News @ M-Media
Blog
  • ကစားသမားများ ဆိုရှယ်မီဒီယာကို မသုံးသင့်ဟု လီဗာပူးလ် အမှုဆောင်ချုပ်ပြော
    ကစားသမားများ ဆိုရှယ်မီဒီယာကို မသုံးသင့်ဟု လီဗာပူးလ် အမှုဆောင်ချုပ်ပြော
    ဒီဇင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    594571_heroa
    – ဘာလိုတယ်လီကဲ့သို့ ပြဿနာမဖြစ်ပွားစေရန် အသင်းရှိ ကစားသမားများအနေဖြင့် ဆိုရှယ်မီဒီယာများ အသုံးပြုခြင်းကို ရပ်တန့်ရမည်ဟု လီဗာပူးလ်အသင်း၏ အမှုဆောင် ဥက္ကဌ အီယန် အိုရီက ပြောကြားလိုက်သည်။
    ဘာလော့တယ်လီမှာ ၎င်း၏ Twitter စာမျက်နှာတွင် လူမျိုးရေးခွဲမှုကို ဆန့်ကျင်သည့် မက်ဆေ့ခ်ျ တစ်ခုကို နာမည်ကျော် ဆူပါ မာရီယိုဂိမ်းမှ ဇာတ်ကောင်ကို အသုံးပြု၍ ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်းက ရေးသားခဲ့သည်။
    သို့သော်လည်း ၎င်း၏ အဆိုပါ မက်ဆေ့ခ်ျတွင် ဂျူလူမျိုးအား အသရေ ပျက်စေသည်ဟု ယူဆနိုင်သော အသုံးအနှုန်း တစ်ခု ပါဝင်ခဲ့သောကြောင့် FA ပြီးခဲ့သည့် ရက်ပိုင်းကပင် တရားစွဲဆိုခဲ့သည်။
    အိုင်ရီကမူ ဆိုရှယ်မီဒီယာ၏ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လီဗာပူးလ်ကစားသမားများကို သတိပေးရန် အသင်း၏ သြဇာကို အသုံးပြုကာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ပြီးဖြစ်သည့်အတွက် ကျေနပ်သည်ဟု ဆိုသည်။
    `ကျွန်တော်တို့ ကစားသမား အားလုံး ဆိုရှယ် မီဒီယာတွေနဲ့ ဝေးတာကို လိုချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒါဟာ တကယ့်ကို ပြဿနာကြီးပါ။ ရိုးရိုသားသားပြောရင် ဒါနဲ့ပတ်သက်ပြီး အသင်းသားတွေကို ပညာပေးဖို့ ကြိုးစားတာကလွဲလို ကျွန်တော်တို့ ဘာမှ ပိုလုပ်လို့ မရပါဘူး။ ဒါပေမယ့် တစ်ရာသီမှာ တစ်ကြိမ်လောက်တော့ တွေ့ ရတာ ပါပဲ။ အသင်းတိုင်းမှာ ပုံတစ်မျိုး မဟုတ်၊ တစ်မျိုးနဲ့ပေါ့ဗျာ´ ဟု အိုင်ရီက ဘီဘီစီ ရေဒီယိုသို့ ပြောကြားခဲ့သည်။
    အဆိုပါတရားစွဲဆိုမှုအတွက် ဘာလိုတယ်လီမှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရင်ဆိုင်ရမည်ဖြစ်သည်။
  • မြန်မာ့ ပြုပြင်ပြောင်းလဲရေး အတွက် ဥရောပသမဂ္ဂမှ ၇ နှစ်အတွင်း ယူရို သန်း ၇၀၀ နီးပါး ထောက်ပံ့မည်
    မြန်မာ့ ပြုပြင်ပြောင်းလဲရေး အတွက် ဥရောပသမဂ္ဂမှ ၇ နှစ်အတွင်း ယူရို သန်း ၇၀၀ နီးပါး ထောက်ပံ့မည်
    ဒီဇင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    389322_EU-Myanmar
    – နိုင်ငံတကာတွင် ၀င်ဆံ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်အတွက် မြန်မာနိုင်ငံ၏ အကူးအပြောင်းကာလတွင် လွယ်ကူချောမွေ့စေရေး ယူရို ၆၈၈ သန်းကို ကူညီထောက်ပံ့သွားမည်ဟု ဥရောပသမဂ္ဂက ကတိပြုပြောကြားလိုက်သည်။
