News @ M-Media

Blog

  • ကိုဗစ်ကူးနေသည့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်ဇနီး ဆေးရုံမှဆင်း

    ကိုဗစ်ကူးနေသည့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်ဇနီး ဆေးရုံမှဆင်း

    ဩဂုတ် ၂၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကြောင့် စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ မြန်မာစစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ဇနီးဟာ ကိုဗစ်ပျောက်ကင်းသွားတဲ့အတွက် ဆေးရုံကနေ ဆင်းသွားပြီလို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက AP သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

    အသက် ၈၈ နှစ်အရွယ် ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ဟာ နေပြည်တော်က တိုက်ချောင်း စစ်ဆေးရုံမှာ အခုလအစောပိုင်းကစပြီး ဆေးကုသမှု ခံယူနေရတာပါ။ အာဏာသိမ်းစစ်ကောင်စီက ဒီသတင်းကို ထုတ်ပြန်ခြင်း မရှိပေမယ့် ပြည်တွင်းမီဒီယာတွေက အာဏာရှင်ဟောင်း ဇနီးမောင်နှံဟာ ပုံမှန် ဆေးစစ်မှုခံယူဖို့အတွက် ဆေးရုံတက်နေရတယ်လို့ ဖော်ပြပါတယ်။

    နောက်ပိုင်းမှာ ဆေးရုံက အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ဦးသန်းရွှေနဲ့ဇနီးတို့ ကိုဗစ်ကူးနေပြီး အပျော့စားရောဂါလက္ခဏာပြကာ စစ်ဆေးရုံက VIP ကုသဆောင်မှာ ကုသနေတယ်လို့ နိုင်ငံခြားသတင်းဌာနတစ်ခုကို အတည်ပြုပြောကြားခဲ့ပါတယ်။

    ကိုဗစ်ပျောက်ကင်းသွားတဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ဟာ သောကြာနေ့မှာ ဆေးရုံကနေ ဆင်းသွားပြီး ဆရာဝန်တွေ၊ သူနာပြုတွေက ပုံမှန် ကျန်းမာရေးစစ်ဆေးပေးနေတယ်လို့ အခြား ဆေးရုံဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

    စစ်အာဏာရှင် ဦးနေဝင်းနေရာကို ဆက်ခံခဲ့တဲ့ ဦးသန်းရွှေဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တိုင်းပြည်ကို အုပ်စိုးခဲ့ပြီး ပြည်သူလူထုနဲ့ ရဟန်းသံဃာတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ညှင်းပမ်းမှုကြောင့် အမည်ဆိုးနဲ့ ကျော်ကြားခဲ့သူဖြစ်ပါတယ်။ အာဏာရှင် ဦးသန်းရွှေလက်ထက်အတွင်း မြန်မာနိုင်ငံဟာ ပညာရေး၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်း စသဖြင့် အဖက်ဖက်က နိမ့်ကျခဲ့ပါတယ်။

    Ref: Daily Mail

  • အာဖဂန် အမျိုးသမီးစက်ရုပ်အသင်း ကာတာသို့ ချောမောစွာရောက်ရှိ

    အာဖဂန် အမျိုးသမီးစက်ရုပ်အသင်း ကာတာသို့ ချောမောစွာရောက်ရှိ

    ဩဂုတ် ၂၃၊ ၂၀၂၁
    M-Media

    -တာလီဘန်လက်အောက် အနာဂတ်မသေချာတဲ့ အခြေအနေမျိုး ကြုံတွေ့နေရတဲ့ အာဖဂန် အမျိုးသမီး စက်ရုပ်အသင်းက အဖွဲ့ဝင် ၉ ဦးဟာ ကာတာနိုင်ငံကို ချောမောစွာ ပြောင်းရွှေ့လာနိုင်ပြီ ဖြစ်ပါတယ်။

