News @ M-Media

Blog

  • အကြီးတန်း အရာရှိများ အပါအဝင် လူ ၅၀ ကျော်ကို လာဘ်စားမှုဖြင့် စပိန်ရဲတပ်ဖွဲ့ဖမ်းဆီး

    အကြီးတန်း အရာရှိများ အပါအဝင် လူ ၅၀ ကျော်ကို လာဘ်စားမှုဖြင့် စပိန်ရဲတပ်ဖွဲ့ဖမ်းဆီး

    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media
    20141027133159425734_20-620x330
    – အစိုးရအဆင့် ချစားမှုတိုက်ဖျက်ရေး စီးနင်းမှုအတွင်း စပိန်ရဲများမှာ အကြီးတန်း အရာရှိများ အပါအ၀င် လူ ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

    ကြီးမားသော ချစားမှုကွန်ယက်၏ အစိတ်အပိုင်းအဖြစ် သံယရှိသော အကြီးတန်းနိုင်ငံရေး သမား ၅၁ ဦးကို ပစ်မှတ်ထား၍ နိုင်ငံအလယ်ပိုင်းတွင် မက်ဒရစ်နှင့် လီယွန်မြို့များရှိ မြိုတော်ခန်းမများ၊ အရှေ့ပိုင်းတွင် မာစီယာနှင့် ဗလင်စီယာမြို့တို့တွင် ယမန်နေ့က ၀င်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။

    ဖမ်းဆီးခံရသူများမှာ ငွေကြေးခ၀ါချမှု၊ အလွဲသုံးစားလုပ်မှုနှင့် ဆွယ်တရားဟောမှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုခံ ရဖွယ်ရှိနေသည်။

    ထိုအထဲတွင် ဆွဇ်ဘဏ်အကောင့်၌ ကန်ဒေါ်လာ ၂ သန်းနီးပါးရှိနေသည်ဟု စပိန်သတင်းစာ El Mundo က ဖော်ပြပြီးနောက်ပိုင်း ရာထူးမှ နှုတ်ထွက်သွားခဲ့သည့် အာဏာရ Popular ပါတီမှ အထွေထွေအတွင်းရေးမှူးဟောင်း ဖရန်စစ္စကိုလည်း ပါဝင်သည်။

    စပိန်ဂျာနယ်လစ် မီဂွယ် အန်ဇို မူရာဒိုကမူ ဖမ်းဆီးခံရသူများတွင် ပြည်သူ့ပါတီနှင့် အတိုက်အခံ ဆိုရှယ်လစ်ပါတီမှ အဖွဲ့ဝင်များလည်း ပါသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါဖမ်းဆီးမှုမှာ ချစားမှုနှင့်ပတ်သက်၍ စပိန်သမိုင်းတွင် အကြီးမားဆုံး ဖမ်းဆီးမှုဖြစ်ပြီး ကန်ဒေါ်လာ ၃၁၅ သန်းတန် အစိုးရ၏ ဆောက်လုပ်ရေးကန်ထရိုက်များ ပါဝင်သော ချစားမှု ကွန်ယက်အား ပစ်မှတ်ထား၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ချစားမှုတိုက်ဖျက်ရေး တရားသူကြီးများက ထုတ်ပြန်သော ကြေညာချက် တွင်ဖော်ပြထားသည်။

    ref_Al Jazeera and agencies

  • တရုတ်နိုင်ငံ တွင် ကျောင်းသား ၂၀၀၀ ကျော် စာမေးပွဲ၌ ရေဒီယိုလှိုင်းသုံး၍ စာခိုးချစဉ် ဖမ်းမိ

    တရုတ်နိုင်ငံ တွင် ကျောင်းသား ၂၀၀၀ ကျော် စာမေးပွဲ၌ ရေဒီယိုလှိုင်းသုံး၍ စာခိုးချစဉ် ဖမ်းမိ

