News @ M-Media

Blog

  • ဆန္ဒပြသူများအား ဟောင်ကောင်ရဲများ အကြမ်းနည်းဖြင့် နှိမ်နင်း

    ဆန္ဒပြသူများအား ဟောင်ကောင်ရဲများ အကြမ်းနည်းဖြင့် နှိမ်နင်း

    အောက်တိုဘာ ၁၆ ၊ ၂၀၁၄
    M-Media
    f-hkpepper-a-20141017-870x539
    – ဟောင်ကောင်ရှိ အဓိက လမ်းများပေါ်၌ ဒီမိုကရေစီ အရေး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ထိုးကြိတ် ကန်ကျောက်ခြင်း၊ တရွတ်တိုက်ဆွဲ၍ ဖမ်းဆီးခြင်းများ ရှိနေပြီး ထိုလုပ်ရပ်များက ပြည်သူများအကြားတွင် မကျေနပ်မှုများကို တိုးပွားလာစေသည်ဟု သိရသည်။

    သီတင်းနှစ်ပတ်ခန့် ကြာပြီဖြစ်သည့် ဟောင်ကောင်ဒီမိုကရေစီအရေး ဆန္ဒပြမှုတွင် ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ ရဲတပ်ဖွဲ့များမှာ ဆန္ဒပြသူများအား အင်အားသုံး၍ နှိမ်နင်းခဲ့ပြီး ဆန္ဒပြသူတစ်ဦးကို ဆွဲခေါ်၍ လက်ထိပ်ခတ်ကာ ရဲတပ်ဖွဲ့က ထိုးကြိတ် ကန်ကျောက်နေပုံကို ဟောင်ကောင် ရုပ်သံတစ်ခုက ယမန်နေ့တွင်ပြသခဲ့သည်။

    ညပိုင်းတွင်လည်း အစိုးရရုံးချုပ် အပြင်ဘက် လမ်းမအား သိမ်းပိုက်ရန် ကြိုးစားသည့် လူအုပ်ကို ရဲတပ်ဖွဲ့မှ ငရုတ်ကောင်းစပရေးများဖြင့် ပက်ဖြန်းခဲ့သည်။

    ဆန္ဒပြသူများကမူ အစိုးရ၏ အမိန့်ကိုဖီဆန်ကာ ယနေ့နံနက်ပိုင်းတွင်လည်း ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်နေပြီး ပလက်စတစ်အဆီးအတားများနှင့် အခြားသော အရာဝတ္ထုများကို ဆွဲယူကာ ဟောင်ကောင် အုပ်ချုပ်ရေးမှူး  Leung Chun-ying ၏ ရုံးခန်းရှိရာ လမ်းမပေါ်သို့ သွားရောက်ခဲ့ကြသည်။

    ထိုလမ်းမပေါ်တွင် ဆန္ဒပြသူအုပ်စုနှင့် ရဲတပ်ဖွဲ့အကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မူ ငရုပ်ကောင်းစပရေးများအသုံးပြုကာ လူစုခွဲခဲ့သည်ဟု သိရသည်။

    “ဟောင်ကောင်ရဲတွေဟာ စိတ်ဖောက်ပြန်သွားပါပြီ။ ပြည်သူတွေကို သူတို့စိတ်ကြိုက် အပြစ်ပေးနေကြပါတယ်။ ဟောင်ကောင်ရဲ့တန်ဖိုးနဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာတွေဟာ ရဲတပ်ဖွဲ့ အကြီးအကဲတွေကြောင့် လုံးဝ ပျက်ဆီးသွားပါပြီ” ဟု ဒီမိုကရေစီအရေးလှုပ်ရှားသူ
    Lee Cheuk-yan က ပြောကြားခဲ့သည်။

