News @ M-Media

Blog

  • “We are Myanmar.We Love Peace” Sticker ကမ်ပိန်း မန္တလေးမှာ ပြုလုပ်

    “We are Myanmar.We Love Peace” Sticker ကမ်ပိန်း မန္တလေးမှာ ပြုလုပ်

    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    သတင်း-ဓါတ်ပုံ- Kyaw Gyi (CJ)
    10850195_609755152463359_8042390169581002461_n

    “We are Myanmar.We Love Peace” ဆိုတဲ့ Sticker ကမ်ပိန်း လှုပ်ရှားမှုလေး ကို မန္တလေးမြို့  မန်းတက္ကသိုလ် အနီးက လူစည်ကားရာ Friend လက်ဖက်ရည်ဆိုင်ဝန်းကျင်မှာ မနေ့က (၁၄.၁၂.၂၀၁၄) ပြုလုပ်ခဲ့ပါတယ်။

    လူငယ်လေးများချည်း စုဖွဲ့ ထားတဲ့ United Way အဖွဲ့ ငယ်လေးက ပြုလုပ် ခဲ့တာဖြစ်တဲ့ ဒီလှုပ်ရှားမှုမှာ ငြိမ်းချမ်းရေး စိတ်ဝင်စားသူ အခြားလူငယ်တွေလဲ ပါဝင်ခဲ့ကြပါတယ်။

    တနိုင်ငံလုံး ငြိမ်းချမ်းစေလိုတဲ့ စိတ်စေတနာ ကြီးထွားကျယ်ပြန့် လာစေဖို့  ဒီ လုပ်ရပ်ကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး အပြန်အလှန် ယုံကြည်မှုဖြင့် သံသယစိတ် ကင်းစင်သော ပဋိပက္ခ ကင်းစင်သော နိုင်ငံတော်ဖြစ်ပေါ်လာဖို့ ကိုလည်း ရည်ရွယ်တယ်လို့  ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ကိုညီမျိုးဆက် က ပြောပြပါတယ်။

    အဆိုပါ Sticker ကမ်ပိန်းကို နိုင်ငံသူ၊ နိုင်ငံသားများ ငြိမ်းချမ်းရေးကို တန်ဖိုးထားတတ်သည့် စိတ်များ နိုးကြားစေရန်၊ တဦးထဲ ငြိမ်းချမ်းရေးမှ သည် တနိုင်ငံလုံး ငြိမ်းချမ်းချင်သည့် ဆန္ဒများ အရှိန်အဟုတ် ကြိးထွားစေရန်၊ မတူကွဲပြားသည့် အစုအဖွဲ့အများကြား ငြိမ်းချမ်းရေး လိုလားသူများ အချင်းချင်း လက်တွဲပူးပေါင်းမိစေရန်၊ အနာဂတ်တွင် ငြိမ်းချမ်းရေး ချစ်မြတ်နိုးသော လူငယ်အင်အားစုများ ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်များ ချမှတ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

    ဆက်လက်ပြီး လူအများနဲ့  ထိတွေ့  ဆက်စပ်ရှိရာ နေရာတွေမှာ ပြုလုပ်သွားဖို့  ရှိပြီး လာမဲ့ တနင်္ဂနွေနေ့  မှာတော့ ဦးပိန်တံတား (တောင်သမန်) မှာ ပြုလုပ်ကြဖို့  အစီအစဉ် ရှိတယ်လို့  သိရပါတယ်။

    10418337_609755315796676_6685022481488538566_n 10431555_609755265796681_3617309184125836908_n 10845938_609755592463315_7443508218953207603_n 10850194_609755439129997_4586975881333999758_n

     

  • ဂျော်ဒန်နှင့် ဆော်ဒီဘုရင်တို့ ရီယာ့ဒ်တွင် တွေ့ဆုံဆွေးနွေး

    ဂျော်ဒန်နှင့် ဆော်ဒီဘုရင်တို့ ရီယာ့ဒ်တွင် တွေ့ဆုံဆွေးနွေး

    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media

    cb21e1df-3eef-4164-adf1-84b640b12a91_16x9_600x338
    – ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ(၂) မှာ ဆော်ဒီဘုရင်ကြီး အဗ္ဗဒူလ် အဇစ် အလ် ဆာအွဒ်နှင့် ယမန်နေ့က တွေ့ဆုံခဲ့ပြီး ဒေသတွင်း ဖွံဖြိုး တိုးတက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    ဆော်ဒီဘုရင်ကြီးမှာ ရီယာ့ဒ်မြို့ရှိ နန်းတော်တွင် ဂျော်ဒန်ဘုရင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အိမ်ရှေ့မင်းသား ဆလ်မန် ဘင် အဗ္ဗဒူလ် အဇစ် အလ်ဆာအွဒ်နှင့် ဒုတိယ အိမ်ရှေ့မင်းသား မက္ကရင် ဘင် အဗ္ဗဒူလ်အဇစ် အလ် ဆာအွဒ်တို့အပါအ၀င် ဆော်ဒီအစိုးရ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

    ဆော်ဒီနိုင်ငံပိုင် သတင်းအေဂျင်စီကမူ ဘုရင်ကြီးများမှာ ဒေသတွင်းနှင့် နိုင်ငံ တကာ ဖွံဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။

    ဂျော်ဒန်နှင့် ဆော်ဒီတို့မှာ ရင်းနှီးသော ဆက်ဆံရေးရှိပြီး စက်တင်ဘာလမှ စတင်ကာ ၎င်းတို့နှစ်နိုင်ငံမှာ ဘာရိန်း၊ ကာတာနှင့် ယူအေအီးတို့နှင့်အတူ အမေရိကန်ဦးဆောင်သည့် IS အဖွဲ့အား ဗုံးကြဲတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်။

    ဂျော်ဒန်ဘုရင် အဗ္ဗဒူလာကမူ IS အား တိုက်ခိုက်မှုမှာ တတိယကမ္ဘာစစ်ဖြစ်သည်ဟု ယခုလအတွင်း ပြောကြားခဲ့သည်။

    Al Arabiya News

  • မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ အိုဘားမားရဲ့ နိုဝင်ဘာဝမ်း နိုင်ငံခြားရေး မူဝါဒ အောင်မြင်နိုင်ပါ့မလား ?

    မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ အိုဘားမားရဲ့ နိုဝင်ဘာဝမ်း နိုင်ငံခြားရေး မူဝါဒ အောင်မြင်နိုင်ပါ့မလား ?

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    rtr4dy49
    အနောက်တိုင်းမှာ ဘားမားလို့သာသိရှိကြတဲ့ မြန်မာနိုင်ငံကို တိုင်းတစ်ပါးဂုဏ်သရေရှိသူများ အလည်အပတ်လာရောက်ကြတဲ့အခါ . . . . .

    ဗဟိုအစိုးရနဲ့ တိုင်းရင်း အုပ်စုတွေ ဆယ်စုနှစ်များစွာ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ နေရာဒေသတွေဆီ သွားရောက်လေ့ မရှိကြပါဘူး။ ဥပမာ ကရင်ပြည်နယ်ထဲက ဝေါ်လေကျေးရွာလို ကုန်းတစ်တန်လှေတစ်တန်နဲ့ ခရီးကြမ်းနှင်ရတဲ့နေရာမျိုးတွေပေါ့။

    ဝေါ်လေကျေးရွာကို မဟာရန်ကုန်တို့ နေပြည်တော်တို့ကလူတွေ သိတောင်သိကြမှာ မဟုတ်ဘူးထင်ပါတယ်။ ကျွန်တော်ဟာ ပစ်ခတ်ခံရတဲ့အန္တရာယ်မရှိဘဲ သွားရောက်နိုင်ခဲ့မယ်ဆိုရင် မြန်မာ့အပြောင်းအလဲရဲ့ အရေးပါတဲ့အထောက်အထားတစ်ရပ် ဖြစ်လာနိုင်ပါလိမ့်မယ်။ မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့က ၃ နှစ်တာ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နိုင်ခဲ့ကြတယ်။ အဲ့ဒီအခါ ဆယ်စုနှစ်များစွာ အတွင်း ကရင်ကလေးငယ်တွေအဖို့ ငြိမ်းချမ်းစွာကြီးပြင်းရေး မျှော်လင့်ချက်ရောင်ခြည်သန်း လာခဲ့တယ်။ ကောင်းမွန်လှပတဲ့ အနာဂတ်ကိုပင်လျှင် အိပ်မက် ရဲရဲမက်လာနိုင်ကြတယ်။

    ကမ္ဘာ့မျက်နှာစာက မြန်မာ့ပုံရိပ် ဘာတွေရှိနေသလဲ ကြည့်ကြရအောင်။ နိုဗယ်လ်ဆုရှင် သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကို လွတ်လွတ်ကျွတ်ကျွတ် အောင်နိုင်ခဲ့တယ်။ အရှက်တကွဲအကျိုးနည်းဖြစ်သွားတဲ့ စစ်အစိုးရက အဲ့ဒီရလဒ်ကို မဆိုင်းမတွ ပယ်ချခဲ့တယ်။ နိုင်ငံတော်လုပ်ငန်းစဉ်ကို ဆန့်ကျင်တဲ့စွဲချက်နဲ့ နှစ်များစွာ နေအိမ်အကျယ်ချုပ်ခံရပြီး လွတ်မြောက်လာတယ်။ လာမယ့်နှစ် ရွေးကောက်ပွဲမှာ သူမအနေနဲ့ သမ္မတနေရာဝင်အရွေးခံရင် သေချာပေါက် ရနိုင်ချေရှိတယ်။ ဒါပေမယ့် ဒီအခွင့်အရေးကို တားမြစ်ပိတ်ဆို့ထားတယ်။ ဒါဟာ မြန်မာ့အကူးပြောင်းကာလအတွက် လက်ရှိစိန်ခေါ်ချက်တွေကို ရုပ်လုံးဖော်ပြနေခြင်းဖြစ်တယ်။

    ဒုတိယကမ္ဘာစစ်နောက်ပိုင်း မြန်မာနိုင်ငံဟာ ဗြိတိသျှကိုလိုနီဘ၀ကနေ လွတ်မြောက်ခဲ့တယ်။ ဗြိတိသျှတွေ ကတိက၀တ်ပြုထားခဲ့တဲ့အတိုင်း တိုင်းရင်းအုပ်စုအသီးသီးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့တောင်းဆိုတော့ ဗဟိုအစိုးရသစ် ပယ်ချလိုက်တဲ့အတွက် ပဋိပက္ခဇာတ်လမ်း စတင်ခဲ့တယ်။ တိုင်းပြည်ရဲ့ သွေးနုသားနု ဒီမိုကရေစီစနစ်က ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေ၀င်းလက်ချက်နဲ့ ဇာတ်သိမ်းသွားရတယ်။ နှစ်ပေါင်းများစွာ ဗိုလ်ချုပ်တွေရဲ့အမည်နာမတွေ၊ အုပ်ချုပ်ရေးအဖွဲ့နာမည်အတိုကောက် စာလုံးတွေ ပြောင်းလဲသွားတာကလွဲလို့ ဘာမှ မထူးခြားခဲ့ပါဘူး။ ဥပမာ SLORC (State Law and Order Restoration Council) ကနေ SPDC (State Peace and Development Council) ဖြစ်သွားတာမျိုးပေါ့။

    ပြည်သူ့ချဉ်ဖတ် စစ်အစိုးရက ရန်ကုန်မြို့နဲ့အတန်လှမ်းကွာတဲ့နေရာမှာ နေပြည်တော်ကို တည်ဆောက်တယ်။ နာဂစ်မုန်တိုင်းဒဏ်သင့်ခံရပြီးနောက်ပိုင်း အနောက်တိုင်းရဲ့အကူအညီကို ငြင်းဆန်ခဲ့ကြတယ်။ တိုင်းရင်းအုပ်စုအသီးသီးတွေအပေါ် သွေးချောင်းစီးစေခြင်း၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို တားဆီးပြီး ကမောက်ကမဖြစ်စေခြင်း၊ လူထုဆန္ဒပြမှုကို ကြမ်းကြုတ်စွာ ဖြိုခွင်းခြင်း၊ အခြေခံလွတ်လပ်မှုအပေါ် ဖိနှိပ်ခြင်း စသဖြင့် ပြည်သူလူထုကို အာဏာရအစိုးရအစဉ် အဆက်ကလည်း စစ်ဆင်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာလူထုတွေဟာ ဆင်းရဲတွင်းထဲ ပိတ်မိကုန်ကြတယ်။ အပြောင်းအလဲဟာ သိမ်သိမ်မွေ့မွေ့ဖြစ်မယ်လို့ မျှော်လင့်ထားတဲ့ သုတေသီဆိုလို့ မဆိုစလောက်သာ ရှိကြတယ်။