    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media
    141028131118-china-exam-security-story-top
    – တရုတ်နိုင်ငံ ပြည်နယ်တစ်ခုရှိ ဆေးဘက်ဆိုင်ရာ စာမေးပွဲတွင် ကျောင်းသား ၂၀၀၀ ကျော်မှာ ရေဒီယိုလှိုင်းသုံး၍ ပြင်ပ အကူအညီ ရယူကာ စာမေးပွဲဖြေဆိုခဲ့ကြပြီး၊ ထိုလုပ်ရပ်အား ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်း ဇီယန်ပြည်နယ်တွင် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆေးဘက်ဆိုင်ရာ စာမေးပွဲ၌  နေရာ ၇ ခုတွင် ပုံမှန်မဟုတ်သည့် ရေဒီယိုလှိုင်းများမှ တစ်ဆင့် ကြိုးမဲ့နားကြပ်များ၊ လျှပ်စစ် ခဲဖျက်များ တပ်ဆင် အသုံးပြုထားသော ကျောင်းသားများထံသို့ အဖြေများပေးပို့နေသည်ဟို စာမေးပွဲ အခန်းစောင့်များက တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ထိုစနစ်ကို ဆောင်ရွက်သူများမှာ စာမွေးပွဲ အခန်းအတွင်းသို့ အယောင်ဆောင် ကိုယ်စားလှယ် တစ်ဦးကို စေလွှတ်ခဲ့ကာ မေးခွန်းများကို ရယူခဲ့ပြီးနောက် ကျောင်းသား ၂၄၄၀ ဦးထံသို့ အဖြေများကို ပေးပို့ခြင်းဖြစ်သည်။ ထိုစနစ်အား အသုံးပြုနိုင်ရန် အတွက်ကျောင်းသား တစ်ဦးလျှင် ဒေါ်လာ ၃၃၀ ခန့် ပေးရသည်ဟု ဆိုသည်။

    အဆိုပါ စာမေးပွဲတွင် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်ပါဝင်ပြီး၊ ဘေဂျင်း အခြေစိုက် ပညာရေး အကြံပေးတစ်ဦးကမူ တရုတ်ပညာရေးစနစ်တွင် စာမေးပွဲဖြေဆိုခြင်း စနစ်ကို ထားရှိခြင်းက လိမ်လည်ဖြေဆိုသည့် ယဉ်ကျေးမှုကို ဖြစ်ထွန်းစေခြင်းသာဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

    ထို့ပြင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများတွင် ခိုးချနိုင်သည့် ပစ္စည်းများ စာမေးပွဲအခန်း အတွင်းသို့ မပါလာစေရန်အတွက် တာဝန်ရှိသူများက အဆင့်မြင့် ရှာဖွေနည်းများကို အသုံးပြု၍ ရှာဖွေမှုများကို ပြုလုပ်ပြီး စာမေးပွဲခန်း လုံခြုံရေးမှာ လေဆိပ် လုံခြုံရေးထက်ပင် ပိုမိုတင်းကြပ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ref_ CNN

  • အမျိုးသားချင်း အဓမ္မ ကျင့်မှု အမေရိကန် စစ်တပ်၏ အဓိက ပြဿနာတစ်ခု ဖြစ်လာ

    အမျိုးသားချင်း အဓမ္မ ကျင့်မှု အမေရိကန် စစ်တပ်၏ အဓိက ပြဿနာတစ်ခု ဖြစ်လာ

    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media

    Military-Men-665x385
    – စစ်တပ်အတွင်း အမျိုးသမီးများမှာ အဓမ္မကျင့်မှု၏ သားကောင်ဖြစ်ရန် ရာခိုင်နှုန်း ပိုများသော်လည်း အမေရိကန်စစ်တပ်တွင်တော့ အမျိုးသားအချင်းချင်း အဓမ္မ ပြုကျင့်မှုမှာ ဆိုးရွားသည့်ပြဿနာတစ်ရပ်အဖြစ် လွှမ်းမိုးလာလေသည်။

    မကြာသေးမီက ကျော်ကြားသည့် အမျိုးသားမဂ္ဂဇင်း GQ တွင် ဖော်ပြခဲ့သော ဆောင်းပါး၌ အမေရိကန်စစ်တပ်မှ စစ်မှူထမ်းဟောင်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသူ  တစ်ဒါဇင်ကျော်မှာ ၎င်းတို့၏ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုကို လည်းကောင်း၊  ပြစ်မှုကျူးလွန်သူများအား တရားဥပေဒရှေ့မှောက်သို့ ရောက်ရှိလာစေရန်နှင့် မိမိတို့အတွက် လိုအပ်သော စိတ်ကျန်းမာရေး အကူအညီများ ပေးအပ်ရန်တို့အတွက် စစ်တပ်ဘက်မှ ပျက်ကွက်ခဲ့မှုများကိုလည်းကောင်း ဖွင့်ဟပြောဆိုခဲ့လေသည်။

