News @ M-Media

Blog

  • ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အတွက် ဇကာတင် စာရင်း ဖီဖာထုတ်ပြန်

    ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အတွက် ဇကာတင် စာရင်း ဖီဖာထုတ်ပြန်

    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    521991_heroa
    – ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အတွက် စကာတင်စာရင်းကို ဖီဖာမှ  ထုတ်ပြန်ခဲ့ရာ ရော်နယ်ဒို၊ မက်ဆီတို့အပါအ၀င် ကမ္ဘာ့ဖလားဆုရ ဂျာမနီအသင်းမှ ကစားသမား ၆ ဦး ပါဝင်ခဲ့သည်ဟု သိရသည်။

    ကစားသမား ၂၃ ဦးပါ အဆိုပါစကာတင်စာရင်းကို ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ဂျာမနီအသင်းမှ ပါဝင်သူများမှာ ဖိလစ်လမ်း၊ ဂေါ့ဇီ၊ တိုနီကရုစ်၊ သောမတ်စ်မူလာ၊ မန်နျူယဲလ် နျူအာ၊ ရှဝိုင်းစတိုင်ဂါတို့ဖြစ်ကြသည်။

    ကလပ်အသင်း အရကြည့်လျှင် ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ်တို့က ၆ ဦးစီ ပါဝင်ကြပြီး ဘာစီလိုနာမှ ၄ ဦး၊ ချယ်ဆီးမှ ၃ ဦး၊ မန်ယူ၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်တို့မှ ၁ ဦးစီ အသီးသီးပါဝင်ကြသည်။

    ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံသမားဆုအတွက် ဘောလုံးသမားများနှင့် နည်းပြများက မဲပေးရွေးချယ်ရမည်ဖြစ်ပြီး ဆုရရှိသူအား ဆွဇ်ဇာလန်နိုင်ငံ ဇူးရစ်ခ်ျမြို့တွင် ဇန်န၀ါရီ ၁၂ ရက်နေ့၌ ကြေညာမည်ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်က Ballon d’Or ဆုကို ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ဘာကာမှ ပြိုင်ဘက် မက်ဆီနှင့် ဘိုင်ယန်မြူးနစ်မှ ရီဘာရီတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့သည်။

  • အေစီမီလန် အသင်းကောင်တစ်သင်း ပြန်ဖြစ်ရန် အချိန်လိုသည်ဟု နည်းပြ အင်ဇာဂီဆို

    အေစီမီလန် အသင်းကောင်တစ်သင်း ပြန်ဖြစ်ရန် အချိန်လိုသည်ဟု နည်းပြ အင်ဇာဂီဆို

    အောက်တိုဘာ ၂၉၊ ၂၀၁၄
    M-Media
    489241_heroa
    – မိမိအသင်း၏ ကံကြမ္မအား တစ်ညတည်းနှင့် ပြောင်းလဲရန် မဖြစ်နိုင်ဘဲ ပိုမိုကောင်းမွန်သော အသင်းဖြစ်လာရန်အတွက် အချိန်လိုအပ်သည်ဟု အေစီမီလန်နည်းပြ ဖိလစ်ပို အင်ဇာဂီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က နည်းပြအပြောင်အလဲများကြား ရုန်းကန်ခဲ့ရသည့် အေစီမီလန်အသင်းမှာ အင်ဇာဂီလက်ထက် ယခုနှစ်တွင်လည်း စွဲမက်ဖွယ် ခြေစွမ်းများ မပြနိုင်သေးဘဲ တနင်္ဂနွေနေ့က ကစားခဲ့သည့်ပွဲတွင် ဖီအိုရင်တီးနားနှင့် ၁ ဂိုးစီ သရေကြခဲ့သည်။

    “ကျွန်တော်တို့ တိုးတက်ရမှာဖြစ်ပြီး တိုက်စစ်ပိုင်းကို ပိုကောင်းအောင်လုပ်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် လမ်းကြောင်းမှန်ကို ကျွန်တော်တို့ ဖြည်းဖြည်းချင်း သွားနေတာပါ။ တစ်သင်းလုံးကို အချိန် ၂ လလောက်နဲ့ မတည်ဆောက်နိုင်ပါဘူး။ မီလန်ကို ကောင်းမွန်တဲ့အသင်းဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတာပါ။ ဒါပေမယ့် အချိန်လိုပါတယ်” ဟု အင်ဇာဂီက ဖီအိုရင်တီးနားနှင့် ပွဲအပြီးတွင် Sky Spot Italia သို့ ပြောကြားခဲ့သည်။

    ထို့ပြင် တောရက်စ်အား အငှားဖြင့်ခေါ်ယူပြီးနောက် အရန်ခုံတွင် ထိုင်ထားခိုင်းခြင်းနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုသွားခဲ့ကာ ၎င်းမှာ မိမိတို့ မျှော်လင့်ထားသော ကစားသမားတစ်ဦးဖြစ်ပြီး အချိန်ပေးရမည်ဖြစ်ကြောင်း အင်ဇာဂီက ထပ်လောင်း ပြောကြားခဲ့သည်။

