News @ M-Media

Blog

  • VOA: မွန်းတည့်နေအမှု မီဒီယာဥပဒေနဲ့စီရင်သင့်

    VOA: မွန်းတည့်နေအမှု မီဒီယာဥပဒေနဲ့စီရင်သင့်

    E0145A96-6AFA-4231-8F1E-F062D4645804_w640_r1_s
    နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ)နဲ့ Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီတာအဖွဲ့နဲ့ သတင်းထောက်ကို ထောင်ဒဏ်နှစ်-နှစ် ချမှတ် လိုက်တဲ့ ကိစ္စအပေါ် မီဒီယာဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ သတင်းစာနယ်ဇင်း အသင်းအဖွဲ့တွေက ကြေညာချက် အသီးသီး ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ သတင်းမီဒီယာနဲ့ မဏ္ဍိုင်သုံးရပ်၊ စစ်တပ်တို့ကြားမှာ နားလည်မှု တည်ဆောက်နေချိန် အခုလို သတင်းသမားတွေ အပေါ် ပြစ်ဒဏ်ချ အရေးယူလိုက်တဲ့အပေါ် နှစ်ဘက် ယုံကြည်မှု ပျက်ပြားစေနိုင်တယ်လို့လည်း သတင်းမီဒီယာ တာဝန်ခံတွေက သုံးသပ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ကြေညာချက်ကို သတင်းဖော်ပြခဲ့မှုနဲ့ အပတ်စဉ်ထုတ် Bi မွန်းတည့်နေ သတင်းဂျာနယ်ရဲ့ ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက်တွေကို အောက်တိုဘာလ ၁၆ ရက်နေ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ပြစ်မှုထင်ရှားတယ် ဆိုပြီး ပန်းဘဲတန်း တရားရုံးကနေ ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခဲ့ပါတယ်။

    ဒီလို Bi မွန်းတည့်နေ သတင်းသမားတွေကို ထောင်ဒဏ် ချမှတ်လိုက်တဲ့ အပေါ် မြန်မာနိုင်ငံမှာ လက်ရှိအသက်ဝင်နေပြီဖြစ်တဲ့ သတင်းမီဒီယာ ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA- Myanmar Journalists Association) က ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်တယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဥက္ကဋ္ဌ ဦးကိုကို (စက်မှု) က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

    “မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက မီဒီယာနဲ့ မဏ္ဍိုင်ကြီးသုံးရပ် အပါအဝင် တပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ပြဿနာတခုကို ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ ဖြစ်အောင်လို့ နည်းလမ်းတွေ ရှာတယ်။ အခြေခံမူတွေ ချမှတ်ဆောင်ရွက်နေတာတွေ ရှိတယ်။ ဒီလိုမျိုး compromise ပေါ့ကွယ်၊ Negotiation နဲ့ နားလည်မှုနဲ့ Understanding တည်ဆောက်နေတဲ့အချိန်မှာ အခု ချမှတ်လိုက်တဲ့အမှုက အပြစ်ဒဏ်က Maximum sentence ဖြစ်နေတယ်လေ။ ဒီဥပဒေအရလေ၊ — မှာ အမြင့်ဆုံးပြစ်ဒဏ်ကြီးကို ပေးထားတာဖြစ်လို့ ဒီအပေါ်မှာ စိတ်မကောင်းဖြစ်တယ်။ အခြေခံမူတွေနဲ့ ချမှတ်ဆောင်ရွက်နေတဲ့ အချိန်မှာကျတော့ သတင်းမီဒီယာဥပဒေဘောင်ထဲကနေ လုပ်စေချင်တယ်။ သတင်းမီဒီယာဥပဒေမှာ ဘာပါလဲဆိုတော့ တချို့အမှုတွေမှာ ညှိနှိုင်းဖြေရှင်းတဲ့ ကိစ္စတွေပါတယ်။ တချို့အမှုတွေကျတော့ သတင်းမီဒီယာ ဥပဒေအတိုင်း ဆိုရင် နောက်ဆုံးမှာ ဒဏ်ငွေလောက်ပဲ ဆောင်ပြီး ပြီးသွားတာမျိုး ရှိတယ်။ တချို့ အမှုတွေကတော့ တရားဥပဒေနဲ့ ရင်ဆိုင်ရတာတွေ၊ ဘာတွေ ရှိပါတယ်။ သို့သော် Argue လုပ်လို့ရတယ်။ ဒီအမှုက သတင်းမီဒီယာ ဥပဒေထဲမှာ အကျုံးဝင်အောင်လို့ Argue လုပ်ခွင့်ရှိတယ်။ အခုကတော့ ကြားတာက ဒီအမှုကို သတင်းမီဒီယာ ဥပဒေထဲကို တင်ပြတဲ့အခါမှာ သတင်းမီဒီယာနဲ့ လက်မခံဘူးလို့ ကြားတယ်လေ၊ သက်ဆိုင်ရာ တရားရေးအဖွဲ့အစည်းတွေက- ဒါ့ကြောင့် သတင်းမီဒီယာ ဥပဒေကို လက်တွေ့ကျင့်သုံးပေးဖို့ ပြောတာပါ။”

    မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကလည်း တပြိုင်တည်း Bi မွန်းတည့်နေ ဂျာနယ်အရေး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခုလို သတင်းမီဒီယာ သမားတွေအပေါ် ပြစ်ဒဏ်ချ အရေးယူလိုက်တဲ့အပေါ် သတင်းမီဒီယာဥပဒေနဲ့ အညီ ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးဖို့ကို လည်း မြန်မာစာနယ်ဇင်း ကောင်စီ ယာယီက တောင်းဆိုပါတယ် လို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ( Myanmar’ Press Council) ရဲ့ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

    “တရားစီရင်မှုဟာ မျှမျှတတ ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ မီဒီယာဥပဒေ ဆိုတာကို ရေးဆွဲပြီး လွှတ်တော်က အတည်ပြု၊ သမ္မတက လက်မှတ်ထိုးပြီးတော့ အသက်ဝင်နေပါပြီလို့ ထုတ်ဖော်ပြောဆိုတဲ့အချိန်မှာ ဘိုင် မွန်းတည့်နေ ဂျာနယ်ကလူတွေကို ရာဇဝတ်ပြစ်မှုနဲ့ တရားစွဲ ထောင်ချခဲ့ပါတယ်။ ၅၀၅ (ခ) နဲ့စွဲရလောက်အောင် မပြင်းထန်ဘူးလို့ ယူဆပါတယ်။ ဒီကြေညာချက်ပါဝင်လို့ တိုင်းပြည်ရဲ့အုပ်ချုပ်ရေး ပျက်ပြားမသွား သလို ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် ပြည်သူပိုင်ပစ္စည်း တခုမှလည်း နစ်နာဆုံးရှုံးခဲ့ခြင်းမရှိဘူး။ အဲလို မရှိခဲ့တဲ့သတင်းသမားတွေကို စိတ်ဓာတ်ထိခိုက်အောင် နောက်ပြီး အပြင်မှာ အလုပ်လုပ်ကိုင်နေတဲ့ သတင်းသမားတွေကို ကြောက်လန့်သွားအောင် ရည်ရွယ်ပြီးတော့ ချမှတ်ခဲ့တယ်လို့ ကျနော်တို့ ခံစားနေရပါတယ်။ ဒါဟာ တရားဥပဒေမဏ္ဍိုင်နဲ့ မီဒီယာကြားမှာ နားလည်မှုပျက်ယွင်းစေတဲ့ လှုပ်ရှားမှုတွေ၊ ဖြစ်ပေါ်မှုတွေလို့ ကျနော် ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒီအခြေအနေကို သက်ဆိုင်ရာ တာဝန်ရှိတဲ့ နိုင်ငံပြုသူတွေအားလုံးဟာ ပြန်ပြီးတော့ သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံ၊ စာနယ်ဇင်းကောင်စီက ယခုလို ကြေညာချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။”

    မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွပ်လပ်ပွင့်လင်းလာကာစ အခြေအနေမှာ သတင်းမီဒီယာနဲ့ မဏ္ဍိုင်သုံးရပ်ကြား မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အနေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ အခြေခံမူဘောင်တွေကို သဘောတူညီမှုရရှိထားပြီး မီဒီယာတွေနဲ့ အစိုးရ၊ လွှတ်တော်၊ တပ်နဲ့ အာဏာပိုင်တွေကြား အပြန်အလှန် သတင်းစီးဆင်းမှုနဲ့ နားလည်မှု တည်ဆောက်နေချိန် အခုလို သတင်းသမားတွေ အပေါ် အမြင့်ဆုံး ထောင်ဒဏ် ချမှတ်တာဟာ ယုံကြည်မှု ပျက်ပြားစေတယ်လို့ ဦးဇော်သက်ထွေးက သုံးသပ်ပါတယ်။

