News @ M-Media

Blog

  • ၉/၁၁ တိုက်ခိုက်မှုကိစ္စ ထိပ်တန်းလျှို့ဝှက်ဖိုင်များကို အမေရိကန်အစိုးရက ပြည်သူထံ ချပြမည်

    ၉/၁၁ တိုက်ခိုက်မှုကိစ္စ ထိပ်တန်းလျှို့ဝှက်ဖိုင်များကို အမေရိကန်အစိုးရက ပြည်သူထံ ချပြမည်

    စက်တင်ဘာ ၄၊ ၂၀၂၁
    M-Media

    -၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကိစ္စနဲ့ပတ်သက်တဲ့ လျှို့ဝှက်ဖိုင်တွေကို သုံးသပ်ကာအများပြည်သူထံ ချပြဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရားရေးဌာနကို မနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

    နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦးကို ခရီးသည်တင်လေယာဉ်တွေနဲ့ ဝင်တိုက်ခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ လူပေါင်း ၂၉၉၆ ဦး သေဆုံးခဲ့ပြီး ၂၅၀၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အလ်ကိုင်းဒါးအဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန်က ထုတ်ပြန်ကာ အကြမ်းဖက်ဝါဒအပေါ် စစ်ပွဲတစ်ခုကိုလည်း ဆင်နွှဲခဲ့ပါတယ်။

    ၉/၁၁ တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို ပြည်သူသိအောင် ချပြပေးမယ်လို့ သမ္မတဘိုင်ဒန်က မဲဆွယ်မှုမှာ ကတိပေးခဲ့ပြီး၊ ဒီကတိကို အကောင်အထည်ဖော်လာတာ ဖြစ်ပါတယ်။

    ဘိုင်ဒန်ရဲ့ ညွှန်ကြားချက်အရ ၉/၁၁ ​နဲ့သက်ဆိုင်တဲ့ FBI ရဲ့ စုံစမ်းစစ်ဆေးမှု စာရွက်စာတမ်းတွေကို တရားရေးဌာနက ၆ လအတွင်း သုံးသပ်ကာ ရှေ့နေချုပ် မာရစ် ဂါလန်းက ပြည်သူကို ချပြပေးရမှာ ဖြစ်ပါတယ်။

    ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကလည်း လေယာဉ်ပြန်ပေးဆွဲသူတွေနဲ့ ဆော်ဒီအာဏာပိုင်တွေအကြား ဆက်စပ်မှုရှိတဲ့ အထောက်အထားတွေကို FBI က ဖျက်ဆီးတာ၊ ဒါမှမဟုတ် လိမ်လည်ဖော်ပြထားတာမျိုး ရှိနိုင်တယ်လို့ မိမိတို့ သံသယဝင်နေပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုထားပါတယ်။

    ၉/၁၁ တိုက်ခိုက်ရေးသမားတွေနဲ့ ဆော်ဒီအာဏာပိုင်တွေအကြား ဆက်စပ်မှုရှိတယ်ဆိုတဲ့ သတင်းတွေဟာ အရင်ကလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ဖူးပြီး ဆော်ဒီဖက်ကတော့ ဒါကို ငြင်းပါတယ်။

    Ref: Reuters

  • အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်ရန် ရက်ချိန်းပင်မရသေး

    အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်ရန် ရက်ချိန်းပင်မရသေး

    စက်တင်ဘာ ၄၊ ၂၀၂၁
    M-Media

    -မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံအဖွဲ့က ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့အတွက် ရက်ချိန်းတောင် မရသေးဘူလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့အတွက် အာဆီယံအဖွဲ့ဟာ ဧပြီလမှာ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး သဘောတူညီချက် ၅ ခုကို ချမှတ်ခဲ့ပါတယ်။

    အဲဒီသဘောတူညီချက်ထဲမှာ အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပြီး ကြားဝင်ညှိနှိုင်းပေးဖို့လည်း ပါဝင်ပါတယ်။ ဩဂုတ်လက ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရီဝမ် မိုဟာမက် ယူစွဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ရွေးခဲ့တာပါ။

