News @ M-Media

Blog

  • အကျဉ်းသားတစ်ဦး ထောင်ထဲမှာ မင်္ဂလာဆောင်ဖို့ ဆော်ဒီ ထောင်အာဏာပိုင်များ စီစဉ်ပေး

    အကျဉ်းသားတစ်ဦး ထောင်ထဲမှာ မင်္ဂလာဆောင်ဖို့ ဆော်ဒီ ထောင်အာဏာပိုင်များ စီစဉ်ပေး

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    fca2c3bf-b0e8-4d59-802f-4ee9e1a0c8d3_16x9_600x338
    – ဆော်ဒီတွင် အကျဉ်းသား တစ်ဦး မင်္ဂလာဆောင်အတွက် ၎င်း၏ အကျဉ်းခန်းအား မင်္ဂလာဆောင် ကျင်းပရာ အခန်းအဖြစ် ထောင်အာဏာပိုင်များက ပြင်ဆင် ချယ်သပေးခဲ့သည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်း ဘူရေဒဟ်မြို့ရှိ အကျဉ်းထောင်တွင်ဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် အကျဉ်းသား၏ မင်္ဂလာဆောင်ကျင်းပရန် ၎င်း၏အခန်းအား မင်္ဂလာဆောင်နှင့် လိုက်ဖက်မည့် ပြင်ဆင်မှုမျိုးကို လှပစွာ ပြင်ဆင်ပေးခဲ့သည်ဟု ထောင်တာဝန်ရှိသူ ဆာလေဟ် အလ်-ကော်ဇိုင်းက ပြောကြားခဲ့သည်။ အဆိုပါ မင်္ဂလာပွဲအား ထောင်ကပင် တာဝန်ယူ ကျင်းပပေးခြင်းဖြစ်သည်။

    ထို့ပြင် ထိုအကျဉ်းသား၏ မင်္ဂလာဆောင် အတွက် အကျဉ်းကျခံနေရသူ၊ တရား ရင်ဆိုင်နေရသူ စသဖြင့် အကျဉ်းသား အားလုံးကို လွတ်လပ်စွာ တက်ရောက် ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထောင်သားများ၏  ကျန်ုးမာရေး၊ လုံခြုံရေးနှင့် သက်တောင့် သက်သာဖြစ်ရေးတို့ အတွက် ဆော်ဒီရှိထောင်များ တွင် သေချာစွာ ဆောင်ရွက်ပေးထားကြောင်း ဆာလေဟ်က ထပ်လောင်းပြောကြားခဲ့သည်။

    ref_ Al Arabiya News

  • အမေရိကန်တွင် အသက် ၁၅ နှစ် အရွယ် လူငယ် တစ်ဦး အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခံရ

    အမေရိကန်တွင် အသက် ၁၅ နှစ် အရွယ် လူငယ် တစ်ဦး အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခံရ

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    Sam-Miller_Dayton-Ross-Jones_Tyler-Riess-Perry_
    – အမေရိကန် ပြည်ထောင်စု ကန်တာကီပြည်နယ်တွင် အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် အမျိုးသားတစ်ဦးမှာ အုပ်စုဖွဲ့၍ အဓမ္မ ပြုကျင့်ခြင်း ခံရသောကြောင့် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်ဟု သိရသည်။

    ပြီးခဲ့သည့် တစ်ပတ် တနင်္ဂနွေနေ့က Hopkinsville မြို့ရှိ ပါတီတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မ ပြုကျင့်ပုံကိုလည်း ကျူးလွန်သူများက ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးထားကာ ဖြန့်ဝေမှုများရှိနေသည်။ သို့သော်လည်း အဆိုပါ ဗီဒီယိုမှာ အင်တာနက် စာမျက်နှာပေါ် ရောက်ရှိခြင်း ရှိ၊ မရှိကို မသိရှိရသေးပေ။

    အဓမ္မပြုကျင့်ခံရသောကြောင့် အဆိုပါလူငယ်မှာ ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ ရဲတပ်ဖွဲ့ကမူ အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့သည်ဟု သံသယရှိသူ အသက် ၁၉ နှစ်အရွယ် တိုင်လာ ပါရီ၊ အသက် ၂၀ အရွယ် ရို့စ်ဂျုန်း၊ အသက် ၁၈ နှစ်အရွယ် ဆမ်မြူယဲလ်မီလာနှင့် အသက် ၁၇ နှစ်အရွယ် အခြားလူငယ် ၂ ဦး စုစုပေါင်း ၅ ဦးကိုဖမ်းဆီးခဲ့ကာ တရားစွဲဆိုထားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    ref_ The Mirror