  • တူးနီးရှား ပါလီမန် ရွေးကောက်ပွဲ Nidaa Tunis ပါတီက အမတ်နေရာ အများဆုံးရရှိ

    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media
    20141027153015986734_20
    – ၂၀၁၁ ခုနှစ်တွင် အာဏာရှင် ဘင်အလီကို ဖြုတ်ချခဲ့သည့် တူနီးရှားတွင် ပြုလုပ်ခဲ့သော ပါလီမန်ရွေးကောက်ပွဲ၌ secular Nidaa Tunis ပါတီက အနိုင်ရခဲ့သည်ဟု ကနဦး မဲရေတွက်မှုများအရ သိရသည်။

    အစိုးရသစ်အတွက် တူနီးရှားပြည်သူများမှာ တနင်္ဂနွေနေ့က မဲပေးခဲ့ခြင်းဖြစ်ပြီး ပါလီမန်အမတ် ၂၁၇ နေရာတွင် ဘီဂျီ ကာအစ်ဒ် အက်ဆက်ဘ်ဆီ ခေါင်းဆောင်သည့် Nidaa Tunis ပါတီမှ ပါလီမန်အမတ်နေရာ ၈၃ နေရာ (၃၈ ရာခိုင်နှုန်း) ရရှိခဲ့ခြင်းဖြစ်သည်။

    တိုင်းပြည်ရှိ ထင်ရှားသည့် အစ္စလာမ့်မစ်ပါတီ  Ennahda မှာ အမတ်နေရာ ၆၈ နေရာ (၃၁ ရခိုင်နှုန်း) ရရှိခဲ့ပြီး Free Patriotic Union ပါတီ နှင့် Popular Front ပါတီတို့မှာ အမတ်နေရာ ၇ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့သည်။

    Ennahda ပါတီမှ အကြီးတန်းတာဝန်ရှိသူ လော့တ်ဖီ ဇီတွန်းက ၎င်းတို့ ရှုံးနိမ့်ခဲ့သည်ဟု ၀န်ခံခဲ့ပြီး နိုင်ငံ၏ အကျိုးအတွက် မိမိတို့ပါတီအပါအ၀င် ညီညွတ်သောအစိုးရဖွဲ့စည်းရန် တိုက်တွန်းခဲ့သည်။

    “ကျွန်တော်တို့ ဒီရလဒ်ကို လက်ခံပါတယ်။ အနိုင်ရသွားတဲ့ ပါတီကိုလည်း ဂုဏ်ပြုပါတယ်” ဟု ဇီတွန်းက ပြောကြားခဲ့သည်။ တူနီးရှားနိုင်ငံမှာ အာရပ်နွေဦးတော်လှန်ရေး အစပြုရာ နေရာလည်းဖြစ်သည်။

    ref_ Al Jazeera and agencies

  • အကြီးတန်း အရာရှိများ အပါအဝင် လူ ၅၀ ကျော်ကို လာဘ်စားမှုဖြင့် စပိန်ရဲတပ်ဖွဲ့ဖမ်းဆီး

    အကြီးတန်း အရာရှိများ အပါအဝင် လူ ၅၀ ကျော်ကို လာဘ်စားမှုဖြင့် စပိန်ရဲတပ်ဖွဲ့ဖမ်းဆီး

    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media
    20141027133159425734_20-620x330
    – အစိုးရအဆင့် ချစားမှုတိုက်ဖျက်ရေး စီးနင်းမှုအတွင်း စပိန်ရဲများမှာ အကြီးတန်း အရာရှိများ အပါအ၀င် လူ ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

    ကြီးမားသော ချစားမှုကွန်ယက်၏ အစိတ်အပိုင်းအဖြစ် သံယရှိသော အကြီးတန်းနိုင်ငံရေး သမား ၅၁ ဦးကို ပစ်မှတ်ထား၍ နိုင်ငံအလယ်ပိုင်းတွင် မက်ဒရစ်နှင့် လီယွန်မြို့များရှိ မြိုတော်ခန်းမများ၊ အရှေ့ပိုင်းတွင် မာစီယာနှင့် ဗလင်စီယာမြို့တို့တွင် ယမန်နေ့က ၀င်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။

    ဖမ်းဆီးခံရသူများမှာ ငွေကြေးခ၀ါချမှု၊ အလွဲသုံးစားလုပ်မှုနှင့် ဆွယ်တရားဟောမှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုခံ ရဖွယ်ရှိနေသည်။

    ထိုအထဲတွင် ဆွဇ်ဘဏ်အကောင့်၌ ကန်ဒေါ်လာ ၂ သန်းနီးပါးရှိနေသည်ဟု စပိန်သတင်းစာ El Mundo က ဖော်ပြပြီးနောက်ပိုင်း ရာထူးမှ နှုတ်ထွက်သွားခဲ့သည့် အာဏာရ Popular ပါတီမှ အထွေထွေအတွင်းရေးမှူးဟောင်း ဖရန်စစ္စကိုလည်း ပါဝင်သည်။