    မြန်မာနိုင်ငံလာရောက်တဲ့အချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရချင်တယ်လို့ အရီဝမ်က ပြောကြားထားပါတယ်။

    ဗုဒ္ဓဟူးနေ့က အရီဝမ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက အရီဝမ်တစ်ယောက် မြန်မာနိုင်ငံကို သွားရောက်ဖို့ ကြိုးစားနေပေမယ့် စစ်ကောင်စီဖက်က လာဖို့ ခွင့်မပြုသေးဘူးလို့ ဆိုက်ဖူဒင်က ပြောပါတယ်။

    “အထူးကိုယ်စားလှယ်ဟာ လက်ရှိ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်နေပြီး သိပ်မကြာခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့အတွက် တော်တော်လေး ကြိုးစားနေရတာကို ကျွန်တော် နားလည်ပါတယ်”

    အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်အတိုင်း မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားမှုနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ အရီဝမ်ဟာ မြန်မာ့နိုင်ငံရေးက သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ခွင့်ရသင့်တယ်လို့လည်း ဆိုက်ဖူဒင်က ပြောပါတယ်။

    “မြန်မာအာဏာပိုင်တွေက သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ခွင့်ပေးပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ကျွန်တော်တို့မှာ ရှိတယ်။ ဘာပဲဖြစ်ဖြစ် သူတာဝန်ယူစဉ်ကာလမှာ မြန်မာနိုင်ငံကို တစ်ကြိမ်ထက်မက သွားရောက်ခွင့်ရရေး ကြိုးစားဖို့ အရီဝမ်ကို ကျွန်တော် ပြောခဲ့ပြီး ဒါမှသာ သူဟာ သက်ဆိုင်သူတွေကို များများစားစား တွေ့ဆုံနိုင်မှာ ဖြစ်ပါတယ်”

    နောက်လမှာလုပ်မယ့် အာဆီယံအစည်းအဝေးမတိုင်ခင် အရီဝမ် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက လိုလားနေတာ ဖြစ်ပါတယ်။

    အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ AHC ကနေ မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့ပေးဖို့ ကိစ္စမှာလည်း အဟန့်အတားတွေ ရှိနေတယ်တို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: The Star

  • တယ်လီနောမြန်မာ လုပ်ငန်းချဲ့ထွင်ရေး ဒေါ်လာ သန်း ၃၀၀ ကျော် သုံးစွဲမည်ဟု ပိုင်ရှင်သစ်ပြော

    တယ်လီနောမြန်မာ လုပ်ငန်းချဲ့ထွင်ရေး ဒေါ်လာ သန်း ၃၀၀ ကျော် သုံးစွဲမည်ဟု ပိုင်ရှင်သစ်ပြော

    စက်တင်ဘာ ၄၊ ၂၀၂၁
    M-Media

    -တယ်လီနော မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းမှာ လာမယ့် ၃ နှစ်အတွင်း ကန်ဒေါ်လာ သန်းပေါင်း ၃၃၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ လက်ဘနွန်အခြေစိုက်ကုမ္ပဏီ M1 Group က ပြောကြားလိုက်ပါတယ်။

    M1 Group ဟာ နော်ဝေအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Telenor ASA ကနေ ‘တယ်လီနောမြန်မာ’ ကို ကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ဇူလိုင်လမှာ ဝယ်လိုက်တာပါ။ M1 Group ကို စတင်တည်ထောင်သူတွေဖြစ်ကြတဲ့ လက်ဘနွန်နိုင်ငံသား မီကာတီညီအစ်ကိုနှစ်ဦးဟာ အရှေ့အလယ်ပိုင်းမှာ အာဏာရှင်တွေနဲ့ပေါင်းပြီး စီးပွားရေး လုပ်ကိုင်ကြသူတွေအဖြစ် နာမည်ထွက်ပါတယ်။