    ဒီဇင်ဘာ ၈ ရက်နေ့က ပြောကြားလိုက်ခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့ငွေ ယူရို ၆၈၈ သန်း (ကန်ဒေါ်လာ သန်း ၉၀၀) ကို ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အပိုင်းလိုက် ပေးအပ် သွားမည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ အမျိုးမျိုးသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအား ပံ့ပိုးမှု တောင့်တင်းစေရန် ဆောင်ရွက်မည်ဟု ယူဆရကြောင်း ဥရောပသမဂ္ဂက ဆိုသည်။
    `လာမယ့် ၇ နှစ်အတွင်းမှာ ပေးအပ်မယ့် ဒီထောက်ပံ့မှုနဲ့အတူ ဥရောပ သမဂ္ဂဟာ မြန်မာနိုင်ငံက ပြည်သူတွေ အားလုံးရဲ့ အကျိုးအတွက် ကူညီမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ´ ဟု ဥရောပ သမဂ္ဂမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
    လွန်ခဲ့သည့် ၃ နှစ်မှ စတင်ကာ ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ကူညီထောက်ပံ့မှုများကို ပေးအပ်လျက် ရှိနေသည်။
    သို့သော်လည်း နိုင်ငံ အတွင်း လူမျိုးရေး၊ ဘာသာရေးကို အခြေခံသော အကြမ်းဖက် တိုက်ခိုက်မှုများ၊ လူနည်းစုများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ၊ တိုင်းရင်းသားများနှင့် အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိမှုများကြောင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အဖွဲ့များမှ ဝေဖန်ပြောကြား မှုများ လည်း ရှိနေသည်။
    HN/HSN/SS
  • မန်ယူ လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်လာပြီဟု ဗန်ပါစီပြော
    မန်ယူ လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်လာပြီဟု ဗန်ပါစီပြော
    ဒီဇင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    33
    – ဆောက်သက်တမ်နှင့်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲရခဲ့သည့် မိမိတို့အသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီဟု မန်ချက်စတာ ယူနိုက်တက် အသင်း၏ တိုက်စစ်မှူး ဗန်ပါစီက ပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် မန်ယူက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗန်ပါစီမှာ ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့သည်။ ထိုပွဲအနိုင်ကြောင့် မန်ယူမှာ အဆင့် ၃ နေရာသို့ ရောက်ရှိ လာခဲ့ပြီး ဗန်ပါစီကလည်း မိမိတို့အသင်းမှာ တိုးတက်လာကာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်လာခဲ့ပြီဟု ပြောကြားခဲ့သည်။
    `ဒီနေ့ကျွန်တော်တို့ အကောင်းဆုံး ကစားခဲ့တယ်လို့ မထင်ပါဘူး။ လျော့တိလျော့ရဲ အချိန်မျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားယှဉ်ပြိုင် ခဲ့ပြီး ရေကုန်ရေခမ်း ပေးဆပ် ခဲ့ကြပါတယ်။ သူတို့ဟာ အသင်းကောင်းတစ်သင်းပါ။ ကျွန်တော်တို့ ဘာမျှော်လင့်လဲဆိုတာ သိခဲ့ပေမယ့် အဆုံးမှာတော့ ငါးပွဲဆက်နိုင်ပွဲရခဲ့ပြီး တိုးတက်လာပါပြီ´ ဟု ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။
