News @ M-Media

Blog

  • မြန်မာဒုက္ခသည်ကလေးများကို အိန္ဒိယ မီဇိုရမ်ပြည်နယ်က ကျောင်းတက်ခွင့်ပေးမည်

    မြန်မာဒုက္ခသည်ကလေးများကို အိန္ဒိယ မီဇိုရမ်ပြည်နယ်က ကျောင်းတက်ခွင့်ပေးမည်

    စက်တင်ဘာ ၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေရဲ့ ကလေးတွေကို အစိုးရကျောင်းတွေမှာ လက်ခံသင်ကြားပေးဖို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရက ပြည်နယ်ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေကို ညွှန်ကြားလိုက်ပါတယ်။

    ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့ အဲဒီညွှန်ကြားစာမှာ ၂၀၀၉ ခုနှစ် ကလေးသူငယ်များ အခမဲ့ပညာသင်ကြားနိုင်ရေး အက်ဥပဒေကို ရည်ညွှန်းပြီး ချို့တဲ့တဲ့ အသိုင်းအ၀ိုင်းက အသက် ၆ နှစ်ကနေ ၁၄ နှစ်အကြား ကလေးငယ်တွေဟာ အစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့်ရှိကြောင်း ထပ်လောင်းအတည်ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။

    ဒီညွှန်ကြားစာကို ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်၊ ကျေးရွာအဆင့် ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေထံ မီဇိုရမ်ပြည်နယ်အစိုးရက ပေးပို့ခဲ့ပြီး ပြည်နယ်အတွင်းရှိနေတဲ့ ဒုက္ခသည်တွေရဲ့ ကလေးတွေ ပညာသင်နိုင်ရေး ထောက်ပံ့ကူညီကြဖို့လည်း တိုက်တွန်းထားပါတယ်။

    ညွှန်ကြားစာမှာ မြန်မာဒုက္ခသည်တွေရဲ့ ကလေးတွေလို့ ရည်ညွှန်းဖော်ပြထားခြင်းမရှိပေမယ့် ဒီအမိန့်ဟာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေအတွက် အဓိကရည်ရွယ်ပြီး၊ အိန္ဒိယမြေပေါ်ကိုရောက်နေတဲ့ အခြားနိုင်ငံက ဒုက္ခသည်တွေအတွက်လည်း အကျုံးဝင်တယ်လို့ ပြည်နယ် ပညာရေးဝန်ကြီး Lalchhandama Ralte က ပြောပါတယ်။ ကလေးငယ်တွေဟာ စက်တင်ဘာလကစပြီး ကျောင်းစတက်ခွင့်ရမှာပါ။

    “အိန္ဒိယမြေမှာ သူတို့ ရှိနေသမျှ သူတို့ကို စောင့်ရှောက်ပေးဖို့ဟာ ကျွန်တော်တို့ရဲ့တာဝန်ပါ။ သူတို့လေးတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါတဲ့ ပညာရေးကို လက်လွတ်လို့ မဖြစ်ပါဘူး”

    မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံကဒုက္ခသည် စုစုပေါင်း ၉၄၅၀ လောက် ရှိတယ်လို့ ပြည်နယ်အစိုးရ မှတ်တမ်းတွေက ဆိုပါတယ်။ အများစုဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်က စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်ညှင်းပမ်းမှုကြောင့် ထွက်ပြေးလာရသူတွေ ဖြစ်ပါတယ်။

    Ref: Hindustan Times

  • နျူလက်နက်ကဲ့သို့ ဖျက်အားပြင်းသည့် ပစ်ဒုံးကျည်မျိုး ဖန်တီးနေကြောင်း တောင်ကိုရီးယား ကြောငြာ

    နျူလက်နက်ကဲ့သို့ ဖျက်အားပြင်းသည့် ပစ်ဒုံးကျည်မျိုး ဖန်တီးနေကြောင်း တောင်ကိုရီးယား ကြောငြာ

    စက်တင်ဘာ ၃၊ ၂၀၂၁
    M-Media

    -ဗျူဟာမြောက် နျူဒုံးကျည်လောက် အစွမ်းထက်ဖျက်အားပြင်းမယ့် မြေပြင်ကမြေပြင်ပစ် ဒုံးကျည်တစ်မျိုးကို ဖန်တီးထုတ်လုပ်နေတာ နောက်ဆုံးအဆင့် ရောက်နေပြီလို့ တောင်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

    တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအန္တရာယ် အမြဲမပြတ်ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ အဓိကနျူစက်ရုံ ပုံမှန်လည်ပတ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်ပိုင်း တောင်ကိုရီးယားက ဒုံးကျည်သစ်စီမံကိန်းကို လူသိရှင်ကြား ထုတ်ပြန်လာတာပါ။

    အခု တီထွင်နေတဲ့ တိုက်ချင်းပစ် ဒုံးကျည်အသစ်ဟာ ၃ တန်လောက်ရှိတဲ့ ဒုံးကျည်ထိပ်ဖူးကို သယ်ဆောင်ကာ ၂၁၇ မိုင်ကနေ ၂၄၈ မိုင်အထိ ရောက်ရှိနိုင်ပါတယ်။ မြေအောက်မှာရှိတဲ့ ဒုံးကျည်အခြေစိုက်စခန်းတွေထဲအထိ ထိုးဖောက်ဝင်ရောက် ဖျက်ဆီးနိုင်ဖို့ ဒီဇိုင်းထုတ်တာဖြစ်ပြီး၊ နျူတိုက်ခိုက်မှု ဒါမှမဟုတ် ဒုံးကျည်နဲ့တိုက်ခိုက်မှု မဖြစ်ခင်မှာ ကြိုတင်လက်ဦးမှု ရယူကာ ဖျက်ဆီးနိုင်ဖို့ ရည်ရွယ်ပါတယ်။

    ဒုံးကျည်စမ်းသပ်ထုတ်လုပ်မှု ကန့်သတ်ချက်ကို အမေရိကန်က ဖယ်ရှားပေးပြီးတဲ့နောက်ပိုင်း တောင်ကိုရီးယားက ဒီစီမံကိန်းကို စတင်ခဲ့တာဖြစ်ပါတယ်။ အခုဒုံးကျည်သစ်ဟာ ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ကနေ ပစ်လွှတ်ရင် မြောက်ကိုရီးယားနိုင်ငံရဲ့ ဘယ်နေရာမဆို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

    တောင်ကိုရီးယးအစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ မိမိကိုယ်ကို ကာကွယ်ရေးနဲ့ ကိုရီးယားကျွန်းဆွယ် ​လုံခြုံ၊ အေးချမ်းရေး ရည်မှန်းချက် အောင်မြင်အထမြောက်ဖို့အတွက် ပိုမိုကောင်းမွန်တိကျတဲ့ တာတိုပစ်၊ တာဝေးပစ်ဒုံးကျည်တွေ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၂၂ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ရည်ရွယ်တဲ့ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးဘက်ဂျက်မှာ ဖျက်အားပြင်း ဒုံးကျည်အသစ်တွေ ဖန်တီးထုတ်လုပ်ဖို့၊ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပိုမိုအားကောင်းအောင်လုပ်ဖို့ စတဲ့ ရည်မှန်းချက်တွေ ပါဝင်ပါတယ်။

    Ref: Reuters

  • တစ်ကျော့ပြန် အိမ်ပြန်ခရီးအကြောင်း ရော်နယ်ဒို ဘယ်လိုဖွင့်ဟသလဲ

    တစ်ကျော့ပြန် အိမ်ပြန်ခရီးအကြောင်း ရော်နယ်ဒို ဘယ်လိုဖွင့်ဟသလဲ

    စက်တင်ဘာ ၂၊ ၂၀၂၁
    M-Media

    -မန်ချက်စတာယူနိုက်ကနေ ထွက်ခွာသွားတာ ၁၂ နှစ်ကြာပြီးတဲ့နောက် ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူအောင်မြင်ရာမြေကို ပြန်လည်နင်းခဲ့ပြီ ဖြစ်ပါတယ်။

    အသက် ၃၆ နှစ်အရွယ်ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ ရုတ်တရက် မန်ယူနဲ့ သဘောတူညီချက်ရခဲ့ပြီး ဩဂုတ်လ ၃၁ ရက်နေ့က အဆုံးသတ်ခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ စိတ်ဝင်စားစရာ အကောင်းဆုံးအဖြစ်အပျက်လည်း ဖြစ်ပါတယ်။