    အသက် ၂၅ နှစ်အရွယ် ဆရာတစ်ဦးနဲ့ ၁၅ နှစ်ကနေ ၁၉ နှစ်အရွယ်တွေ ပါဝင်တဲ့ ဒီအဖွဲ့ဟာ တိုင်းပြည်ကနေထွက်ခွာဖို့ ရက်များစွာ ကြိုးပမ်းခဲ့ရတာပါ။ ကာတာအစိုးက ကမကထပြုပြီး သူတို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ တစ်ချို့အဖွဲ့ဝင်တွေနဲ့ ဆရာတွေဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာ ရှိနေပါသေးတယ်။

    ၂၀၁၇ ခုနှစ် အမေရိကန်မှာပြုလုပ်တဲ့ စက်ရုပ်ပြိုင်ပွဲတစ်ခုမှာ အထူးဆု ရခဲ့ပြီးတဲ့နောက် ဒီအဖွဲ့ဟာ နာမည်ကျော်လာတာဖြစ်ပြီး အာဖဂန်နစ္စတန်က အမျိုးသမီးတွေအပေါ် စွမ်းအားမြှင့်တင်ပေးနိုင်မှုမှာ ထင်ရှားတဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

    သူတို့ရဲ့ မိခင်အဖွဲ့အစည်း Digital Citizen Fund (DCF) က တာလီဘန်တွေ မြို့တော်ကာဘူးလ်ကို မသိမ်းခင် ၃ ရက်အလို ဩဂုတ်လ ၁၂ ရက်နေ့မှာ တိုင်းပြည်ကနေထွက်ခွာဖို့ ကာတာအစိုးရကို အကူအညီတောင်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    ဒီအဖွဲ့က မိန်းကလေးငယ်တွေဟာ အာဖဂန်နစ္စတန်အနောက်ပိုင်း ဟီရတ်ဒေသက ဖြစ်ပါတယ်။

    DCF ဘုတ်အဖွဲ့ဝင် အဲလိဇဘက် ရှဖာဘရောင်းက ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီအမျိုးသမီးငယ်​လေးတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေ၊ ရဲရင့်ထက်မြက်မှုတွေက ဒီနေ့လို လွတ်မြောက်မှုရဲ့ အကြောင်းခံတွေ ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်အမျိုးသမီး စက်ရုပ်အဖွဲ့ဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာနေထိုင်ပြီး ပညာဆက်လက်သင်ကြားမှာ ဖြစ်ပါတယ်။ ရှဖာဘရောင်းက အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တော်တော်များများ သူတို့ကို ပညာသင်ဆုပေးဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

    DCF အဖွဲ့ကို တည်ထောင်သူ အာဖဂန် နည်းပညာဆိုင်ရာ စွန့်ဦးပညာရှင် ရိုယာ မဟ်ဘူးဘ်က ဒီအဖွဲ့ကို ၂၀၁၇ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ဆိုးဆိုးရွားရွားပြန့်နှံ့နေတဲ့ မနှစ်က ဒီအဖွဲ့ဟာ ကားပစ္စည်းအစိတ်အပိုင်းတွေနဲ့ တန်ဖိုးနည်း အသက်ရှူစက်ကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။

    Ref: BBC

  • မြန်မာအာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးလုပ်မည်ဟု ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးပြော

    မြန်မာအာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးလုပ်မည်ဟု ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးပြော

    ဩဂုတ် ၂၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်နဲ့ စစ်ဖက်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါးဖိုမင်က ပြောကြားလိုက်ပါတယ်။

    မြန်မာစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဒီကနေ့ မော်စကိုမှာတွေ့ဆုံစဉ် အခုလို ပြောကြားလိုက်တာပါ။ ရုရှားဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ထောက်ခံထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    “စစ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ နည်းပညာအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းဖွံ့ဖြိုးအောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အာရှပစိဖိတ်နဲ့ အရှေ့တောင်အာရှဒေသမှာ မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက်ပြီး စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံမျိုး ဖြစ်ပါတယ်။ ကံမကောင်းတာက ပြည်တွင်းနိုင်ငံရေးအခြေအနေ တော်တော်လေး ဆိုးရွားနေတယ်။ မြန်မာခေါင်းဆောင်ပိုင်းဟာ တည်ငြိမ်အေးချမ်းရေးအတွက် အစွမ်းကုန် ဆောင်ရွက်နေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်”