    ဓါတ်ပုံ အညွန်း- တရားခံ ၃ ဦး (Sam Miller, Dayton Ross Jones and Tyler Perry)

  • အဂူရို ၄ ဂိုးသွင်း၊ နယူးကာဆယ် ပထမဆုံး ၃ မှတ်ရ၊ ဆောက်သက်တမ် ၈ ဂိုးပြတ်သွင်းတဲ့ EPL ပွဲစဉ် ၈ စနေနေ့ည

    အဂူရို ၄ ဂိုးသွင်း၊ နယူးကာဆယ် ပထမဆုံး ၃ မှတ်ရ၊ ဆောက်သက်တမ် ၈ ဂိုးပြတ်သွင်းတဲ့ EPL ပွဲစဉ် ၈ စနေနေ့ည

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media

    – နိုင်ငံတကာပြိုင်ပွဲတွေကြောင့် ရပ်နားခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ် ၈ ရဲ့ ၇ ပွဲကို မနေ့က ကစားခဲ့ပြီး ထိပ်ဆုံးက ချယ်ဆီး၊ မန်စီးတီးတို့ အနိုင်ရခဲ့ကြပါတယ်။ ဆောက်သက်တမ်အသင်းကလည်း အံ့သြဖွယ် ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ်ကတော့ ၀ဲလ်ဘတ်ရဲ့ နောက်ကျဂိုးကြောင့် အိမ်ကွင်းမှာ ၁ မှတ်ရခဲ့ပါတယ်။ ပွဲစဉ် ၇ အထိ နိုင်ပွဲမရသေးတဲ့ နယူးကာဆယ်ကတော့ လက်စတာကို ပထမဆုံး အနိုင်ရခဲ့ပါတယ်။
    mancity2
    အစောဆုံးကစားခဲ့တဲ့ မန်စီးတီးနဲ့ စပါးတို့ပွဲမှာ အိမ်ရှင် မန်စီးတီးက ပင်နယ်တီ ၃ လုံးရခဲ့ပြီး ပင်နယ်တီ ၃ လုံးစလုံးကို အဂူရို ကန်သွင်းခဲ့ရာ တဂိုးမဝင်ခဲ့ပါဘူး။ မန်စီတီးက သက်တောင့်သက်သာကစားပြီး ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မန်စီးတီးအတွက် ဂိုးတွေကိုတော့ အဂူရို တစ်ဦးတည်းက သွင်းယူပေးခဲ့တာပါ။

    111

    ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ ချယ်ဆီးတို့ကလည်း အဝေးကွင်းမှာ အော်စကာ၊ ဖာဘရီဂတ်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၄၀ ကျော်မှာပဲ နှစ်သင်းစလုံးက ကစားသမား တစ်ဦးစီအထုတ်ခံခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ မော်ရင်ဟိုက အသင်းရဲ့ အားထုတ်မှုတွေ အတွက် ချီးကျူးပြောဆိုခဲ့ပါတယ်။