    “ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေတာပေါ့။ ဘာလို့လဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တော့လည်း ကျနော်တို့က တယောက်နဲ့တယောက် တကယ်ကို အပြုသဘောဆန်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်။ သတင်းစီးဆင်းမှုတွေ ကောင်းအောင် လုပ်ခဲ့တယ်။ Contact Person တွေ ရအောင် ဆောင်ရွက်ခဲ့တယ်။ ထိုနည်းတူစွာပဲ မဏ္ဍိုင်သုံးရပ်ကို ကျင့်သုံးတဲ့ အခါမှာလည်း သတင်းသမားတွေရဲ့ သတင်းမှားယွင်းဖော်ပြမှုတွေကို သူတို့က ထောက်ပြ ဆွေးနွေးသလို ကျနော်တို့အနေနဲ့လည်း မဏ္ဍိုင်သုံးရပ်က သတင်းရယူဖို့ ခက်ခဲတာတွေကို အပြန်အလှန် ဆွေးနွေးပြီး ဒါတွေကို ဘယ်လို ပြုပြင်မလဲဆိုတဲ့ အခြေခံမူအပေါ်မှာ ဆွေးနွေးခဲ့ကြတာပါ။ ဒီလို ဆွေးနွေးနေတဲ့အချိန်မှာ တရားဥပဒေရဲ့မဏ္ဍိုင်ကတော့ ကျနော်တို့ မီဒီယာသမားတွေအပေါ်မှာ အခုချိန်ထိ ဆွေးနွေးပြီးတော့ အပြုသဘော ဆောင်ရွက်မှုတွေကို မတွေ့ရသေးပါဘူး။”

    Bi မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို အစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လက ဖမ်းဆီးပြီး ပုဒ်မ ၅ ည၊ ၅ (ဃ) နဲ့ အမှုဖွင့်ထားခဲ့ပြီး အဲဒီ့ထဲက တိမ်း ရှောင်လာတဲ့ ထုတ်ဝေသူတချို့ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အထိ လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သြဂုတ်လမှာ ပုဒ်မ ၅၀၅(ခ) နဲ့ ပြောင်းလဲ အမူဖွင့်ခဲ့ပြီး အောက်တိုဘာမှာ ထောင်ဒဏ် ၂နှစ်စီ ချလိုက်တာဖြစ်ပါတယ်။ ပုဒ်မ၅၀၅(ခ) ဟာ ငွေဒဏ် သို့မဟုတ် ငွေဒဏ်နဲ့ ထောင်ဒဏ် ဆိုပြိး ပြစ်ဒဏ်ချလို့ ရသလို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင် ဒဏ် (၂) နှစ်ထိ ချလို့ရတဲ့ ပုဒ်မလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုလို သတင်းသမားတွေကို အမြင့်ဆုံးထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အာဏာပိုင်တွေရဲ့ သတင်းသမားတွေအပေါ် သဘောထားကို သတင်းစာနယ်ဇင်းလောက မေးခွန်းထုတ် လာနေတာဖြစ်ပါတယ်။

    VOA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။

    http://burmese.voanews.com/content/bi-moontae-nay-case-should-be-trial-by-midea-law-/2488177.html

  • အိမ်ရှင်ရဲ့ လက်ဆောင်ဂိုးတွေနဲ့ အနိုင်ရတဲ့လီဗာပူးလ်၊ စတုတ်တို့ ၃ မှတ်ရခဲ့တဲ့ EPL  ပွဲစဉ် ၈ တနင်္ဂနွေည

    အိမ်ရှင်ရဲ့ လက်ဆောင်ဂိုးတွေနဲ့ အနိုင်ရတဲ့လီဗာပူးလ်၊ စတုတ်တို့ ၃ မှတ်ရခဲ့တဲ့ EPL ပွဲစဉ် ၈ တနင်္ဂနွေည