    မြန်မာစစ်တပ်ကအဖွဲ့ဟာ စစ်ရေးကျွမ်းကျင်မှုပြိုင်ပွဲ Army-2021 ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရုရှားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အလက်ဇန်းဒါးဖိုမင်က ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် ရုရှားထုတ် လက်နက်မျိုးစုံကို ကြည့်ရှုလေ့လာခွင့် ရမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဗိုလ်ချုပ်ကြီး​ မောင်မောင်အေးက မိမိတို့စစ်တပ် ခိုင်မာတောင့်တင်းအောင် နည်းပညာတွေ၊ ကျွမ်းကျင်သူတွေနဲ့ ကူညီပံ့ပိုးပေးတဲ့ ရုရှားကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရုရှားရဲ့ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ တက္ကသိုလ်တွေမှာ မြန်မာကျောင်းသားတွေ လေ့လာဆည်းပူးခွင့် ရရှိတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်”

    ဆွေးနွေးပွဲအပြီး ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီဆွေးနွေးပွဲဟာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွေအကြား အရင်ကတည်းက ရှိခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ဖြည်းဖြည်းတိုးတက်အောင် ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ထပ်လောင်း အတည်ပြုလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    Ref: TASS

  • ဆော်ဒီအာရေဗျ၏ Made in Saudi စီမံကိန်းတွင် ကုမ္ပဏီ ၉၀၀ ကျော်မှတ်ပုံတင်ထား

    ဆော်ဒီအာရေဗျ၏ Made in Saudi စီမံကိန်းတွင် ကုမ္ပဏီ ၉၀၀ ကျော်မှတ်ပုံတင်ထား

    ဩဂုတ် ၂၃၊ ၂၀၂၁

    M-Media 

    – ပြည်ပသွင်းကုန် လျှော့ချရေးနဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေး ရည်ရွယ်တဲ့ Made in Saudi စီမံကိန်းမှာ စာရင်းသွင်းထားတဲ့ ကုမ္ပဏီပေါင်း ၉၀၀ ကျော်ရှိတယ်လို့ ဆော်ဒီအာရေဗျ ပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (SEDA) က ပြောပါတယ်။ 

    Made in Saudi စီမံကိန်းကို အခုနှစ် မတ်လက စတင်ခဲ့ပြီး အီလက်ထရောနစ်၊ ဆောက်လုပ်ရေးပစ္စည်း၊ ဓာတုဗေဒပစ္စည်း အပါအဝင် လုပ်ငန်းကဏ္ဍပေါင်း ၁၆ ခုပါဝင်ကာ နောက်ပိုင်းမှာ အခြားကဏ္ဍတွေကိုလည်း တိုးချဲ့ဖို့ ရှိနေပါတယ်။ 

    လက်ရှိ စာရင်းသွင်းထားတဲ့ ကုမ္ပဏီ ၉၀၀ ကျော်ဟာ ကုန်ပစ္စည်းပေါင်း နှစ်ထောင်ကျော်ကို ထုတ်လုပ်မှာဖြစ်ပါတယ်။ 

    နိုင်ငံစီးပွားရေး ရေနံအပေါ်မှီခိုနေရမှုကို လျှော့ချရေးနဲ့ နယ်ပယ်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆော်ဒီဟာ ၂၀၃၀ စီမံကိန်း ထားရှိဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းထဲမှာ ကုန်ထုတ်လုပ်ငန်းတိုးမြှင့်ပြီး ပြည်တွင်းမှာသာမက ပြည်ပကိုပါတင်ပို့နိုင်ရေး ဆောင်ရွက်ဖို့လည်း ပါဝင်ပါတယ်။ 