    စက်တင်ဘာ ဒုတိယပတ်လောက်မှာ မန်ယူနဲ့အတူ ပွဲထွက်ဖို့ရှိနေတဲ့ ရော်နယ်ဒိုရဲ့ ရင်ခုန်သံတွေကို မန်ယူအသင်းက အင်တာဗျူးပြီး သူတို့ရဲ့ ဝဘ်ဆိုက်မှာ လွှင့်တင်ပေးထားပါတယ်။

    အိမ်ပြန်လာရတာ ပျော်တယ်

    ကြီးကျယ်တဲ့သမိုင်းကြောင်းရှိတဲ့ မန်ယူကို ပြန်လာရတာပျော်ရွှင်တယ်လို့ ရော်နယ်ဒိုက ဖွင့်ဟပါတယ်။

    “ခင်ဗျားတို့သိတဲ့အတိုင်းပဲ။ ဩအံ့ဖွယ်ရာကောင်းတဲ့ ဒီအသင်းမှာ ကျွန်တော်ဟာ သမိုင်းကောင်းတွေရှိခဲ့တယ်။ အသက် ၁၈ နှစ်သားမှာ ကျွန်တော်ဒီကိုရောက်ခဲ့တာပါ။ ၁၂ နှစ်တာနောက်ပိုင်း ဒီနေရာကို ပြန်လာရတာ အရမ်းပျော်တာပေါ့။ ပွဲကစားဖို့လည်း မစောင့်နိုင်တော့ပါဘူး”

    ဖာဂူဆန်အကြောင်း

    မန်ယူရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ရော်နယ်ဒို ပြောင်းတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပြီး ၂၄ နာရီအတွင်းမှာပဲ မန်ယူနဲ့ ရော်နယ်ဒို သဘောတူညီချက် ရခဲ့တာပါ။ ရော်နယ်ဒိုကို အသက် ၁၈ နှစ်အရွယ်ကတည်းကနေ ပြုစုပျိုးထောင်ပေးခဲ့တဲ့ မန်ယူနည်းပြဟောင်း ဖာဂူဆန်က ဒီအပြောင်းအရွှေ့မှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

    ရော်နယ်ဒိုကလည်း ဖာဂူဆန်ဟာ သူ့ရဲ့အောင်မြင်မှုမှာ အရေးပါခဲ့ပြီး၊ သူ့ရဲ့ ဘောလုံးဖခင်ဖြစ်တယ်လို့ ထပ်မံဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

    “ကျွန်တော့်အတွက်တော့ ဆာအဲလက်စ်ဖာဂူဆန်ဟာ ဘောလုံးလောကရဲ့ ဖခင်ပါပဲ။ ကျွန်တော့်ကို အများကြီးကူညီပေးတယ်၊ သင်ပေးတယ်။ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ ဆက်ဆံရေးကောင်းရှိတယ်၊ အမြဲတမ်း အဆက်အသွယ်ရှိတယ်။ သူ့ကို ကျွန်တော် တော်တော်လေး ချစ်ပါတယ်။ သူဟာ တစ်မူထူးခြားတဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော် ဒီလိုအခြေအနေ ဖြစ်လာတာ၊ မန်ယူကို ပြန်ရောက်လာတာတွေဟာ အဓိကက သူ့ကြောင့်ပါ”

    အကောင်းဆုံး ဆုံးဖြတ်ချက်

    မန်ယူကို ပြန်လာဖို့ ဆုံးဖြတ်မှုဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး စာမျက်နှာသစ် ဖွင့်လှစ်တိုက်တာ ဖြစ်တယ်လို့ ရော်နယ်ဒိုက ဆိုပါတယ်။

    “စာမျက်နှာသစ် ဖွင့်လိုက်တယ်။ အရမ်းလည်း ပျော်ရွှင်ကျေနပ်မိပါတယ်။ ကျွန်တော် ရှေ့ဆက်မယ်၊ သမိုင်းသစ်ရေးမယ်၊ မန်ယူကို ကြီးမားတဲ့ ရလဒ်တွေရအောင်၊ ဖလားတွေရအောင်၊ နံပါတ်တစ်အသင်းဖြစ်ပြီး အောင်မြင်မှုတွေရအောင် ကျွန်တော် ကူညီပေးသွားမှာပါ”