    စပိန်ဂျာနယ်လစ် မီဂွယ် အန်ဇို မူရာဒိုကမူ ဖမ်းဆီးခံရသူများတွင် ပြည်သူ့ပါတီနှင့် အတိုက်အခံ ဆိုရှယ်လစ်ပါတီမှ အဖွဲ့ဝင်များလည်း ပါသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါဖမ်းဆီးမှုမှာ ချစားမှုနှင့်ပတ်သက်၍ စပိန်သမိုင်းတွင် အကြီးမားဆုံး ဖမ်းဆီးမှုဖြစ်ပြီး ကန်ဒေါ်လာ ၃၁၅ သန်းတန် အစိုးရ၏ ဆောက်လုပ်ရေးကန်ထရိုက်များ ပါဝင်သော ချစားမှု ကွန်ယက်အား ပစ်မှတ်ထား၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ချစားမှုတိုက်ဖျက်ရေး တရားသူကြီးများက ထုတ်ပြန်သော ကြေညာချက် တွင်ဖော်ပြထားသည်။

    ref_Al Jazeera and agencies

  • တရုတ်နိုင်ငံ တွင် ကျောင်းသား ၂၀၀၀ ကျော် စာမေးပွဲ၌ ရေဒီယိုလှိုင်းသုံး၍ စာခိုးချစဉ် ဖမ်းမိ

    တရုတ်နိုင်ငံ တွင် ကျောင်းသား ၂၀၀၀ ကျော် စာမေးပွဲ၌ ရေဒီယိုလှိုင်းသုံး၍ စာခိုးချစဉ် ဖမ်းမိ

    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media
    141028131118-china-exam-security-story-top
    – တရုတ်နိုင်ငံ ပြည်နယ်တစ်ခုရှိ ဆေးဘက်ဆိုင်ရာ စာမေးပွဲတွင် ကျောင်းသား ၂၀၀၀ ကျော်မှာ ရေဒီယိုလှိုင်းသုံး၍ ပြင်ပ အကူအညီ ရယူကာ စာမေးပွဲဖြေဆိုခဲ့ကြပြီး၊ ထိုလုပ်ရပ်အား ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်း ဇီယန်ပြည်နယ်တွင် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆေးဘက်ဆိုင်ရာ စာမေးပွဲ၌  နေရာ ၇ ခုတွင် ပုံမှန်မဟုတ်သည့် ရေဒီယိုလှိုင်းများမှ တစ်ဆင့် ကြိုးမဲ့နားကြပ်များ၊ လျှပ်စစ် ခဲဖျက်များ တပ်ဆင် အသုံးပြုထားသော ကျောင်းသားများထံသို့ အဖြေများပေးပို့နေသည်ဟို စာမေးပွဲ အခန်းစောင့်များက တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ထိုစနစ်ကို ဆောင်ရွက်သူများမှာ စာမွေးပွဲ အခန်းအတွင်းသို့ အယောင်ဆောင် ကိုယ်စားလှယ် တစ်ဦးကို စေလွှတ်ခဲ့ကာ မေးခွန်းများကို ရယူခဲ့ပြီးနောက် ကျောင်းသား ၂၄၄၀ ဦးထံသို့ အဖြေများကို ပေးပို့ခြင်းဖြစ်သည်။ ထိုစနစ်အား အသုံးပြုနိုင်ရန် အတွက်ကျောင်းသား တစ်ဦးလျှင် ဒေါ်လာ ၃၃၀ ခန့် ပေးရသည်ဟု ဆိုသည်။

    အဆိုပါ စာမေးပွဲတွင် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်ပါဝင်ပြီး၊ ဘေဂျင်း အခြေစိုက် ပညာရေး အကြံပေးတစ်ဦးကမူ တရုတ်ပညာရေးစနစ်တွင် စာမေးပွဲဖြေဆိုခြင်း စနစ်ကို ထားရှိခြင်းက လိမ်လည်ဖြေဆိုသည့် ယဉ်ကျေးမှုကို ဖြစ်ထွန်းစေခြင်းသာဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

    ထို့ပြင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများတွင် ခိုးချနိုင်သည့် ပစ္စည်းများ စာမေးပွဲအခန်း အတွင်းသို့ မပါလာစေရန်အတွက် တာဝန်ရှိသူများက အဆင့်မြင့် ရှာဖွေနည်းများကို အသုံးပြု၍ ရှာဖွေမှုများကို ပြုလုပ်ပြီး စာမေးပွဲခန်း လုံခြုံရေးမှာ လေဆိပ် လုံခြုံရေးထက်ပင် ပိုမိုတင်းကြပ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ref_ CNN