    ARSENAL VS HULL
    ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ အာဆင်နယ်ကတော့ အိမ်ကွင်းအီမရိတ်မှာ ကံကောင်းထောက်မစွာနဲ့ မရှုံးခဲ့တာဖြစ်ပါတယ်။ ပွဲကိုစိုးမိုးခဲ့တဲ့ အာဆင်နယ်တို့အတွက် ၁၃ မိနစ်မှာပဲ ဆန်းချက်က ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ၄ မိနစ်သာခံခဲ့ပြီး ချေပဂိုးပြန်ပေးလိုက်ရကာ၊ ဒုတိယပိုင်းအစမှပဲ ဟားလ်စီးတီးက ဦးဆောင်ဂိုး ပြန်သွင်းခဲ့ပါတယ်။ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၂ ကြိမ်သာရပြီး ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ဟားလ်စီးတီးအသင်းရဲ့ အဆုံးသတ်သေချာမှုကိုတော့ ချီးကျူးရမှာပါ။ အာဆင်နယ်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပြီး ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် ဒုတိယပိုင်း နာကျင်အချိန်ပိုရောက်မှသာ လိုအပ်နေတဲ့ချေပဂိုးကို ၀ဲလ်ဘတ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    ပရိတ်သတ်တွေရဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်မှုကို ခံနေရတဲ့ ပါဂျူးရဲ့ နယူးကာဆယ်ကတော့ အိုဘာတန်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ဒီရာသီရဲ့ ပထမဆုံး အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။
    222
    ဆောက်သက်တမ် ကလည်း အိမ်ကွင်းမှာ ဆန်းဒါးလန်း အသင်းကို ၈ ဂိုးပြတ်နဲ့ အံ့ဖွယ်အနိုင်ရခဲ့ပါတယ်။ ဆောက်သက်တမ် ရခဲ့တဲ့  ၈ ဂိုးမှာ ဆန်းဒါးလန်း ကစားသမားတွေ ကိုယ်ဂိုးကိုယ်သွင်းတာ ၂ ဂိုးပါဝင်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ်ပွဲစဉ် ၈ စနေနေ့ည ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မန်စီးတီး ၄-၁ စပါး
    အာဆင်နယ် ၂-၂ ဟားလ်စီးတီး
    ဘန်လေ ၁-၃ ၀က်စ်ဟမ်း
    ခရစ္စတယ်ပဲလေ့စ် ၁-၂ ချယ်ဆီး
    အဲဗာတန် ၃-၀ အက်စတွန်ဗီလာ
    နယူးကာဆယ် ၁-၀ လက်စတာ
    ဆောက်သက်တမ် ၈-၀ ဆန်းဒါးလန်း

  • အစ္စလာမ်သာသနာ အတွင်းမှ မတူခြားနား ကွဲပြားမှုများ

    အစ္စလာမ်သာသနာ အတွင်းမှ မတူခြားနား ကွဲပြားမှုများ

    အောက်တိုဘာ ၁၈ ၊ ၂၀၁၄
    M-Media
    SG6XDS4D2ZZ7GTH
    လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော်ဟာ HBO က Bill Maher ရဲ့ တီဗွီတင်ဆက်ပွဲဆိုင်ရာအုပ်စုထဲ ရောက်ခဲ့ရတယ်။ အဲ့ဒီမှာ ဘာသာရေးစစ်ပွဲတစ်ခု ဖြစ်နေခဲ့တယ်။

    အစ္စလာမ်သာသနာကိုယ်တိုင်က ပဋိပက္ခဖြစ်ပေါ်လာစေတာ ဟုတ်မဟုတ် အငြင်းအခုံ အချေအတင် ဖြစ်ရတယ်။ ကျွန်တော်တို့ရဲ့အပြန်အလှန် ဆွေးနွေးပြောဆိုမှုက အော်ကြီးဟစ်ကျယ် စကားဝိုင်းအဆင့်အထိဖြစ်သွားခဲ့ပြီး အင်တာနက် ၀က်ဘ်ဆိုဒ်ပေါ်အထိ ကူးစက်ရောက်ရှိသွားတယ်။ Maher နဲ့ ဧည့်သည်တော်တစ်ဦးဖြစ်သူ Sam Harris တို့က အစ္စလာမ်ဟာ အန္တရာယ်ကြီးတဲ့သာသနာဖြစ်ပေမယ့် နိုင်ငံရေးအရ ကွဲလွဲမှုကိုခွင့်ပြုထားတယ်လို့ ဆိုကြတယ်။ အဲ့ဒီအပေါ် သရုပ်ဆောင် Ben Affleck က သူတို့ရဲ့မှတ်ချက်ဟာ အခြေအမြစ်မဲ့ပြီး လူမျိုးရေးဆန်လွန်းတယ်လို့ ရှုတ်ချခဲ့တယ်။ Ben Affleck ဖက်မှာ ကျွန်တော် ရပ်တည်ခဲ့တယ်။