    အမျိုးသားတစ်ဦး အမေရိကန်စစ်တပ်ထဲဝင်ရောက်ပါက လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု အလားအလာမှာ အပြင်လောကထက် ၁၀ ဆကျော်ရှိနေ၏။ ၂၀၁၂ တစ်ခုတည်းတွင်ပင် အမေရိကန်စစ်တပ်အတွင်း အမျိုးသားအချင်းချင်း အဓမ္မ ကျင့်မှုမှာ ခန့်မှန်းချေ ၁၄၂၀၀ မှုအထိ ရှိနေသည်။

    ထို့ပြင် ကျူးလွန်သူများ၏ ရာထူးကြောင့်၊ အခြားသော ဆက်ဆံရေးများတွင် ထိခိုက်မည်ဆိုးသောကြောင့် အဓမ္မ ကျင့်ခံရသူ စစ်သားများမှာ ၎င်းတို့စော်ကားခံရမှုများကို ဖွင့်ပြောရန် အလားအလာနည်းခြင်းက ပြဿနာတစ်ရပ်ဖြစ်နေသည်။ စစ်တပ်အတွင်း လုပ်ပိုင်ခွင့်ပေးထားမှုကလည်း ထိုကဲ့သို့ ကျူးလွန်မှုကို ပိုမိုပြန့်နှံစေ၏။ အဘယ့်ကြောင့်ဆိုသော် မိမိတို့အား ကျူးလွန်သူများမှာ မိမိတို့ထက်ရာထူးကြီးပါက ကျူးလွန်ခံရသူ ရာထူးနိမ့်များအနေဖြင့် တိုင်ကြားရန် ခက်ခဲသောကြောင့်ပင် ဖြစ်လေ၏။

    “အမြောက်တပ်ကြပ်တစ်ဦးက ခင်ဗျားကို “အ၀တ်တွေချွတ်လိုက်” လို့ပြောရင် ခင်ဗျားအနေနဲ့ ခိုင်းတဲ့ အတိုင်းလုပ်တာ ပိုကောင်းပါတယ်။ မေးခွန်းတွေ သွားမမေးမိပါစေနဲ့” ဟု မရိန်းတပ်သားဟောင်း ဆမ်မက်ဒရစ်(အမည်လွှဲ) က ပြောကြားခဲ့သည်။

    ကိုလီ ဝေါ့လ်ရှ်တစ်ယောက် ၂၀၀၇ ခုနှစ်က စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကို ခံခဲ့ရသည်။ သို့သော်လည်း မိမိ၏ ရည်ရွယ်ချက် ပျက်ဆီးသွားနိုင်သည်ကို ကြောက်ရွံ့မိသည့်အတွက် ထိုအဖြစ်အပျက်အား တိုင်ကြားခြင်းမပြုခဲ့။

    “ဒီအနိုင်ကျင့်မှုကို ကျွန်တော်လစ်လျူရှုလိုက်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော့် စစ်သားဘ၀ တစ်လျှောက် အနှောက်အယှက် မဖြစ်ချင်လို့ပါပဲ။ ကျွန်တော်အရာရှိတစ်ယောက် ဖြစ်ချင်တယ်။ ဒါ့ကြောင့် “မကောင်းတဲ့အတွေ့အကြုံပေါ့လေ။ နောက်ထပ် အဖြစ်မခံတော့ဘူး” လို့ပဲ ဖြေသိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါရဲ့ အကျိုးဆက်က ထပ်ဖြစ်လာပါတယ်။ တစ်လခွဲလောက်ကြာတော့ အရာရှိ ၉ ရောက်လောက်က အခန်းတစ်ခုထဲမှာ ကျွန်တော့်ကို ခေါ်တွေတယ်။ ပြီးတော့ “မင်းမှာ HIV ရှိနေပြီ” လို့ ပြောပါတယ်။ တစ်ရက်အတွင်းမှာပဲ ကျွန်တော့်ကို တပ်ထဲက ထုတ်ပစ်လိုက်ပါတယ်။ သိပ်ကို တုန်လှုပ်စရာပါပဲ” ဟု ဝေါ့လ်ရှ်က GQ မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

    လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရသူစစ်သားများမှာ ၎င်းတို့အဖြစ်အပျက်အတွက် တိတ်တိတ်မနေပါကလည်း ကျန်းမာရေးမကောင်းဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့မှာ စစ်တပ်မှထုတ်ခံရပြီး အနိုင်ကျင့်သူများကိုတော့ ဆက်လက် တာဝန်ထမ်းဆောင်စေလေသည်။

    ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကျန်းမာရေးမကောင်းဟုဆိုကာ တပ်မှ အတင်း အဓမ္မ ထုတ်ပစ်ခဲ့သော စစ်သားပေါင်း ၃၁၀၀၀ နီးပါးရှိလေသည်။ ၎င်းတို့ထဲမှ အများစု၏ ကျန်းမာရေးမှာ ရောဂါဖြစ်စအခြေအနေတွင် ရှိနေသော်လည်း စစ်မှုထမ်းဟောင်းရေးရာ VA ဌာန၏ အခမဲ့ဆေးကုသပေးမှုစနစ်တွင် သွားရောက်ကုသခွင့်မရခဲ့။ ကုသခွင့်ရသူများမှာလည်း ၎င်းတို့လိုအပ်သည့် အကူအညီများကို မရခဲ့ကြ။

    “ကျွန်တော်အပြင်ကို စရောက်တဲ့အချိန်မှာ VA မှာ ကုသဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ အဲဒီကို ကျွန်တော်ပြန်လာတဲ့အချိန်တိုင်းမှာ လူတွေက ပြောင်းပြောင်းသွားပါတယ်။ သူတို့က ဖောင်တွေထပ်ထပ်ဖြည့်ခိုင်းပြီး ကျွန်တော့်အကြောင်းကိုလည်း ပြန်ပြန်ပြောရပါတယ်။ တော်တော်လေးဆိုးပြီး ရယ်စရာလည်း ကောင်းပါတယ်” ဟု တပ်သားဟောင်း တစ်ဦးဖြစ်သူ တက်ဒ် စကိုရာနက်က ဆိုလေသည်။

    ထို့ပြင် ရေတပ်သားဟောင်း တယ်ရီနေးလ်ကလည်း ဆရာဝန်တစ်ယောက်က ၎င်းအား  “သားရယ် ယောကျော်းအချင်းချင်း မုဒိမ်းမကျင့်ပါဘူး” ဟု တုံ့ပြန်ခဲ့ကြောင်း ဆိုလေသည်။

    အခြားအကြောင်းရာတစ်ခုကတော့ တရားရုံးသို့ရောက်သော ထိုအမှုများမှ ၇ ရာခိုင်နှုန်းကိုသာ ပြစ်ဒဏ်စီရင်နိုင်ခဲ့သည့် စစ်တပ်၏ တရားရေးစနစ် ဖြစ်လေသည်။ ထို့ပြင် အနိုင်ကျင့်ခံရသူ ၈၁ ရာခိုင်နှုန်းက တိုင်ကြားခြင်းမရှိကြ။

    နယူးယောက် ဆီးနိတ်အမတ် ကရစ္စတင် ဂီလီဘရန်းကမူ စစ်တပ်၏ တရားရေးစနစ်အား ပြုပြင်ပြောင်းလဲရန်အတွက် “စစ်ဘက်တရားမျှတမှု တိုးတက်ရေး အက်ဥပဒေ” ကို အဆိုပြုခဲ့သည်။ အဆိုပါဥပဒေကြမ်းတွင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများအတွက် တပ်မှုများရရှိထားသည့် တရားစီရင်ခွင့်အာဏာကို ရုပ်သိမ်းထားပြီး လွပ်လပ်သော စစ်ဘက်အရာရှိများပါဝင်သော တရားသူကြီးအဖွဲ့အား ထိုအာဏာကို ပြန်လည်အပ်နှင်းထားသည်။

    အဆိုပါ မူကြမ်းကို ဆီးနိတ်လွှတ်တော်တွင် ထောက်ခံမှုရခဲ့သော်လည်း ဥပဒေအဖြစ် မဖြစ်လာစေရန် ကဖျက်ယဖျက်လုပ်သူများ၏ နှောက်ယှက်မှုကိုတော့ မတွန်းလှန်နိုင်ခဲ့။ ကျူးလွန်ခံရသူများကတော့ ဆက်လက်နှုတ်ဆိတ်လျက်ပင် ရှိနေလေ၏။

