုင်းပါတယ်။ တရုတ်ကတော့ တစ်ဖက်ကို ပြတ်ပြတ်သားသား ရွေးခဲ့ပါတယ်။ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းတဲ့ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာ တရုတ်က ထောက်ခံမဲပေးခဲ့ပြီး၊ အမေရိကန်ရဲ့ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ ကို ထောက်ခံကြောင်း သဘောထားပြခဲ့ပါတယ်။

    ဒီလိုပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ လူသိပ်မသိတဲ့ ဝီဂါတော်လှန်ရေးအဖွဲ့ ETIM ကို ကမ္ဘာ့အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ အမေရိကန်ရဲ့ အကြမ်းဖက်အသင်းအဖွဲ့များစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ၉/၁၁ တစ်နှစ်တင်းတင်းပြည့်တဲ့အချိန်မှာ ကုလသမဂ္ဂကလည်း ETIM အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

    ဒီလိုသတ်မှတ်မှုအတွက် အခြေခံအကြောင်းအရင်းက မခိုင်လုံပါဘူး။ ၁၉၉၀ ပြည့်နှစ်တွေက လူအများအပြားသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ တရုတ်အစိုးရက ETIM အဖွဲ့ကို စွပ်စွဲပြစ်တင်ခဲ့တယ်။ ဒါပေမယ့် ဒီစွပ်စွဲချက်တွေအတွက် ခိုင်မာတဲ့ သက်သေအထောက်အထားတွေ မရှိပါဘူး။ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့မှာ ဖမ်းဆီးခဲ့တဲ့ ETIM အဖွဲ့ဝင် ဝီဂါလူမျိုး ၂၂ ဦးကို ဂွါတာနာမိုအကျဉ်းထောင်အတွင်း စစ်ဆေးရာမှာ ETIM အဖွဲ့က လုပ်တယ်လို့ စွပ်စွဲခံရတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက် ရခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် ၂၀၀၂ ခုနှစ် သူတို့ရဲ့ ထွက်ဆိုချက်တွေအရ ETIM အဖွဲ့ဟာ အာဖဂန်နစ္စတန်အခြေစိုက်တဲ့ အဖွဲ့ငယ်လေးသာဖြစ်ပြီး အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုဖြစ်လာနိုင်လောက်တဲ့ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်မရှိဘူးဆိုတာကို တွေ့ခဲ့ရပါတယ်။

    ဒါပေမယ့် ဒါတွေက အရေးမပါခဲ့ပါဘူး။ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ ဆိုတာကို နိုင်ငံတကာက ထောက်ခံအားပေးမှု၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဥပဒေရေးရာ၊ နိုင်ငံရေးရာ လုပ်ထုံးလုပ်နည်းတွေကို အမြတ်ထုတ်ပြီး သူတို့ကို ဆန့်ကျင်တဲ့ ဝီဂါတွေအပေါ် ဖိနှိပ်ညှင်းပမ်းတာကို အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအဖြစ် တရုတ်အစိုးရက ပုံဖော်ခဲ့ပါတယ်။ ETIM ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တာဟာ တရုတ်အစိုးရက ဝီဂါတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ အမေရိကန်က ပူးပေါင်းပါဝင်ခဲ့မှုရဲ့ အဓိက ပြယုဂ်ပါပဲ။

    ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း တရုတ်အစိုးရက ပြုလုပ်တဲ့ ပြင်းထန်တဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေကြောင့် ၂၀၀၀ ပြည့်နှစ်တွေအတွင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါတွေရဲ့ ဆန္ဒပြမှုတွေ လျော့ကျသွားပါတယ်။ ၂၀၀၉ ခုနှစ် ဇူလိုင်လမှာတော့ ပြည်နယ်မြို့တော် အွမ်ရူကီမှာ ဝီဂါနဲ့ ဟန်လူမျိုးတွေအကြား တင်းမာမှုတွေ ပေါက်ကွဲထွက်လာပါတယ်။ အလုပ်အကိုင်ပြဿနာ၊ ကေလာဟာလတွေ၊ လူမျိုးရေး ဘက်လိုက်မှု၊ လူအဖွဲ့အစည်းတွေအကြား တင်းမာမှုတွေကနေ လူမျိုးအရေးဓိကရုဏ်ဖြစ်ပွားခဲ့ပြီး တရုတ်အစိုးရ မှတ်တမ်းတွေအရ လူ ၂၀၀ နီးပါးသေဆုံးကာ တစ်ထောင်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    ဒီမတည်ငြိမ်မှုဟာ ကမ္ဘာ့ဝီဂါလူငယ်ကွန်ဂရက်ဥက္ကဌ ရီဘီယာ ကာဒီရ်ရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေနဲ့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ဝီဂါလူငယ်ကွန်ဂရက်ဟာ ETIM နဲ့အတူ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတာပါ။

    ဝီဂါတော်လှန်ရေးကို အကြမ်းဖက်၀ါဒလို့ သတ်မှတ်တာကို အကြောင်းပြုပြီး တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်က ဝီဂါလူ့အဖွဲ့အစည်းအပေါ် ပိုမိုပြင်းထန်တဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေ လုပ်ဆောင်လာပါတယ်။ ၂၀၁၆ ခုနှစ်မှာ ရှင်ကျန်းပြည်နယ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် ချန်ကျန်ဂိုကို ခန့်အပ်လိုက်ပြီးနောက် စောင့်ကြည့်၊ တင်းကြပ်ဖိနှိပ်မှုတွေ ပိုမိုအားကောင်းလာခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင် အများစုရှိရာ တိဘက်မှာ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့ စောင့်ကြည့်ထိန်းချုပ်ရေးစနစ်၊ ပြင်းထန်တဲ့ ရဲလုပ်ငန်းစဉ်၊ ဝါဒသွတ်သွင်းရေးလုပ်ငန်းစဉ်တွေကို ချန်ကျန်ဂိုက ရှင်ကျန်းမှာ ထပ်မံလုပ်ဆောင်ပါတယ်။

    မျက်လုံးစကန်ဖတ်တာ၊ ဖုန်းတစ်လုံးချင်းစီ လိုက်စစ်တာ၊ ပြင်ပမီဒီယာတွေ ဝင်ရောက်ခွင့်ပိတ်ပင်တာ၊ အကျဉ်းစခန်း ကွန်ယက်ကြီးတွေ တည်ဆောက်တာ စတဲ့ အလွန်ပြင်းထန်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး နည်လမ်းတွေကို ဝီဂါပြည်သူတွေ ခါးစည်းခံလာရပါတယ်။

    ‘ဟန်’ လူမျိုးမဟုတ်တဲ့ လူနည်းစုတွေရဲ့ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ လူမှုစံနှုန်းတွေ ကျင့်သုံးမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့ပြီး အဲဒီအထဲမှာ ပုဝါဆောင်းတာ၊ မုတ်ဆိတ်ထားတာတွေ ပါဝင်ပါတယ်။ ဝီဂါတွေကြားမှာ ဘာသာရေးအမှတ်သညာ ကျင့်သုံးတာကို သံသယဖြစ်စရာ၊ ‘အကြမ်းဖက်’ လက္ခဏာအဖြစ် သတ်မှတ်ခဲ့ပါတယ်။

    ဝီဂါတွေ အစိုးရဲ့ ပေါ်လစီကို ဝေဖန်တာ၊ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့် တောင်းဆိုတာတွေကို ‘အစ္စလာမ့်မစ် အစွန်းရောက်ဝါဒ’ ‘အကြမ်းဖက်ဝါဒ’ လို့ တရုတ်ကွန်မြူနစ်ပါတီက တံဆိပ်ကပ်မှုဟာ မွတ်စလင်တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို အမေရိကန်က ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ ခေါင်းစဉ်နဲ့ အကြမ်းဖက်ဝါဒအဖြစ် အလိုအလျောက် ပုံဖော်လိုက်တာနဲ့ ဘာမှမကွာပါဘူး။