    ပြပွဲပြီးတဲ့နောက် ဒီအစီအစဉ်ထဲပါဝင်တဲ့ ကျွန်တော်တို့ဟာ ကင်မရာနောက်ကွယ်မှာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နောက်ထပ်တစ်နာရီကြာတဲ့အထိ အချေအတင် ဖြစ်ခဲ့ကြပါတယ်။ Maher က ဒီအငြင်းအခုံဖြစ်လာအောင် မီးမွှေးခဲ့ပြီ။ ရှေ့ဆက် ဂယက်ရိုက်လာပါတော့မယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ သံတူကြောင်းကွဲအချက်သုံးခုကို အသိပေးတင်ပြပါရစေ။

    ပထမဆုံးအချက်ကတော့ – သမိုင်းကြောင်းအရ အစ္စလာမ်ဟာ (သူတို့ထင်မြင်နေသလို) သဘောထားသေးသိမ်မှု မရှိခဲ့ဘူး။ ဒါ့အပြင် အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို စဦးမြှင့်တင် ပေးခဲ့တဲ့ သာသနာဖြစ်နေတယ်။ ၂၀ ရာစုနှစ်သမိုင်းတွေလောက်လာ ကြည့်ရှုသုံးသပ်သူမည်သူမဆို အစ္စလာမ်သာသနာကို သွေးဆာနေတဲ့သာသနာအဖြစ် အပေါ်ယံရှပ်ပြီးတွေးမိပါလိမ့်မယ်။ သမိုင်းမှတ်တမ်းတွေကို ပြန်ကြည့်လိုက်ပါ။ ဥရောပက ခရစ်ယာန်၊ နာဇီ၊ ကွန်မြူနစ်တွေ၊ အာရှတိုက်က ဗုဒ္ဓ၊ တာအို(တောက်)၊ ဟိန္ဒူနဲ့ ဘုရားမဲ့ဝါဒီတွေရဲ့ တအုံတကျင်းသတ်ဖြတ်မှုများကို တွေ့ကြရပါလိမ့်မယ်။

    အလားတူစွာ ကျမ်းမြတ်ကုရ်အာန်မှာ (အကြမ်းဖက်မှုလို့ မဆင်မခြင်သမုတ်ကြတဲ့) စာပိုဒ်များပါဝင်တာ အမှန်ပါ။ သို့သော် ခရစ်ယာန်များရဲ့ Bible ကျမ်းဂန်မှာလည်း ပါဝင်နေတာ၊ ထာဝရဘုရားရှင်က မျိုးဖြုတ်ရှင်းလင်းဖို့ အမိန့်ပေးထားတာကို တွေ့ရပါလိမ့်မယ်။ ဒါက မကောင်းသူပယ် ကောင်းသူကယ်ခြင်းတစ်မျိုးလို့ ဆိုရပါလိမ့်မယ်။

    ဒုတိယအချက်ကတော့ – ယနေ့အစ္စလာမ့်လောကမှာ အနည်းနဲ့အများ သဘောထားသေးသိမ်ချက်၊ ဖိနှိပ်ချက် ဆိုတဲ့ အစွန်းအထင်းတစ်ရပ် အမှန်တကယ်ကို  ရှိနေပါတယ်။ IS က လူရမ်းကားတွေဟာ သူတို့ရဲ့ ဆိုးသွမ်းတဲ့အမူအကျင့်တွေကို သာသနာ့အယူဝါဒလို့ အကြောင်းပြလိုက်ကြတယ်။ သိပ်မကြာသေးခင်က ဗြိတိသျှ ကူညီရေးလုပ်သားတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခြင်းဟာ မွတ်စ်လင်မ်တွေရဲ့ဘ၀တွေကို ကယ်တင်ဖို့လို့ ဆိုပြီး အစ္စလာမ်ကို အမည်ပျက်စေခဲ့တယ်။ ထပ်ပြီးပြောရရင် ကမ္ဘာ့စီးပွားရေးဖိုရမ်အစီရင်ခံစာမှာ အဆင့်အနိမ့်ဆုံး ၁၀ နိုင်ငံစာရင်းအနက် ၉ နိုင်ငံဟာ မွတ်စ်လင်မ်လူများစုတိုင်းပြည်တွေ ဖြစ်နေတယ်။ Pew ရဲ့စစ်တမ်းမှာလည်း အာဖဂန်နစ္စတန်၊ အီဂျစ်၊ ဂျော်ဒန်က သုံးပုံတစ်ပုံအထက် မွတ်စ်လင်မ်တွေဟာ သေဒဏ်ပေးခြင်းကို ပိုမိုလက်ခံကြတယ်လို့ ဖော်ပြတယ်။