    အဲ့ဒီနောက်မှာ စစ်တပ်က ခပ်ကြမ်းကြမ်း ပြန်ကိုင်တွယ်ခဲ့တယ်။ စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို ရေးဆွဲတယ်။ အရင်လေးနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာကို ပြောင်ပြောင်တင်းတင်း ပြန်ယူထိန်းချုပ်ခဲ့တယ်။ စနစ်တစ်ခုလုံးကို ကောက်ကျစ်စွာနဲ့ စီမံခဲ့ကြတယ်။ ဒေါ်စုကြည်နဲ့ အခြား အတိုက်အခံတွေ ကောင်းကောင်း မလှုပ်ရှားနိုင်အောင် လွှတ်တော်အမတ်နေရာရဲ့ လေးပုံတစ်ပုံကို စစ်တပ်အတွက် နေရာပေးခန့်အပ်ကြတယ်။ ဒေါ်စုကြည်ရဲ့ ခင်ပွန်းနဲ့သားများက ဗြိတိသျှနိုင်ငံသားများဖြစ်နေတယ်ဆိုတဲ့အချက်နဲ့ သူမရဲ့သမ္မတ၀င်ရွေးခံခွင့်ကို တားမြစ်ကန့်သတ်ထားတယ်။ သိပ်မကြာခင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်၊ မီဒီယာတင်းကြပ်မှုကို ဖြေလျော့ပေးတယ်၊ ဒေါ်စုကြည်ရဲ့ NLD ပါတီကိုလည်း တရားဝင်မှတ်ပုံတင်ခွင့်ပေးလိုက်တယ်။ ဗိုလ်ချုပ်ဟောင်းသိန်းစိန်က အရပ်သားသမ္မတအဖြစ် ခံယူပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ခြေလှမ်းကျယ်ကျယ်နဲ့ တရားဝင်ရှေ့တန်းတင် ပြုလုပ်လာတယ်။

    အမေရိကန်နဲ့ဥရောပက စီးပွားရေးပိတ်ပင်မှုတွေရုပ်သိမ်း၊ အပြန်အလှန်လည်ပတ်မှုခရီးစဉ်တွေနဲ့ အားတက်သရော တုန့်ပြန်ခဲ့ကြတယ်။ အိုဘားမား အစိုးရအဖွဲ့အတွက် နိုင်ငံခြားရေးမူဝါဒမှာ အကောင်းဆုံး၊ အထင်ရှားဆုံး အောင်မြင်မှုရတဲ့ တစ်ခုတည်းသောနိုင်ငံဟာ မြန်မာနိုင်ငံမှာလို့ ဆိုရမလောက်ပါပဲ။ ဒီလောက်အောင်မြင်မှုကို အာဖဂန်နစ္စတန်၊ လစ်ဗျား၊ အီရတ်၊ မြောက်ကိုးရီးယား၊ အီဂျစ်၊ ဆီးရီးယား၊ ယူကရိန်း၊ ပါကစ္စတန်၊ ဘာရိန်း၊ အစ္စရေး၊ ပါလက်စတိုင်း၊ ရုရှားတွေမှာ လုံးဝ မရရှိသလောက်ဖြစ်ခဲ့တယ်။ ဒီအောင်မြင်မှုရှေ့ဆက်နိုင်ခဲ့ရင် မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းကြားထဲ ၀င်ဆန့်အောင် တွန်းပို့နိုင်လိမ့်မယ်လို့ မျှော်လင့်စရာ ရှိပါတယ်။

    သို့ပေမယ့် အတားအဆီးတွေကတော့ မြင့်မားနေဆဲပါ။ မြန်မာနိုင်ငံအနေနဲ့ စစ်ရေးပဋိပက္ခ အစဉ်အလာရှေ့ဆက်နေခြင်း၊ နိုင်ငံရေးလက်ဝါးကြီးအုပ်မှု၊ စီးပွာရေးချွတ်ခြုံကျမှု၊ နိုင်ငံတကာ့ချဉ်ဖတ်ဖြစ်ခြင်း စတာတွေကို ထိပ်တိုက်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံဟောင်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အရင်းရှင်စနစ်ဆီ ကူးပြောင်းတဲ့ လုပ်ငန်းစဉ်က အနောက်တိုင်းသားတွေ ထင်မြင်ထားတာထက် ဆိုးဆိုးရွားရွား ခဲယဉ်းခဲ့တယ်။ အကြွင်းမဲ့လွတ်မြောက်ရေးနည်းစဉ်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးတွေဟာ လူထုလက်ထဲ အစစ်အမှန် အာဏာရောက်ရှိမယ့် ဒီမိုကရေစီပုံသွင်းမှုကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူးလို့ သုတေသီအချို့က သုံးသပ်လာကြတယ်။

    အရပ်သားအစိုးရလို့အရေခွံလဲထားလင့်ကစား မြန်မာ့ အာဏာချုပ်ကိုင်မှု လမ်းကြောင်းက တကယ်တမ်းမှာတော့ ရှုပ်ထွေးနေဆဲဖြစ်တယ်။ စစ်တပ်က လူထုရဲ့ထိန်းချုပ်မှု လမ်းကြောင်းကိုတော့ ဖော်ဆောင်ပါတယ်၊ ဒါပေမယ့် အာဏာကို လက်မလွှတ်ပါဘူး၊ အရေးကြီးဆုံးဖြတ်ချက်တွေအပေါ်မှာ တစ်ချက်လွှတ်ဗီတိုအာဏာနဲ့ အထိမခံ စွဲကိုင်ထားဆဲဖြစ်ပါတယ်။ ဒါဟာ လူထု ဆန္ဒတွေကို ဗိုလ်ချုပ်တွေက နောက်ဆုတ်လိုက်လျောခြင်းနဲ့ မတူပါဘူး။ စစ်ခေါင်းဆောင်များဟာ သူတို့ရဲ့ ကြွယ်ဝမှုနဲ့ သြဇာတွေကို ကြိုတင်ကာကွယ်ထားနိုင်ဖို့ ပုံပြောင်းဆင်ယင်ခြင်း တစ်မျိုးသာဖြစ်နိုင်တယ်လို့ အများက ယုံကြည်ယူဆနေကြပါတယ်။ မြန်မာအုပ်ချုပ်သူများဟာ တရုတ်နဲ့အနီးကပ်ဆက်ဆံရေးမှာလည်း မပြေလည်မှုတွေ ရှိလာပါတယ်။ တရုတ်ကျောထောက်နောက်ခံဖွံ့ဖြိုးရေးပရောဂျက်တွေအပေါ် လူထုရဲ့ မနှစ်မြို့မှုတွေ၊ ဆန့်ကျင်ကန့်ကွက်မှုတွေ ထင်ထင်ရှားရှား ပေါ်ထွက်လာတာကြောင့် ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရဟာ ပထ၀ီနိုင်ငံရေးအရ ချိန်ခွင်လျှာထိန်းညှိဖို့ အမေရိကနဲ့ ဥရောပ ဆက်ဆံရေးကို လက်မလွှတ်နိုင်သလို ယခင်ထိန်းချုပ်ချက်တွေကိုလည်း စွန့်လွှတ်လိုစိတ် မရှိကြဘူး။

    ကံမကောင်းအကြောင်းမလှစွာနဲ့ လက်ရှိလပိုင်းများမှာ ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်တွေက အလုပ်မဖြစ်လို့ နောက်ကြောင်းပြန်လှည့်မယ့် သဘော ပေါ်လွင်လာပါတယ်။

    နိုင်ငံအရှေ့ပိုင်းဒေသများမှာ ရံဖန်ရံခါ တိုက်ပွဲငယ်လေးများဖြစ်တာက လွဲလို့ စစ်ရေးတိုက်ခိုက်မှု အများစု နည်းပါးလာသော်လည်း ကချင်၊ ရှမ်း၊ တအောင်းတွေနဲ့ ပဋိပက္ခများကတော့ ရှိနေဆဲဖြစ်တယ်။ ပြီးခဲ့တဲ့လ သမ္မတအိုဘားမား အလည်အပတ်ရောက်ရှိစဉ်ကလည်း တိုင်းရင်းသားနယ်ပယ်တွေထဲမှာ တရားလက်လွှတ် သတ်ဖြတ်ခြင်း၊ မုဒိန်းမှု၊ မတရားလုပ်သားခိုင်းစေမှုဆိုင်ရာ ဖိနှိပ်စော်ကားခြင်းအစီရင်ခံချက်တွေအပါအ၀င် အခြေခံလူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့တယ်။

    အပစ်အခတ်ရပ်စဲရေးကိစ္စမှန်သမျှ  ထာဝရငြိမ်းချမ်းရေးဖက်ကို အသွင်မပြောင်းနိုင်သေးပါဘူး။ ၂၀၀၃ ခုနှစ်နှောင်းပိုင်းမှာ ကရင်တိုက်ခိုက်ရေးသမားတစ်ဦးက Economist ကို ဒီလိုပြောကြားခဲ့တယ်။ “တိုက်ခိုက်မှုတွေ အဆုံးသတ်ချင် သတ်သွားနိုင်ပါတယ်။ ပြီးဆုံးချင်မှလည်း ပြီးဆုံးလိမ့်မယ်။  ကျွန်တော်တို့ကတော့ လက်နက်ကို စွဲကိုင်ထားရဦးမှာပါပဲ”။ အောက်တိုဘာလက ရန်ကုန်မှာကျင်းပတဲ့ တိုင်းရင်းသားများဖိုရမ်ကနေ “အကောင်းဖက်ဦးတည်လာတဲ့ အပြောင်းအလဲတွေကို မဆိုစလောက်သာ တွေ့ရတယ်၊ အချို့ကိစ္စများရဲ့ အနေအထားကတော့ ယခင်အတိုင်း ထူးမခြားနားပါ”ဆိုတဲ့ သဘောထားထုတ်ပြန်ခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာတဲ့ လက်နက်ကိုင်များထိန်းချုပ်ဒေသခံ လူ့အဖွဲ့အစည်းအများစုကတော့ ခိုင်မာသောငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးမှုကို ငံ့လင့်နေကြပါတယ်။

    အလားတူပြဿနာမျိုးလည်း ရခိုင်ပြည်နယ်မှာ ဖြစ်နေပါတယ်။ ပြည်နယ်လူဦးရေပမာဏာ ၆၀ ရာခိုင်နှုန်းအထိရှိတဲ့ ဗုဒ္ဓဘာသာဝင်ရခိုင်များဟာ ရိုဟင်ဂျာတွေကို ပြစ်မှတ် ထားပြီး လူမျိုးရေးအကြမ်းဖက်မှုတွေ ပြုလုပ်နေကြတဲ့အတွက် ဒေသနစ်နာမှု များစွာ ဖြစ်ပေါ်ရတယ်။ တိုက်ခိုက်မှုများအတွင်း ဒေသခံရဲ၊ လုံထိန်း၊ နယ်ခြားစောင့်တပ်၊ စစ်တပ် စတဲ့ နိုင်ငံ့လုံခြုံရေးအင်အားစုတွေပင်လျှင် အလှမ်းကျယ်ကျယ် ပါဝင်ပူးပေါင်းပြုလုပ်နေကြတယ်။ ရိုဟင်ဂျာလူဦးရေ အနည်းဆုံး ၂၀၀ သေဆုံးပြီး ခန့်မှန်းချေ တစ်သိန်းလေးသောင်းလောက်က အိုးအိမ်မဲ့ဘ၀ရောက်သွားရတယ်။ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဒီပြဿနာကို “လူမျိုးသုဉ်းရှင်းလင်းမှု” အဖြစ် ဖော်ပြထားပါတယ်။

    အဲ့ဒီဒေသက လူများစုဝင်ရခိုင်များကိုယ်တိုင်ကလည်း ဗဟိုအစိုးရရဲ့ ဖိနှိပ်မှုကို ရေရှည်ခံစားလာရသူတွေဖြစ်တယ်။ ခွဲခြားချိုးနှိမ်ခြင်းနဲ့ နိုင်ငံသားအဖြစ်လက်မခံခြင်းအထိ ရိုဟင်ဂျာတွေအပေါ် ဗုဒ္ဓဘာသာဝင်တွေက နိုင်ငံ့အန္တရာယ်အဖြစ် အမြင်ထားရှိကြတယ်။ သမ္မတဦးသိန်းစိန်က အပြစ်မဲ့ဓားခံတွေကိုယ်စား တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိပါဘူး။ ဒါ့အပြင် အဲ့ဒီအကြမ်းဖက်မှုကြီးကို ဖော့ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ကာကွယ်ဖုံးဖိပေးခဲ့တယ်။

    နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတာကလည်း တောမရောက် တောင်မရောက် ဖြစ်နေဆဲ။ Diplomat  က Luke Hunt ကတော့ “ပြုပြင်ပြောင်းလဲကာလ လေးနှစ်တာ လွန်မြောက်ခဲ့ပါပြီ။ နောက်ကြောင်းပြန်လှည့်လိုတဲ့ ပုံဟန်ကိုလည်း အကျည်းတန်စွာ တရွေ့ရွေ့မြင်နေရပြီ” လို့ ဆိုပါတယ်။ ထို့အတူ မီဒီယာ လွတ်လပ်ခွင့် ကလည်း ခေတ် တစ်ပတ်ပြန်လည်လို့ တင်းကြပ်သွားပြီဖြစ်ပါတယ်။ စာနယ်ဇင်းသမား ၁၀ ဦးကို ထောင်သွင်း အကျဉ်းချခဲ့တယ်၊ အောက်တိုဘာလ အတွင်း အောင်ကျော်နိုင် (ကိုပါကြီး) အမည်ရှိသူက စစ်တပ်ထိန်းသိမ်းမှုအောက်မှု သေဆုံးသွားခဲ့တယ်။ Human rights Watch အဖွဲ့ဝင် David Mathieson က ဒါကို “သတင်းစာလွတ်လပ်ခွင့် ဖျက်ဆီးခြင်းရဲ့ အထင်ရှားဆုံးမြင်ကွင်း” လို့ ဝေဖန်ခဲ့ပါတယ်။