    နည်းပြဗန်ဂါးလ်ကမူ မိမိတို့အသင်းမှာ ကံတရား၏ ဖေးမမှုကြောင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု ပွဲအပြီး၌ ၀န်ခံခဲ့သည်။
  • ပါလက်စတိုင်းအား အဖွဲ့ဝင်နိုင်ငံ အဖြစ် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး အသိအမှတ်ပြု ပြီ
    ပါလက်စတိုင်းအား အဖွဲ့ဝင်နိုင်ငံ အဖြစ် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး အသိအမှတ်ပြု ပြီ
    ဒီဇင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    the-hague
    – နယ်သာလန်နိုင်ငံ ဟေ့ဂ်မြို့အခြေစိုက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ပါလက်စတိုင်းအား အဖွဲ့ဝင်နိုင်ငံ အဖြစ် အသိအမှတ်ပြု လိုက်သည်ဟု သိရသည်။
    ထိုကဲ့သို့ အသိအမှတ်ပြုရန် ဒီဇင်ဘာ ၈ ရက်နေ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းပြည်သူများအတွက် အထင်ကရ အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ ထိုသို့ အသိအမှတ်ပြုခဲ့ခြင်းမှာ အစ္စရေးက သိမ်းပိုက်ထားသာ ပါလက်စတိုင်းပိုင်နက်များအတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် လမ်းပွင့်သွားခြင်းလည်း ဖြစ်သည်။
    နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှာ သဘောတူညီချက်များကို အခြေခံထားသည့် အမြဲတမ်းခုံရုံး တစ်ခုဖြစ်ပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ အဆိုးရွားဆုံး ရာဇ၀တ်မှုများအား ကြိုးကိုင် ချယ်လှယ်ခဲ့သူများ လွတ်မြောက်မှုကို အဆုံးသတ်ရန် ထည်ထောင်ထားခြင်းဖြစ်သည်။
    အဆိုပါ ရာဇ၀တ်ခုံရုံးမှ ဘောစနီးယား စစ်ပွဲတွင် ဖြစ်ပွားခဲ့သော စစ်ရာဇ၀တ်မှုများ၊ ရ၀မ်ဒါတွင် ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုကာ ပြစ်ဒဏ်များ ချမှတ်နိုင်ခဲ့သည်။
    နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတွင် နေရာ တစ်နေရာ ရရှိသွားခဲ့သည့် ပါလက်စတိုင်းက တောင်းဆိုမှုများ ပြုလုပ်ပါက ပါလက်စတိုင်း ပိုင်နက်အတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်မှုများအား တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည့် အလားအလာရှိနေသည်။
    Al Jazeera
  • ၂ နှစ် အတွင်း ဖွင့်လှစ်မည့် စင်္ကာပူမှ   ဒေါ်လာ ၁၈ သန်းတန်  Jurong ဗလီဝတ်ကျောင်း
    ၂ နှစ် အတွင်း ဖွင့်လှစ်မည့် စင်္ကာပူမှ ဒေါ်လာ ၁၈ သန်းတန် Jurong ဗလီဝတ်ကျောင်း
    ဒီဇင်ဘာ ၈  ၊ ၂၀၁၄
    M-Media
    20140629_MasjidMaarof_MUIS
    စင်ကာပူနိုင်ငံ  Jurong အရပ်တွင် နေထိုင်ကြသည့် မွတ်စ်လင်မ်များ၊ မွတ်စ်လင်မ် လုပ်သားများ အတွက် ဗလီဝတ်ကျောင်းတော် တစ်လုံးကို  ၂၀၁၆ နှစ်ကုန်ပိုင်းတွင် အချောသတ်ဆောက် လုပ်နိုင်ရန် ခန့်မှန်းထားကြောင်းသိရသည်။