    ခရစ်ယာန်၊ အဟ်မဒီ၊ ယဇီဒီ၊ ဘဟာအီနဲ့ ရှီအိုက်(ရှီအဟ်)တွေရဲ့ တစ်ဖက်စောင်းနင်း ဆက်ဆံပြုမူပုံတွေကိုလည်း အစ္စလာမ့်ကမ္ဘာထဲမှာ တွေ့နေတယ်။ ဒီအကြောင်းကို ကျွန်တော်တို့ အသံထုတ်ပေးသင့်ပါတယ်။

    တတိယအချက်ကတော့ – အစ္စလာမ့်ကမ္ဘာမှာ လူဦးရေ အင်မတန်များပြားတယ်၊ အသွင်မတူမှုနဲ့ကွဲလွဲမှုတွေ ကြီးမားတယ်။ အာဖဂန်နိုင်ငံသား ၅ ဦးမှာ ၄ ဦးက အယူဝါဒဖောက်ပြန်မှုအတွက် သေဒဏ်ပေးခြင်းကို နှစ်သက်ကြတယ်။ ကမ္ဘာ့မွတ်စ်လင်မ် လူဦးရေအများဆုံးရှိတဲ့ အင်ဒိုနီးရှားက မွတ်စ်လင်မ်တွေအနက် ၁၆ ရာခိုင်နှုန်းသာလျှင် အဲ့ဒီလိုပြစ်ဒဏ်ပေးခြင်းကို လက်ခံကြတယ်။ အယ်လ်ဘေးနီးယား၊ အဇာဘိုင်ဂျန်နဲ့ ကာဇက်စတာန်မှာဆိုရင် ၂ ရာခိုင်နှုန်းသာသာပဲ ဒီစနစ်ကို လက်ခံတာတွေ့ရတယ်။ ဒါလည်း Pew ရဲ့ စစ်တမ်းဖော်ပြချက်ပါပဲ။

    အဓိက ကွာခြား ကွဲပြားနေမှုက ယုံကြည်ချက်ဆိုင်ရာ ကိစ္စတွေမှာ မဟုတ်ပါဘူး။ ဘယ်ယဉ်ကျေးမှုနဲ့ အသိုင်းအ၀ိုင်းမှာမဆို သဘောထားသေးသိမ်တဲ့ တဇောက်ကန်းတွေရှိပါတယ်။ ယဉ်ကျေးမှုတိုင်း အသိုင်းအ၀ိုင်းတိုင်းမှာ ငြိမ်းချမ်းစွာနေထိုင် ရှင်သန်တဲ့ ယုံကြည်သက်ဝင်သူတွေလည်း ရှိကြပါတယ်

    ဘယ်ဘာသာ တရားမှာမဆို အချို့သူတွေဟာ လူမျိုးရေးကို ဘာသာရေးနဲ့ တန်းညှိပစ်တဲ့ ဖန်တီးချက်များရှိတယ်ဆိုတာ သတိပြုရပါမယ်။ ဟိန္ဒူဘာသာဝင်ထဲမှာ ဂန္ဒီလို လူမျိုးရှိသလို၊ ဂန္ဒီကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့ အယူသည်း အစွန်းရောက်သူလည်း ရှိတယ်။ လက်ရှိ ဒလိုင်းလားမားက လူသားဝါဒအပေါ် သူမတူအောင် ရပ်တည်နေပေမယ့် ၁၆၆၀ ခုနှစ်က ပဉ္စမမြောက် ဒလိုင်းလားမားကတော့ ကျောက်တုံးပေါ် ကြက်ဥတွေ ပစ်ခွဲသလို ကလေးသူငယ်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ဖို့ အမိန့်ပေးခဲ့လေရဲ့။