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဝီဂါတွေ ဖိနှိပ်ညှင်းပမ်းခံရမှုအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဂရုဏာသက်လာပါတယ်။ အထူးသဖြင့် တရုတ်အစိုးရရဲ့ အကျဉ်းစခန်းတွေမှာ ဝီဂါတွေ ဆိုးဆိုးရွားရွား ဖိနှိပ်ညှင်းပမ်းခံနေရတယ်ဆိုတဲ့သတင်း ထွက်လာပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ အမေရိကန်ဟာ ဝီဂါတော်လှန်ရေးအဖွဲ့ ETIM ကို ​အကြမ်းဖက်အဖွဲ့အစည်းစာရင်းကနေ ဖယ်ဖျက်လိုက်ပြီး ဝီဂါတွေအပေါ် တရုတ်အစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုကိုလည်း လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

    ဒါပေမယ့် တရုတ်အစိုးရရဲ့ ဝီဂါလူမျိုးတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ အမေရိကန်က အဓိကကျတဲ့ နေရာကနေ ပါဝင်ခဲ့တယ်ဆိုတဲ့ နိုင်ငံကတာအသိုင်းအ၀ိုင်းရဲ့ လက်ခံထားမှုဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ တကယ်တော့ အမေရိကန်ရဲ့ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်’ ကြောင့် ဝီဂါတွေအပါအဝင် ၉/၁၁ တိုက်ခိုက်မှုနဲ့ ဘာမှမသက်ဆိုင်တဲ့ သန်းပေါင်းများစွာသော မွတ်စလင်တွေရဲ့ဘ၀တွေ ဖျက်ဆီးခံခဲ့ရတယ်ဆိုတာ အသေအချာပါပဲ။

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် How 9/11 helped China wage its own false ‘war on terror’ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • စစ်ကောင်စီအား လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းရန် ယူကရိန်းကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

    စစ်ကောင်စီအား လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းရန် ယူကရိန်းကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

    စက်တင်ဘာ ၉၊ ၂၀၂၁
    M-Media

    (ပုံ- ယူကရိန်းထုတ် A BTR-4 စစ်ကား)

    -အာဏာသိမ်းစစ်ကောင်စီတပ်တွေကို ယူကရိန်းက စစ်လက်နက်ပစ္စည်း​ ထောက်ပံ့နေတာတွေကို ရပ်တန့်ဖို့ လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar က ​တောင်းဆိုလိုက်ပါတယ်။

    ယူကရိန်း လက်နက်ကုမ္ပဏီတွေဖြစ်တဲ့ Ukroboronprom နဲ့ Ukrspetsexport တို့ဟာ မြန်မာစစ်တပ်ကို တင့်ကား၊ စစ်လေယာဉ် စစ်သင်္ဘောဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ၊ အခြား စစ်လက်နက်တွေ၊ ထောက်လှမ်းရေးပစ္စည်းတွေကို ၂၀၁၅ ခုနှစ်ကနေစတင် ရောင်းချနေကာ၊ စစ်အာဏာသိမ်းပြီးတဲ့ အခုနှစ် မေလကုန်ထိ ​ပေးပို့ထောက်ပံ့မှု အမြောက်အများ လုပ်နေတယ်လို့ Justice for Myanmar က ဆိုပါတယ်။

    မြန်မာစစ်တပ်နဲ့ ယူကရိန်းကုမ္ပဏီတွေ ပူးပေါင်းကာ အပေါ့စားတင့်ကားတွေ၊ လက်နက်ကြီးတွေ ထုတ်လုပ်နေတယ်လို့ အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီလို လက်နက်အရောင်းအဝယ်မှာ ကြားခံဆောင်ရွက်ပေးနေတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိတ်ဆို့အရေးယူမှုတွေ လုပ်သင့်တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။