    ပရိတ်သတ်တွေအတွက် သတင်းစကား

    နည်းပြဆိုးလ်ရှားနဲ့ အရင်က ကစားဖော်ဖြစ်ခဲ့ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်း၊ လက်ရှိမှာ ဆိုးလ်ရှားက နည်းပြဖြစ်နေတဲ့အတွက် အသင်းအောင်မြင်ရေး နည်းပြလိုချင်တာ ဘာမဆို လုပ်ပေးသွားမယ်လို့ ရော်နယ်ဒိုက ဆိုပါတယ်။

    ရော်နယ်ဒိုအမည်နဲ့သီချင်းကို အမြဲတမ်းဆိုနေပြီး၊ အသင်းပြန်ရောက်လာတာကို သောင်း​သောင်းဖျဖျ ကြိုဆိုနေတဲ့ ပရိတ်သတ်ကို ဘာပြောချင်လဲလို့ မေးမြန်းရာမှာတော့ ရော်နယ်ဒိုက မန်ယူပရိတ်သတ်တွေဟာ အထူးစပါယ်ရှယ်ဖြစ်ပြီး၊ အရင်ရော်နယ်ဒိုကို မကြာခင်ပြန်မြင်ရတော့မယ်လို့ သတင်းစကားပါးချင်ကြောင်း ဖြေကြားခဲ့ပါတယ်။

    “ပရိတ်သတ်ဆိုတာ ဘောလုံးအားကစားရဲ့ သော့ချက်ပါ။ အရင်တစ်နှစ်နဲ့မတူတာက အခုနှစ်မှာ ဘောလုံးကွင်းတွေထဲ ပရိတ်သတ်တွေ ပြန်ရောက်လာကြပါပြီ။ ပရိတ်သတ်တွေက အဓိကဖြစ်ပါတယ်။ မန်ယူပရိတ်သတ်တွေကတော့ အထူးစပါယ်ရှယ်ပါ။ ကျွန်တော် သူတို့ကို ကောင်းကောင်းမှတ်မိတယ်။ သူတို့ ကျွန်တော့်နာမည်နဲ့သီချင်းကို အမြဲတမ်းဆိုနေတာကို ကျွန်တော်သိတယ်။ အဲဒီအတွက်လည်း တော်တော်ပျော်ရွှင်ရပါတယ်။ အရင်ကလိုပဲ ကွင်းထဲမှာ အဆုံးစွန်ဆုံးလုပ်ပြဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်။ ဂိုးတွေသွင်းမယ်၊ အသင်းဖော်တွေကို ဖန်တီးပေးမယ်၊ ဖလားတွေယူမယ်။ ပရိတ်သတ်တွေနဲ့ အရမ်းအရမ်းကို တွေ့ချင်နေပါပြီ”

    Ref: manutd.com

  • တရုတ်အစိုးရ၏ အာရှရေးရာကိုယ်စားလှယ် မြန်မာနိုင်ငံကို တိတ်တဆိတ်လာရောက်ခဲ့

    တရုတ်အစိုးရ၏ အာရှရေးရာကိုယ်စားလှယ် မြန်မာနိုင်ငံကို တိတ်တဆိတ်လာရောက်ခဲ့

    စက်တင်ဘာ ၂၊ ၂၀၂၁
    M-Media

    တရုတ်အစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်

    -တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်ဟာ ဩဂုတ်လနှောင်းပိုင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒီသတင်းကို အာဏာသိမ်းစစ်ကောင်စီဖက်က လျှို့၀ှက်ထားခဲ့ပါတယ်။

    ဩဂုတ်လ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၈ ရက်တာကြာမြင့်ခဲ့တဲ့ ဆွန်ကော့ရှန်ရဲ့ခရီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အာဏာသိမ်းစစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။

    စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းက ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့အကြား တိုက်ပွဲတွေ မြင့်တက်နေတဲ့အချိန်၊ အိန္ဒိယသမုဒ္ဒရာကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်ကို ကုန်စည်ပို့မယ့် လမ်းကြောင်း ပွင့်သွားပြီး စမ်းသပ်နေတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တရုတ်ကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။

    တရုတ်အစိုးရဟာ အာဏာသိမ်းစစ်ကောင်စီကို ကျောထောက်နောက်ခံပေးထားပြီး အနောက်နိုင်ငံတွေရဲ့ အရေးယူဖို့ ဆောင်ရွက်မှုကို အဓိက ကန့်ကွက်တားဆီးပေးနေတာပါ။