    အောက်တိုဘာ ၂၀၊ ၂၀၁၄
    M-Media

    – ပရီးမီးယားလိဂ်ပွဲစဉ် ၈ ရဲ့လက်ကျန် ၂ ပွဲကို ယမန်နေ့မှာ ကစားခဲ့ပြီး ရော်ဂျာရဲ့လီဗာပူးလ်တို့ အိမ်ရှင်အသင်းရဲ့ လက်ဆောင်ဂိုးတွေနဲ့ အနိုင်ရခဲ့ကာ စတုတ်စီးသီးအသင်းဟာလည်း အိမ်ကွင်း ပရိတ်သတ်ရှေ့မှာ အဖိုးတန် အနိုင် ၃ မှတ် ရခဲ့ပါတယ်။
    333
    ယခုနှစ်ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ လီဗာပူးလ်တို့ မနေ့က ကစားခဲ့တဲ့ပွဲမှာလည်း ကံတရားရဲ့ တစ်ဖက်သက်အသာစီးပေးမှုကိုခံခဲ့ရပါတယ်။ လီဗာပူးလ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ကစားပုံကတော့ စွဲမက်စရာမရှိခဲ့ဘဲ ဂိုးသွင်းခွင့်ကိုလည်း အိမ်ရှင်ကျူပီအာရ်အသင်းလောက် မရရှိခဲ့ပါဘူး။ ပိုဆိုးတာက လီဗာပူးလ်ရသွားတဲ့ ဂိုး ၃ ဂိုးမှာ ၂ ဂိုးက ကျူပီအာရ်ကစားသမားတွေ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့် ရခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းနည်းပြ ရော်ဂျာကိုယ်တိုင်က မိမိတို့အသင်းဟာ ကံကောင်းခဲ့တာပါလို့ ၀န်ခံခဲ့ပါတယ်။
    666
    ဘရစ်တားနီးယားမှာ ကစားခဲ့တဲ့ စတုတ်နဲ့ ဆွမ်ဆီးတို့ရဲ့ပွဲမှာတော့ ရာသီအစက ခြေစွမ်းပြခဲ့တဲ့ ဆွမ်ဆီးတို့  ၃၄ မိနစ်မှာ ဘိုနီရဲ့ ပင်နယ်တီဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၄၃ မိနစ်မှာ ပင်နယ်တီ ပြန်ပေးလိုက်ရပြီး ၇၆ မိနစ်မှာ ဝေါလ်တာရဲ့ ဂိုးကို ခွင့်ပြုလိုက်ရတာကြောင့် အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပါတယ်။

    ပွဲစဉ် ၈ ရဲ့ နောက်ဆုံးလက်ကျန်ပွဲဖြစ်တဲ့ ၀က်စ်ဘရွန်းနဲ့ မန်ယူတို့ပွဲကိုတော့ မနက်ဖြန်မှာ ကစားမှာပါ။ ပွဲစဉ် ၈ အနိုင်အရှုံးရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ကျူပီအာရ် ၂-၃ လီဗာပူးလ်
    စတုတ် ၂-၁ ဆွမ်ဆီး
    မန်စီးတီး ၄-၁ စပါး
    အာဆင်နယ် ၂-၂ ဟားလ်စီးတီး
    ဘန်လေ ၁-၃ ၀က်စ်ဟမ်း
    ခရစ္စတယ်ပဲလေ့စ် ၁-၂ ချယ်ဆီး
    အဲဗာတန် ၃-၀ အက်စတွန်ဗီလာ
    နယူးကာဆယ် ၁-၀ လက်စတာ
    .ဆောက်သက်တမ် ၈-၀ ဆန်းဒါးလန်း

  • လူ့ပတ်ဝန်းကျင်မှာ ၀င်ဆံ့အောင်

    လူ့ပတ်ဝန်းကျင်မှာ ၀င်ဆံ့အောင်

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင်ရေးသည်။

     