    Made in Saud စီမံကိန်းကို ဆော်ဒီအစိုးရက ထိထိရောက်ရောက် ပံ့ပိုးကူညီပေးပြီး ၂၀၃၀ ရောက်ရင် ပြည်တွင်း ကုတ်ထုတ်မှုလုပ်ငန်းဟာ နိုင်ငံ GDP ရဲ့ ၆၅ ရာခိုင်နှုန်းရှိရေး၊ ရေနံမဟုတ်တဲ့ ကုန်ပစ္စည်းတင်ပို့မှု ၅၀ ရာခိုင်နှုန်းအထိ ရှိရေး ရည်မှန်းထားတာ ဖြစ်ပါတယ်။ 

    Ref: Saudi Gazette

  • ရှမ်းပြည်မှစစ်ဘေးရှောင်များ မဝင်လာစေရန် တရုတ်က နယ်စ​ပ်တွင် ခြံစည်းရိုး တိုးကာ

    ရှမ်းပြည်မှစစ်ဘေးရှောင်များ မဝင်လာစေရန် တရုတ်က နယ်စ​ပ်တွင် ခြံစည်းရိုး တိုးကာ

    ဩဂုတ် ၂၁၊ ၂၀၂၁
    M-Media

    -ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လတ်တလော တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ရှိနေပြီး ဒီလူတွေကို တရုတ်ကဖက်က ပြန်​မောင်းထုတ်နေသလို နောက်ထပ် ဝင်မလာစေဖို့အတွက် မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်မှာ ခြံစည်ရိုးတွေ ကာနေပါတယ်။

    မူဆယ်ခရိုင်မှာ MNDAA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဩဂုတ်လ အစောပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်နေပြီး ရွာပေါင်း အနည်းဆုံး ၇ ရွာက လူထောင်ချီ ထွက်ပြေးနေရပါတယ်။

    တရုတ်ဖက်ဝင်ရောက်သွားတဲ့ စစ်ဘေးရှောင်တွေကို တရုတ်နယ်ခြားစောင့်တပ်ဖွဲ့တွေက ပြန်မောင်းထုတ်တာတွေ ရှိနေပြီး၊ စစ်ကြောင့်ထွက်ပြေးလာရသူတွေ နယ်စပ်ကိုရောက်လာကာ ၂ ရက်အကြာမှာပဲ ပန့်ဆန်းနဲ့ကပ်နေတဲ့ နယ်စပ်မှာ တရုတ်က ခြံစည်းရိုးကာတာလို့ မျက်မြင်တွေ့ရသူတွေက ဆိုပါတယ်။

    ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် တိုက်ပွဲတွေတုန်းက စစ်ဘေးရှောင်တွေဟာ တရုတ်ဖက်ကို ဝင်ရောက်ခိုလှုံခွင့် ရခဲ့ပါတယ်။

    “ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ ပါပါတယ်။ သူတို့ရဲ့ကျန်းမာရေးအတွက်က စိုးရိမ်စရာပါ” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    စစ်ဘေးရှောင်တွေဟာ ဝါးတွေ၊ မိုးကာဖျင်တွေနဲ့ ဖြစ်သလို တဲထိုးနေထိုင်နေရပြီး ရေကြီးမှုဒဏ်ကို ခံရမယ့်အန္တရာယ်လည်း ရှိနေပါတယ်။

    ၂၀၁၁ ခုနှစ်တုန်းက တရုတ်ပြည်သူတွေ အစားအသောက် လာရောက်လှူဒါန်းပေမယ့် အခုအချိန်မှာတော့ ဒါမျိုး မရှိတော့ဘဲ လက်ရှိမှာ အစားအသောက်၊ ဆေးဝါး၊ ယာယီရွက်ဖျင်တဲ စတာတွေ လိုအပ်နေတယ်လို့ အကူအညီပေးရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

    Ref: BNI Online