    တယ်လီနောက မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည် မတည်မငြိမ်ဖြစ်လာတာ၊ ဆက်သွယ်ရေးလုပ်ငန်းတွေအပေါ် ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်လာတာကြောင့် ဆက်လုပ်ဖို့ အခက်အခဲရှိတဲ့အတွက် ရောင်းချခဲ့တာလို့ ထုတ်ပြန်ပါတယ်။

    M1 Group စီအီးအို အဇ်မီ တာဟာ မီကာတီက ကွန်ယက်ချဲ့ထွင်ဖို့၊ အင်တာနက်နဲ့ အခြားဝန်ဆောင်မှုတွေ ပိုမိုပေးအပ်နိုင်ဖို့အတွက် လာမယ့် ၃ နှစ်အတွင်း တယ်လီနော်မြန်မာမှာ ကန်ဒေါ်လာ သန်း ၃၃၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက Bloomberg နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

    “စိန်ခေါ်မှုရှိတဲ့ အသိုက်အဝန်းကနေ ရှောင်ဖယ်တာထက်စာရင်၊ နိုင်ငံအရေးအခြေအနေ ဘယ်လိုပဲ ဖြစ်နေပါစေ ပြည်သူတွေ ကမ္ဘာ့အဆင့်ဝန်ဆောင်မှုရအောင် ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ စိန်ခေါ်မှုတွေရှိနေတဲ့ အခြေအနေမျိုးမှာ တယ်လီဖုန်းဆက်သွယ်ရေးဟာ အရေးကြီးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်”

    M1 Group ဟာ မြန်မာနိုင်ငံက တယ်လီဖုန်းတာဝါတိုင် စိုက်ထူရေး ကုမ္ပဏီတစ်ခုမှာလည်း ရှယ်ယာပါဝင်ထားပါတယ်။

    အဇ်မီ မီကာတီက စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ယနေ့ခေတ်စျေးကွက်မှာ ဝင်ရောက်လုပ်ကိုင်ရေးဟာ မိမိတို့ ရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲဒီအတွက်လည်း အဆင်သင့်ဖြစ်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အဇ်မီရဲ့ညီဖြစ်ပြီး M1 Group ကို ပူးတွဲပိုင်ဆိုင်တဲ့ နာဂျစ်မီကာတီဟာ အရင်က လက်ဘနွန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့ပြီး လက်ရှိမှာ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရပါတယ်။

    Ref: Bloomberg

  • အိန္ဒိယတွင် မွတ်စလင်ဆန့်ကျင်ရေး၊ တိုက်ခိုက်ရေးလုပ်ငန်းက ပုံမှန်လို ဖြစ်လာနေ

    အိန္ဒိယတွင် မွတ်စလင်ဆန့်ကျင်ရေး၊ တိုက်ခိုက်ရေးလုပ်ငန်းက ပုံမှန်လို ဖြစ်လာနေ

    စက်တင်ဘာ ၃၊ ၂၀၂၁
    M-Media

    ကန်ပူရ်မှ တိုက်ခိုက်မှု

    -အိန္ဒိယမှာ မွတ်စလင်တွေကို ဟိန္ဒူလူအုပ်က အရှက်တကွဲအကျိုးအနည်းအောင်လုပ်တာ၊ တိုက်ခိုက်လုယက် သတ်ဖြတ်တာ၊ လူမျိုးရေးခွဲခြားစော်ကားတာတွေဟာ ပုံမှန်လိုဖြစ်လာနေပြီး အစိုးရကလည်း ထိထိရောက်ရောက် အရေးယူမှု မလုပ်ဘူးလို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

    အိန္ဒိယရဲ့ သန်းတစ်ထောင်ကျော် လူဦးရေမှာ မွတ်စလင်လူဦးရေက သန်း ၂၀၀ လောက်သာ ရှိနေတာပါ။ အရင်ကတည်းက ဟိန္ဒူအစွန်းရောက်တွေဟာ မွတ်စလင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိခဲ့ပြီး ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရတဲ့ ၂၀၁၄ ခုနှစ် နောက်ပိုင်း ဒီတိုက်ခိုက်မှုတွေဟာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

