News @ M-Media

Blog

  • ဆော်ဒီ၏ ပထမဆုံးစစ်သမီးအဖွဲ့ အောင်မြင်စွာ သင်တန်းဆင်း

    ဆော်ဒီ၏ ပထမဆုံးစစ်သမီးအဖွဲ့ အောင်မြင်စွာ သင်တန်းဆင်း

    စက်တင်ဘာ ၂၊ ၂၀၂၁
    M-Media

    -ဆော်ဒီအာရေဗျရဲ့ ပထမဆုံး စစ်သမီးတွေဟာ မနေ့က အမျိုးသမီးစစ်သင်တန်းကျောင်းကနေ အောင်မြင်စွာ သင်တန်းဆင်းခဲ့ပြီ ဖြစ်ပါတယ်။

    သင်တန်းဆင်းပွဲအခမ်းအနားကို စစ်ဦးစီးအရာရှိချုပ် ဖေယဒ် အလ်-၇ူဝေလီအပါအဝင် စစ်ဖက် ထိပ်တန်းပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

    ဆော်ဒီစစ်တပ်ရဲ့ ပညာရေးနဲ့ လေ့ကျင့်သင်ကြားမှုဆိုင်ရာ အကြီးအကဲ ​ဗိုလ်ချုပ် အဒဲလ် အလ်-ဘာလာဝီက အမျိုးသမီးစစ်သည်တွေကို နိုင်ငံကာ စံချိန်စံညွှန်းနဲ့အညီ သင်ရိုးရေးဆွဲကာ စစ်ပညာ၊ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ပညာရပ်တွေကို သင်ကြားပေးခဲ့ကြောင်း၊ အနာဂတ် စစ်တပ်ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက် အောင်မြင်ရေးမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်က အထောက်အကူပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ လူမှုရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ ဆော်ဒီအာရေဗျဟာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး နိုင်ငံအတွင်းရှိနေတဲ့ ရှေးရိုးစွဲအမြင်တွေ၊ ကန့်သတ်မှုတွေ ပယ်ဖျက်တာကိုလည်း လုပ်ဆောင်နေပါတယ်။

    နှစ်ပေါင်းများစွာ ရှိလာတဲ့ အမျိုးသမီးကားမောင်းခွင့် ပိတ်ပင်ထားမှုကို ၂၀၁၈ ခုနှစ်မှာ ပယ်ဖျက်ခဲ့သလို၊ အမျိုးသားအုပ်ထိန်းသူပါမှ ခရီးသွားခွင့်ရှိတဲ့ ကန့်သတ်ချက်ကိုလည်း ၂၀၁၇ ခုနှစ်မှာ ပယ်ဖျက်ခဲ့ပါတယ်။

    နိုင်ငံစစ်တပ်မှာ အမျိုးသမီးတွေ စစ်မှုထမ်းခွင့်ကို အခုနှစ်အစောပိုင်းကစတင်ပြီး ခွင်ပြုခဲ့ပါတယ်။ အသက် ၂၁ နှစ်ကနေ ၄၀ အရွယ်အတွင်းရှိတဲ့ အမျိုးသမီးတွေဟာ ဆော်ဒီကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ဒုံးကျည်တပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

    Ref: Al Arabiya

  • လေယာဉ်၊ စစ်ကားနှင့် လက်နက်များ ဖျက်ဆီးထားခဲ့၍ အမေရိကန်ကို တာလီဘန်က ​ဒေါသထွက်

    လေယာဉ်၊ စစ်ကားနှင့် လက်နက်များ ဖျက်ဆီးထားခဲ့၍ အမေရိကန်ကို တာလီဘန်က ​ဒေါသထွက်

    စက်တင်ဘာ ၁၊ ၂၀၂၁
    M-Media

    -ကာဘူးလ်မြို့ ဟာမစ်ကာဇိုင်း​ လေဆိပ်ကနေ စစ်သားတွေ နောက်ဆုံးအသုတ် ထွက်ခွာတဲ့အချိန်မှာ စစ်လက်နက်နဲ့ ယာဉ်မျိုးစုံကို ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်က အတည်ပြု ပြောဆိုလိုက်ပါတယ်။