    “ကျွန်တော်ယောက်ျားတွေကို ကြောက်ပါတယ်။ ကျွန်တော်လိင်တူစိတ်ဝင်စားသူတစ်ဦးပါ။ ယောက်ျားတွေကို ကြောက်ပါတယ်။ ကျွန်တော်သီးသန့်နေပါတယ်။ ရုပ်ရှင်တွေ၊ ဂီတပွဲတွေ မသွားပါဘူး။ ကျွန်တော့်မှာ အိပ်မက်ဆိုးတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ခရစ္စမတ်က  သူငယ်ချင်းတစ်ချို့နဲ့ ညစာစားပွဲတစ်ခုသွားပါတယ်။ အဲဒီမှာ ကျွန်တော်စိတ်ခြောက်ခြားပြီးစားသောက်ဆိုင်အပြင်ဘက်ကို ထွက်ပြေးခဲ့ပါတယ်။ တကိုယ်လုံးလည်း တုန်နေပြီးဒီအကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင်လအထိ ဘယ်သူကိုမှ မပြောခဲ့ပါဘူး။ ဒီလိုပုံစံမျိုးနဲ့ နှစ် ၃၀ လောက်နေခဲ့ရတာ ဘာနဲ့တူသလဲဆိုတာ ခင်ဗျားသိသလား” ဟု အမေရိကန်စစ်တပ်တွင် အဓမ္မ ပြုကျင့်ခံခဲ့ရသည့် စစ်သားဟောင်း ဂရေးဂျုန်းစ် (အမည်လွှဲ) က ပြောကြားခဲ့လေ၏။

     

    ref_ Daily Mail

  • ပြီးခဲ့သည့်နှစ် လာလီဂါ အကောင်းဆုံး ဆု ၃ ခုကို ရော်နယ်ဒို ရရှိ

    ပြီးခဲ့သည့်နှစ် လာလီဂါ အကောင်းဆုံး ဆု ၃ ခုကို ရော်နယ်ဒို ရရှိ

    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media
    xronaldo-1414474439.jpg.pagespeed.ic.xLwruaHw_5
    – ၂၀၁၃-၂၀၁၄ ဘောလုံရာသီအတွက် လာလီဂါအကောင်းဆုံး ဆုများကို ယမန်နေ့က ပေးအပ်ချီးမြှင့်ခဲ့ရာ ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုက အကောင်းဆုံး ကစားသမားဆု အပါအ၀င် ဆု ၃ ဆုကို ဆွတ်ခူး ရရှိခဲ့သည်ဟု သိရသည်။

    ရော်နယ်ဒိုမှာ ပြီးခဲ့သည့်နှစ် လာလီဂါတွင် ရီးယဲလ် အတွက် ပွဲပေါင်း ၃၀ ကစားပေးခဲ့ပြီး ၃၁ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ယခုကဲ့သို့ လာလီဂါ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းမှာ ၂၀၀၈-၀၉ ဘောလုံးရာသီ လာလီဂါသို့ စရောက်ပြီးနောက်ပိုင်း ပထဆုံးအကြိမ် အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    “ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ မိသားစုအားလုံးကို ကျွန်တော် ကျေးဇူးတင်ရပါမယ်။ ကျွန်တော့်ရဲ့ ကစားသမား သက်တမ်းတစ်လျှောက်မှာ ဒါဟာ သိပ်ကို ကောင်းမွန်တဲ့ ကာလပါပဲ။ ကျွန်တော့်အတွက် အရေးကြီးတာက အသင်းလိုက် ဆုရချင်တာပါ။ ဒါပေမယ့် တစ်ယောက်ချင်းစီအတွက် ရတဲ့ဆုကိုလည်း ကျွန်တော်ကြိုက်ပါတယ်။ ဒီလိုအရည်အချင်းတွေကို ဆက်လက်တိုးတက်အောင်လုပ်ဖို့ ကျွန်တော် နေ့တိုင်းကြိုးစားပါတယ်” ဟု ယမန်နေ့ညက မက်ဒရစ်တွင်ပြုလုပ်သော ဆုပေးပွဲအခမ်းအနားတွင် ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ လာလီဂါ အကောင်းဆုံး ကစားသမားဆုအပြင်၊ အကောင်းဆုံး တိုက်စစ်မှူးဆုနှင့် ပွဲစဉ် ၃၆ ဗလင်စီယာနှင့်ပွဲတွင် သွင်းယူခဲ့သောဂိုးအတွက် အကောင်းဆုံး ဂိုးသွင်းနိုင်မှုဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