    ref_ Al Jazeera and agencies

  • ၂၀၁၄ ခုနှစ်အတွက် Golden Foot ဆု ဘာစီလိုနာ ကွင်းလယ်လူ အင်နီယေစတာ ရရှိ

    ၂၀၁၄ ခုနှစ်အတွက် Golden Foot ဆု ဘာစီလိုနာ ကွင်းလယ်လူ အင်နီယေစတာ ရရှိ

    အောက်တိုဘာ ၁၆ ၊ ၂၀၁၄
    M-Media
    1413242340657_wps_55_MONTE_CARLO_MONACO_OCTOBE
    – အသက် ၂၈ နှစ်နှင့် အထက် အကောင်းဆုံး ဘောလုံးသမားများကို ချီးမြှင်သည့် Golden Foot ဆုအား ဘာစီလိုနာအသင်း၏ အဓိက ကွင်းလယ်လူ အင်နီယေစတာက ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ဘောလုံးပရိတ်သတ်များ အွန်လိုင်းမှ မဲပေးရွေးချယ်သည့် အဆိုပါဆုကို အင်နီယေစတာမှာ ရူနီ၊ ပီယာလို၊ ဟင်နရီတို့အား ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။ ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နေ့က မိုနာကိုတွင် ပြုလုပ်ခဲ့ရာ အင်နီယေစတာမှာ ၎င်း၏ ခြေရာကို ပုံတူပြုလုပ်ခဲ့ရပြီး ယခင် Golden Foot ဆုရှင်များဖြစ်သည့် ရော်နယ်ဒင်ဟို၊ ရွိုင်ယန်ဂစ်၊ ဇလာတန် အီဗရာဟီမိုဗစ်တို့လည်း တက်ရောက်ခဲ့ကြသည်။

    ကစားသမားများ၏ အောင်မြင်မှုနှင့် ကိုယ်ရည်ကိုယ်သွေးကို ကြည့်ရှုဆုံးဖြတ်ကာ ရွေးချယ်သည့် အဆိုပါ Golden Foot ဆုအား ၂၀၀၃ ခုနှစ်ကတည်းက စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကစားသမားတစ်ဦးလျှင် တစ်ကြိမ်သာ ရွေးချယ်ခံရမည်ဖြစ်ကာ အင်နီယေစတာမှာ Golden Foot ဆုရရှိသည့် ပထမဆုံး စပိန်ကစားသမား ဖြစ်လာခဲ့သည်။

    အင်နီယေစတာကမူ ဆုရရှိခဲ့သည့်အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။ ပြီးခဲ့သည့်နှစ်က အဆိုပါ Golden Footဆုကို ချယ်ဆီး တိုက်စစ်မှူးဟောင်း ဒီဒီယာဒရော့ဘာက ရရှိခဲ့သည်။

    ref_ Daily Mail

  • ကျန်းမာရေး စင်တာ ဖွင့်ပြီး HIV ရှိနေတဲ့ ဟိန္ဒူ ကလေးများကို ပြုစုစောင့်ရှောက်နေတဲ့ အိန္ဒိယက မွတ်စလင်အမျိုးသမီး

    ကျန်းမာရေး စင်တာ ဖွင့်ပြီး HIV ရှိနေတဲ့ ဟိန္ဒူ ကလေးများကို ပြုစုစောင့်ရှောက်နေတဲ့ အိန္ဒိယက မွတ်စလင်အမျိုးသမီး

    အောက်တိုဘာ ၁၆ ၊ ၂၀၁၄
    M-Media
    15-10-14_Muslim-Helps-Hindu-Kids-With-HIV
    – မိမိ၏ ဘ၀သက်တမ်းအား လူ့အဖွဲ့အစည်းအတွက် နှစ်မြှုပ်လျက် အိန္ဒိယရှိ မွတ်စလင် အမျိုးသမီးတစ်ဦးမှာ ကျန်းမာရေး စောင့်ရှောက်မှု စင်တာတစ်ခုဖွင့်ကာ HIV ပိုး ကူးစက်ခံနေရသူ ဟိန္ဒိုကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေသည်ဟု သိရသည်။

    Snehadeep ဟု အမည်ရသည့် အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုစင်တာကို နိုင်ငံအနောက်တောင်ပိုင်း ဘန်ဂလော ပြည်နယ်တွင် လွန်ခဲ့သည့် ၂ နှစ်မှစတင်ကာ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး HIV ရောဂါသည် ကလေးများအား ပြုစုစောင့်ရှောက်ပေးနေသည်။