    ဆွန်ကော့ရှန်ရဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့လားဆိုတာ မသိရပါဘူး။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀မ်ဝင်ဘင်က အထူးကိုယ်စားလှယ်ဟာ စစ်ခေါင်း​ဆောင်တွေနဲ့ တွေ့ဆုံမှုအတွင်း နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကိစ္စ၊ ကိုဗစ်ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းမှု အခြေအနေတွေအကြောင်းကို ဆွေးနွေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆွန်ကော့ရှန်က တိုင်းပြည်တည်ငြိမ်အောင်၊ ဒီမိုကရေစီပြန်လည် ဖြစ်ထွန်းအောင် စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ဆွန်ကော့ရှန်ရဲ့ ဒီခရီးစဉ်ကို အာဏာသိမ်းစစ်ကောင်စီဖက်က တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိဘဲ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပြီးမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနကို အတည်ပြုခဲ့ပါတယ်။

    Ref: The Diplomat

  • အာဖဂနစ္စတန်ကို အီရန်၏ အာဏာရှင်နိုင်ငံရေးစနစ်အတိုင်း အုပ်ချုပ်ရန် တာလီဘန်စီစဉ်နေ

    အာဖဂနစ္စတန်ကို အီရန်၏ အာဏာရှင်နိုင်ငံရေးစနစ်အတိုင်း အုပ်ချုပ်ရန် တာလီဘန်စီစဉ်နေ

    စက်တင်ဘာ ၂၊ ၂၀၂၁
    M-Media

    တာလီဘန်ခေါင်းဆောင် ဟီဘာသွလ္လာ အက်ခွန်ဇာဒါ

    -အဖွဲ့ရဲ့ခေါင်းဆောင် ဟီဘာသွလ္လာ အက်ခွန်ဇာဒါဟာ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်သူ ဖြစ်မှာဖြစ်ပြီး မကြာခင်ပေါ်ထွက်လာမယ့် အာဖဂန်အစိုးရသစ်ဟာ သူ့လက်အောက်မှာပဲ ရှိလိမ့်မယ်လို့ တာလီဘန်အဖွဲ့က အာဖဂန်သတင်းဌာနက ToloNews ကို မနေ့က အတည်ပြု ပြောဆိုပါတယ်။

    အာဖဂနစ္စတန် တစ်နိုင်ငံလုံးကို သိမ်းပိုက်ထားနိုင်တဲ့ တာလီဘန်အဖွဲ့ဟာ အစိုးရဖွဲ့စည်းဖို့ သူတို့နဲ့ ပူးပေါင်းထားတဲ့ အဖွဲ့တွေအကြားမှာ ဆွေးနွေးမှု လုပ်ဆောင်နေပြီး လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေငြာဖို့ ရှိနေပါတယ်။

    တာလီဘန် ယဉ်ကျေးမှုကော်မရှင်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အနာမူလာ ဆာမန်ဂါနီက သူတို့ရဲ့ခေါင်းဆောင် ဟီဘာသွလ္လာ အစိုးရအဖွဲ့ထဲမှာပါဝင်ပြီး အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်မယ်ဆိုတဲ့ကိစ္စဟာ သံသယဖြစ်စရာမလိုတဲ့ကိစ္စ၊ မေးခွန်းထုတ်စရာမလိုတဲ့ကိစ္စ ဖြစ်တယ်လို့ ToloNews သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

    တိုင်းပြည်ရဲ့ ဝန်ကြီးချုပ်၊ ဒါမှမဟုတ် သမ္မတတို့ဟာ ဟီဘာသွလ္လာလက်အောက်မှာပဲ ရှိမယ်လို့လည်း သူက ဆိုပါတယ်။

    တာလီဘန်ဟာ အီရန်နိုင်ငံရဲ့ နိုင်ငံရေးစနစ်လို ပုံစံမျိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ စီစဉ်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဘာသာရေးခေါင်းဆောင်ဆိုသူက တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ချုပ်ကိုင်ထားပြီး တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကိစ္စတွေကို သူ့ရဲ့ခွင့်ပြုချက်နဲ့သာ လုပ်ဆောင်ရတဲ့ အာဏာရှင် စနစ်မျိုးဖြစ်ပါတယ်။