    နိုင်ငံရေးအကျဉ်းသားအချို့ကိုတော့ ထိန်းသိမ်းထားဆဲဖြစ်တယ်။ ပြီးခဲ့တဲတစ်နှစ်လုံးမှာ အစိုးရဆန့်ကျင်သူအချို့ကိုလည်း ထပ်မံ ဖမ်းဆီးခဲ့ပြန်တယ်။ ဒီမိုကရေစီအရေးလှုပ်ရှားသူ အချို့မှာလည်း ဥပဒေကြောင်းအရ လွတ်မြောက်ခွင့်ကို ရင်ဆိုင်နေရတုန်းပါ။ “နောက်ယောက်ခံလိုက်ခြင်း၊ စစ်ဆေးသတင်းနှိုက်ခြင်း၊ ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုတွေ ရှိနေတယ်။ ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်က အရှိန်အဟုန်နှောင့်နှေးနေတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကောင်းပြောပါလိမ့်မယ်။ ဒါပေမယ့် တကယ့် အဖြစ်မှန်က လမ်းဟောင်းလမ်းဆိုးကို ပြန်လှည့်နေခြင်းသာဖြစ်ပါတယ်” ဆိုပြီး အရပ်သားလူ့အဖွဲ့အစည်းကွန်ရက် လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက Time ကို ပြောကြားခဲ့ပါတယ်။

    ၂၀၀၈ ခြေဥကတော့ စစ်တပ်ကြီးစိုးရေး၊ လွတ်လပ်စွာတရားစီရင်မှုမရှိခြင်း၊ ဥပဒေပြုအမတ်တွေရဲ့ဆန္ဒအရ ဒေါ်စုကြည်ကို သမ္မတနေရာဝင်ပြိုင်ခွင့် ပိတ်ပင်ထားခြင်းတွေနဲ့အတူ နဂိုရ် အတိုင်း မပြောင်းမလဲ ပန်းပန်မြဲရှိနေဆဲပါ။ ဖွဲ့ခြေဥဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို လာမယ့် မေလမှာ ကျင်းပပြီး နောက်နှစ်ရွေးကောက်ပွဲ မတိုင်မီအထိ မည်သည့် အကျိုးသက်ရောက်မှုမှ မရှိသေးပါဘူးလို့ လွှတ်တော်အကြီးအမှူး သူရဦးရွှေမန်းကလည်း မကြာသေးမီက ကြေငြာထားပါတယ်။ “ခုအချိန်မှာ လက်ရှိ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးယန္တရားထဲ ဥပဒေပြင်ဆင်ပြဋ္ဌာန်းမှုမှာ ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ပါဘူး” ဆိုတဲ့စကားမျိုးကို အခိုင်အမာ ဆိုပါတယ်။

    ဦးရွှေမန်းမှာလည်း သမ္မတဖြစ်ရေး ကိုယ်ပိုင် ရည်မှန်းချက် ရှိနေတယ်လို့ ဆိုကြတာ တိုက်ဆိုင်မှုတော့ မဟုတ်နိုင်ပါဘူး။ သမ္မတဦးသိန်းစိန်က ရွေးကောက်ပွဲ ထပ်မံမ၀င်ရေး စကားကို စွန့်လွှတ်လိုက်ပြီး သမ္မတနေရာ ထပ်မံအရွေးခံဖို့ မျှော်လင့်လာတာ ထင်ထင်ရှားရှားတွေ့ရတယ်။ တစ်ချိန်တည်းမှာပဲ အဲ့ဒီနေရာကို ကျားကန်ပေးနေတဲ့ စစ်တပ် အလိုကျ ပြန်လည်ပြုပြင်ရေး လမ်းကြောင်းကနေ ပြန်လည်ဆုတ်ခွာလာပါတယ်။ စစ်ဦးစီးချုပ် မင်းအောင်လှိုင်ကလည်း သမ္မတနေရာကို မျက်စောင်းထိုးနေပြန်ပါတယ်။

    ဒေါ်စုကြည်ကို ပိတ်ပင်တားဆီးမှုဟာ ပုဂ္ဂလ ရည်မှန်းချက်ထက် ပိုပါတယ်။ တိုင်းပြည်ရဲ့ ရေပန်းအစားဆုံး နိုင်ငံရေးပြယုဂ်အပေါ် ထိပ်တန်း အာဏာပိုင်အဆင့်ကနေ တစ်ဖက်စောင်းနင်း ထာဝရ ပိတ်ပင်ခြင်းဟာ တရားဥပဒေစိုးမိုးမှုလက္ခဏာ ထွက်ရှိလာမယ့် အရိပ်အယောင် မမြင်တော့ပါဘူး။ ပြည်တွင်းပြည်ပ အကူးအပြောင်း အနေအထားကို ချည့်နဲ့သွားစေပါတယ်။ ပိုပြီးဆိုးတာက စစ်တပ်ထိန်းချုပ်မှု လျှော့ချကန့်သတ်ခြင်း ကဲ့သို့ နောက်ထပ်လာမယ့် အခြေခံပြုပြင်ပြောင်းလဲမှုတွေလိုမျိုး အဓိကအားပြိုင်မှုကဏ္ဍများအဖို့ ဖိနှိပ်ခံရကိန်းဆိုက်နေပါတယ်။

    စီးပွားရေး လွတ်လပ်ခွင့်ပင်လျှင် တုန့်ဆိုင်းလာနေပါတယ်။ ဆဲလ်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်လာတယ်၊ အသစ်အသစ်သောဆောက်လုပ်ရေးလုပ်ငန်းတွေ မျက်မြင်ထင်ရှား ဖြစ်နေတယ်၊ နိုင်ငံခြားသွင်းကုန်တွေက အားကောင်းကောင်းနဲ့ ၀င်ရောက်ဆဲ စတဲ့ လုပ်ငန်းစဉ်ကတော့ အဟုတ်ရှိနေတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်း အများစုက နိုင်ငံတော် သို့တည်းမဟုတ် စစ်တပ်ထိန်းချုပ်မှုလက်အောင်မှာ ကျန်ရှိနေဆဲပါ။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေသစ်ကိုလည်း ရေးဆွဲတဲ့အဆင့် မရောက်သေးပါဘူး။ ပွင့်လင်းမြင်သာမှုမရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်မှုနဲ့ပတ်သက်လို့ အဓိကရင်းနှီးမြှုပ်သူများဖက်က စောဒကတွေလည်း တက်နေပါတယ်။ ကဏ္ဍအများစုမှာ အပြောင်းအလဲလုပ်တယ်ဆိုတာက ခွင့်ပြုချက်နဲ့လုပ်ပိုင်ခွင့်လက်တံတွေ ဆန့်တန်းပေးခြင်း မျှသာဖြစ်ပါတယ်။ ပွင့်လင်း လွတ်လပ်တဲ့ ဈေးကွက်ပြုပြင်ရေး စနစ် မဟုတ်ပါဘူး။ ဒီလိုလုပ်ခြင်းက စီးပွားရေးကဏ္ဍကို ကြီးစိုးထားတဲ့ ခရိုနီတွေကို ပိုမိုခိုင်မာတောင့်တင်းသွားစေလျက်သာ ရှိနေပါတယ်” လို့ သြစတေးလျ Macquarie တက္ကသိုလ်က  Sean Turnell  မှ ရှင်းပြခဲ့ပါတယ်။ အနောက်တိုင်းရင်းနှီးမြှုပ်နှံသူများဟာ အစပိုင်းမှာ အလားအလာကောင်းရဲ့ဆွဲဆောင်မှုကို ခံရပေမယ့် နောက်ပိုင်းမှာ ဈေးကွက်ထဲဝင်ရောက်ဖို့ တွန့်ဆုတ်သွားပါတယ်။

    ဒီပြဿနာတွေထဲမှာ အတိုက်အခံများရဲ့အခြေအနေများကလည်း ရောနှောပါဝင်နေပါတယ်။ လူတွေရဲ့လေးစားအားကျမှုကို အင်မတန် ရရှိထားပြီး ရှေ့ထွက်ခေါင်းဆောင် အဖြစ် အမြင်ထားရှိခံရတဲ့ ဒေါ်စုကြည်လည်း ဝေဖန်မှုတွေ ခံနေရတယ်။ သူမဟာ နေပြည်တော်မှာ အချိန်များစွာ ပေးနေပြီး သူမရဲ့ပါတီနဲ့ ကင်းကွာနေခဲ့တဲ့အပြင် ပါတီကိုကိုယ်စားမပြုသယောင် ဖြစ်လာပါတယ်။ သူမရဲ့ထင်ပေါ်ကျော်ကြားမှုထိခိုက်ခံရမှာစိုးလို့ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာတွေအပေါ် တစ်လုံးတစ်ပါဒမျှ ရင်ဆိုင်စကား မဆိုခဲ့တဲ့အတွက် အဝေဖန်ခံထားရပါတယ်။ သမ္မတနေရာအတွက် အတိုက်အခံပြုမှုကိုလျှော့ချရင်း ဗိုလ်ချုပ်တွေနဲ့ အနီးကပ်ဆက်ဆံမှုတွေကို တည်ထောင်နေပါတယ်။ သို့သော်လည်း ဒီအချက်တွေအပေါ် စိတ်အပျက်ကြီးပျက်နေကြသူတွေပင်လျှင် သူမကို ထောက်ခံနေဆဲပါလို့ ဆိုကြတယ်။ တကယ်လို့ သူမဟာ ထိပ်သီးနိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် တက်လှမ်းနိုင်ခဲ့ရင်လည်း သူမကို စောင့်ကြိုနေတဲ့ စိန်ခေါ်ချက်အသစ်တွေ ရှိနေဦးမှာပါ။ NLD မှာ အနာဂတ်အတွက် ဦးဆောင်သူအသစ် မမွေးထုတ်ပေးနိုင်သေးပါဘူး။

    အတိုချုပ်ဆိုရရင် မကြာသေးမီက ကျယ်လောင်လာခဲ့တဲ့ မြန်မာပြည်အတွက် မျှော်လင့်ချက်တွေဟာ လက်တွေ့ဖြစ်ရေးအဆင့်ကနေ ပြိုလဲခဲ့ပါပြီ။ စိတ်ပျက်စရာတွေ မလွဲမသွေ ကြုံဆုံဖို့များနေပါတယ်။  National Security Council က  Ben Rhodes အနေနဲ့ ဒီလိုသုံးသပ်ထားပါတယ်။
    “နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ လုံးဝ ပိတ်ပင်ခံထားရတဲ့ တိုင်းပြည်၊ ကိုယ့်နိုင်ငံရေးလမ်းကြောင်းထဲ လုံးဝ ပိတ်မိနေတဲ့တိုင်းပြည်၊ စစ်တပ်က လုံးဝ ကြီးစိုးခဲ့တဲ့ တိုင်းပြည်၊ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နဲ့ ပိတ်လှောင်ထားခဲ့တဲ့တိုင်းပြည် … ဒီတိုင်းပြည်ဟာ ရုတ်ခြည်း တံခါးဖွင့်ပြီး လမ်းကြောင်းပြောင်းလိုက်တယ်။ ပြီးတော့ အကူးအပြောင်းကာလကို နှစ်အနည်းငယ်အတွင်း ဖြတ်သန်းနေတယ်။ ဒီလိုနေရာမှာ ကျွန်တော်တို့ အမြင်တစ်မျိုး ထားရှိဖို့လိုအပ်ပါတယ်။ ဒီလိုအဆင့်တွေကို မြန်မြန်ဆန်ဆန် သို့မဟုတ် ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်တဲ့ နိုင်ငံဆိုတာ မရှိသေးပါဘူး”။

    သေချာတာကတော့ ထပ်တိုးပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေပါတယ်။ မကြာသေးမီက ၀ါရှင်တန်ကနေ လူတစ်ဦးကို အမည်ပျက် စာရင်းထည့်မှုဟာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အရှိန်လျော့သွားစေမယ်လို့ ယူဆကြတယ်။ စီးပွားရေးပိတ်ဆို့ရေးအတွက် အချက်ပြသလိုမျိုး ဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေ အတိတ်ကာလမူဝါဒဖက် ပြန်လှည့်ခြင်းက အဆုံးသတ်မှု ဆိုးဝါးစေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဏာရအုပ်စုဟာ သာယာဝပြောရေးထက် အာဏာလက်မလွှတ်ရေးကိုသာ အစဉ်သဖြင့် အလေးထားကြလို့ဘဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေ အတွက် အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ တွက်ချက်ယူဆနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ထပ်တိုးပြုပြင်ပြောင်းလဲမှုအလို့ငှာ နိုင်ငံရေးအပြောင်းအလဲကို ထပ်တိုးအကူအညီနဲ့ ၀ယ်ယူမယ့် ၀ါရှင်တန့်ချဉ်းကပ်မှုက အလုပ်မဖြစ်နိုင်ပါဘူး။ နေပြည်တော်ကတော့ ဘယ်သူ့ဆီကမဆို ငွေကြေးနဲ့အကူအညီကို အိတ်ကပ်ထဲ အမိအရထည့်လိုက်ဖို့ ပြင်ဆင်ထားဟန်ရှိပါတယ်။

    အာဏာရှင်စနစ်နဲ့ ကိုင်တွယ်ထိန်းချုပ်ရေးဆိုတာ ဗမာဗိုလ်ချုပ်များရဲ့ ကန့်လန့်ကာနောက်ကွယ်က ကျင့်သုံးဆဲ နည်းလမ်းဖြစ်နေတဲ့အတွက် တကယ့် အထိမခံ ကဏ္ဍတစ်ခုပါ။ အာဏာပိုင်တွေအနေနဲ့လည်း ဒီမိုကရေစီနှင်တံ အဖြစ် စစ်တပ်ပါဝင်မှုကို မျှော်လင့်နေတယ်။ မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်က ဆက်လက်နှောင့်နှေးနေဦးမယ်ဆိုရင် အနိဌာရုံတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း တွန်းအားပေးနိုင်တဲ့ မှော်ကျည်ဆံ မရှိနေဘူး။ ၀ါရှင်တန်အဖို့ မိမိရဲ့အတိုင်းအတာကို သတိကြီးစွာထားပြီး မရေရာမှုကိုရှောင်လို့ စိတ်ရှည်ရှည်နဲ့ ဆက်ဆံသွားရမှာဖြစ်တယ်။ ၀ါရှင်တန်နဲ့ အပေါင်းအပါတွေဟာ နေပြည်တော်ရဲ့ ပကတိနိုင်ငံရေး အနေအထားကို လက်ခံရပါလိမ့်မယ်။ အကူးအပြောင်းကာလထဲက စစ်တပ်ရဲ့အကြပ်အတည်းကိုလည်း အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