    “ဒီ Snehadeep စင်တာမှာ အသက် ၇ နှစ်ကနေ ၁၂ နှစ်အရွယ် HIV ပိုး ကူးစက်ခံနေရသူ ဟိန္ဒူကလေး ၁၄ ဦးကို ပြုစုစောင့်ရှောက်ပေးနေပါတယ်” ဟု အဆိုပါစင်တာကို တည်ထောင်ခဲ့သည် မွတ်စလင်အမျိုးသမီး တာဘက်ဆမ်က Bangalore Mirror သတင်းစာသို့ အောက်တိုဘာ ၁၅ ရက်နေ့က ပြောကြားခဲ့သည်။

    “တနင်္ဂနွေလို နေ့မျိုးမှာ ကျွန်မဟာ တစ်အိမ်တက်ဆင်းသွားပြီး အကူအညီတောင်းပါတယ်။ ဘီစကွတ်ထုတ်လေး တစ်ထုတ်ဖြစ်ဖြစ် ရရှိတာဟာ ကလေးတွေအတွက် ထူးခြားမှုကို ဖြစ်စေပါတယ်။ အစားအသောက်အတွက် ရန်ပုံငွေရရှိဖို့ဟာ အမြဲလိုလို ကြီးမားတဲ့စမ်းသပ်မှုကြီးပါပဲ”

    တာဘက်ဆမ်၏ အနီးကပ်ဆုံး မိတ်ဆွေဖြစ်သူမှာ HIV ပိုး ကူးစက်နေကြောင်း တွေ့ရှိရပြီး ၂ ရက်အကြာတွင် သေဆုံးခဲ့ပြီးနောက်ပိုင်းမှစတင်ကာ တာဘက်ဆမ်မှာ HIV ပိုးကူးစက်ခံနေရသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

    “လွန်ခဲ့တဲ့ ၁၄ နှစ်လုံးလုံး ကျွန်မဟာ HIV ပိုးရှိတဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေကို ပြုစုစောင့်ရှောက်ပေခဲ့ပါတယ်။ ဒီအဖြစ်အပျက် (အနီးကပ်ဆုံး မိတ်ဆွေ သေဆုံးသွားပြီးတဲ့) နောက်ပိုင်းမှာ ကျွန်မဲ့ ရှုမြင်ပုံဟာ ပြောင်းလဲသွားခဲ့ပါတယ်” ဟု သူမကဆိုသည်။

    Tabassumထို့ပြင် ဟိန္ဒူအများစုရှိသည့် အိန္ဒိယတွင် မွတ်စလင်အမျိုးသမီး တစ်ယောက်က NGO တွင် လုပ်ကိုင်မှုအတွက် စိန်ခေါ်မှုများရှိနေပြီး၊ Snehadeep စင်တာအား စတင်ဖွင့်လှစ်စဉ် အခါကလည်း စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရသည်ဟု တာဘက်ဆမ်က ဖွင့်ဟခဲ့သည်။

    HIV/AIDS အစီအစဉ်များကို ဆောင်ရွက်နေသည့် ကုလမဂ္ဂ UNAIDS အဖွဲ့၏ စစ်တမ်းများအရ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာပေါ်၌ HIV ပိုးကူးစက်ခံရသူ ၃၄ သန်း ရှိနေသည်ဟု သိရသည်။

    HIV ပိုး ကူစက်ခံနေရသူ ကလေးများအား မိဘများ၊ ဆွေမျိုးသားချင်းများက စွန့်ပစ်သွားခဲ့ပြီး ၎င်းတို့မှာ ဆိုးရွားသော အခြေအနေများကို ကြုံတွေ့နေရကာ စိတ်ဒဏ်ရာများလည်း ရရှိကြသည်ဟု တာဘက်ဆမ်က ဆိုသည်။

    “မကြခဏဆိုသလို မိဘတွေဟာ သူတို့ကလေးတွေနဲ့ ဝေးရာကို ထွက်သွားကြပါတယ်။ ဒီကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာတွေထက် စိတ်ဒဏ်ရာတွေ ခံစားရပြီး၊ အတွယ်အတာကို လိုချင်ကြပါတယ်” ဟု ဆိုပြီး ထိုကလေးများ၏ နောက်ဆုံးအချိန်အတွက် အကောင်းဆုံးပေးဆပ်ရန် ကြိုးစားနေသည်ဟုလည်း တာဘက်ဆမ်က ထည့်သွင်းပြောကြားခဲ့သည်။

    HIV ပိုးရှိသူ ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေသည့် Snehadeep စင်တာအတွက် ရန်ပုံငွေရရှိရေးမှာ ကြီးမားသော အခက်အခဲတစ်ခုဖြစ်နေသည်။