    မြန်မာစစ်တပ် ယူကရိန်းကနေ လက်နက်တွေဝယ်ယူဖို့ ကိစ္စမှာ အဓိကကြားခံအဖြစ် ဆောင်ရွက်ပေးနတာက မြန်မာစီးပွားရေးလုပ်ငန်းရှင် အောင်လှိုင်ဦးဆိုသူ​ ပိုင်ဆိုင်တဲ့ Amethyst Trading ကုမ္ပဏီ ဖြစ်ပါတယ်။ စစ်တပ်က ယူကရိန်းစစ်လက်နက်တွေ အများဆုံးဝယ်ယူခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်မှာ Amethyst Trading က ဆောင်ရွက်ပေးခဲ့တာပါ။

    ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ အ​ခြားလုပ်ငန်းအများအပြားကိုလည်း အောင်လှိုင်ဦးက လုပ်ကိုင်နေပါတယ်။ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အောင်လှိုင်ဦးဟာ စစ်တပ်အတွက် လက်နက်ဝယ်ပေးနေတဲ့ အဓိကပွဲစားတစ်ဦးဖြစ်ပြီး မြောက်ကိုရီးယားက စစ်လက်နက်တွေပါရအောင် စီစဉ်ပေးခဲ့တယ်လို့ Myanmar Now သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ukroboronprom က ဒီပြောဆိုချက်တွေကို ငြင်းဆိုပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း လူသေစေနိုင်လောက်တဲ့ စစ်ဖက်ဆိုင်ရာပစ္စည်းတွေ မြန်မာနိုင်ငံဆီ ပေးပို့တာ၊ ဝန်ဆောင်မှုပေးတာတွေ မရှိဘူးလို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    Ref: DW, Myanmar Now

  • တာလီဘန်က ယာယီအာဖဂန်အစိုးရအဖွဲ့ကို ထုတ်ပြန်ကြေငြာ

    တာလီဘန်က ယာယီအာဖဂန်အစိုးရအဖွဲ့ကို ထုတ်ပြန်ကြေငြာ

    စက်တင်ဘာ ၈၊ ၂၀၂၁
    M-Media

    -ဩဂုတ်လ အလယ်ပိုင်းလောက်ကတည်းက အာဖဂန်နစ္စတန်ကို သိမ်းပိုက်ထားတဲ့ တာလီဘန်ဟာ မနေ့က အစိုးရအဖွဲ့ကို ပထမဆုံး ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    အစိုးရအဖွဲ့ကို မူလာ မိုဟာမက် ဟာဆန် အခွန်က ဝန်ကြီးချုပ်အဖြစ် ဦးဆောင်မှာဖြစ်ပါတယ်။ အခွန်ဟာ တာလီဘန်အဖွဲ့ကို တည်ထောင်သူ မူလာအိုမာရ်ရဲ့ အနီးကပ်အကြံပေးဖြစ်ပါတယ်။

    အခုထုတ်ပြန်လိုက်တဲ့ အစိုးရအဖွဲ့ထဲမှာ တာလီဘန်ခေါင်းဆောင်တွေသာ ရာထူးယူထားပြီး တစ်ခြားနိုင်ငံရေးအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ လူမျိုးစုကိုယ်စားလှယ်တွေ မပါဝင်ပါဘူး။

    တာလီဘန်ရဲ့ နိုင်ငံရေးအကြီးအကဲဖြစ်ပြီး အမေရိကန်နဲ့ ညှိနှိုင်းတဲ့အဖွဲ့ကို ဦးဆောင်တဲ့ အဘ်ဒူ ဂနီ ဘရာဒါက ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှာပါ။

    တာလီဘန်ရဲ့ မဟာမိတ်အဖွဲ့ ဟက်ကာနီကွန်ယက်ကို တည်ထောင်သူရဲ့သား ဆီရာဂျူဒင် ဟက်ကာနီက ပြည်ထဲရေးဝန်ကြီးဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးနေရာကို မူလာအိုမာရ်ရဲ့သား မူလာ မိုဟာမက် ယာကွဘ်က ရယူထားပါတယ်။

    တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်က ​အာဖဂန်နစ္စတန်ဟာ အစ္စလာမ့်မစ်အီမရိတ်နိုင်ငံဖြစ်ပြီး၊ တိုင်းပြည်ကို ရှရီအာ ဥပဒေအတိုင်း အုပ်ချုပ်သွားမယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အခုအစိုးရအဖွဲ့ဟာ ယာယီအစိုးရအဖွဲ့ဖြစ်တယ်လို့ မူဂျာဟစ်ကဆိုပြီး သက်တမ်းဘယ်လောက်ရှိမလဲ၊ ရွေးကောက်ပွဲလုပ်ပြီး အမြဲတမ်းအစိုးရအဖွဲ့ ပြန်ဖွဲ့မှာလားဆိုတာတွေကို အသေးစိတ် မပြောခဲ့ပါဘူး။

    တာလီဘန်က အခုထုတ်ပြန်လိုက်တဲ့ အာဖဂန်အစိုးရတစ်ဖွဲ့လုံးကို တာလီဘန် ဘာသာရေးခေါင်းဆောင် အဓိပတိ ဟိုက်ဘာသူလာ အခွန်ဇာဒါက ထိန်းချုပ်မှာဖြစ်ပြီး၊ သူ့ရဲ့အမိန့်ကိုသာ နာခံရမှာ ဖြစ်ပါတယ်။

    ဟာဆန် အခွန်က ဘယ်သူလဲ

    တာလီဘန်အစိုးရအဖွဲ့ကို ဦးဆောင်မယ့် မူလာ မိုဟာမက် ဟာဆန် အခွန်ဟာ တာလီဘန်ရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ Rehbari ရှူရာကောင်စီ အကြီးအကဲ ဖြစ်ပါတယ်။

    ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် တာလီဘန်တွေ အာဖဂန်နစ္စတန်ကို အုပ်စိုးစဉ်မှာ ဟာဆန် အခွန်ဟာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။

    ဟာဆန်အခွန်ဟာ တာလီဘန်ကိုတည်ထောင်သူ မူလာအိုမာရ်နဲ့ အနီးကပ်ရှိခဲ့သူဖြစ်ပြီး လက်ထောက် လူယုံတစ်ဦးလည်းဖြစ်ပါတယ်။ တာလီဘန် ပေါ်ပေါက်လာရာ ကန်ဒါဟာဒေသသားပါ။

    အဖွဲ့အတွင်းမှာ ဩဇာကြီးသလို၊ လေးစားခံရပြီး အဓိပတိ ဟိုက်ဘာသူလာရဲ့ ယုံကြည်မှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

    ဟာဆန်အခွန်ဟာ အသက် ၆၀ ကျော်အရွယ်ရှိပြီး ဘာသာရေးထက် နိုင်ငံရေးဖက် ပိုယိမ်းကာ စစ်ရေးဆိုင်ရာကိစ္စတွေကို ပိုမိုကိုင်တွယ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ခေတ်သစ် အာဖဂန်နစ္စတန်ကို တည်ထောင်သူ အဟ်မဒ်ရှား ဒူရာနီရဲ့မျိုးဆက်က ဆင်းသက်လာတာဖြစ်ပြီး အာဖဂန်ရဲ့ လူများစု ပက်ရှ်သွန်လူမျိုးဖြစ်ပါတယ်။

    Ref: Aljazeera

  • အစ္စရေးအဆင့်မြင့်ထောင်မှ ပါလက်စတိုင်းအကျဉ်းသား ၆ ဦး ထောင်ဖောက်ပြေး

    အစ္စရေးအဆင့်မြင့်ထောင်မှ ပါလက်စတိုင်းအကျဉ်းသား ၆ ဦး ထောင်ဖောက်ပြေး

    စက်တင်ဘာ ၇၊ ၂၀၂၁
    M-Media

    -အစ္စရေးက လုံခြုံ​ရေးအဆင့်မြင့်ထောင်ကနေ ပါလက်စတိုင်းအကျဉ်းသား ၆ ဦး မယုံနိုင်စရာ ထောင်ဖောက်ထွက်ပြေးသွားခဲ့ပြီး အစ္စရေးအာဏာပိုင်တွေကတော့ ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။