    ကမ္ဘာ့စီးပွားရေး လက်တံ အကြီးမားဆုံးလေးခုမှာ ပါဝင်နေတဲ့ အမေရိကန်၊ ဥရောပ၊ ဂျပန် အနေနဲ့ မြန်မာနိုင်ငံထဲ စစ်မှန်သောဈေးကွက် အသွင်ကူးပြောင်းမှုဖြစ်လာအောင် ညီညွတ်စွာ တွန်းအားပေးသင့်တယ်။ သို့အားဖြင့် လက်ရှိစီးပွားရေး လက်ကြီးသမားတွေ အခြေအနေ ပိုကောင်းလာနိုင်သလို ပြည်သူ တစ်ရပ်လုံး အဖို့လည်း ငွေကြေးချောင်လည် မှုဖြစ် လာနိုင်တဲ့ အကြောင်း ထောက်ပြသင့်တယ်။ ပြည်သူတွေချဉ်ခြင်းတပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုသက်သက်အပေါ် အာရုံစိုက်အလေးထားခြင်းက စစ်ဗိုလ်ချုပ်တွေကို အန္တရာယ်ထဲ တွန်းပို့ရာရောက်တဲ့အတွက် နောက်ကြောင်းပြန်မှုဖြစ်အောင် တွန်းပို့သလိုမျိုး ဖြစ်သွားပါတယ်။
    ကမ္ဘာတစ်ဝှမ်းက လွတ်မြောက်ရေးဘက်တော်သားများဟာ ရှင်သန်ဆဲ အာဏာရှင်စနစ်ကို အသွင်ပြောင်းဖို့ ကြိုးစားနေတဲ့ မြန်မာ့အရေး လှုပ်ရှားနေသူတွေကို ထောက်ပံ့ ကူညီမှုတွေ ပေးနေသင့်ပါတယ်။ ဒီအကူအညီဟာ အမေရိကန် အစိုးရပြင်ပဖက်ကနေ လာတာမျိုးက အကောင်းဆုံးပါ။ အမေရိကန်တွေအနေနဲ့ မူဝါဒရေးရာမျိုး မဟုတ်ပဲ ကူညီအားပေးခြင်းကို ဆိုလိုတာဖြစ်တယ်။

    သမ္မတအိုဘားမား အလည်အပတ်ရောက်လာစဉ်က “အပြောင်းအလဲဖြစ်ဖို့ မလွယ်ကူဘူး၊ ထာဝစဉ်ချောမွေ့ဖြောင့်တန်းအောင် မလုပ်နိုင်ဘူးဆိုတာ ကျွန်တော် လက်ခံနားလည်ပါတယ်။ ကျွန်တော်ကတော့ အကောင်းမြင်ပေးပါတယ်”လို့ ဆိုခဲ့တယ်။ ဒါဟာ နိမ့်ကျနေဆဲနိုင်ငံတစ်ခုအနေနဲ့ လမ်းဆုံးရောက်ဖို့ ဝေးနေသေးကြောင်း ၀ါရှင်တန်ဖက်က အကောင်းဆုံးတုန့်ပြန်ချက်လို့ ယူဆလို့ရပါတယ်။ အမေရိကဟာ လက်တွေ့ကျသောမျှော်လင့်ချက်သစ်နဲ့အတူ နေပြည်တော်အစိုးရနဲ့ နောက်ကွယ်က စစ်ဗိုလ်ချုပ်တွေကို ဆက်လက်ထိတွေ့ပတ်သက်ဖို့ လိုအပ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    xxxxxxxxxxxxxxxxxxxxxxxx

    Doug Bandow ရေးသားသော Myanmar Reforms Slip Into Reverse: Can Burma’s Democracy And Obama’s Number One Foreign Policy Success Be Saved? ဆောင်းပါးကို နဒီဦး(စွယ်တော်မြေ)မှ မြန်မာမှုပြု ပြန်ဆိုပါသည်။

    ——————

    ***   စာရေးသူ Doug Bandow သည် Cato Institute တွင် အကြီးတန်းအဖွဲ့ဝင်၊ သမ္မတဟောင်းရော်နယ်ရေဂင်၏ အထူးလက်ထောက်အရာရှိ၊ International Religious Persecution with the Institute on Religion and Public Policy ၏ အကြီးတန်းအဖွဲ့ဝင်၊ Foreign Follies ၊ The Politics of Plunder ၊ Beyond Good Intentions အပါအ၀င် စာအုပ်များစွာကို ပါဝင်ရေးသားတည်းဖြတ်သူ၊ Florida State University နှင့် Stanford Law School မှ ဘွဲ့ရရှိထားသူပညာရှင်တစ်ဦးဖြစ်သည်။

  • ပန်လုံ ပန်းသေးတို့၏ သမိုင်းဖြစ်စဉ် အကျဉ်း

    ပန်လုံ ပန်းသေးတို့၏ သမိုင်းဖြစ်စဉ် အကျဉ်း

    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၄
    ရေးသူ- ဦးရည်စိန်

    1928395_10204042093587294_5299374720138320935_n
    မြန်မာတို့က တရုတ် မွတ်စလင်များကို ပန်းသေးဟုခေါ်ကြသဖြင့် တရုတ် မွတ်စလင်တို့ကလည်း ထိုအမည်ကို လက်ခံကြသည်။ တရုတ်မွတ်စလင် သို့မဟုတ် ပန်းသေးတို့အနက် အချို့က မိမိကို ပန်လုံပန်းသေးဟု ခေါ်တွင်ကြ၏။

    (က) ထိုသူတို့သည် အဘယ်ကြောင့် ပန်လုံဟူသော ဒေသကိုအစွဲပြု၍ ပန်လုံ ပန်းသေးဟု ခေါ်ဝေါ်လာကြပါသနည်း။
    (ခ) သူတို့ သို့မဟုတ် သူတို့၏ ဘိုးဘေးများသည် ပန်လုံဒေသမှာ နေထိုင်ခဲ့ဖူးသူဖြစ်သဖြင့် ပန်လုံကိုအစွဲပြု၍ ပန်လုံ ပန်းသေးဟု ခေါ်တွင် လာခြင်းဖြစ်သည်ဟု တွေးထင်နိုင်ဖွယ်ရှိ၏။ သို့ရာတွင်သူတို့၏ ဘိုးဘေးများသည် အဘယ်သို့သောအကြောင်းကြောင့် ပန်လုံဒေသသို့ ရောက်လာကြပါသနည်း။
    (ဂ) သူတို့၏ ဘိုးဘေးများသည် မည့်သည့်အခါ၌ ပန်လုံသို့ရောက်လာခဲ့ပါသနည်း။
    (ဃ) သူတို့၏ဘိုးဘေးများသည် ပန်လုံသို့ရောက်မလာမီ မည်သည့်ဒေသမှာ အခြေချနေထိုင်ခဲ့ပါသနည်း။

    ပန်လုံပန်းသေးတို့၏ သမိုင်းဖြစ်စဉ်ကို သိသူ မများချေ။ ယခု ဤနေရာ၌ သူတို့၏သမိုင်းဖြစ်စဉ်ကို ဆွေးနွေးရန် ရည်ရွယ်သည်။ အစဉ်အလာ စကားအရ သူတို့၏ ဘိုးဘေးများသည် တရုတ် မင်မင်းဆက် (Ming Dynasty) နောက်ဆုံး ဧကရာဇ်ယုန်လီနှင့် ဆက်နွယ်မှုရှိကြောင်း သိရ၏။ မင်မင်းဆက် (Ming Dynasty) သည် ခရစ်နှစ် ၁၃၆၈ ခုနှစ်မှ တက်လာ၍ ခရစ်နှစ် ၁၆၆၂ ခုနှစ်၌ လုံးဝပျက်သုဉ်းသွားခဲ့သည်။ ယုန်လီသည် ခရစ်နှစ် ၁၆၄၇-၁၆၆၂ အတွင်း ထင်ရှားလာသော ပုဂ္ဂိုလ်ဖြစ်သည်။ ယုန်လီသည် မြန်မာရာဇဝင်ကျမ်းလာ ရုံလှီဥတည်ဘွား ပင်တည်း။ အိမ်နိမ့်စံနေစဉ် ကွေ့မင်းသားဟူသောဘွဲ့ကို ခံယူသည်။

    မင်မင်းဆက် နောက်ဆုံးဧကရာဇ် ယုန်လီ

    ခရစ်နှစ် ၁၆၆၄ ခုနှစ်၌ အရှေ့မြောက်ဘက်မှ မန်ကျူးတို့သည် တရုတ်နိုင်ငံကို စတင်စိုးမိုးလာနေပြီဖြစ်၏။ သို့ရတွင် မင်မင်းဆက်အဆက်နွယ်များသည် မိမိတို့အပေါ်သစ္စာခံသူများကို စုရုံး၍ တရုတ်နိုင်ငံတောင်ဘက် ကမ်းခြေတစ်လျှောက်၌ ဆက်လက်နေထိုင်ကြသည်။ မန်ကျူးတပ်ဖွဲ့နှင့် မင်မင်းဆက် အချောင်သမားဖြစ်ကြသော တရုတ် အမတ်အချို့နှင့် စစ်သူကြီးအချို့တို့ ဦးဆောင်သောတပ်ဖွဲ့တို့သည် မင်မင်းဆက်အနွယ်နေထိုင်ရာသို့ ဆက်လက်တိုက်ခိုက်လာကြရာ မင်မင်းဆက် အနွယ်တို့ဘက်မှာ တစ်ပွဲပြီးတစ်ပွဲ အရေးနိမ့်လာသည်။ နောက်ဆုံး၌ ကွေ့မင်းသားကို ဧကရာဇ်အဖြစ် နန်းတင်လိုက်သည်။ ကွေ့မင်းသားသည် ခရစ်နှစ် ၁၆၄၇ ခုနှစ်၌ ဧကရာဇ်ဘွဲ့ ကိုခံယူ၏။ သို့ရာတွင် မန်ကျူးတို့ကို တန်ပြန်စစ် ထိုးနိုင်စွမ်းမရှိချေ။ ဆက်လက်အရေး နိမ့်လာသည်။ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသမှ အနောက်ဘက်သို့ တဖြည်းဖြည်း ဆုတ်ခွာလာ၏။ ခရစ်နှစ် ၁၆၇၉ ခုနှစ်၌ ဧကရာဇ်ယုန်လီသည် ယူနန်နယ်သို့ ရောက်လာသည်။ ထိုအခါ မန်ကျူးတို့အပေါ် သစ္စာခံယူသော မင်မင်းဆက်စစ်သူကြီးဟောင်းတစ်ဦးဖြစ်သူ ဝူစန်းကွေ့သည် ဧကရာဇ်ယုန်လီကို အရှင်ဖမ်းမိရန် ကြံရွယ်သဖြင့် ယုန်လီသွားရာသို့ အမြဲတကောက်ကောက်လိုက်လာသည်။

    ဧကရာဇ်ယုန်လီကို ပုန်ကန်သော အင်အားစုလည်း ကြီးမားလာမှုကြောင့် ယုန်လီသည်ခရစ်နှစ် ၁၆၅၉ ခုနှစ်မတ်လ ၂၂ရက်၌ ဗန်းမော်သို့ရောက် လာတော့၏။ မြန်မာနိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းသည်။ မြန်မာမင်းပင်းတလဲမင်းလည်း ယုန်လီနောက်လိုက်အခြွေအရံများအား ဗန်းမော်မှာ လက်နက်ချစေပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာစေရန် ခွင့်ပြုလိုက်၏။ ထိုနှစ်ဇွန်လ ၂၇ ရက်နေ့၌ ယုန်လီသည်အခြွေအရံအချို့နှင့်အတူ စစ်ကိုင်းသို့ရောက်သည်။ လှေစီး ခွင့်မရသူများက ကုန်းလမ်းဖြင့်ဝင်လာရ၏။ ဧကရာဇ်ယုန်လီသည် စစ်ကိုင်း၌ နှစ်နှစ်ခွဲကျော်ခန့်သာ နေလိုက်ရသည်။ မန်ကျူးအစိုးရ၏ အလိုတော်ရီဖြစ်လာသူ ဝူစန်းကွေ့သည် ခရစ်နှစ် ၁၆၆၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်၌ မန္တလေးအနီးရှိ အောင်ပင်လယ်အရပ်မှာ တပ်ချကာမြန်မာမင်းထံမှ ယုန်လီကို တောင်းတော့သည်။ မြန်မာမင်းက မလွဲသာ သဖြင့် ပေးအပ်လိုက်ရ၏။ ထိုအခါ မြန်မာမင်းသည် ပင်းတလဲမင်းမဟုတ်တော့ဘဲ ညီတော် ပြည်မင်းဖြစ်နေလေပြီ။