    ခရစ်ယာန်လောကမှာဆိုရင်လည်း ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ လို လေးစားလောက်ဖွယ် ပုဂ္ဂိုလ်မျိုးရှိသလို၊ ၁၃ ရာစုနှစ် ပြင်သစ်ပြည်က ပုပ်ရဟန်း ကတော့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်ပေါင်း နှစ်သောင်းလောက်ကို လမ်းမှားသူတွေလို့ တံဆိပ်ကပ်ပြီး စုပြုံ သတ်ဖြတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်။ “သူတို့အားလုံးကို အရှင်မထားနဲ့၊ သတ်ပစ်လိုက်၊ (ဒီလိုလုပ်တာ) ထာဝရ ဘုရားသခင် ကိုယ်တိုင် သိလာလိမ့်မယ်”လို့ လူသိရှင်ကြားပြောဆိုခဲ့တဲ့ အထိပါပဲ။

    အင်မတန်ကြောက်စရာကောင်းတဲ့ အုပ်စုတွေကို ကျွန်တော် ကြုံဆုံဖူးတယ်။ အဲ့ဒီထဲက တစ်ယောက်က ဂျာဗားကျွန်းသား မွတ်စ်လင်မ်ပါ။ သူတို့ဟာ စုန်း၊ ကဝေ၊ အောက်လမ်းပညာရှင်လို့ စွပ်စွဲခံရသူတွေကို ခေါင်းဖြတ်သတ်ပြီး အဲ့ဒီဦးခေါင်းတွေကို တောင်ကုန်းပေါ် သွားပစ်ထားလေ့ရှိတယ်။ အဲ့ဒီလို ရက်စက်တတ်တဲ့ စိတ်အခံရှိတဲ့ ကွန်ဂို စစ်ဘုရင်ကြီးကိုလည်း ဆုံဖူးတယ်။ သူက သူ့ကိုယ်သူ (၁၉၀၁ ခုနှစ် အမေရိကန်မှာ ပေါ်ထွက်ခဲ့တဲ့ Bible ထဲကအချက်မှန်သမျှ သစ္စာတရားလို့ ခံယူတဲ့ ခရစ်ယာန်ဂိုဏ်းခွဲ တစ်ခု) Pentecostalism ရဲ့ ဂိုဏ်းအုပ်လို ပုံဖမ်းထားသူပေါ့။ ဒါပေမယ့် စစ်ရာဇ၀တ်မှုကို ရင်ဆိုင်နေရချိန်ကာလ ကျွန်တော့်ကို ညစာစားပွဲဖိတ်ခေါ်တဲ့အခါမှာ တကယ့် သူတော်စင် ပုံစံအတိုင်း ပြုမူဆက်ဆံတာကို တွေ့ခဲ့ရတယ်။

    အစ္စလာမ်သာသနာကို အကြမ်းဖက်ဘာသာ၊ သဘောထားသေးသိမ်တဲ့ ဘာသာအဖြစ် ပုံပျက်ပန်းပျက်ရုပ်လုံးဖော်ခြင်းက တော်တော့်ကို လွဲချော်ဆိုးဝါးလွန်းပါတယ်။ ပါကစ္စတန်မှာ မွတ်စ်လင်မ် အမျိုးသား အုပ်စုတစ်စုဟာ Mukhtar Mai ဆိုတဲ့ မွတ်စ်လင်မ် မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မကျင့်ကြံခဲ့တယ်။ တရားရုံးအမှုမှာ သူမ အနိုင်ရရှိခဲ့တယ်။ သူမဟာ (အဲ့ဒီလူတွေကို သေဒဏ် မတောင်းဆိုဘဲ) လျော်ကြေးငွေကိုသာ အစိုးရဆီက လက်ခံရယူခဲ့ပြီး သူမရဲ့ရွာသူမိန်းကလေးတွေ အတွက် ကျောင်းတစ်ကျောင်းဖြစ်လာအောင် မတည်ပေးခဲ့တယ်။ ပညာရေး ကဏ္ဍအတွက်လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ မာလာလာ မိန်းမရွယ်လေးကို တာလီဘန်တွေက သေနတ်နဲ့ပစ်ခတ်ခဲ့ကြတယ်။ အဲ့ဒီ သေနတ်သမားတွေကလည်း မွတ်စ်လင်မ်တွေပါပဲ။ ကောင်းကျိုးကို သက်စွန့်ဆံဖျား ဆောင်ရွက်ခဲ့သူ မာလာလာကလည်း မွတ်စ်လင်မ်ပါပဲ။