    ဒေါ်လာ ၁၈ သန်းကုန်ကျမည့် မအ်ရုဖ် ၀တ်ကျောင်းတော်မှာ Jalan Bahar လမ်းကြောတွင် တည်ရှိပြီး လွန်ခဲ့သည့် ၂ ရက်က  အုတ်မြစ်ချပွဲ အခမ်းအနားကို  သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဝန်ကြီး (နှင့်) မွတ်စ်လင်မ်ရေးရာဝန်ကြီး  ပူးတွဲ တာဝန်ယူထားသူ ဒေါက်တာ ယအ်ကူးဗ် အိဗ်ရာဟီမ်မှ ဦးဆောင် ကျင်းပခဲ့သည်။
    20141207_mosque_bh
    လတ်တလော၌ ထိုဒေသတွင်းမှ ၀တ်ပြုသူများသည် Yung An လမ်းရှိ Assyakirin ဗလီ သို့မဟုတ် ဂျူရွန်အရှေ့ပိုင်း ၂၁ လမ်းရှိ Almukminin ဗလီဝတ်ကျောင်းသို့ သွားရောက်နေကြရသည်။
    တိုးပွားလာသော မွတ်စ်လင်မ် လူဦးရေကြောင့် လက်ရှိဝတ်ကျောင်းများတွင် လူလျှံနေကြသဖြင့် ၀တ်ကျောင်းသစ် တစ်လုံး တိုးမြင့် တည်ဆောက်ရန် ဒေါက်တာ ယအ်ကူးဗ်က ၂၀၁၀ ခုနှစ်တွင် ကြေငြာခဲ့သည်။
    ယမန်နှစ် ဒီဇင်ဘာလတွင် ၀တ်ကျောင်း တည်ဆောက်ရေးကော်မတီကို ခန့်အပ်ဖွဲ့စည်းခဲ့ပြီး ၀တ်ကျောင်းတော် ပုံစံကြမ်းကို ယခုနှစ် ဇွန်နှင့် ဇူလိုင်လက ခင်းကျင်းပြသ၍ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းထံမှ အချောသတ် ပုံစံအတွက် ဝေဖန်အကြံပြုချက်များ တောင်းခံခဲ့ကြသည်။
    ကော်မတီအဖွဲ့သည် လူ့အဖွဲ့အစည်း၏ စိတ်ဝင်စားမှု၊ အထွေထွေလိုအပ်ချက်များနှင့် ကုန်ကျစားရိတ်များကိုပါ ကရုတစိုက် တာဝန်ယူဆောင်ရွက်နိုင်ခြင်းအပေါ် ၀မ်းမြောက် ၀မ်းသာဖြစ်မိကြောင်း ဒေါက်တာ ယအ်ကူးဗ်က ပြောကြားသည်။
    ထပ်တိုးဖြည့်ဆည်းချက်များအနက် ကြီးကျယ်ခမ်းနားသော ၀တ်ပြုဖိတ်ခေါ်မျှော်စင် တည်ဆောက်မှုတစ်ခု ပါဝင်မည်သာမက ၀တ်ပြုခမ်းမဆောင်အတွင်း သက်ကြီးရွယ်အိုများ အတွက် သီးသန့်နေရာထိုင်ခင်းများလည်း ပိုမိုထားရှိသွားမည်ဖြစ်၏။
    ကနဦးလျာထားချက်ထက် ပိုမိုကျယ်ဝန်းသည့် လူထု လှုပ်ရှားမှုနေရာများကိုလည်း ဖန်တီးသွားမည့် အပြင် စက်ဘီးထားရန်နေရာများ ကိုလည်း ဆောက်လုပ်ပေး သွားရန်ရှိသည်။
    စင်္ကာပူနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံမှုရှိပြီး အိမ်နီးချင်းဒေသတွင်းနိုင်ငံ တစ်ခုလည်းဖြစ်သော မြန်မာနိုင်ငံတွင်မူ လွတ်လပ်စွာယုံကြည် ကိုးကွယ်ကျင့်သုံးခွင့် ရှိသည်ဟု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ တရားဝင်ပြဋ္ဌာန်းထားသော်လည်း တိုးပွားလာသည့်လူဦးရေနှင့် မျှတအောင် ဗလီဝတ်ကျောင်းသစ်များ ထပ်မံ ဆောက်လုပ်နိုင်ခြင်း မရှိယုံမျှမက ရှိပြီးသား ဗလီဝတ်ကျောင်းများ အကြမ်းဖျက်ဆီးခံရပြီးနောက် ပြန်လည် ပြုပြင်ခွင့်မရခြင်း၊ ဝတ်ပြုခွင့်မရခြင်း၊ သမိုင်းဝင်ရှေးဟောင်း ဗလီဝတ်ကျောင်းတော်များမှာ မခိုင်လုံသော အကြောင်းပြချက်များဖြင့် တစ်စစ ဖျက်ဆီးခံနေရပေသည်။
    The Straits Times