    ယုန်လီသည် စစ်ကိုင်း၌ နှစ်နှစ်ခွဲကျော်ကျော် ခွဲနေထိုင်ခဲ့ကြောင်း အထက်၌ဆိုခဲ့၏။ မြန်မာတို့ဘက်က ယုန်လီကိုလက်ခံမိသဖြင့် မြန်မာနိုင်ငံမှာ အတော် ဒုက္ခရောက်ခဲ့သည်။ ယုန်လီ၏ သစ္စာကိုခံယူသော စစ်သူကြီးနှစ်ဦးသည် ယုန်လီအားစစ်ကိုင်းမှ ကယ်တင်ထုတ်ယူရန်ဟူသောအကြောင်းပြချက်ဖြင့် စစ်သည် အကြွင်းအကျန်များကိုစည်းရုံး၍ မြန်မာနိုင်ငံအထဲသို့ဝင်ရောက်လာသည်။ မြန်မာ့တပ်ဖွဲ့များနှင့်တိုက်ဆိုင်မိတော့သည်။ မြန်မာ့တပ်ဖွဲ့က ထိုတရုတ်တပ်ဖွဲ့ကို တိုက်ထုတ်လိုက်သည်။ နောက်ဆုံး၌တရုတ်စစ်သူကြီးနှစ်ဦးစလုံး၏တပ်ဖွဲ့သည် မြန်မာနိုင်ငံမှဆုတ်ခွာသွားရသည်။ ကုန်ချန်ဝမ်း Kung Chamg Wang ဘွဲ့ခံ ပိုင်ဝင်ရွှမ် Pai-Wen-Hsuan သည်ယူနန်နယ်သို့ ဆုတ်ခွာသွားပြီးနောက် မန်ကျူးတပ်ဖွဲ့အားဧည့်ခံ၏။ ထိုပုဂ္ဂိုလ်သည် မှန်နန်းရာဇဝင်ကျမ်းလာ “ကုန်ဆင်ဝင်” ဝင်တည်း။ အခြားစစ်သူကြီးတစ်ဦးအား ကျင့်ဝမ် Tsin Wang ဘွဲ့ခံ လီတင့်ကူးအော်သည် Li Ting Kuo ဖြစ်သည်။ မှန်နန်းရာဇဝင်ကျမ်း၌ ထိုပုဂ္ဂိုလ်ကို “အံသီဝင်” ဟုခေါ်သည်။ လီတင့်ကူးအော်သည် ပဲခူးဘက်သို့ရောက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်ဘက်သို့ ပြန်တက်သွားသည်။ ထို့နောက် နယ်ခြားဒေသမှာ ကွယ်လွန်သွားတော့၏။

    မြန်မာမင်းပြည်မင်းသည် ခရစ်နှစ် ၁၆၆၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်၌ ၀ူစန်းကွေ့အား ယုန်လီမိသားစုကို အပ်လိုက်သည်။ ဇန်နဝါရီလ ၂၈ ရက်၌ ဝူစန်းကွေ့သည် ယုန်လီမိသားစုကိုဆောင်ယူပြီး ယူနန်နယ်သို့ထွက်ခွာလာ၏။ ယူနန်မြို့တော် ခွန်မင်း Kung Ming မြို့သို့ရောက်သော် မန်ကျူးဧကရာဇ်ရွှန့်ကျိ Shun-Chih ၏အမိန့်အရ ယုန်လီတို့သားအဖနှစ်ဦးကိုပီကင်း (ပေကျင်း) သို့မပို့လိုက်တော့ဘဲ ခွန်မင်းမြို့မှာ အဆုံးစီရင်စေသည်။ ဝူစန်းကွေ့က မီကျီဖော်အရပ်ရှိ ဈေးထဲမှာ ယုန်လီသားအဖနှစ်ဦးကို လေးကြိုးဖြင့်လည်ပင်းမှာ ရစ်ပတ်ပြီး ညှစ်သတ်လိုက်သည်။

    10289783_10204042103187534_7976365366706404454_n

    ယုန်လီ၏နောက်လိုက်နောက်ပါများ “ကွေ့”
    တရုတ်တပ်ဖွဲ့များသည် မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ကြောင်း မြန်မာတပ်ဖွဲ့၏တိုက်ထုတ်မှုကိုခံရကြောင်း အထက်တွင်ဆိုခဲ့၏။ ယုန်လီမိသားစုကို ဝူစန်းကွေ့ ဖမ်းဆီးသွားပြီးနောက် တရုတ်တပ် အကြွင်းအကျန်များနှင့် ယုန်လီနောက်လိုက်အခြွေအရံများ အရာရှိများတို့သည် တရုတ်နိုင်ငံ အတွင်းဘက်သို့ ပြန်သွားသူများ ရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်း ဆက်လက်နေထိုင်သူများလည်းရှိသည်။ မြန်မာရာဇဝင် မှတ်တမ်းများလာ နာမည်ကြီးသော ကွေးဂုဏ္ဏအိန်သည် တရုတ်နိုင်ငံ အတွင်းသို့ပြန်မသွားဘဲ မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်သူတို့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံအတွင်းဘက်မှ ကျန်ရစ်နေသူများထဲမှအချို့က စဥ့်ကိုင်အရပ်မှာသော်လည်းကောင်း၊ အချို့က ညောင်ရွှေမှ ဇင်းမယ်တစ်လျှောက်သို့လည်းကောင်း၊ တစ်ချို့ကဝနယ်မှာသော်လည်းကောင်း၊ အချို့ကပဲခူးတစ်ဝိုက်မှာသော်လည်းကောင်း ပျံ့နှံ့နေထိုင်လာကြသည်။ ယုန်လီသည်အိမ်နိမ့်စံနေချိန်၌ “ကွေ့မင်းသားဖြစ်ကြောင်း” အထက်တွင်ဖော်ပြ ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျန်ရစ်နေသူများမှ မိမိတို့ကို “ကွေးကျီးယား” Kuei China ဟူသောအမည်ဖြင့်ခေါ်တွင်လာတော့သည်။ အဓိပ္ပယ်ကား “ကွေ့မိသားစု” “ကွေ့အမျိုးစု” တည်း။ ယုန်လီနှင့်ဆွေမျိုး မတော်သော်လည်း မန်ကျူး၏လက်အောက်ခံအဖြစ်မနေလိုသောကြောင့်တစ်ကြောင်း၊ မင်မင်းဆက်ကို လွမ်းဆွတ်တသသောကြောင့် တစ်ကြောင်း၊ ယုန်လီအိမ်နိမ့်စံအချိန်က “ကွေ့မင်းသား” ဘွဲ့ခံသောပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်တစ်ကြောင်း ထိုအကြောင်းကြောင်းတို့ကြောင့် “ကွေ့” ဟူသောလူမျိုးအမည် မြန်မာရာဇဝင်မှတ်တမ်းမှာလည်းခေါ်လာသည်။ လ/ဝ ဒေသတွင် နေထိုင်သူများကို “ကွေ့လဝ” ဟူ၍လည်းကောင်း၊ ရှမ်းပြည်နယ်မှာ နေထိုင်သူများကို “ကွေ့ရှမ်း” ဟူ၍လည်းကောင်း၊ ပဲခူးအနီး၌နေထိုင်သူများကို “ကွေ့ကရင်” ဟူ၍လည်းကောင်း စသည်ဖြင့် မြန်မာရာဇဝင်မှတ်တမ်းများ၌ ရေးသားလာသည်။

    မင် မင်းဆက်နှောင်းခေတ် တစ်နည်းအားဖြင့် ၁၆ ရာစုဦးပိုင်းအခါ၌ တရုတ်- မြန်မာနယ်ခြားဒေသ၌ ပန်းသေးများရှိကြောင်း တရုတ်မှတ်တမ်း တစ်စောင်တွင် ဖော်ပြထားသည်။

    10848048_10204042112947778_5917395745539680809_n

    အကြီးအကဲ တိုက်ခုန်းခုန်းနှင့် ချဲန်ယှီးယန်း (င်) တုန်း

    မင်မင်းဆက်နောက်ဆုံးဧကရာဇ်ယုန်လီ၏ နောက်လိုက်နောက်ပါထဲမှာ အကြီးအကဲနှစ်ဦးရှိ၏။ တစ်ဦးကား တိုက်ခုန်းခုန်း Tai Kung Kung ဖြစ်၍ အခြားတစ်ဦးကား ချဲန်ယှီးယန်း (င်) တုန်း Chen Hsiang Dung ဖြစ်သည်။ တိုက်ခုန်းခုန်းကို “တိုက်ခွန့်ခွန့်” ဟူ၍လည်းကောင်း၊ ချဲန်ယှီးယန်း (င်) တုန်း ကို “ချိန်ရှမ်းရုံး” ဟူ၍လည်းကောင်း ယူနန်သားတို့ကခေါ်ဆိုကြသည်။ ဤကား ယူနန်ဒေသ စကားဖြင့် ခေါ်ဆိုသောအသံထွက်သည်။ ထိုပုဂ္ဂိုလ်နှစ်ဦး၏အမည်ကို တရုတ်ရုံးသုံးဘာသာစကား Mandarin အသံထွက်၍ရေးသားရမည် ဆိုလျှင် တိုက်ခုန်းခုန်းနှင့် ချဲန်ယှီးယန်း (င်) တုန်း ဖြစ်ပါသည်။ တိုက်ခုန်းခုန်း (သို့မဟုတ်) တိုက်ခွန့်ခွန့်သ်ည ပန်သေးဖြစ်၍ ချဲန်ယှီးယန်း (င်) တုန်း (သို့မဟုတ်) ချိန်ရှမ်းရုံး သည် ဗုဒ္ဒဘာသာဝင်ဖြစ်၏။

    ယုန်လီဧကရာဇ် ပါတော်မူပြီးနောက် ထိုပုဂ္ဂိုလ်နှစ်ဦးသည်း တရုတ်နိုင်ငံသို့ပြန်သွားခဲ့သည်။ သို့သော်လည်း ယုန်လီအသတ်ခံရသောအခါ သူတို့နှစ်ဦးသည် မိမိတို့နောက်လိုက် နောက်ပါများနှင့် အတူ ပြန်လည်ထွက်ပြေးလာကြရာ ကိုးကန့်ကန် အတွင်းသို့ ရောက်ရှိလာ၏။ နမ့်ဟန်မော်ဟူသောအရပ်၌ အခြေချနေထိုင် လာသည်။ နမ့်ဟန်မော်ဟူသည်ကား ရှမ်းနေရပ် အမည်ဖြစ်၍ “ခန်းခြောက်သောရေတွင်း” ဟုအနက်တွင်၏။ ထို့နောက်ကိုယ်စားလှယ် တစ်ဦးအား သိန္နိစော်ဘွားထံသို့ လည်းကောင်း၊ အဝ (အင်းဝ) နေပြည်တော်ရှိ ပြည်မင်းထံသို့လည်းကောင်း စေလွှတ်၍ ကိုးကန့်နယ်မြေမှာ နေထိုင် ခွင့်ပြုရန်တင်လျှောက် ခဲ့သည်။ မြန်မာမင်းပြည်မင်း ကလည်း နေထိုင်ခွင့်ပေးသနားတော်မူသည်။ ထို့ကြောင့်နှစ်စဉ်နှစ်တိုင်း သိန္နိစော်ဘွားမှ တစ်ဆင့် မြန်မာမင်းထံ လက်ဆောင်ပဏ္ဍ ဆက်သစေသည်ဟူ၏။

    10818938_10204042059706447_483173720_n copy

    တိုက်ကျီး- ယားကျိတ် Tai Chia Chia နှင့် ချဲန်ကျီး- ယားပေါင် Chen Chia Pao

    ကိုးကန့်ဒေသနှင့်ဟန်မော်အရပ်မှာ နေထိုင်ခွင့်ရလာပြီးနောက် တိုက်ခုန်းခုန်း (သို့မဟုတ် တိုက်ခွန့်ခွန့်) သည် တိုက်ကျီးယားကျိုက် Tai Chia Chia ကိုတည်ထောင်လာ၏။ အဓိပ္ပာယ်ကား “တိုက်မျိုးတူစုတို့၏ သစ်တပ်” Tai Clan Stockade ဖြစ်သည်။ ထိုသစ်တပ်ထဲမှာ တိုက်မျိုးတူစု Tai Clan သာမကပဲ အခြားမျိုးတူစု Other Clans များလည်းရှိခဲ့ပေလိမ့်မည်။

    ချဲန်ယှီး- ယင်း (င်ူ) တုန်းမူကား ပိုင်ရှားကို (ယူနန်သားတို့ အသံထွက်အရ ပယ်ရှားကိုး) အရပ်၌ ချဲန်ကျီးယားပေါင်ကိုတည်ထောင်သည်။ ပိုင်ရှားကိုး (ပယ်ရှားကိုး) ဟူသည် သဲဖြူမြောင်းဖြစ်၍ ချဲန်ကျီးယားပေါင် Chen Choa Pao သည် ချဲန်မျိုးတူစုခံဘဝ Chen Clan Rampart ဟုအနက်ထွက်သည်။

    ထို့နောက် တိုက်ကျီးယားကျိုက်သည် သစ်တပ် Stockade ကျောက်တုံးဖြင့်မြို့ တည်လာတော့၏။ လေးဘက်လေးတန် ကျုံးကြီးရှိသည်။ မြို့တွင်း၌ ဗလီမျှော်စင် ရှိ၍ ပေပေါင်းငါးတယ် ခန့်မြင့်သည်။ ယခုသော်ကား မြို့ရိုးပြိုကျ ပျက်စီးသွားခဲ့ပြီဖြစ်၍ အုတ်မြစ်မျှသာ ကျန်တော့သည်။ ကျုံးလည်းခန်းခြောက်နေပြီး ရေမရှိတော့ချေ။ ဤမြို့ ပျက်စီးရခြင်းအကြောင်းကို နောက်မှ ဆက်လက်ဆွေးနွေးမည်။