    “တနင်္ဂနွေလို နေ့မျိုးမှာ ကျွန်မဟာ တစ်အိမ်တက်ဆင်းသွားပြီး အကူအညီတောင်းပါတယ်။ ဘီစကွတ်ထုတ်လေး တစ်ထုတ်ဖြစ်ဖြစ် ရရှိတာဟာ ကလေးတွေအတွက် ထူးခြားမှုကို ဖြစ်စေပါတယ်။ အစားအသောက်အတွက် ရန်ပုံငွေရရှိဖို့ဟာ အမြဲလိုလို ကြီးမားတဲ့စမ်းသပ်မှုကြီးပါပဲ” ဟု သူမက နိဂုံးချုပ်အနေဖြင့် ပြောကြားခဲ့သည်။

     

    ref_ OnIslam & News Agencies

  • နေးမာမှာ ဘရာဇီးလ်အသင်း ခေါင်းဆောင်အသစ် ဖြစ်ကြောင်း နည်းပြ ဒွန်ဂါပြော

    နေးမာမှာ ဘရာဇီးလ်အသင်း ခေါင်းဆောင်အသစ် ဖြစ်ကြောင်း နည်းပြ ဒွန်ဂါပြော

    အောက်တိုဘာ ၁၆ ၊ ၂၀၁၄
    M-Media
    469170_heroa
    – တိုက်စစ်မှူးနေးမာမှာ ဘရာဇီးလ်အသင်း၏ ခေါင်းဆောင်သစ်ဖြစ်ပြီး အသင်း၏ အနာဂတ်အား လမ်းညွှန်ပေးမည်ဟု ဘရာဇီးလ်လက်ရွေးစင်အသင်း နည်းပြ ဒွန်ဂါက ပြောကြားလိုက်သည်။

    ယနေ့နံနက်တွင် ကစားခဲ့သည့် ဂျပန်အသင်းနှင့် ခြေစမ်းပွဲတွင် နေးမာမှာ အသင်းအတွက် အနိုင်ဂိုး ၄ ဂိုး စလုံးကို သွင်းယူပေးခဲ့ပြီး ဒွန်ဂါလက်ထက် ၄ ပွဲဆက်နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီး နည်းပြဟောင်း စကိုလာရီ၏ နေရာကို ဆက်ခံခဲ့သည့် ဒွန်ဂါမှာ သီယာဂို ဆေးလ်ဗား ဒဏ်ရာရသွားခဲ့ပြီးနောက် ပြီးခဲ့သည့်လမှစ၍ အသက် ၂၂ နှစ်အရွယ် နေးမာအား အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပြီး ထိုအချိန်က အမြဲတမ်းခန့်အပ်ခြင်း ဟုတ်မဟုတ် မသေချာခဲ့ပေ။

    သို့သော်လည်း ဂျပန်နှင့်ပွဲအပြီးတွင် ဒွန်ဂါက

    “နေးမာဟာ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင် အသစ်ပါ။ လက်ရွေးစင်အသင်းအတွက် သူရဲ့ ရာထူးအသစ်လည်းဖြစ်ပါတယ်။ သူဟာ ဘောလုံးကစားရတာကို နှစ်သက်ပြီး ကွင်းထဲမှာလည်း ပျော်ရွှင်အောင် လုပ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ဂျပန်နှင့် မကစားမီ အာဂျင်တီးနားနှင့် ကစားခဲ့သည့်ပွဲတွင်လည်း ဘရာဇီးလ်မှာ ၂ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဒွန်ဂါကမူ အာရှ တစ်ခွင်ခြေစမ်းပွဲများ၌ အသင်း၏ ခြေစွမ်းကောင်းမွန်မှုများအား ကျေနပ်မိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

  • အစ္စလာမ် သာသနာသို့ ကူးပြောင်းခဲ့သည့် ဌာနေ တိုင်းရင်းသား အကြောင်း  သြစတေးလျ ရုပ်သံမှ ထုတ်လွှင့်

    အစ္စလာမ် သာသနာသို့ ကူးပြောင်းခဲ့သည့် ဌာနေ တိုင်းရင်းသား အကြောင်း သြစတေးလျ ရုပ်သံမှ ထုတ်လွှင့်