    အစ္စရေးမြောက်ပိုင်းမှာရှိတဲ့ Gilboa ထောင်ကနေ လှိုင်ခေါင်းဖောက်ပြီး အကျဉ်းသားတွေ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ Gilboa ဟာ အစ္စရေးက အလုံခြုံဆုံးထောင်တွေထဲက တစ်ခုဖြစ်ပြီး ဒီလို ထောင်ဖောက်​ပြေးတာမျိုး အရင်က မရှိခဲ့ပါဘူး။

    ရဲတပ်ဖွဲ့၊ စစ်သားနဲ့ ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ Shin Bet တို့ ပူးပေါင်းကာ ပိုက်စိပ်တိုက် ရှာဖွေမှုတွေ ပြုလုပ်နေပြီး၊ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာလည်း အစ္စရေးစစ်တပ်က တပ်တွေ ထပ်တိုးချထားဖို့ စီစဉ်နေပါတယ်။

    ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲမှာ ပါလက်စတိုင်းအာဏာရ ဖာတာပါတီရဲ့ မြို့နယ်အဆင့် ခေါင်းဆောင်ဟောင်း အသက် ၄၆ နှစ်အရွယ် ဇာကာရီယီ ဇူဘိုင်ဒီနဲ့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့အစည်း Islamic Jihad က အဖွဲ့ဝင် ၅ ဦး ပါဝင်ပါတယ်။

    ၂၀၀၀ ပြည့်နှစ်တွေက အစ္စရေးရဲ့ ကျူးကျော်မှုကိုဆန့်ကျင်တဲ့ ပါလက်စတိုင်းလူထုအုံကြွမှုအတွင်း အစ္စရေးတွေကို တိုက်ခိုက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဒီ ၆ ဦးကို အစ္စရေးအာဏာပိုင်တွေက တစ်သက်တစ်ကျွန်း ချထားတာ ဖြစ်ပါတယ်။

    သူတို့အတူနေရတဲ့ အကျဉ်းဆောင် အိမ်သာအောက်ကနေ လှိုင်ခေါင်းတူးကာ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး ပြင်ပက အကူအညီ ပါလိမ့်မယ်လို့လည်း ယူဆရပါတယ်။

    ပါလက်စတိုင်းအကျဉ်းသားများအဖွဲ့ အကြီးအကဲ ကွာဒူရာ ဖာရက်စ်က လုံခြုံရေးမြင့်တဲ့ အကျဉ်းထောင်ကနေ ဒီလို ထွက်ပြေးလွတ်မြောက်သွားမှုဟာ မတရားဖမ်းဆီးခံရတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေရဲ့​ ​အောင်မြင်မှုဖြစ်တယ်လို့ ​ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့တွေဖြစ်တဲ့ ဟားမက်စ်နဲ့ Islamic Jihad အဖွဲ့တို့ကလည်း ဒီလွတ်မြောက်မှုကို ချီးကျူးပြောဆိုခဲ့ပြီး ဒါဟာ အစ္စရေးရဲ့ လုံခြုံရေးစနစ်ကို အောင်နိုင်မှုဖြစ်တယ်လို့ ဆိုပါတယ်။

    အစ္စရေးဟာ နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင်တွေမှာ ပါလက်စတိုင်း စုစုပေါင်း ၄၇၅၀ ကို ဖမ်းဆီးအကျဉ်းချထားပြီး အဲဒီအထဲမှာ အမျိုးသမီး ၄၂ ဦး၊ ကလေးငယ် ၂၀၀၊ တရားစွဲမှုမလုပ်ဘဲ လုံခြုံရေးအကြောင်းပြချက်နဲ့ တရားလက်လွတ် ဖမ်းဆီးထားသူ ၅၅၀ ဦး ပါဝင်ပါတယ်။