    ချဲန်ကျီးယားပေါင် Chen Chia Pao (Chen Clan Ramport) သည် တိုက်ကျီးယားကျိုက် Tai Chai (Tai Clan Stockade) အလှမ်းမဝေးသောနေရပ်၌ တည်ရှိခဲ့၏။ တိုက်ကျီးယားကျိုက်ကို ကျောက်တုံးဖြင့် ပြန်လည် တည်ဆောက်ခဲ့သော်လည်း အမည် မပြောင်းလဲဘဲ အမည်ဟောင်းကို ဆက်လက်ခေါ်တွင်ခဲ့သည်။ ယခုအခါ မြေပုံမှာ Tai Chia Chia ဟူသော နေရပ် အမည်အထင်အရှား ရှိနေပါသေးသည်။

    တိုက်ကျီးယားကျိတ်သည် ပန်သေးများ၏ အချက်အချာဒေသဖြစ်၏။ ချဲန်ကျီးယားပေါင်သည် ကိုးကန့်ဒေသ ဗုဒ္ဒဘာသာဝင်တို့၏ အချက်အချာဖြစ်သည်။ ထို့နောက် ရောနှောနေထိုင် လာကြရာ ပန်းသေးများသည် တိုက်ကျီးယားကျိုက်မှ သာမကတော့ဘဲ အရှေ့ဘက်ရှိ ယှင်းကျိုက် Hsin- Chai အရှေ့တောင်ဘက်ရှိ ယင့်ယှင့် Yin- Hsin အနောက်ဘက်ရှိ မူကွားကျိုက် Mu Kua Chia အနောက်တောင်ဘက်ရှိ မာလီးပါး Ma Li Pa စကောရွာကြီး၊ ရွာငယ်မှာလည်း အပျံ့အနှံ့နေထိုင်ကြောင်း လူဦးရေ တိုးပွားလာသည်နှင့်အမျှ အိမ်ထောင်ပေါင်း ငါးသောင်းခန့်ရှိကြောင်း အစဉ်အလာလူကြီးသူမတို့က ပြောကြသည်။

    ပန်းသေးနှင့် ဗုဒ္ဓဘာသာဝင်များ သင့်မြတ်စွာ ယှဉ်တွဲနေထိုင်ခြင်း

    တိုက်ခုန်းခုန်း (သို့မဟုတ် တိုက်ခွန့်ခွန့်) သည် ပန်းသေးဖြစ်ကြောင်း ချဲန်ယှီးယန်း (င်) ကုန်း (သို့မဟုတ် ချိန်ရှမ်းရုံး) သည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း အထက်တွင် ဆိုခဲ့ပြီးဖြစ်သည်။ ဘာသာအယူဝါဒမတူကြ၍ တိုက်ခုန်းခုန်းနှင့် နောက်လိုက်နောက်ပါများက တိုက်ကျီးယားကျိုက် Tai Chia Chia (Tai Clan Stockade) တည်ဆောက်၍ ချဲန်ယှီးယန်း(င်)တုန်းက ချဲကျီးယားပေါင် Chen Chia-Pa (Chen Clan Rampart) ဟူ၍ ခွဲခြားကာနေထိုင်လာကြသော်လည်း နယ်မြေအုပ်ချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ကြ၏။ ဘာသာရေး ပဋိပက္ခမဖြစ်ခဲ့ဖူးချေ။ ပန်းသေးနှင့် ကိုးကန့်ဒေသ ဗုဒ္ဓဘာသာဝင်တို့ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်လာသောကြောင့် နယ်မြေအေးချမ်း၍ စီးပွားရေး တိုးတက်လာကြပါတော့သည်။

    Panlone
    ယန် (င်)ကျီယယ်အရေးအခင်း ပေါ်လာခြင်း

    တိုက်ခုန်းခုန်းနှင့် ချဲန်ယှီးယန်း(င်)တုန်းတို့သည် မျိုးတူစု Clans အသီးသီးကို ဦးဆောင်၍ ကိုးကန့်နမ့်ဟန်မော်ဒေသတွင် အေးချမ်းစွာနေထိုင်ပြီး သုံး၊ လေးနှစ်အကြာတွင် ယန်(င်)ကျီယယ် Yang Chieh (Yang-Jich) ဟုအမည်ရှိသူတစ်ဦးသည် တရုတ်နိုင်ငံယူနန်တပ်မှထွက်ပြေးလာ၏။ တိုက်ခုန်းခုန်းနှင့် ချဲန်ယှီးယန်း(င်)တုန်းတို့ထံ ခိုလှုံခွင့်တောင်းသည်။ ယန်(င်)ကျီယယ်သည် အုပ်ချုပ်ရေးဘက်နှင့် စစ်ပညာဘက်မှာ ကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် မကြာမီမှာ တိုက်ခုန်းခုန်းနှင့် ချဲယှီးယန်း(င်)တုန်းတို့နှစ်ဦးအားကိုးရသော လက်ရုံးတစ်ဆူဖြစ်လာတော့၏။ ယန်(င်)ကျီယယ်အား ကိစ္စအဝဝကို ဆောင်ရွက်စေသည်။ ဤသို့ဖြင့် နယ်မြေအုပ်ချုပ်ရေးအာဏာသည် ယန်(င်)ကျီယယ်၏လက်သို့ တဖြည်းဖြည်းရောက်သွားတော့၏။ ယန်(င်)ကျီယယ်သည် ပါးနပ်သူဖြစ်သည့်အတိုင်း မိမိ၏နောက်လိုက်ပါများကို စုရုံးသည်။ ထို့နောက် ချဲန်ယှီးယန်း(င်)တုန်းထံ သွားရောက်ပြီး တိုက်ခုန်းခုန်းကို ဖယ်ရှားပစ်ရန် လှုံဆော်၏။ သို့ရာတွင် ချဲန်ယှီးယန်း(င်)တုန်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း ပန်းသေးဖြစ်သော တိုက်ခုန်းခုန်းနှင့် နှစ်ပေါင်းများစွာ ပေါင်းသင်းလာသော မိတ်ဆွေဖြစ်ကြသောကြောင့် ယန်(င်)ကျီယယ်၏ အဆိုပြုချက်ကို လက်မခံချေ။ ယန်(င်)ကျီယယ်သည် မိမိအကြံအစည်မအောင်မြင်နိုင်ကြောင်းကို တွေ့ရှိလာသော် မိမိနောက်လိုက်နောက်ပါများကို ခေါ်ဆောင်၍ ချဲန်ယှီးယန်း(င်)တုန်း မိသားစုအားလုံးကို သတ်ပစ်လိုက်၏။ ထို့နောက် ချဲန်ယှီးယန်း(င်)တုန်း၏နောက်လိုက်များကို သုတ်သင်လိုက်သည်။ ထိုအချိန်တွင် ချဲန်မိသားစုထဲမှ ကလေးထိန်း အဘွားအိုတစ်ဦးက နမ့်မျိုးတူစု Chen Clan မှကလေးငယ် တစ်ဦးကိုပွေ့ချီပြီး အသက်ဘေးမှ လွတ်မြောက်လာ၏။ ထိုအဘွားအိုသည် ကလေးငယ်နှင့်အတူ ကိုးကန့်နယ်တုန်ကျင်းမြို့ မြောက်ဘက်ရှိ ကျန်းကန်းရွာသို့ ရောက်လာကာ တိန်မျိုးတူစု Teng Clan အဖြစ်နေထိုင်ခဲ့သည်။ မြောက်ဘက်ရှိ ကျန်းကုန်းရွာသို့ ရောက်လာကာ တိန်မျိုးတူစု Teng Clan အဖြစ်နေထိုင်ခဲ့သည်။ ယခုမေမြို့ စီလင်းအမှတ် ၇၄ မှာနေထိုင်သူ ချဲန်ကျီးယားယွာ (ချိန်ကြားဟွာ) သည် ထိုကလေး၏ အဆက်အနွယ်ပင်တည်း။

    ယန် (င်)ကျီယယ် ပုန်ကန်လာကြောင်းကို သိရသောအခါ တိုက်ခုန်းခုန်းသည် ၎င်း၏နောက်လိုက်နောက်ပါများနှင့် အတူထွက်ပြေးကြတော့၏။ ယန်(င်)ကျီယယ်၏နောက်လိုက်များက ထွက်ပြေးရှောင်တိမ်းသူများကို လိုက်လံခုတ်သတ်ကြ၏။ ပန်းသေးများစွာသောမက ပန်းသေး မဟုတ်သောသူများလည်း သေကျေကြ၏။ တိုက်ခုန်းခုန်းသည် ပြေးရင်းလွှာရင်း ကွယ်လွန်သွားတော့သည်။ ၎င်း၏ သားသုံးဦးလည်း လမ်းခုလတ်၌ အနာရောဂါဖြစ်၍ တစ်ဦးပြီးတစ်ဦးသေဆုံး သွားသည်။ ယခုတိုက်ခုန်းခုန်းမှာ အဆက်အနွယ် မရှိတောချေ။ ထိုအရေးအခင်းဖြစ်ပွားပြီးနောက် အားလုံးသေဆုံး သွားခြင်းဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့မဟုတ် အခြားမျိုးတူစု အမည်ကိုယူ၍ မိမိတို့မျိုးတူစုအမည်ပြောင်းထားသည့်အကြောင်းကို မထုတ်ဖော်ဝံ့ သဖြင့် နောင်လာနောင်သား တို့ကလည်း သိကြမည်မဟုတ်ချေ။ ထုတ်ဖော်ဝံ့သည့် တိုင်အောင် အဆက်အနွယ်များက အသက်ငယ်သေးသဖြင့် မှတ်မိချင်မှ မှတ်မိမည်။

    နယ်မြေ ပြန်လည်အေးချမ်းလာခြင်း

    တိုက်ကျီးယားကျိုက်နှင့် အနီးတစ်ဝိုက်ရှိ ရွာလူကြီးလူငယ်များမှ လူတို့သည် ဟန်(င်)ကျီယယ်၏ ရမ်းကားမှုကို မခံရပ်နိုင်သဖြင့် အရပ်ရပ်သို့ ထွက်ပြေးတိမ်းရှောင် သွားသောကြောင့် ကိုးကန့်မာလိပါး တစ်ဝိုက်မှာ လူသူမရှိသလောက် နည်းပါးလာတော့၏။ တိုက်ခုန်းခုန်း (သို့မဟုတ် တိုက်ခွန့်ခွန့်) နှင့် ချဲန်ယှီးယန်း(င်)တုန်း (သို့မဟုတ် ချိန်ဝှမ်းရုံး) တို့၏ အဆက်အနွယ်များ ၎င်းဒေသမှာမရှိတော့သဖြင့် ယန်(င်)ကျီယယ်သည် ကိုးကန့်မလိပါး၌ အကြီးအကဲဖြစ်လာသည်။ ထွက်ပြေးတိမ်းရှောင် သွားသူများအား ပြန်လည်သင့်မြတ်လာအောင် စေ့စပ်၏။ ကိုးကန့်နယ်သို့ပြန်လာရန်လည်း ဖျောင်းဖျသည်။ ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်သွားသော ပန်းသေးများသည် တိုက်ကျီးယားကျိုက်သို့ ပြန်လည်ကြ၏။ အချို့က အိုက်လာ AiLa များကို Cha-Ho နှင့် မာလိပါး Ma Li Pa သို့ရောက်လာပြန်သည်။

    ယန်(င်)ကျီယယ် ကွယ်လွန်ပြီးသည့်နောက် တိုက်ကျီးယားကျိုက်၏ အုပ်ချုပ်ရေးအာဏာသည် ပန်းသေးတို့ လက်ထဲပြန်ရောက်လာ၏။ “မာ” မျိုးတူစုအမည်ရှိ ပန်းသေးတစ်ဦးက အုပ်ချုပ်ရေး အာဏာကို ဆက်ခံသည်။ ၎င်း၏ အမည်ရင်းကိုတော့ မသိရချေ။ ပန်းသေးတို့၏ လူအင်အားနှင့် စီးပွားရေးအင်အားသည် ပန်းသေးမဟုတ်သူများ ထက် တောင့်တင်းသောကြောင့် ပန်းသေးတို့ကဒေသအုပ်ချုပ်အာဏကို ပြန်လည်ရယူနိုင်ခြင်းဖြစ်သည်ဟု ယူဆရ၏။ ကိုးကန့်နယ်တစ်ခုလုံးကိုမူ ယန်မျိုးတူစုက အုပ်ချုပ်သည်။ အခွန်အတုတ်များကို ယခင်ကအတိုင်း သိန္နိစော်ဘွားကဆက်သသည်။