    အခုအချိန်မှာတော့ နိုင်ငံတစ်ဝှမ်းမှာ ဒီလိုတိုက်ခိုက်မှုတွေ နေ့စဉ်လို ဖြစ်ပျက်နေပါပြီ။

    အူတာပရာဒက်ရှက် သားအဖ

    ဩဂုတ်လအတွင်းက ​နိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ကန်ပူရ်မြို့မှာ မွတ်စလင်သားအဖနှစ်ဦးကို ဟိန္ဒူလူအုပ်က ဘာသာရေးအကြမ်းဖက်မှုလုပ်တဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပါတယ်။

    အသက် ၄၅ နှစ်အရွယ် မွတ်စလင်သုံးဘီးသမားကို လူအုပ်စုက ဝိုင်းဝန်း ရိုက်နှက်ကန်ကျောက်ခဲ့သလို ဟိန္ဒူဘုရားစာကိုလည်း အဓမ္မ ရွတ်ဆိုခိုင်းခဲ့ပါတယ်။ အရိုက်ခံရသူနဲ့ သမီးငယ်တို့က လူအုပ်ကို အကြမ်းမဖက်ဖို့ ငိုယို တောင်းပန်ခဲ့ပေမယ့် မရခဲ့ပါဘူး။

    နောက်ပိုင်းမှာ မွတ်စလင်သားအဖကို ရဲတပ်ဖွဲ့က ကယ်ထုတ်သွားပြီး လူ ၃ ဦးကို ဖမ်းဆီးခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာမှာပဲ နိုင်ငံအလယ်ပိုင်း မဒ်ယာပရာဒက်ရှ်ပြည်နယ်က အင်ဒိုရီမြို့မှာ ကလေးလက်ကောက်လေးတွေရောင်းတဲ့ မွတ်စလင်စျေးသည် သက်စလင်း အလီကို ဟိန္ဒူလူအုပ်က လူမျိုးရေးခွဲခြားစော်ကားပြီး တိုက်ခိုက်လုယက်ခဲ့သလို၊ ဟိန္ဒူတွေနေတဲ့နေရာကို နောက်တစ်ကြိမ် စျေးလာမရောင်းဖို့လည်း သတိပေးခဲ့ပါတယ်။

    ထောင်ချောက်ဆင်

    အင်ဒိုရီမြို့မှ တိုက်ခိုက်မှု

    အင်ဒိုရီမြို့ကအဖြစ်အပျက်မှာ ရောင်စုံလက်ကောက်သည် အလီကို လူမျိုးရေးခွဲခြား စော်ကားပြီး ငွေကြေး၊ ဖုန်းနဲ့ စာရွက်စာတမ်း ရိုက်နှက်လူယူသွားသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးတာမျိုး မလုပ်ခဲ့ပါဘူး။

    အခင်းဖြစ်ပွားပြီးနောက်တစ်ရက်မှာ အလီကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူ့ကို တိုက်ခိုက်သူတွေထဲက တစ်ယောက်ရဲ့ အသက် ၁၃ နှစ်အရွယ် သမီးငယ်ကို မဖွယ်မရာလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖြစ်ပါတယ်။ မိသားစုနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ဒီစွဲချက်ကို ငြင်းဆိုခဲ့ပြီး ကလေး ၅ ယောက်ဖခင် အလီမှာ ဒီလို အကျင့်မျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    မျက်မြင်သက်သေတွေက အလီဟာ မွတ်စလင်ဖြစ်နေတဲ့အတွက် ဟိန္ဒူလူအုပ်ရဲ့ တိုက်ခိုက်လုယက်ခြင်း ခံခဲ့ရတာဖြစ်ပြီး၊ မိန်းကလေးငယ်ကို မဖွယ်မရာလုပ်တယ်ဆိုတဲ့ စွဲချက်ဟာ ဂွင်ဆင်တာသာဖြစ်တယ်လို့ ဖွင့်ဟပြောကြားခဲ့ကြပါတယ်။