    images

    လူဆိုတာက ထီးတည်းနေလို့ရတာမျိုးမဟုတ်လို့ ကိုယ်နှင့်ဆက်နွယ်နေတဲ့ အသိုင်းအ၀ိုင်းဆိုတာ ရှိနေတတ်စမြဲပါ။ အထူးသဖြင့် လှပတဲ့အနာဂတ်ကို ဦးဆောင်နေရာယူကြမယ့် လူငယ်တွေ အတွက် ပတ်ဝန်းကျင်မှာ အလိုက်သင့် ၀င်ဆန့်ဖို့တော့ အရေးကြီးတယ်လေ။ ကိုယ်ဆက်ဆံရတဲ့ ပတ်ဝန်းကျင်နှင့် အဆင်ပြေလို့ ဘာသိဘာသာနေလိုက်တာပါလို့ တချို့လူတွေက ဆိုကြတယ်။ အမှန်တော့ အဲဒီလိုနေပါများရာက အထီးကျန်သလိုခံစားလာရတာမို့ အလိုလို စိတ်တို၊ စိတ်ညစ်ပြီး အလိုမကျဖြစ်လာရော။ တစ်ခုရှိတာက ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ကိုယ်နှင့်စရိုက်မတူ ၀ါသနာချင်း ကွာခြားတာမို့ အပေါင်းအသင်းမထားဘဲနေလိုက်တယ်ဆိုတဲ့ တချို့လူတွေရဲ့ အကြောင်းပြချက်ကလည်း ရာခိုင်နှုန်းပြည့်မှန်တယ်လို့ မဆိုသာဘူး။ ကောင်းပြီ။ ရှောင်ကွင်းလို့မရတဲ့ လူ့ဝန်းကျင်မှာ အလိုက်သင့်ဝင်ဆန့်အောင် ကြိုးစားဖို့တော့ လိုပြီလေ။

    ဦးဆုံးအနေနှင့်ကတော့ ကိုယ့်ရဲ့အပြောအဆိုပေါ့။ နေ့စဉ်နှင့်အမျှ ပြောဆိုဆက်ဆံရာမှာ စကားဟာ အခရာ ကျလှတယ်။ နောက်ပြီး ကိုယ်ပြောတဲ့စကားရဲ့လေသံက မာနသံ၊ အောက်ကြို့သံ၊ ဒေါသသံနှင့် နှစ်လိုဖွယ်အသံလား။ ဒါကလည်းအရေးကြီးတယ်။ စကားလုံးရွေးချယ်မှုက တူပေမယ့် ပြောလိုက်တဲ့လေသံပေါ်တည်လို့ တစ်ဖက်လူကတုံ့ပြန်တတ်တာ သဘာဝပဲမဟုတ်လား။ တချို့ရှိတယ် ကိုယ့်ရဲ့ပညာ၊ ဥစ္စာနှင့် ဂုဏ်အဆင့်အတန်းကို လိုက်ပြီး လေသံကမာထန်တယ်၊ တစ်ဖက်လူကိုလျှော့တွက်ပြီး အပေါ်စီးကပြောဆိုဆက်ဆံတယ်။ အပြောခံရသူကတော့ အောင့်သက်သက်ပေါ့။ အားမနာလို့ပဲဖြစ်ဖြစ် အားနာလို့ပဲဆိုဆို အလိုက်သင့် ခေါင်းငုံ့ခံပြောဆိုနေပေမယ့် စိတ်ထဲကတော့ လုံးဝနှစ်မြို့လက်ခံချင်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။ အဲဒီလိုလူစားမျိုးဟာ လူတကာ ချစ်ခင်လေးစားတာကို မခံရတာကြောင့် လူ့ဝန်းကျင်မှာ ၀င်ဆန့်မယ်မဟုတ်ပါဘူး။

    သာယာနာပျော်ဖွယ် စကားမျိုးကို ကိုယ်တိုင်ကြားချင်သလို သူများတကာကိုလည်း ပြောဆိုဆက်ဆံတတ်အောင် လေ့ကျင့်ရမှာပါ။ စကားလုတာ၊ အငြင်းသန်တာတွေက ကိုယ့်ကိုအခင်မင်လျော့နည်းစေတတ်ပြီး ဝေးဝေးကရှောင်တတ်ကြတယ်။

    လူ့သဘာဝအရပဲဆိုပါတော့။ ကိုယ်ကအကူအညီပေးရတာရှိသလို ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကနေ အကူအညီယူရတာမျိုးလည်းရှိပြန်တယ်။ လူ့အသိုင်းအ၀ိုင်းမှာ ၀င်ဆန့်တဲ့သူဟာ အကူအညီပေးဖို့ ၀န်မလေး တတ်သလို စိတ်ရောကိုယ်ပါ ကူညီလေ့ရှိတယ်။ ဒီတော့ သူ့ရဲ့စေတနာနှင့် အကျိုးဆောင်မှုကို တသသဖြစ်သွားတဲ့ အထိပဲပေါ့။ သူငယ်ချင်းသစ် တစ်ယောက်ရလိုက်ရင် သူ့ဆီကဘာများရပါ့မလဲလို့ အကျိုးမျှော်တာထက် ကိုယ့်ဘက်က ဘာတွေပေးနိုင်မလဲဆိုတာ အမြဲစဉ်းစားတဲ့သူဟာ အပေါင်းအသင်းအလယ်မှာ အသိအမှတ်ပြုခံရလေ့ရှိတယ်။