    pantay-2

    မန်ကျူးတို့ တိုက်ခိုက်လာခြင်း

    “မာ” ဟူသောမျိုးတူစုအမည် Clan Name ရှိသူ ပန်သေးတို့အိမ်ထောင်စုက အစဉ်အဆက်အားဖြင့် အုပ်ချုပ်လာရာ နှစ်ပေါင်းတစ်ရာ့ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ခန့်ရောက်လာသော အခါ တိုက်ကျီးယားကျိုက်မှာ အခြေအနေပြောင်းလဲလာပြန်၏။ ခရစ်နှစ် ၁၈၅၆ ခုနှစ်၌ ယူနန်တာလီဒေသမှ ပန်းသေးများသည် မန်ကျူးတော်လှန်ရေး တိုက်ပွဲဆင်နွဲလာသည်။ မန်ကျူးအစိုးရက ပန်းသေးတို့ဦးဆောင်သော တော်လှန်းရေးအင်အားစုကို နှိမ်နှင်းတော့သည်။ ထိုအရေးအခင်းကြောင့် ယူနယ်နယ်အနောက်ပိုင်းတစ်လျှောက် အတော်တုန်လှုပ်သွားခဲ့၏။ မန်ကျူးတပ်ဖွဲ့က ပန်းသေးများကို တစ်ဆယ့်ရှစ်နှစ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်။ တာလီမှ အရေးအခင်းများပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် များစွာသော ပန်းသေးများသည် တိုက်ကျီးယားသို့ ထွက်ပြေးရှောင်တိမ်းလာရာ မန်ကျူးတပ်ဖွဲ့ကလည်း ထိုသို့ ထွက်ပြေးသွားသူများကို လိုက်လံရှာဖွေတိုက်ခိုက်သည်။ တိုက်ကျီးယားတိုက်သို့ လာရောက်တိုက်ခိုက်ရသည့် တခြား အကြောင်းအရင်းတစ်ခုကား ထိုမြို့ထဲမှာ မင်မင်းဆက် ဧကရာဇ်နောက်လိုက်တို့၏ အဆက်အနွယ်များ ရှိနေခြင်းကြောင့်ဖြစ်သည်။
    1899
    မန်ကျူးတပ်ဖွဲ့သည် တိုက်ကျီးယားတိုက်ကို ခရစ်နှစ် ၁၈၇၀ ပြည့်နှစ်မှစ၍ သုံးနှစ်ဆက်တိုက် တိုက်ခိုက်လာ၏။ မြို့တွင်းရှိ ပန်းသေးများကလည်း အသေအလဲခုခံသည်။ တိုက်ကျီးယား ကျိုက်ရှိခေါင်းဆောင်မှာ မားယင်ယှက်နှင့် မားလင်လီတို့ဖြစ်သည်။ တိုက်ကျီးယားကျိုက်သည် မြန်မာနယ်မြေမှာရှိကြောင်း သိပါလျက် မန်ကျူးတပ်ဖွဲ့က နယ်ကျော်ပြီး တိုက်လာ၏။ မန်ကျူးတပ်ဖွဲ့ကိုဦးဆောင်သူသည် ယန်ယွီခေါ Yang Yu-Ko ဖြစ်သည်။ မန်ကျူးတပ်ဖွဲ့သည်နောက်ဆုံး၌ မြေအောက်လမ်းတူး၍ ယမ်းဖြင့်ဖောက်ခွဲမည့် စစ်ဆင်နည်းသုံးလာသည်။ မြေအောက်လမ်းတူး၍ လူသေကောင်မြှပ်မည့် အခေါင်းများကို တစ်လုံးပြီးတစ်လုံး ထည့်သွင်းလိုက်၏။ မသိသူများ သို့မဟုတ် အဝေးကမြင်သူများက လူသေကောင်မြေမြှပ်သဂြိုလ်သည်ဟုထင်ကြသည်။ စင်စစ်မှာကား ခေါင်းထဲမှာလူသေကောင် မရှိ ယမ်းအပြည့်သာရှိ၏။ ထိုအခါ မန်ကျူးတပ်ဖွဲ့ထဲမှာ ပန်းသေး တပ်သားများလည်းရှိရာ ညအခါတောင်ပေါ်မှာ ပျော်မြူးနေပြီ။ ပန်းသေးစကားဖြင့် တေးသီချင်းဆိုလာသည်။ တေးသီချင်းထဲမှာ “မကြာမီ သင်းတို့တွေ ကျီးကန်းပမာတစ်ကွဲ တစ်ပြား ပျံသန်းနေရသကဲ့သို့ ဖြစ်လာတော့မည်” ဟုထည့်သွင်းပြီး ဆို၏။ အပေါ်ယံအားဖြင့် သူတို့ပျော်မြူးနေကြပုံပြသော်လည်း အမှန်စင်စစ် တိုက်ကျီးယားကျိုက်မှ ပန်းသေးများအား ထွက်ပြေးတိမ်းရှောင်ကြရန် သတိပေးခြင်းဖြစ်သည်။ မန်ကျူးတပ်ဖွဲ့သည် ခေါင်းထဲရှိ ယမ်းများကိုဖောက်ခွဲရာ တိုက်ကျီးယားကျိုက်မြို့ရိုးပြိုကျသွားတော့၏။ ပန်းသေးများစွာသေကျေကြသည်။ နောက်နောင်အခါ၌ မြို့ဟောင်းနေရာတွင် ရွာသစ်ပြန်လည်ထူထောင်သောအခါ ကိုးကန့်သား စုန်းရှောင်လျန်ဟု အမည်ရှိသူ အိမ်ဆောက်၊ ယာထွန်သည့်အခါ ငွေပိသာသုံးလေးရာခန့် တူးဖော်ရရှိကြောင်း၊ အနည်းအကျဉ်းတူးဖော်ရရှိသူများလည်း မနည်းကြောင်းသိရသည်။ မန်ကျူးတို့က တိုက်ကျီးယားကျိုက်ကို တိုက်ခိုက်သည့်အခါ၌ ကိုးကန့်နွယ် တစ်ခုလုံးကို အုပ်ချုပ်သူသည် ယန်ကော်ကျင့်ဖြစ်သည်။ ထိုအခါပန်းသေးထဲမှာ မာလင်ယွီ Ma Lin Yu ဟုခေါ်သော ပုဂ္ဂိုလ်တစ်ဦးရှိကြောင်း အထက်၌ဆိုခဲ့ပြီးဖြစ်သည်။ယူနန်ဒေသိယ စကားအားဖြင့် မာလင်ယွိဖြစ်သည်။ မာလင်ယွိသည် ပန်းသေးအကြွင်းအကျန်များကိုဦးဆောင်လျက် အနောက်ဘက်သို့ထွက်ပြေးရာ ကျာကျိရှု Cha Tzu-Shu သို့ရောက်လာ၏။ ထိုမှ စန်ယှီး-ယောင်း San Hsiao တဲင်မီ-ယင်ဖဲင် Teng-mich peing သို့ရောက်လာသည်။ ထိုမှတစ်ဆင့် ကွန်းလုံ Kun Long သို့ရောက်၏။ ကွန်းလုံမှ ကန့်မိုင်းခမ်းကိန့်နှင့် ဆို့ခွန့်သို့ရောက် လာပြီးနောက် ဝနယ်ပန်တောင်ဘက်ရှိ နမ့်ပေသို့ရောက်လာသည်။ အချို့သောသူများမူကား ရှမ်းပြည်နယ်မှာ ပျံ့နှံ့ကာ တိမ်းရှောင်သွား၏။ သို့ရာတွင်အများစုက နမ့်ပေါ့သို့ရောက်လာသည်။ နမ့်ပေါ့သည် ရှမ်းနာမည်ဖြစ်သော်လည်း ထိုစဉ်အခါ၌ ဝနယ်စော်ဘွား၏ အုပ်ချုပ်အောက်မှာရှိ၏။ ဝနယ်စော်ဘွား၏ ခွင့်ပြုချက်အရ ပန်းသေးများသည် ထိုနမ့်ပေါ့ရွာမှာ အခြေချနေထိုင်ကြပါတော့သည်။ ထို့နောက် နမ့်ပေါ့ကို ပန်လုံဟုပြောင်းလဲခေါ်ဝေါ်လာသည်။ ထိုပန်လုံဟူသော အမည်သည်ပြန်လည်စုစည်းခြင်းဟု အနက်ထွက်၏။

    10836424_10204042058306412_1080799152_n copy

    အင်္ဂလိပ်မှတ်တမ်းလာ ပန်လုံ

    ပန်လုံသည် စုံမူ Son_Mu ဒေသရှိ ပန်းသေးများကြီးစိုးသော နေရပ်တစ်ခုဖြစ်ကြောင်း ၊ အိမ်အရေအတွက် တဖြည်ဒဖြည်းတိုးပွားများပြားလာကြောင်း၊ သို့ရာတွင် အတိအကျအရေအတွက်မသိရသေးကြောင်း၊ ခန့်မှန်းထားသောအရေအတွက်လည်း ကွဲပြားကြကြောင်း၊ မည်သို့ပင်ဖြစ်စေ သုံးရာကျော်ရှိမည်က သေချာကြောင်း၊ အိမ်နံရံကို ရာဇမတ်၊ သို့မဟုတ် သစ်စက်များရက်ထားသည့်ကပ်ဖြင့် ပြုလုပ်ပြီး ရွှံ့မံထားကြောင်း၊ တစ်ခါတစ်ရံထုံးဖြူဖြင့် သုတ်ထားကြောင်း၊ ခေါင်မိုးကိုမြက်ဖြင့် မိုးထားကြောင်း၊ အိမ်တိုင်းမှာ ခြံစည်ရိုးငယ်အတွင်း၌ ဆောက်တည်ထား၍ မက်မုံသီးပင်နှင့် သစ်တော်သီးပင်စိုက်ထားသော သစ်သီးခြံရှိကြောင်း၊ ရွာတွင်း၌ မြင်းသောက်ရေကန် ရှိကြောင်း သို့ရာတွင် လူတို့က ထိုရေကို မသောက်သုံးနိုင်ကြောင်း၊ ရေကောင်းရေသန့်ရရှိရေးအတွက် ကျေနပ်ဖွယ်ရာ မရှိကြောင်း ရွာပတ်လည် ဆင်ခြေလျှော အရပ်များမှာ ဂနိုင်တောများရှိကြောင်း၊ သို့ရာတွင် အချို့နေရာမှာ ဘိန်းပင်စိုက်ပျိုးရန် ရှင်းထားကြောင်း၊ ပန်လုံသည် ခရစ်နှစ် ၁၈၇၅ ခုနှစ်ခန့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တာလီမှ ပန်းသေးပုန်ကန်မှုနှိမ်နင်းခြင်းခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်လာသူများက တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မူလအခါ၌ ပန်သေးများသည်သာနေထိုင်ရာ အရပ်ဖြစ်သည်ဟု ယုံမှားဖွယ်ရာ မရှိကြောင်း သို့ရာတွင် ယခုအခါ (ခရစ်နှစ် ၁၉၀၀ ပြည့်နှစ် မတိုင်မီ) ရှမ်း-တရုတ်များနှင့် အခြားလူမျိုးများလည်းရှိနေကြောင်း စသည်ဖြင့် ခရစ်နှစ် ၁၉၀၀-၁ အတွင်း ပုံနှိပ်ထုတ်ဝေသော အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်များ ဦးဆောင်ကျမ်း The Gacetteer of Upper Burma (Myanmar) and The Shan States မှာဖော်ပြထား၏။ ပန်လုံမှပန်းသေးများသည် တိုက်ကျီးယားကျိုက်မှ ရွေ့ပြောင်း ၀င်ရောက်လာသူများဖြစ်ကြောင်း ထိုစဉ်အခါ၌အင်္ဂလိပ်များ မသိခဲ့ချေ။ ပန်လုံမှာ ၀န်တင်လားကောင်များ အနည်းဆုံးတစ်ထောင်ရှိကြောင်း တိုတောင်းသည့် ကာလအတွင်း နောက်ထပ် အကောင်တစ်ထောင် စုပေးနိုင်ဖွယ် ရှိကြောင်းအထက်ပါဦးဆောင်းကျမ်း၌ ဖော်ပြထားပါသည်။
    ပန်လုံမြို့စား

    ခရစ်နှစ် ၁၈၆၀ ပြည့်နှစ်မှစ၍ ၀နယ်စော်ဘွားက မာလင်ယွီ(သို့မဟုတ်ယူနန်ဒေသိယစကားအားဖြင့် မာလင်ယိ)ကို ပန်လုံမြို့စားအဖြစ်ခန့်အပ်လိုက်သည်။ မာလင်ယွီ(သို့မဟုတ် မာလင်ယိ) ကွယ်လွန်သောအခါ ၎င်း၏သားသည် အသက်အရွယ် ငယ်သေးသဖြင့် မာကူ-အော်ယှင့်(သို့မဟုတ် ယူနန်ဒေသိယ စကားဖြင့်မာကွယ်ယှင့်) အား မာလင်ယွီ၏ သားအစား ပန်လုံဒေသကို အုပ်ချုပ်စေသည်။ဤအကြာင်းကို အထက်မြန်မာနိုင့်ငံနှင့် ရှမ်းပြည်နယ်များ ဦးဆောင်ကျမ်းမှာလည်းဖော်ပြထား သဖြင့် ခရစ်နှစ် ၁၉၀၀ ပြည့်နှစ်၌ မာမေတင်သည် အရွယ် မရောက်သေးကြောင်းးထင်ရှားသည်။ မာကူအော်ယှင့်(သို့မဟုတ် မာကွယ်ယှင့်)လုပ်ကြံခံရပြီးနောက် မာမေတင်သည် အသက်ငယ်သေးသဖြင့် မာယွန်းအန်းအား မာမေတင်အစား နယ်မြေကိုအုပ်ချုပ်စေသည်။

    ခရစ်နှစ် ၁၈၉၃ ခုနှစ် တရုတ်-ဗြိတိသျှနယ်ခြားဒေသ သတ်မှတ်ရေး အစည်းအဝေးမှပြန်ရောက်လာသော အခါ မာကူအော်ယှင့်(သို့မဟုတ် မာကွယ်ယှင့်) သည်လုပ်ကြံခံရဖြစ်သည်။ခရစ်နှစ် ၁၉၃၄-၅ အတွင်း မာမေတင်သည် နယ်မြေအုပ်ချုပ်ရေး အာဏာကိုလက်ခံခဲ့၏ ။မြို့စားမာမေတင်သည် ၀နယ် ကွမ်ပြယ်စော်ဘွား၏ သမီးတော်နှင့် လက်ဆက်ခဲ့သည်။ ခရစ်နှစ်၁၉၃၅-၆ အတွင်း တရုတ်ဗြိတိသျှနယ်ခြားဒေသ သတ်မှတ်ရေးဆွေးနွေးရာ၌ ပန်လုံမြို့သည် မြန်မာနိုင်ငံဘက်မှာရှိကြောင်း၊ မာမေတင်က မြန်မာနိုင်ငံဘက်မှရပ်တည်ပြီး ပြောကြားခဲ့သည်။ ထိုအချိန်၌ ပန်လုံမြို့သားများသည် ပန်ခုန်ရှိ အင်္ဂလိပ် ၀န်ထောက်ထံသို့လည်းကောင်း ၊ ‘၀’နယ် နာယွီမင်းသားထံသို့လည်းကောင်း၊ အခွန်အတုပ်ပေးဆောင်ရ၏ ။