    အက်သလက်တီကိုမက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ဆီမြွန်နီမှာ အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးရရှိခဲ့ပြီး၊ ဘာစီလိုနာ ကွင်းလယ်လူ အင်နီယေစတာက အကောင်းဆုံး ကွယ်လယ်ကစားသမားဆုကို ရရှိခဲ့ပြီး အကောင်းဆုံးဆု ၁၂ ဆုကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

  • ဂျာမနီတွင် မူလတန်းကျောင်း နာမည်အား ကမ္ဘာစစ်အတွင်း ဂျူမိသားစုအား ကယ်ခဲ့သော မွတ်စလင် တစ်ဦး အမည်ပေး ဂုဏ်ပြု

    ဂျာမနီတွင် မူလတန်းကျောင်း နာမည်အား ကမ္ဘာစစ်အတွင်း ဂျူမိသားစုအား ကယ်ခဲ့သော မွတ်စလင် တစ်ဦး အမည်ပေး ဂုဏ်ပြု

    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media

    26-10-14_Berlin-Jews-Honor-Muslim-WWII-Hero
    အလ်ဘေးနီးမွတ်စလင် ဓာတ်ပုံဆရာဖြစ်သူ ရာဖစ်က် ဗက်စ်လီ

    – နာဇီတို့ကြီးစိုးစဉ် ကာလနှင့် ဒုတိယကမ္ဘာ စစ်ကာလ အတွင်း ယူဂိုစလားဗီးယားမှ ဂျူးမိသားစုတစ်ခုအား မိမိနေအိမ်တွင် နှစ်ပေါင်းများစွာဝှက်ကာ ကာကွယ်စောင့်ရှောက်ပေးခဲ့သော မွတ်စလင်တစ်ဦးကို ဂုဏ်ပြုသောအားဖြင့် ဘာလင်ရှိ မူလတန်းကျောင်း တစ်ကျောင်းအား ၎င်း၏အမည် မှည့်ခေါ်ခဲ့သည်ဟု သိရသည်။

    “သူတို့မိသားစုဟာ Goethe နဲ့ Schiller တို့ (နာမည်ကျော်ဂျာမန် စာပေညာရှင်များ) ရဲ့ အမွေအနှစ်တွေကို မသင်ခဲ့ရပါဘူး။ ဒါပေမယ့် လူသား ဘ၀အတွက် သိပ်ကို အရေးပါတဲ့ နှလုံးသားတော့ သူတို့ဆီမှာရှိပါတယ်” ဟု မွတ်စလင်မိသားစုမှ ကယ်တင်ခဲ့သောကြောင့် အသက်ချမ်းသာရာရခဲ့သည့် မိုရှေးမန်ဒီလ်နှင့် ၎င်း၏မိသားစု၏ စာတွင် ရေးသားခဲ့သည်ဟု Haartz သတင်းဌာနက အောက်တိုဘာ ၂၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။

    ဓာတ်ပုံတိုက်တစ်ခုကို ပိုင်ဆိုင်သည့် အဆိုပါ ဂျူးမိသားစုမှာ ၁၉၄၁ ခုနှစ် နာဇီတို့ ဆိုဗီယက်ပြည်ထောင်စုကို ကျူးကျော်စဉ်အခါက နာဇီတို့လက်မှ လွတ်မြောက်ရန် ထွက်ပြေးစဉ် ဖမ်းဆီးခြင်းခံခဲ့ရသည်။