    ပါလက်စတိုင်းတွေရဲ့ ဒီထောင်ဖောက်မှုဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၁၉၉၅ ခုနှစ်က Kfar Yona အကျဉ်းထောင်က ပါလက်စတိုင်း ၃ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ အခုဖြစ်တဲ့ အကျဉ်းထောင်အနီးက Shata ထောင်မှာလ ၂၀၁၄ ခုနှစ်တုန်းက အခုလို လှိုင်ခေါင်းဖောက်ထွက်ပြေးဖို့ကြိုးစားမှု ဖြစ်ခဲ့ပါတယ်။

    Ref: Aljazeera

  • တိုင်းပြည်ကို ကယ်တင်တာလို့ဆိုတဲ့ ဂီနီ အာဏာသိမ်းစစ်ခေါင်းဆောင်က ဘယ်သူလဲ

    တိုင်းပြည်ကို ကယ်တင်တာလို့ဆိုတဲ့ ဂီနီ အာဏာသိမ်းစစ်ခေါင်းဆောင်က ဘယ်သူလဲ

    စက်တင်ဘာ ၇၊ ၂၀၂၁
    M-Media

    -အာဖရိကအနောက်ပိုင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဂီနီမှာ တနင်္ဂနွေနေ့က စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးကြီး မာမာဒီ ဒွမ်ဘူယာက အထူးတပ်ဖွဲ့ဝင်တွေကို ဦးဆောင်ပြီး အာဏာသိမ်းခဲ့တာပါ။

    အသက် ၄၁ နှစ်အရွယ်သာရှိသေးတဲ့ ဗိုလ်မှူးကြီးဟာ ပြင်သစ်ကြေးစားစစ်သားဟောင်းတစ်ယောက် ဖြစ်ပါတယ်။ သမ္မတ အလ်ဖာကွန်ဒီလက်အောက်မှာ အလွန်အမင်းခြစားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စီးပွားရေး စီမံခန့်ခွဲမှုအမှားတွေကြောင့် စစ်တပ်မှာ အာဏာသိမ်းဖို့ကလွဲရင် အခြားရွေးစရာ သိပ်မရှိခဲ့ဘူးလို့ မာမာဒီက ပြောပါတယ်။

    ဂီနီမှာ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချတဲ့ခေတ် ကုန်ဆုံးသွားပြီဖြစ်​ကြောင်း၊ နိုင်ငံရေးကို လူတစ်ဦးရဲ့လက်ထဲမှာ အပ်ထားတော့မှာမဟုတ်ဘဲ ပြည်သူအပေါ်မှာသာ အပ်ထားမှာဖြစ်ကြောင်း မာမာဒီက နိုင်ငံပိုင်သတင်းဌာနကနေ မိန့်ခွန်းပြောခဲ့ပါတယ်။ သူဟာ တိုင်းပြည်ကို ကယ်တင်လိုက်တာလို့လည်း ဆိုပါတယ်။

    ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ အလ်ဖာကွန်ဒီဟာ အသက် ၈၃ နှစ်အရွယ်ရှိပြီး အာဏာကို နှစ်ပေါင်းများစွာ ကိုင်ထားမှု​ကြောင့် လူထုရဲ့ ငြိုငြင်မှုကို ခံနေရသူ ဖြစ်ပါတယ်။ ဒါပေမယ် ကုလသမဂ္ဂ၊ အာဖရိကသမ္မဂနဲ့ အနောက်အာဖရိက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Ecowas တို့က စစ်အာဏာသိမ်းမှုကို ရှုတ်ချပါတယ်။

    ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်ပြယ်သွားပြီး အစိုးရကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ မာမာဒီက ကြေငြာခဲ့ပါတယ်။ မနေ့က ဝန်ကြီးဟောင်းတွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် သီတင်းပတ်အနည်းငယ်အတွင်း အစိုးရဖွဲ့မှာဖြစ်ကြောင်း မာမာဒီကပြောခဲ့သလို၊ အစိုးရတာဝန်ရှိသူဟောင်းတွေကို ဖယ်ရှားမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

    ကြံရာပါလား

    သမ္မတ ကွန်ဒီလိုပဲ ဗိုလ်မှူးကြီး မာမာဒီဟာလည်း မာလင်ကီလူမျိုးစုကဖြစ်ပြီး ဂီနီနိုင်ငံအရှေ့ပိုင်း ကန်ကန်ဒေသက ဖြစ်ပါတယ်။