    ပန်လုံလူငယ်များ ဖက်ဆက်ဂျပန်ကိုတော်လှန်ခြင်း

    ကမ္ဘာမီးသည် မြန်မာနိုင်ငံသို့ကူးစက်လာသောအခါ ဂျပန်တပ်ဖွဲ့သည်သံလွင်ဖြစ်ကိုကူး၍ ပန်လုံကိုသိမ်းပိုက်ထားသည်။မာမေတင်၏သားဖြစ်သူ မာကွမ်းကွေ့သည် ပန်လုံလူငယ်များကို စည်ရုံးပြီး ဂျပန်တို့ကို တိုက်ခိုက်ခဲ့သည်။ တစ်နေ့နှင့်တစ်ညလုံး တိုက်ခိုက်ပြီးနောက်အင်အားမမျှနှင့်ခဲယမ်းမီးကျောက် မပြည့်စုံကြောင့် လေးဘက်လေးတန် တောတောင်ထဲသို့ ဆုတ်ခွာသွားသည်ရသည်။ ဂျပန်တပ်ဖွဲ့သည်မြို့ထဲဝင်လာပြီး လုယက်ရုံမျှမက ရွာတစ်ရွာလုံးကို မီးရှို့ပစ်သည်။ယခုအခါ၌ ဗလီကျောင်းသာကျန်တော့၏ ။

    ယူနန်မှ တရုတ်ဖြူတပ်များကို ရင်ဆိုင်ပြန်ခြင်း

    စစ်ကြီးပြီးနောက်လေးဘက်လေးတန် တောတောင်အရပ်၌ တိမ်းရှောင်ခဲ့သော ပန်းသေးများသည်စစ်ကြီးပြီးဆုံးပြီးနောက် ပန်လုံဒေသသို့ပြန်ရောက်ပြီး အိမ်ရာကို ပြန်လည်ထူထောင်တော့၏ ။သို့ရာတွင် မကြာမီမှာ လီဝင်ဟွမ့်ဦးစီးသော ယူနန်တပ်ဖွဲ့သည် ပန်လုံသို့ဝင်ရောက်လာပြီး ရွာသူရွာသားထံနှင့်ကြေးငွေးနှင့် ရိက္ခာတောင်းသည်။ ယူနန်နယ်ရှိ တရုတ်ဖြူတပ်သည် ဗဟို အစိုးရတပ်ဖွဲ့နှင့်ယူနန်တပ်ဖွဲ့ဟူ၍ ကွဲပြားသည်။ ပန်လုံရွားသားတို့ကလည်း မခံမရပ်နိုင်သဖြင့်လီဝင်ယွမ့် တပ်ဖွဲ့ကိုတော်လှန်တော့၏ တစ်လကျော်ကျော်နေထိုင်ပြီးနောက် အသစ်တစ်ဖန် တည်ထောင်ခဲ့သော အိမ်ရာများကို ယူနန်တပ်ဖွဲ့က မီးတိုက်ဖျက်ဆီးလိုက်သည်။ ထိုအခါမှစ၍ ပန်လုံမှ ပန်သေးများသည် ဘေးကင်းရာ အရပ်ရပ်သို့ တစ်ကွဲတစ်ပြား ပျံ့နှံ့သွားတော့သည်။

    နိဂုံး

    အထက်ပါအကြောင်းအရာများကို ပြန်လည် သုံးသပ်သော် ပန်လုံမှ ပန်းသေးများသည် ပန်လုံမှာအခြေကျနေထိုင်ခဲ့သဖြင့် ပန်လုံပန်းသေးဟု ၏ခေါ်ဝေါ်လာကြောင်း သိသာထင်ရှား၏။ သို့ရာတွင် ထိုသူများလက်ဦး ပထမအခြေစိုက်နေထိုင်ရာ အရပ်သည် ပန်လုံမဟုတ်ချေ။ ခရစ်နှစ် ၁၇ ရာစုအလယ်ပိုင်း၌ တစ်နည်းအားဖြင့် မြန်မာညောင်ရမ်းခေတ် ပြည်မင်း လက်ထက်၌ သူတို့သည် ကိုးကန့်နယ်ရှိ တိုက်ကျီးယားကျိုက် Tai Chia Chia နှင့် အနီးတစ်ဝိုက်၌ အခြေစိုက်နေထိုင်ခဲ့၏။ ယခုထက်တိုင်မြေပုံမှာ ဤနေရပ် အမည်ထင်ရှားစွာရှိသည်။ ခရစ်နှစ် ၁၉ ရာစု အလယ်ပိုင်းရောက်သော် မန်ကျူးတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် တိုက်ကျီးယားကျိုက်မှ ကျာကျီရူ ထိုမှ ကွမ်းလုံသို့ရောက်လာပြီး နောက်ဆုံး၌ ပန်လုံသို့ရောက် လာခဲ့ခြင်းဖြစ်သည်။

    သူတို့ထဲမှ အချို့သော သူများသည် ယခုရှမ်းပြည်နယ်၌ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့ရာ နှစ်ပေါင်း သုံးရာကျော်ခန့်ရှိပြီဖြစ်၏။ အချို့သောသူများ၏ ဘိုးဘေးများမူကား ၁၉ ရာစုအလယ်ပိုင်းက ဝင်ရောက်လာသူများဖြစ်ကြသည်။ မည်သူက စောသည်။ မည်သူကနောက်ကျသည်ဟု အတိအကျခွဲခြားရန် မလွယ်တော့ချေ။ မည်သို့ပင်ဖြစ်စေ ပန်လုံ ပန်သေးများသည် ပန်လုံဒေသ၌ အနည်းဆုံး မျိုးဆက်သုံးဆက် three generations ခန့်နေထိုင်လာခဲ့သူဖြစ်ကြောင်း ယေဘုယျအားဖြင့် ပြောနိုင်ပါသည်။

    မှတ်ချက်။ ။ ကျွန်တော်က သမိုင်း သုတေသီတို့ စောင့်စည်းရမယ့် ကျင့်ဝတ်အတိုင်း ဆန္ဒာဂတိ မလိုက်စားဘဲ ဤသမိုင်းဖြစ်စဉ်အကျဉ်းကို ရေးသားပါသည်။ အမှားအယွင်းရှိလျှင် ခွင့်လွှတ်ပြီး ညွှန်ပြပါရန် အနူးအညွှတ်ပန်ကြားပါသည်။

    ဦးရည်စိန် သည် မြန်မာပြည်ဖွား တရုတ်အမျိုးသား မြန်မာ့သမိုင်းသုတေသနပညာရှင် တစ်ဥိးဖြစ်ပြီး မြန်မာ့သမိုင်းကော်မရှင်အဖွဲ့ဝင်ဟောင်း တစ်ဦးလည်းဖြစ်ပါသည်။** ဦးရည်စိန်၏ လက်ရွေးစင်စာတမ်းများ။ ဦးသော်ကောင်း စုစည်းသည့် စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။ ထွန်းဖေါင်ဒေးရှင်းဘဏ် စာပေကော်မတီမှ ၂၀၁၁ခုနစ်တွင်ထုတ်ဝေသည်။

    M-Media Website တွင်ဖတ်ရန် =>http://www.m-mediagroup.com/news/35303

    အခြားဆက်စပ်ပိုစ်ဖတ်လိုလျှင်
    ————————————-
    ပန်းသေး(တရုတ်အနွယ် မွတ်စလင်မ်) အမျိုးသားများ ဆင်းသက်လာပုံ သမိုင်းအကျဉ်း
    http://www.m-mediagroup.com/news/19622

    မြန်မာနိုင်ငံ တောင်ဖျားပိုင်းရှိ အစ္စလာမ် ဘာသာဝင် ပသျှူးလူမျိုး
    http://www.m-mediagroup.com/news/22074

    (6 photos)

     

  • ဆစ်ဒနီ မှ ပြန်ပေးဆွဲ ဓါးစားခံ အရေး သြဇီ မွတ်စလင် အကြီးအကဲ ကြေညာချက်ထုတ် ရှုတ်ချ

    ဆစ်ဒနီ မှ ပြန်ပေးဆွဲ ဓါးစားခံ အရေး သြဇီ မွတ်စလင် အကြီးအကဲ ကြေညာချက်ထုတ် ရှုတ်ချ

    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    10846158_10154959461110444_1700496004880492895_n
    သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိတဲ့ ကော်ဖီဆိုင်တစ်ခုကို ဝင်ရောက်စီးနင်းမှု တရပ်  ယနေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ စီးနင်းသူတွေဟာ ကော်ဖီဆိုင်ထဲမှာ ရှိတဲ့လူတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးထားခဲ့ပါသည်။

    ယနေ့ ညနေပိုင်းရရှိတဲ့သတင်းများအရ ဓါးစာခံများထဲမှ ၅ ဦး ပြန်လည်လွတ်မြောက်လာပြီး လက်နက်ကိုင် စီးနင်းသူတွေပြန်လွှတ်ပေးလိုက်ခြင်းလား ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းလားကို တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရ  ပြတင်းပေါက်မှာ လက်မြှောက်ထားတဲ့ ဓါးစားခံတွေဟာ အာရဘီ စာသားပါ အလံတခုကို ကိုင်ဆောင်ထားပြီး လက်နက်ကိုင်စီးနင်းသူရဲ့ နာမည်ကို သြစတြေးလျ ရဲတပ်ဖွဲ့တွေဟာ သိရှိသော်လည်း ထုတ်ဖော်ပြောခြင်းမရှိသေးပါဘူး။

    AUSTRALIA-SIEGE-CONFLICT

    ဆစ်ဒနီက ဓားစာခံများအရေးအတွက် ဩစတေးလျ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်တို့၏ အကြီးအကဲ ပါမောက္ခ အစ်ဗရာဟီးမ် အဘူ မုဟမ္မဒ် က ကြေညာချက် တစောင်ကို ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။
    ကြေညာချက် မှာ

    ဆစ်ဒနီမြို့ မာတင်အရပ်တွင် လောလောဆယ် ဖြစ်ပွါးနေသော ဓားစာခံများအရေး မီဒီယာများတွင် ရေးသားဖော်ပြနေသည်များမှ တစ်ဆင့် ဖတ်သိရပါသဖြင့် ဩစတေးလျ မွတ်စ်လင်မ် အသိုင်းအဝိုင်း၏ အကြွင်းမဲ့ထောက်ခံမှုကို ရရှိထားသော ဩစတေးလျနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဦးဆောင် အကြီးအကဲများ ကော်မတီအနေဖြင့် ကြီးစွာ တုန်လှုပ်ခြောက်ခြား စာနာ ဝမ်းနည်းရပါသည်။

    ကျွန်ုပ်နှင့်တကွ ကျွန်ုပ်တို့ အစ္စလာမ်ဦးဆောင် အကြီးအကဲများကော်မတီ တစ်ခုလုံးက ဤရာဇဝတ်မှုမြောက်သော အပြုအမူကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြပါသည်။

    ထို့ပြင် ဤလုပ်ရပ်သည် အစ္စလာမ်နှင့် လုံးဝ ဆန့်ကျင်သော၊ လားလားမျှ မအပ်စပ်သော လုပ်ရပ်အဖြစ်လည်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချပါသည်။

    ဤပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ရေးကြိုးပမ်းမှုများ၊ ဤပြစ်မှုကြီးနောက်ကွယ်ရှိ သူတို့၏ ရည်ရွယ်ချက်များကို ဖော်ထုတ်နိုင်ရေး ကြိုးပမ်းမှုများ အားလုံးကိုလည်း ကျွန်ုပ်တို့သည် ဩစတြေးလျပြည်သူ တရပ်လုံးနှင့်အတူ အောင်မြင်သော ရလာဒ်များ ရရှိလာမည့်အပေါ် မျှော်လင့်တကြီး စောင့်စားနေကြပါသည်။

    ကျွန်ုပ်နှင့်အတူ ကော်မတီတရပ်လုံး၊ ဩစတေးလျ မွတ်စ်လင်မ်ထု တစ်ရပ်လုံးကလည်း ဓားစာခံများ၊ ယင်းတို့၏မိသားစုဝင်များနှင့်အတူ စည်းလုံးညီညွတ်စွာ အခိုင်အမာရပ်တည်ပါကြောင်း၊ ထိုသူများအတွက် အပြည့်အဝစာနာ ထောက်ခံပါကြောင်း၊ ဩစတြေးလျ လူ့ဘောင်အသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းမှုပြန်လည် ရရှိရန် စွမ်းဆောင်မှုများကိုလည်း စိတ်ကူးကြံဆ မျှော်မှန်းလျက်ရှိနေပါကြောင်း၊

    မှန်ကန်သောသစ္စာဖြင့်

    ပါမောက္ခ အစ်ဗရာဟီးမ် အဘူ မုဟမ္မဒ်
    ဩစတေးလျ နိုင်ငံလုံးဆိုင်ရာ
    အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်တို့၏ အကြီးအကဲ

    Patrick Tan ဘာသာပြန်တင်ဆက်သည်။