    အီရန်မှာ ခရစ်ယာန်နဲ့ ဘဟာအီတွေကို ညှင်းပန်းနှိပ်စက်ကြတယ်။ ဒါပေမယ့် မွတ်စ်လင်မ် ရှေ့နေတစ်ဦးဖြစ်တဲ့ Mohammad Ali Dadkhah အဲ့ဒီဖိနှိပ်မှုအပေါ် ရဲရဲတောက် စိန်ခေါ်အာခံခဲ့တယ်။ ခရစ်ယာန်ဂိုဏ်းအုပ်တစ်ဦးကို လွတ်မြောက်အောင် ဆောင်ကြဉ်းပေးခဲ့တယ်။ ခုအချိန်မှာ သူဟာ ထောင်ဒဏ် ၉ နှစ် ကျခံနေရဆဲပါ။

    ပါကစ္စတန်က ကျွန်တော့်မိတ်ဆွေ ရှေ့နေကြီး  Rashid Rehman ဆိုရင် လူ့အခွင့်အရေးနဲ့ ဘာသာပေါင်းစုံသဟဇာတဖြစ်ရေးတွေမှာ အကြီးအကျယ် စွမ်းဆောင်နိုင်သူပါ။ ဒီနှစ်အတွင်း အစွန်းရောက်သူများက သူ့ရုံးခန်းကို ၀င်ဖျက်ပြီး သူ့ကို သတ်ဖြတ်ပစ်ခဲ့ပါတယ်။

    ရက်စက်ကြမ်းကြုတ်မှု၊ လိင်ခွဲခြားမှု၊ သဘောထားသေးသိမ်မှုတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့  – အစ္စလာမ်ကို အကျည်းတန်အောင် ဖန်တီးနေတဲ့ IS ကို ဝေဖန် ရှုတ်ချနိုင်ပါတယ်။ ဒါပေမယ့် အစ္စလာမ်၊ မွတ်စ်လင်မ်မှန်သမျှကို အဲ့ဒီအရာတွေနဲ့ မရောထွေးလိုက်ပါနဲ့။ Mukhtar ၊ Malala ၊ Dadkhah နဲ့ Rehman တို့လို သူရဲကောင်းတွေဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍများကို ကိုယ်စားပြုထားတာကိုလည်း ထည့်တွက်စေချင်ပါတယ်။

    ကြောက်စရာပုံရိပ်များကိုသာ ဇောင်းပေးဖော်ပြပြီး အစ္စလာမ်ကို တစ်ဖက်သတ် မုန်းတီးရွံကြောက်နေသူများရဲ့ လူမျိုးရေး/ဘာသာရေး တစ်ယူသန်မှုများကို အားပေးအားမြှောက် မပြုကြပါနဲ့လား။ အခြားတစ်ဖက်မှာလည်း သဘောထားကြီးမှု၊ ခေတ်အမြင်ရှိမှု၊ လူ့အခွင့်အရေးတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်သူများ အပါအ၀င် သန်း ၁၆၀၀ သော အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်တွေ အတွင်း မတူကွဲပြားမှုရှိနေတဲ့ အချက်ကိုလည်း လျစ်လျူမရှုလိုက်ပါနဲ့လား။ အဓိက ကွာခြား ကွဲပြားနေမှုက ယုံကြည်ချက်ဆိုင်ရာ ကိစ္စတွေမှာ မဟုတ်ပါဘူး။ ဘယ်ယဉ်ကျေးမှုနဲ့ အသိုင်းအ၀ိုင်းမှာမဆို သဘောထားသေးသိမ်တဲ့ တဇောက်ကန်းတွေရှိပါတယ်။ ယဉ်ကျေးမှုတိုင်း အသိုင်းအ၀ိုင်းတိုင်းမှာ ငြိမ်းချမ်းစွာနေထိုင် ရှင်သန်တဲ့ ယုံကြည်သက်ဝင်သူတွေလည်း ရှိကြပါတယ်။ ဒီအုပ်စုနှစ်ရပ်ရဲ့ အစဉ်အဆက် ကွဲပြားကွာခြားမှု လို့ပဲ ဆိုချင်ပါတယ်။