    ထို့နောက် လွတ်မြောက်ပြီး အလ်ဘေးနီးယားသို့ ထွက်ပြေးရာတွင်လည်း နာဇီတို့၏လက်မှ မလွတ်မြောက်နိုင်ဘဲ အသက် ၁၇ နှစ်အရွယ် အလ်ဘေးနီးမွတ်စလင် ဓာတ်ပုံဆရာဖြစ်သူ ရာဖစ်က် ဗက်စ်လီ မှာ ၎င်းတို့မိသားစုအား အလ်ဘေးနီးယားတောင်တန်းများပေါ်ရှိ ၎င်း၏နေအိမ်တွင် ၀ှက်ထားပေးကာ ၁၉၄၄ ခုနှစ်အထိ ကာကွယ် စောင့်ရှောက်ပေးခဲ့သည်။

    လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ၎င်းတို့ မိသားစုနှစ်ခုမှာ နီးကပ်သော ဆက်ဆံရေး ရှိခဲ့ပြီး မိုရှေးမှာ ၎င်း၏ မြေးဖြစ်သူအား ဗက်စ်လီ၏ အမည်ကို မှည့်ခေါ်ခဲ့သည်။

    မွတ်စလင်မိသားစု၏ သဘောထားကြီးမှုကို ပြန်လည်ကျေးဇူး တုံ့ပြန်သည့်အနေဖြင့် မိုရှေး၏ သားဖြစ်သူ ဂါဗ်ရာက ဂျူးများကို နာဇီတို့က သုတ်သင်သော Holocaust အစီအစဉ်အား လေ့လာမှုများပြုလုပ်နေသည့် အစ္စရေး အခြေစိုက် Yad Vashem စင်တာသို့ ၎င်းတို့၏ အကြောင်းများကို စာရေးသား အသိပေးခဲ့သည်။ ထို့နောက် Yad Vashem အဖွဲ့က ဗက်စ်လီအား Righteous Among the Nations ဆုကို ပေးအပ်ခဲ့သည်။

    ထို့ပြင် ဘာလင်ရှိ မူလတန်းကျောင်းတစ်ခု၏ အမည်အား ဗက်စ်လီ၏ အမည် ပြောင်းလဲမှည့်ခေါ်စေရန် အတွက်လည်း ဂါဗ်ရာက ကြိုးစားခဲ့ပြီး အဆိုပါကျောင်း၏ ကျောင်းသားများ၊ ဆရာများနှင့် မိဘများက မဲခွဲဆုံးဖြတ်ခဲ့ပြီနောက် ကျောင်း၏ အမည်အား ဗက်စ်လီ၏ နာမည်ဖြင့် ဂုဏ်ပြုမှည့်ခေါ်ခဲ့ကြသည်။

    အလ်ဘေးနီးယားမှာ အစ္စလာမ် ဘာသာဝင် အများစုရှိသည့် ဥရောပနိုင်ငံ ငယ်တစ်ခုဖြစ်ပြီး ဒုတိယကမ္ဘာစစ် မဖြစ်ခင်က ဂျူးလူဦးရေ ၂၀၀ သာရှိသော်လည်း စစ်ကြီးပြီးနောက် ဥရောပ နိုင်ငံ ၆ နိုင်ငံရှိ ဒုက္ခသည် စခန်းများမှ ဂျူးဒုက္ခသည်များမှာ နာဇီတို့၏ ညှင်းပန်းနှိပ်စက်မှုမှ လွတ်မြောက်ရန် အလ်ဘေးနီးယားနိုင်ငံ အတွင်းသို့ ခိုလှုံလာခဲ့ကြသည်။

    ဒုတိယကမ္ဘာစစ်အတွင်း ဂျူး မိသားစုများအား ကယ်တင်ခဲ့သော မွတ်စလင်များမှ ဂုဏ်ပြုခံရ သူများထဲတွင် ဗက်စ်လီမှာ ပထမဆုံး မဟုတ်ချေ။ နာဇီတို့၏ သတ်ဖြတ်မှုများမှ ကယ်တင်ခဲ့သော အလ်ဘေးနီးယား မွတ်စလင် ၆၃ ဦးအား အစ္စရေးက Righteous Among the Nations ဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။

    သို့သော်လည်း အစ္စရေး၏ ပါလက်စတိုင်း ပိုင်နက်များအား ကျူးကျော် တိုက်ခိုက် သိမ်းပိုက်မှုကို ဆန့်ကျင်သော အနေဖြင့် မွတ်စလင်များက ထိုဆုအား အစ္စရေး အစိုးရသို့ ပြန်လည်ပေးအပ်ခဲ့သည်။

    ref_ OnIslam & Newspapers