    ရှိသေးတယ်။ ကိုယ်နှင့်ဆက်ဆံရတဲ့ ပတ်ဝန်းကျင်က လူတွေကို အကောင်းမြင်၊ အကောင်းစိတ်ထားတတ်ဖို့။ ဒါဟာ ဘ၀မှာသာမန်လို့ထင်ရပေမဲ့ သိပ်ကိုအရေးပါပြီး တာသွားတတ်တာမျိုး။ လူတိုင်းဟာပြီးပြည့်စုံသူတွေ မဟုတ်ကြတော့ချို့ယွင်းချက်၊ အားနည်းချက်ဆိုတာ အနည်းနှင့်အများဆိုသလို ရှိသားပေါ့။ ဒီတော့ သူများတကာရဲ့ ကောင်းကွက်ကလေးတွေကို မြင်အောင်၊ သိအောင်လုပ်ဖို့ ၀န်မလေးသင့်ဘူး။ ဒါဆိုရင် ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အခက်အခဲမရှိသလောက် ဖြစ်သွားပြီ။

    လူငယ်တွေနှစ်နှစ်ခြိုက်ခြိုက်စားတတ်ကြတဲ့ ဒိုးနပ်စ်မုန့်ဆိုပါတော့။ တစ်ဦးက အဲဒီမုန့်ရဲ့ ချိုစိမ့်တဲ့ အရသာကို သိမြင်သလို၊ နောက်တစ်ဦးက အလယ်မှာ ချိုင့်နေတယ်ဆိုပြီး အပြစ်ပြောတာမျိုးပေါ့။ တကယ်တမ်းပြောရရင် လူတိုင်းမှာ ကောင်းတဲ့ အရည်အသွေးလေးတွေရှိကြပါတယ်။ လူတိုင်းမှာ အဆိုးချည်း စုဝေးနေတာ မဟုတ်လို့ ကောင်းတဲ့ အချက်အလက်ကလေးတွေကို အသိအမှတ်ပြုပေးရင် စိတ်ချမ်းသာစရာ ၀န်းကျင်ကောင်း တစ်ခုတော့ ရနိုင်ပါရဲ့။

    ဒီကနေ့ခေတ် နည်းပညာတွေ ဆန်းသစ် တိုးတက်လွန်းတာကြောင့် အသိအမြင် ဗဟုသုတတွေကိုလည်း အကျယ်ပြန့်ဆုံးလေ့လာခွင့်ရကြပါတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပဆိုင်ရာ လေ့လာ မှတ်သားသင့်တာတွေ မှန်သမျှအတွက် အချိန်ယူကြ ရမှာပါ။ စာအုပ်စာတမ်းတွေကိုလည်း လက်လှမ်းမီသမျှ ဖတ်မှတ်နိုင်အောင် ကြိုးစားဖို့လိုတယ်။ တစ်ခုရှိတာက ပညာရေး၊ စီးပွားရေး စတာတွေကို လုံးပန်းနေရလို့ အချိန်ပိုမရှိပါဘူးလို့ ဆင်ခြေပေးနိုင်ပါတယ်။

    တကယ်တမ်း လေ့လာမှတ်သားချင်တယ်ဆိုတဲ့ ဆန္ဒပြင်းပြမယ်ဆိုရင်တော့ တစ်ရက်မှာရှိတဲ့ ၂၄ နာရီ (၁၄၄၀) မိနစ်ထဲက မိနစ်နည်းနည်းလောက်ကတော့ ကိုယ့်အတွက် အသုံးချနိုင်ပါတယ်။ အသိပညာ ဗဟုသုတပြည့်ဝလာတာနှင့်အမျှ လူ့ဝန်းကျင်မှာ အများကလိုလားလက်ခံသူ၊ ကျိုးကြောင်းဆင်ခြင်ပြောဆိုတတ်သူအဖြစ် အသိအမှတ်ပြုခံရမှာ အမှန်ပါပဲ။