    ဩဂုတ်လ ၃၀ ရက်နေ့ သန်းခေါင်ယံအချိန် နောက်ဆုံး မထွက်ခွာခင် လေဆိပ်မှာရှိနေတဲ့ စစ်သုံးယာဉ် MRAP အစီး ၇၀၊ Humvee ယာဉ် ၂၃ စီး၊ လေယာဉ်မျိုးစုံ ၇၃ စီး၊ ဒုံးကျည်တွေ၊ အမြောက်တွေ၊ မော်တာကျည် စတဲ့ စစ်လက်နက်ပစ္စည်းတွေကို အမေရိကန်တပ်ဖွဲ့တွေက ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန် ဗဟိုစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် မက်ကင်ဇီက ဒီယာဉ်တွေ၊ လက်နက်တွေကို ဘယ်သူကမှ အသုံးပြုနိုင်မှာ မဟုတ်တော့ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အရပ်ဖက် လေကြောင်းပျံသန်းမှုမှာ သုံးနိုင်တဲ့ ကိရိယာတွေကိုတော့ အမေရိကန်က ဒီအတိုင်း ထားခဲ့ပါတယ်။

    တာလီဘန်တွေဟာ အမေရိကန်ထုတ်လက်နက်တော်တော်များများကို ရရှိလိမ့်မယ်ဆိုတဲ့ ပြောကြားမှုမျိုးတွေ ရှိနေပေမယ့် အမေရိကန်တာဝန်ရှိသူတွေကတော့ ဒါတွေကို ငြင်းပါတယ်။

    ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက တာလီဘန်တွေဟာ လေယာဉ်တွေကို ကြည့်ပြီး ဓာတ်ပုံရိုက် ဝါဒဖြန့်လို့ရပေမယ့် အသုံးပြုနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ တာလီဘန်တွေ လက်နက်တစ်ချို့ ရသွားတာမျိုး ရှိနိုင်ပြီး၊ တစ်ချို့လက်နက်တွေကို အာဖဂန်တွေလက်ထဲ ထည့်ပေးခဲ့တယ်လို့လည်း ကီရ်ဘီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Black Hawk ရဟတ်ယာဉ်တွေ၊ C-130 ပို့ဆောင်ရေးလေယာဉ်တွေ အာဖဂန်မှာ ကျန်ခဲ့တာမျိုးရှိပေမယ့် တာလီဘန်တွေဟာ ဒီယာဉ်တွေကို မောင်းဖို့ လေယာဉ်မှူး ရှာလို့ရမှာ မဟုတ်သလို၊ ရှာရရင်လည်း ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်နိုင်မှာမဟုတ်ဘဲ၊ အပိုပစ္စည်းတွေလည်း ရှာလို့ရမှာမဟုတ်ဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

    ဟာမစ်ကာဇိုင်းလေဆိပ်မှာ လေယာဉ်တွေ၊ စစ်ကားတွေကို ဖျက်ဆီးခဲ့မှုအတွက် တာလီဘန်အဖွဲ့က အမေရိကန်ကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    Ref: CBS, The Week

  • မြန်မာကိစ္စ အာဆီယံ၏ကြားဝင်မှု မျှော်လင့်ထားသည့်အတိုင်းဖြစ်ရန် မလေးရှား လိုလားနေ

    စက်တင်ဘာ ၁၊ ၂၀၂၁
    M-Media

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင်

    -မြန်မာနိုင်ငံငြိမ်းချမ်းရေး အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ကြားဝင်ဆောင်ရွက်မယ့် ကိစ္စဟာ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း မလေးရှားအစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ ဆိုက်ဖူဒင် အဘ်ဒူလာက ပြောပါတယ်။

    မလေးရှားဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ထားပြီး စစ်ကောင်စီကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ လူသိရှင်ကြား ပြောကြားထားတဲ့ နိုင်ငံပါ။

    နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒီကနေ့ပြုလုပ်တဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ဆိုက်ဖူဒင်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ပြောပါတယ်။

    “အထူးကိုယ်စားလှယ် ခန့်အပ်မှုမှာ မလေးရှာဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ အခြေအနေတွေကို အကျဉ်းချုပ် ကျွန်တော့်ကို အစီရင်ခံထားတာမျိုး ရှိနေပြီး၊ အထူးကိုယ်စားလှယ်ဟာ သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်လိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်”

    စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို ဖြေရှင်းပေးဖို့အတွက် အာဆီယံအဖွဲ့က ကြိုးစားနေပြီး၊ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရီဝမ် မိုဟာမက် ယူစွဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