    အောက်တိုဘာ ၁၆ ၊ ၂၀၁၄
    M-Media

    13-10-14_Anglo-Aussie-Reverts-Show-New-Face-of-Islam
    ” သြစတေးလျ ဌာနေ တိုင်းရင်းသား မွတ်စလင် တစ်ယောက်ဖြစ်ရတာကို ကျွန်မ ဂုဏ်ယူပါတယ်”

    – အစ္စလာမ်သာသနာနှင့် ပတ်သက်၍ လူအများမကြားဖူးသော ပုံရိပ်တစ်ခုကို ဖော်ပြရန် ရည်ရွယ်၍ အစ္စလာမ်သာနာသို့ ပြောင်းလဲ သက်ဝင်ခဲ့ကြသော သြစတေးလျ ဌာနေတိုင်းရင်းသားများ အကြောင်း အစီအစဉ်တစ်ခုကို သြစတေးလျ SBS ရုပ်သံမှ စတင် ထုတ်လွှင့်ခဲ့သည်ဟု သိရသည်။

    အဆိုပါအစီစဉ်ကို The Feed ဟု အမည်ပေးထားပြီး အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ကြသည့် ဌာနေတိုင်းရင်းသားများ၏ အစ္စလာမ်အပေါ်အမြင်၊ အစ္စလာမ်နှင့် ၎င်းတို့၏ ဘ၀၊ အစ္စလာမ်သာသနာအား ပြောင်းလဲသက်ဝင်ပုံ စသည်တို့ကို ထုတ်လွှင့်တင်ဆက်သွားမည် ဖြစ်သည်။

    “သြစတေးလျ ဌာနေ တိုင်းရင်းသား မွတ်စလင် တစ်ယောက်ဖြစ်ရတာကို ကျွန်မ ဂုဏ်ယူပါတယ်။ ကျွန်မ ၀တ်ပြုတဲ့အခါ၊ အလ္လာဟ်အရှင်မြတ်နဲ့ ဆက်သွယ်တဲ့အခါတွေမှာ နက်ရှိုင်းတဲ့ တည်ငြိမ် အေးချမ်းမှုကို ရပါတယ်။ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခြင်းမပြုမီက ဒီလိုမျိုး ကျွန်မ မခံစားခဲ့ရဖူးပါဘူး” ဟု သြစတေးလျ အန်ဂလို ဌာနေတိုင်းရင်းသူ ဆာရာက The Feed အစီအစဉ်တွင် ပြောကြားခဲ့သည်။

    ဆာရာမှာ နယူးဆောက်သ်ဝေးလ် ပြည်နယ်တွင် မွေးဖွား ကြီးပြင်းခဲ့သူဖြစ်ပြီး စိတ်ပညာဖြင့် ဘွဲ့ရထားသူဖြစ်သည်။ အစ္စလာမ် သာသနာကို လက်ခံရန်အတွက် သုတေနပြုခြင်းများ၊ စာအုပ်ဖတ်ခြင်း၊ အွန်လိုင်းမှ အစ္စလာမ်နှင့် သက်ဆိုင်သော ပို့ချချက်များ နားထောင်ခြင်းတို့ကို ပြုလုပ်ခဲ့ရပြီး အစ္စလာမ်သို့ ပြောင်းလဲရန် ဆုံးဖြတ်ချက်ကို ပျော်ရွှင်စွာပင် ချမှတ်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

    “ဒီအစဉ်ကိုကြည့်ကြမယ့် သြစတေးလျတွေအတွက် ကျွန်မပေးချင်တဲ့ သတင်းစကားကတော့ ကျွန်မတို့အားလုံးဟာ ဘာမှ မကွာဘူးဆိုတာပါပဲ။ ကျွန်မဟာ သြစတေးလျတစ်ယောက် ဖြစ်တယ်။ ကျွန်မသွေးကနီတယ်။ ဒါပေမယ့် ဒါဟာ ဘ၀အတွက် ကျွန်မရဲ့ ရွေးချယ်မှုပါ။ ပ၀ါဆောင်းလိုက်တာကလွဲလို့ ကျွန်မဟာ အရင်က ကျွန်မပါပဲ” ဟု သူမကဆိုသည်။