    အရေးကြီးတဲ့အချက်တစ်ခုကတော့ သူများတကာရဲ့လိုလားနှစ်သက်မှုကို ခံယူချင်သူတွေဟာ အဲဒီလိုလားနှစ်သက်ခံရလောက်မယ့် အရည်အသွေးမျိုးတွေ ရှိနေဖို့တော့ လိုအပ်တယ်။ ဆိုပါစို့ သူများကိုစာနာတတ်တာ၊ လေးလေးစားစား ဆက်ဆံတာ၊ အပြောချိုတာ၊ ယဉ်ကျေးသိမ်မွေ့ပြီးအကောင်းမြင်တာ နောက်ပြီး လူမှုရေးစိတ်ဓါတ်ရှိတာ စတဲ့ အရည်အသွေးကောင်းတွေ ကိုယ့်မှာရှိရဲ့လား။ ဒါကိုအသေအချာဆန်းစစ်ကြည့်ရမှာတော့ ကိုယ်တိုင်ပဲပေါ့။ အပေါင်းအသင်းတွေဆီက ကိုယ့်အပေါ်ဆက်ဆံစေချင်တဲ့ အပြောအဆိုအပြုအမှုမျိုးတွေကို၊ ကိုယ်တိုင်က ခံယူချင်သလို ကိုယ့်ဘက်ကလည်း ပြန်ပြီးပေးဆပ်ဖို့ မမေ့သင့်ဘူး။

    အမှန်တော့ ပတ်ဝန်းကျင်နှင့် မမေ့သင့်ဘူး။ ၀င်ဆန့်သူဟာ စိတ်ပိုင်းဆိုင်ရာမှာ အေးချမ်းကြည်နူးမှုရတာတော့အမှန်။ စိတ်ဖိစီးတင်းကြပ်မှုတွေ လုံးဝမရှိဘူးလို့ မဆိုနိုင်ပေမဲ့ နည်းပါးတယ်။ ဒီတော့လည်း နေပျော်စရာဘ၀လေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရဖို့ တော်တော်လေးနီးစပ်မယ်ဆိုတဲ့အကြောင်း …….

    နှင်းဆီခင်

  • အမေရိကန်ု သူလျို  အာကာသယာဉ် ၂၂ လ ကြာပြီးနောက် မြေပြင်သို့ ပြန်လည်ရောက်ရှိ

    အမေရိကန်ု သူလျို အာကာသယာဉ် ၂၂ လ ကြာပြီးနောက် မြေပြင်သို့ ပြန်လည်ရောက်ရှိ

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    201410172093460734_20
    – ထောက်လှမ်းရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများကို ဆောင်ရွက်သည်ဟု အများစုက ယုံကြည်နေသော အမေရိကန် အာကာသယာဉ်တစ်စီးမှာ ၂၂ လကြာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်လည်ခဲ့ပြီးနောက်  ယမန်နေ့က ပြန်လည် ဆင်းသက်လာခဲ့သည်ဟု သိရသည်။

    အာကာသအတွင်း စမ်းသပ်မှုအစီအစဉ်အတွက် ၂၀၁၀ ခုနှစ်က ပထမဆုံးအကြိမ် လွှတ်တင်ခဲ့သည့် X-37B ဟု အမည်ရ အဆိုပါ အာကာသယာဉ်မှာ ယမန်နေ့က ကယ်လီဖိုးနီးယားရှိ Vandenberg လေတပ်စခန်းသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။ ထိုလေယာဉ်၏ ယခုခရီးစဉ်မှာ တတိယမြောက်ဖြစ်ပြီး အရှည်ကြာဆုံး ခရီးစဉ်လည်း ဖြစ်ခဲ့သည်။

    ၆၇၄ ရက်ကြာ ကမ္ဘာပတ်လမ်းကြောင်းထဲတွင် လှည့်လည်စဉ်အတွင်း အာကာသထဲ၌ဘေးအန္တရာယ်လျှော့ချခြင်း၊ စမ်းသပ်မှုများပြုလုပ်ခြင်း၊ ပြန်လည်အသုံးပြုနိုင်သော အာကာသယာဉ် နည်ပညာများအတွက် လုပ်ငန်းပိုင်းဆိုင်ရာ သဘောတရား ဖွံ့ဖြိုးမှုများကို ဆောင်ရွက်ခဲ့သည်ဟု အမေရိကန် လေတပ်မှ ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို လျှို့ဝှက်ထားခဲ့သည်။