    အာဆီယံဟာ ဧပြီလအတွင်း ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ ရရှိထားတဲ့ သဘောတူညီချက် ၅ ချက်အတိုင်း မြန်မာပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းနေတာ​ ဖြစ်ပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင်က အရီဝမ်နဲ့ မကြာခင်တွေ့ဆုံမှုမှာ အပြုသဘောဆောင်တဲ့ရလဒ်တွေ ရကာ အရီဝမ်ရဲ့ ရည်မှန်းချက်တွေကို ပြည့်မီအောင် ကူညီဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Malay Mail

  • ၉ နှစ်အရွယ် ဒါလစ်ဇာတ်နိမ့် မိန်းကလေးငယ် အဓမ္မကျင့် သတ်ဖြတ်ခံရမှု အိန္ဒိယတွင် ဖြစ်ပွား

    ၉ နှစ်အရွယ် ဒါလစ်ဇာတ်နိမ့် မိန်းကလေးငယ် အဓမ္မကျင့် သတ်ဖြတ်ခံရမှု အိန္ဒိယတွင် ဖြစ်ပွား

    ဩဂုတ် ၃၁၊ ၂၀၂၁
    M-Media

    -အသက် ၉ နှစ်အရွယ် ဒါလစ်ဇာတ်နိမ့် မိန်းကလေးငယ်တစ်ယောက် အုပ်စုဖွဲ့ အဓမ္မကျင့်သတ်ဖြတ်မှုအတွက် အိန္ဒိယရဲတပ်ဖွဲ့က ဟိန္ဒူဘုန်းကြီတစ်ဦးနဲ့ လူ ၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

    ဒီအဖြစ်အပျက်ဟာ ​မြို့တော်ဒေလီမှာ ဩဂုတ်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ မီးသင်္ဂြိုဟ်စက်ရှိရာ အဆောက်အဦးမှာ မိန်းကလေးငယ်က ရေယူဖို့ သွားစဉ်အတွင်း အသက် ၅၃ နှစ်အရွယ် ဘုန်းကြီးနဲ့ သင်္ဂြိုဟ်စက်အလုပ်သမား ၃ ဦးတို့က အဓမ္မကျင့် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    အဲဒီနောက် မိခင်ဖြစ်သူကိုခေါ်ပြီး မိန်းကလေးငယ်ဟာ ဓာတ်လိုက်သေဆုံးသွားကြောင်း၊ ရဲတပ်ဖွဲ့ကို အကြောင်းကြားရင် အလောင်းခွဲစိပ်စစ်ဆေးမှုမှာ ဆရာဝန်တွေက ကိုယ်တွင်းကလီစာတွေကို ထုတ်ယူရောင်းစားမှာ ဖြစ်တဲ့အတွက် ချက်ခြင်းသ​င်္ဂြိုဟ်ဖို့ ပြောကြားခဲ့ပါတယ်။ အလောင်းကို မီးသင်္ဂြိုဟ်စဉ်အတွင်း ပတ်ဝန်းကျင်က ကြားဝင်တားဆီးတဲ့အတွက် လူသိရှင်ကြား ဖြစ်လာတာပါ။

    ကျူးလွန်သူတွေကို ဩဂုတ်လ အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ မြို့တော် ဒေလီမှာ ဆန္ဒပြတောင်းဆိုမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေဟာ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်တဲ့ စွဲချက်တွေနဲ့ တရားစွဲဆို ခံထားရပါတယ်။

    အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် မလုံခြုံဆုံး တိုင်းပြည်လို့ သတ်မှတ်ခံထားရတာပါ။ အဓမ္မကျင့် သတ်ဖြတ်မှုအတွက် ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ သတ်မှတ်ထားပေမယ့် မြေပြင်မှာ အမျိုးသမီးတွေရဲ့ ဘ၀က တိုးတက်မှု မရှိပါဘူး။