    ဩဂုတ်လအတွင်းမှာ အိန္ဒိယနိုင်ငံတစ်ဝှမ်း မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တော်တော်များများ ဖြစ်ပွားခဲ့ကာ အထက်က အဖြစ်အပျက်နှစ်ခုဟာ အွန်လိုင်းမှာ ဗီဒီယိုနဲ့တကွ ပြန့်နှံ့ခဲ့တာတွေ ဖြစ်ပါတယ်။

    နိစ္စဒူ၀ ဖြစ်ပျက်နေ

    ပြီးခဲ့တဲ့ ၃ နှစ်အတွင်း မွတ်စလင်တွေ တိုက်ခိုက်ခံရမှုကို စုံစမ်းကာ အချက်အလက်စုဆောင်းခဲ့တဲ့ ဂျာနယ်လစ် အလီရှန် ဂျာဖရီက ဒီလိုအကြမ်းဖက်မှုတွေဟာ နိစ္စဒူ၀ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ပြီး၊ ဒါမျိုး လုပ်ရမယ်ဆိုတဲ့အတွေးမျိုး လူ့အဖွဲ့အစည်းမှာ ဝင်နေပြီလို့ ပြောကြားခဲ့ပါတယ်။

    ဒီလိုတိုက်ခိုက်တဲ့ဗီဒီယိုမျိုး တစ်နေ့ကို ၃၊ ၄ ခုလောက် ရရှိနေပြီး အချက်အလက် အတည်ပြုလို့ရတဲ့ ဗီဒီယိုတွေကိုသာ အွန်လိုင်းမှာ လွှင့်တင်အသိပေးတယ်လို့ ဂျာဖရီက ဆိုပါတယ်။

    “ဒီလို လူမျိုးရေးအကြမ်းဖက်မှုတွေဟာ မနေ့တစ်နေ့ကမှ ဖြစ်လာတာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဏာရှိတဲ့သူတွေရဲ့ ဗျူဟာကျကျ ဖန်တီးမှုတွေ၊ နိုင်ငံရေးလှုံ့ဆော်မှုတွေကြောင့် လတ်တလောကာလမှာ ပိုများလာတာတော့ အသေအချာပါပဲ။ မယုံကြည်မှုတွေက အရင်ကတည်းက ရှိခဲ့တယ်။ ဒါပေမယ့် ဘာသာကြီး၊ လူမျိုးကြီး အမျိုးသားရေးဝါဒက ဒီအက်ကြောင်းတွေကို ပိုပြီး ကြီးမားစေတာပါ” လို့ ဒေလီတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ သင်ကြားတဲ့ ပရော်ဖက်ဆာ တန်ဗီရ် အိုင်ဂျက်ဇ်က ပြောပါတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP က ဝန်ကြီးချုပ်မိုဒီရဲ့ ပထမသက်တမ်းမှာ အိန္ဒိယနိုင်ငံတစ်ဝှမ်း နွားချစ်သူအဖွဲ့အစည်းတွေ ပေါ်ပေါက်လာပြီး နွားပေါ်တယ်၊ အမဲသားရောင်းတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မွတ်စလင်တွေနဲ့ ဟိန္ဒူဇာနိမ့်တွေကို ရိုက်နှက်သတ်ဖြတ်မှုတွေ အများအပြားဖြစ်ပွားခဲ့ပါတယ်။

    BJP အစိုးရဟာ ဒီအဖြစ်အပျက်တွေကို ထိထိရောက်ရောက် အရေးမယူပါဘူး။

    ၂၀၁၉ ခုနှစ်မှာပြုလုပ်တဲ့ အမုန်းရာဇဝတ်မှု အချက်အလက်ကောက်ယူမှုအရ အရင် ၁၀ နှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အမုန်းရာဇဝတ်မှုတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာမျိုး ဖြစ်တာကို တွေ့ခဲ့ရပါတယ်။

    ကျူးလွန်သူအများစုဟာ အရေးယူခြင်းမခံရသလို BJP အစိုးရရဲ့ ပ,စားပေးခြင်းကိုပါ ခံခဲ့ရပါတယ်။