    သူဟာ ထက်မြက်တဲ့ ဗိုလ်မှူးတစ်ဦးဖြစ်တယ်လို့ တစ်ချို့တွေက ပြောဆိုနေကြပေမယ့်၊ ဘယ်လောက်အထိ ယုံကြည်ရနိုင်လဲဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

    သမ္မတကွန်ဒီလက်ထက် ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုလုပ်ထားတဲ့ ဂီနီအာဏာပိုင် ၂၅ ဦးစာရင်းမှာ ဗိုလ်မှူးကြီး မာမာဒီလည်း ပါဝင်ပါတယ်။

    တနင်္ဂနွေ​နေ့ အာဏာသိမ်းပြီးနောက်မှာတော့ မိမိတို့အားလုံး ကျူးလွန်ခဲ့ဖူးကြတဲ့ အမှားတွေကနေ သင်ခန်းစာ ယူရမယ်လို့ တိုင်းပြည်ကို သူက ပြောပါတယ်။

    ၁၉၇၉ ဂါနာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်စဉ်က အာဏာသိမ်းခေါင်းဆောင် ဂျာရီ ရော်လင်ပြောခဲ့တဲ့ ‘လူထုခေါင်းဆောင်တွေက လူထုကို ဖိနှိပ်ညှင်းပမ်းလာရင် ပြည်သူတွေကို လွတ်မြောက်အောင် စစ်တပ်က လုပ်ပေးရမှာပဲ’ ဆိုတဲ့စကားကို ဗိုလ်မှူးကြီး မာမာဒီက ပြန်သုံးပါတယ်။

    စစ်မှုထမ်းသက် ၁၅ နှစ်ရှိတဲ့ မာမာဒီဟာ အာဖဂန်နစ္စတန်၊ အိုက်ဗရီကို့စ်၊ ဒီဘောက်တီ၊ ဗဟိုအာဖရိကနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အစ္စရေး၊ ဆိုက်ပရက်စ်၊ ယူကေနဲ့ ဂီနီနိုင်ငံတို့မှာ အနီးကပ်လုံခြုံရေးတာဝန်တွေ ယူခဲ့ဖူးပါတယ်။

    အစ္စရေးက နိုင်ငံတကာ လုံခြုံရေးအကယ်ဒမီ၊ ဆီနီဂေါ၊ ဂါဘွန်နဲ့ ပြင်သစ်တို့က အထူးတပ်ဖွဲ့ သင်တန်းကျောင်းတွေမှာ လေ့ကျင့်သင်ကြားမှုတွေကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။

    ပြင်သစ်ရဲ့ နိုင်ငံခြားတပ်ဖွဲ့မှာ နှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မာမာဒီကို သူဖြုတ်ချလိုက်တဲ့ သမ္မတ အလ်ဖာကွန်ဒီက ၂၀၁၈ ခုနှစ်မှာ ပြန်ခေါ်ခဲ့ပြီး အထူးတပ်ဖွဲ့အသစ် GFS ကို ဦးဆောင်ဖွဲ့စည်းခိုင်းခဲ့ပါတယ်။

    မာမာဒီဟာ နိုင်ငံအနောက်ပိုင်း ဖိုရီကြာရီယာမှာ ရုံးထိုင်ပြီး နယ်မြေစောင့်ကြည့်ရေးဗျူရို (DST) နဲ့ ထောက်လှမ်းရေးဌာနတွေကို ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။

    ဗိုလ်မှူးကြီး မာမာဒီကို ပြန်ခေါ်ပြီး GFS တပ်ဖွဲ့ကို ဖွဲ့စည်းခိုင်းလိုက်တာဟာ သူ့ရဲ့ နိုင်ငံရေးနိဂုံး အစဆိုတာ အလ်ဖာကွန်ဒီတစ်ယောက် မသိခဲ့ရှာပါဘူး။

    Ref: BBC