    အခြားဌာနေတိုင်းရင်းသား မွတ်စလင်တစ်ဦးဖြစ်သူ လုကေးကလည်း အစ္စလာမ် သာသနာမှာ မီဒီယာများတွင် ၀ါဒဖြန့်သကဲ့သို့မဟုတ်ဘဲ၊ မိမိဘ၀အား ငြိမ်းချမ်းမှု ပေးခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

    “ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်နေတာတွေ ဒါမဟုတ် သြစတေးလျမှ ဖြစ်နေတာတွေအားလုံးဟာ စစ်မှန်တဲ့အစ္စလာမ်နဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ အမြင်ကို တိမ်းစောင်းစေလိ့မ်မယ်လို့ မထင်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အစ္စလာမ်ကို ကျွန်တော် ပိုနားလည်ပါတယ်” ဟု လုကေးက ဆိုသည်။

    မီဒီယာများတွင် ဖော်ပြသော အစ္စလာမ်အကြောင်းနှင့် ပတ်သက်၍ ဆာရာက

    “နိုင်ငံရပ်ခြားမှာ ဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအားလုံးကို ကျွန်မကြားပါတယ်။ ကျွန်မရဲ့ ဘ၀လ မ်းညွှန်ဖြစ်တဲ့ ကုရ်အာန် ကျမ်းတော်မြတ်ကို ကောက်ကိုင်လိုက်တဲ့ အခါ ဒီအထဲမှာ လူတွေကိုနှိပ်စက် ခိုင်းတာ၊ ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေ လုပ်ခိုင်းတာမျိုး မတွေ့ရပါဘူး” ဟု ပြောကြားခဲ့သည်။

    အဆိုပါ The Feed အစီအစဉ်ကို တင်ဆက်သူ ပက်ထရစ် အက်ဘော့ကမူ ထိုအစီအစဉ်မှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ကြသည့် သြစတေးလျ နိုင်ငံသားများ၏ ဘ၀ကို ပြသရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခဲ့ကြတဲ့ အန်ဂလို-သြစတေးလျန်း ဌာနေတိုင်းရင်းသားတွေကို ကျွန်တော် မြင်တွေ့ချင်ပါတယ်။ ဒါဟာ သြစတေးလျက အစ္စလာမ့် လူ့အဖွဲ့အစည်းထဲမှာ သိပ်မပြောကြတဲ့ ကိစ္စပါ” ဟု ပက်ထရစ်က ဆိုသည်။

    သြစတေးလျ သစ်လွင်မွတ်စလင်များအသင်းမှ ဥက္ကဌ ကန်နာဝတ္တီကလည်း အဆိုပါ The Feed အစီအစဉ်မှ တစ်ပတ်လျှင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာသည့် သြစတေးလျ ဌာနေတိုင်းရင်းသား ၃၊ ၄ ဦး၏ အကြောင်းကို ဖော်ပြနိုင်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

    “အခုအခြေအနေမျိုးမှာ ကျွန်တော်တို့ကို ရန်သူတစ်ယောက်လို ခြားနားတဲ့ ပုံစံမျိုးနဲ့ကြည့်တာမျိုး ခံနေရပါတယ်။ ဒါ့ကြောင့် “အစ္စလာမ်ဟာ ဘာလဲ” ဆိုတာနဲ့ ပတ်သက်ပြီး သိရှိအောင်လုပ်ဖို့ လူ့အဖွဲ့အစည်းကို တောင်းဆိုပါတယ်။ ကြောက်ရွံ့မှုတွေကို ဖယ်ရှားပြီး တံတားတွေထိုးကြပါ။ ကျွန်တော့်ရဲ့အယူဝါဒကို မကောင်းမြင်တာမျိုးကို ကျွန်တော် မလိုချင်သလို ကျွန်တော်နဲ့ ကျွန်တော့်ဇနီး၊ ကလေးတွေကို ကျွန်တော်တို့ နိုင်ငံသားတွေက ကြောက်ရွံ့စိတ်နဲ့ ကြည့်တာမျိုးကိုလည်း မလိုချင်ပါဘူး။ ဒါ့ကြောင့် ဒီအစဉ်အစဉ်ကို အနာဂတ်အတွက် လုပ်ဆောင်နေတာပါ” ဟု ကန်နာဝတ္တီက ဆိုသည်။

    ref_ OnIslam & News Agencies