    ၂၀၁၉ ခုနှစ် ဝန်ကြီးချုပ်မိုဒီ ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်းမှာတော့ မွတ်စလင်တွေအပေါ် ဟိန္ဒူအစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ ပိုမိုကြီးမား ကျယ်ပြန့်လာခဲ့ပါတယ်။

    မွတ်စလင်တွေ ကိုဗစ်ဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာသလို၊ ထင်ရှားကျော်ကြားတဲ့ မွတ်စလင်အမျိုးသမီးတွေကို အွန်လိုင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားအရှက်ခွဲတာတွေလည်း ပေါ်လာပါတယ်။

    မွတ်စလင်တွေကို အကြမ်းဖက်ဖို့ ဆန္ဒပြလှုံ့ဆော်မှုတွေ မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့လ BJP ခေါင်းဆောင်​ဟောင်းတစ်ဦး ဦးဆောင်တဲ့ ဆန္ဒပြပွဲမှာဆိုရင် မွတ်စလင်တွေကို သတ်ဖြတ်ဖို့အထိ ပေါ်ပေါ်ထင်ထင် တိုက်တွန်းဆော်ဩလာခဲ့ကြပါတယ်။

    Ref: BBC

  • တရုတ်၏ ငွေကြေးထောက်ပံ့မှုကို မှီခိုမည်ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ အတည်ပြု

    တရုတ်၏ ငွေကြေးထောက်ပံ့မှုကို မှီခိုမည်ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ အတည်ပြု

    စက်တင်ဘာ ၃၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ သူတို့အဖွဲ့ဟာ အနာဂတ်မှာ တရုတ်ရဲ့ ငွေကြေးထောက်ပံ့မှုကို အဓိက မှီခိုသွားရလိမ့်မယ်လို့ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာ မူဂျာဟစ်က အီတလီသတင်းစာ La Repubblica နဲ့ အင်တာဗျူမှာ ဖြေကြားလိုက်ပါတယ်။

    တာလီဘန်အဖွဲ့ဟာ ဩဂုတ်လအလယ်ပိုင်းမှာ အာဖဂန်တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။ တာလီဘန် အာဏာပြန်ရလာမှုနဲ့အတူ အနောက်နိုင်ငံတွေကလည်း အာဖဂန်နစ္စတန်အပေါ် အကူအညီပေးနေမှုကို ရပ်ဆိုင်းဖို့ ဆောင်ရွက်လာကြပါတယ်။

    ပြောရေးဆိုခွင့်ရှိသူ မူဂျာဟစ်က တရုတ်ရဲ့ အကူအညီနဲ့ တိုင်းပြည်စီးပွားရေးကောင်းအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

    “တရုတ်ဟာ ကျွန်တော်တို့ရဲ့ အရေးပါဆုံး မိတ်ဖက်ပါ။ တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံဖို့၊ တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်ဖို့ သူတို့ အဆင်သင့်ဖြစ်နေတဲ့အတွက် တရုတ်ဟာ ကျွန်တော်တို့ရဲ့ တစ်မူထူးခြားတဲ့ အခွင့်အလမ်းလို့လည်း ပြောလို့ရပါတယ်”

    တစ်ကမ္ဘာလုံးကို လွှမ်းမိုးချုပ်ကိုင်ဖို့ ရည်ရွယ်ထားတဲ့ တရုတ်ရဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (Belt and Road) စီမံကိန်းကို တာလီဘန်က အလွန်အလေးထားတယ်လို့လည်း မူဂျာဟစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တိုင်းပြည်မှာ ကော့ပါးသတ္ထုတွင်းတွေ အများကြီးရှိတယ် တရုတ်ကျေးဇူးကြောင့် ပြန်လည်ပတ်ပြီး အဆင့်မြှင့်တာတွေ လုပ်နိုင်ပါလိမ့်မယ်။ ကမ္ဘာ့စျေးကွက်ကို ဝင်ရောက်ဖို့ တရုတ်ဟာ ကျွန်တော်တို့အတွက် တံခါးပေါက်လည်း ဖြစ်ပါတယ်”

    Ref: Aljazeera