News @ M-Media

အေစီမီလန် အသင်းကောင်တစ်သင်း ပြန်ဖြစ်ရန် အချိန်လိုသည်ဟု နည်းပြ အင်ဇာဂီဆို

အောက်တိုဘာ ၂၉၊ ၂၀၁၄
M-Media
489241_heroa
– မိမိအသင်း၏ ကံကြမ္မအား တစ်ညတည်းနှင့် ပြောင်းလဲရန် မဖြစ်နိုင်ဘဲ ပိုမိုကောင်းမွန်သော အသင်းဖြစ်လာရန်အတွက် အချိန်လိုအပ်သည်ဟု အေစီမီလန်နည်းပြ ဖိလစ်ပို အင်ဇာဂီက ပြောကြားလိုက်သည်။

ပြီးခဲ့သည့်နှစ်က နည်းပြအပြောင်အလဲများကြား ရုန်းကန်ခဲ့ရသည့် အေစီမီလန်အသင်းမှာ အင်ဇာဂီလက်ထက် ယခုနှစ်တွင်လည်း စွဲမက်ဖွယ် ခြေစွမ်းများ မပြနိုင်သေးဘဲ တနင်္ဂနွေနေ့က ကစားခဲ့သည့်ပွဲတွင် ဖီအိုရင်တီးနားနှင့် ၁ ဂိုးစီ သရေကြခဲ့သည်။

“ကျွန်တော်တို့ တိုးတက်ရမှာဖြစ်ပြီး တိုက်စစ်ပိုင်းကို ပိုကောင်းအောင်လုပ်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် လမ်းကြောင်းမှန်ကို ကျွန်တော်တို့ ဖြည်းဖြည်းချင်း သွားနေတာပါ။ တစ်သင်းလုံးကို အချိန် ၂ လလောက်နဲ့ မတည်ဆောက်နိုင်ပါဘူး။ မီလန်ကို ကောင်းမွန်တဲ့အသင်းဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတာပါ။ ဒါပေမယ့် အချိန်လိုပါတယ်” ဟု အင်ဇာဂီက ဖီအိုရင်တီးနားနှင့် ပွဲအပြီးတွင် Sky Spot Italia သို့ ပြောကြားခဲ့သည်။

ထို့ပြင် တောရက်စ်အား အငှားဖြင့်ခေါ်ယူပြီးနောက် အရန်ခုံတွင် ထိုင်ထားခိုင်းခြင်းနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုသွားခဲ့ကာ ၎င်းမှာ မိမိတို့ မျှော်လင့်ထားသော ကစားသမားတစ်ဦးဖြစ်ပြီး အချိန်ပေးရမည်ဖြစ်ကြောင်း အင်ဇာဂီက ထပ်လောင်း ပြောကြားခဲ့သည်။

Comments

Leave a Reply