    အိန္ဒိယရာဇဝတ်မှုမှတ်တမ်းဌာန စာရင်းအရ ၂၀၁၉ ခုနှစ်အတွင်း အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ တစ်နေ့ကို ပျမ်းမျှ ၉၀ လောက် အဓမ္မပြုကျင့်မှု ခံရတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ထံ လာမတိုင်တဲ့ အမှုတွေ တော်တော်များများ ရှိနေတာကြောင့် အမှန်ကတယ်ဖြစ်ပွားတဲ့အရေအတွက် ဒီထက်ပိုပြီး များနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    အခုဖြစ်ပွားတဲ့ အဓမ္မကျင့်လူသတ်မှုဟာ နိုင်ငံအတွင်း လူဦးရေ သန်း ၂၀၀ လောက်ရှိနေတဲ့​ ဟိန္ဒူ ဒါလစ်ဇာနိမ့်တွေ ဖိနှိပ်ခံရမှု အဖြစ်အပျက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဇာတ်ခွဲခြားမှုစနစ်အရ အရင်ကတည်းက ခွဲခြားဖိနှိပ်မှု ခံခဲ့ရတဲ့ ဒါလစ်လူ့အဖွဲ့အစည်းဟာ ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ပိုခံလာရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    Ref: AFP

  • ပုံပြောင်းမှုအလွန်များသည့် ကိုဗစ်မျိုးကွဲသစ်တစ်မျိုးကို တောင်အာဖရိကတွင် တွေ့ရှိ

    ပုံပြောင်းမှုအလွန်များသည့် ကိုဗစ်မျိုးကွဲသစ်တစ်မျိုးကို တောင်အာဖရိကတွင် တွေ့ရှိ

    ဩဂုတ် ၃၁၊ ၂၀၂၁
    M-Media

    -ပုံပြောင်းမှုများစွာ ဖြစ်ပေါ်တဲ့ ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲတစ်ခုကို တောင်အာဖရိ သိပ္ပံပညာရှင်တွေက တွေ့ရှိထားပြီး လက်ရှိ ပြန့်နှံ့နေတဲ့ ကိုဗစ်ပိုးတွေထက် ပိုအန္တရာယ်ရှိလားဆိုတာကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပါတယ်။

    C.1.2 လို့ အမည်ပေးထားတဲ့ အဲဒီမျိုးကွဲကို မေလမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ နိုင်ငံအတွင်း ပြည်နယ်တော်တော်များများမှာ ပြန့်နှံ့နေတဲ့အပြင် အာဖရိက အခြားတိုင်းပြည်တွေ၊ ဥရောပ၊ အာရှနဲ့ သမုဒ္ဒရာပိုင်း ဒေသတွေအထိပါ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    ပိုမိုပြန်နှံ့လွယ်ပြီး၊ ကိုဗစ်ကာကွယ်ဆေးကြောင့် ပေါ်ထွက်လာမယ့် ကိုယ်ခံစွမ်းအားကို အံတုနိုင်မယ့် ပုံပြောင်းမှုမျိုး C.1.2 မျိုးကွဲမှာ တွေ့ရပေမယ့် အတိအကျ ပြောနိုင်ဖို့အတွက် လေ့လာဆန်းစစ်မှုတွေ ထပ်လုပ်ရမှာ ဖြစ်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စိုးရိမ်စရာအကောင်းဆုံးအဖြစ် သတ်မှတ်ထားတဲ့ ကိုဗစ်မျိုးကွဲ ၄ ခုက Beta ဗားရှင်းကို တောင်အာဖရိကမှာ ပထမဆုံး တွေ့ရှိခဲ့တာပါ။

    C.1.2 ကိုဗစ်မျိုးကွဲ လေ့လာမှုမှာ ပါဝင်ခဲ့သူ ကူးစက်ရောဂါပညာရှင် ရစ်ချက် လက်ဆဲလ်စ်က အခုလို မျိုးကွဲတစ်ခု ထပ်ထွက်လာတာကို ကြည့်ခြင်းအားဖြင့် ဒီကပ်ရောဂါ အချိန်တိုတိုနဲ့ ပြီးဆုံးမှာ မဟုတ်ဘူးဆိုတာနဲ့ ဗိုင်းရပ်စ်ဟာ လူတွေကို ပိုမိုကူးစက်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေတုန်းပဲဆိုတာကို တွေ့ရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    လက်ရှိ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ကာ ကူးစက်မှု၊ သေဆုံးမှု အလွန်များပြားခဲ့တဲ့ Delta ဗိုင်းရပ်စ်နေရာကို အခု C.1.2 က အစားဝင်မယ့် အနေအထားမျိုး မရှိသေးဘူးလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    C.1.2 ပတ်သက်တဲ့ တွေ့ရှိချက်တွေကို WHO ထံ သတင်းပေးပို့ထားပြီး တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

    Ref: Reuters