    အာကာသအား ငြိမ်းချမ်းစွာအသုံးပြုမှုအတွက် အားပေးသည့် အကျိုးအမြတ်မယူသော The Secure World Foundation အဖွဲ့ကမူ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှုပ်ရှားမှုများကို လျှို့ဝှက်ခြင်းနှင့် X-37B ၏ ပစ္စည်းတင်ဆောင်နိုင်မှုပမာဏတို့က လျှို့ဝှက်ထောက်လှမ်းရေး ပစ္စည်းများ ရှိနေသည်ဆိုခြင်းကို သေချာလုနီးပါးဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်အာဏာပိုင်များကမူ X-37B အား လွှတ်တင်မှုမှာ အခြားသော အာကာသယာဉ်များကို ပစ်ချနိုင်သည့် အာကာသလက်နက် ဖန်းတီးနေခြင်းမဟုတ်ဟု ယခင်က ငြင်းဆိုထားသည်။

    ၂.၇၅ မီတာအမြင့်၊ ၉ မီတာအရှည်ရှိပြီး ၅၀၀၀ ကီလိုဂရမ်အလေးချိန်ရှိသည့် အဆိုပါ X-37B အာကာသယာဉ်မှာ အသံထက် ၂၅ ဆမြန်သော အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး ၂၀၁၅ ခုနှစ်တွင် အာကာသအတွင်းသို့ နောက်ထပ်တစ်ကြိမ် ထပ်မံလွှတ်တင်ရန် အမေရိကန်အစိုးရက စီစဉ်ထားသည်။

    ref_ Agencies

  • ပင်နယ်တီ ၄ လုံးကာကွယ်ပြီး အဆုံးအဖြတ် ပင်နယ်တီ သွင်းခဲ့တဲ့ ပီရူးကလပ်က ဂိုးသမား

    ပင်နယ်တီ ၄ လုံးကာကွယ်ပြီး အဆုံးအဖြတ် ပင်နယ်တီ သွင်းခဲ့တဲ့ ပီရူးကလပ်က ဂိုးသမား

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    FBL-SUDAMERICANA-BAHIA-VALLEJO
    – တောင်အမေရိက ဘောလုံးပြိုင်ပွဲတစ်ခုတွင် ပီးရူးကလပ် Cesar Vallejoမှ ဂိုးသမားမှာ ပင်နယ်တီ ၄ လုံးအား ကာကွယ်နိုင်ပြီး ၎င်းကိုယ်တိုင် အဆုံးအဖြတ် ပင်နယ်တီတစ်လုံးသွင်းကာ အသင်းအား ကွာတားဖိုင်နယ် တက်ရောက်စေခဲ့သည်ဟု သိရသည်။

    တောင်အမေရိက၏ အမြင့်ဆုံး ကလပ်အသင်းများပြိုင်ပွဲ Copa Sudamericana ၏ ရှုံးထွက်အဆင့် ပထမအကျော့တွင် ဘရာဇီးကလပ် Bahia အသင်းအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သော Cesar Vallejo အသင်းမှာ ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က ကစားခဲ့သော ဒုတိယအကျော့တွင် ၂ ဂိုးပြတ်ဖြင့် ပြန်လည်အနိုင်ရရှိခဲ့သည်။

    ထို့ကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၂ ဂိုးစီသရေကျနေ၍ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ ၁၀ လုံးအထိ ကန်သွင်းခဲ့ရပြီး Cesar Vallejo မှ ပီရူးဂိုးသမား ဆော်လမွန် လစ်ဘ်မန်မှာ ပင်နယ်တီလေးလုံး ကာကွယ်နိုင်ခဲ့ကာ အဆုံးအဖြတ်အလုံးတွင်လည်း ၎င်းကိုယ်တိုင် ကန်သွင်း၍ အသင်းအနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    ယခုပွဲအနိုင်ကြောင့် Cesar Vallejo အသင်းမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Copa Sudamericana ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပြီး ကိုလံဘီယာမှ Atletico Nacional အသင်းနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။