    ဒီလိုအကြောင်းအရာက တီဗွီအစီအစဉ်တစ်ခုတည်းအတွင်းမှာ ရှင်းလင်းတင်ပြဖို့ အလွန်အင်မတန် မလွယ်ကူလှအောင် ရှုပ်ထွေးနက်နဲလှပါတယ်။ ဒါပေမယ့် ဒါဟာ အမှန်တရားဖြစ်စဉ်ပါပဲခင်ဗျာ။

    xxxxxxxxxxxxxxxxxxxxxxx
    NewYork Time မှ Nicholas Kristof ရေးသားသော  The Diversity of Islam ကို  မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • HIV/AIDS ကုသရေး ဒေါ်လာ ၅ သန်း ပိုသုံးမည်ဟု  ကျန်းမာရေးဝန်ကြီး ဦးသန်းအောင်  ပြော

    HIV/AIDS ကုသရေး ဒေါ်လာ ၅ သန်း ပိုသုံးမည်ဟု ကျန်းမာရေးဝန်ကြီး ဦးသန်းအောင် ပြော

    အောက်တိုဘာ ၁၈ ၊ ၂၀၁၄
    M-Media
    20141017_Myanmar_632
    – မြန်မာနိုင်ငံအတွင်း HIV ကုသရေးလုပ်ငန်းအတွက် ရန်ပုံငွေကို အမေရိကန် ဒေါ်လာ ၅ သန်း တိုးမြှင့်သုံးစွဲသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဦးသန်းအောင် က ကုလအတွင်းရေးမှူးချုပ်၏ အာရှ-ပစိဖိတ် ဒေသ AIDS ရောဂါဆိုင်ရာ အထူးကိုယ်စားလှယ် ဂျေဗီအာရ် ပရာဆာဒါ ရာအိုအား ကတိပြုခဲ့သည်ဟု သိရသည်။

    မစ္စတာရာအိုမှာ AIDS ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား လျင်လျင်မြန်မြန်နှင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ၏ အားထုတ်မှုများကို ထောက်ခံအားပေးရန်အတွက် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ လာရောက်ခဲ့ပြီး အောက်တိုဘာ ၁၇ ရက်နေ့က ပြန်လည် ထွက်ခွာသွားခဲ့သည်။

    မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံနေရသူ ဦးရေမှာ ၁၉၀၀၀၀ ရှိပြီး ၂၀၁၃ ခုနှစ်အတွင်းမှာပင် ထပ်မံကူးစက်သူဦးရေမှာ ၆၇၀၀ ခန့် ရှိခဲ့သည်။

    ထိုပမာဏထဲမှ ၂၀၁၃ခုနှစ်တွင် ဆေးကုသမှုခံယူနေသူ အရေအတွက်မှာ ၆၅၀၀၀ သာရှိပြီး ယခုကဲ့သို့ ရန်ပုံငွေ တိုးမြှင့်မှုကြောင့် HIV ပိုး ကူးစက်ခံနေရသူ လူနာ ၄၀၀၀၀ ကျော်အား ထပ်မံ၍ ဆေးဝါးများ ပေးအပ်နိုင်မည်ဖြစ်ကာ ရောဂါကူးစက်နေသူများ ၈၅ ရာခိုင်နှုန်းအထိ ကုသနိုင်လာမည်ဟု ကျန်းမာရေးဝန်ကြီးဌာက တွက်ချက်ထားသည်။

    ထို့ပြင် ရာနှုန်းပြည့်ကုသနိုင်ရေး ကုန်ကျစားရိတ်များကို တွက်ချက်နိုင်ရန်အတွက် ဌာနလက်အောက်ရှိ ၀န်ထမ်းများအနေဖြင့် UNAIDS နှင့် ပူးတွဲလုပ်ဆောင်ရန် ကျန်းမာရေး ၀န်ကြီးဌာနက တိုက်တွန်းထားသည်။

    မစ္စတာ ရာအိုကမူ AIDS ရောဂါအား တုံ့ပြန်ရာတွင် မြန်မာနိုင်ငံ၏ ယခုကဲ့သို့ ကတိပြုခဲ့မှုအား ကြိုဆိုပါကြောင်း၊ ၂၀၃၀ ခုနှစ်တွင် AIDS ရောဂါ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားရေး ရည်မှန်းချက်အတွက် ခိုင်မာသော အားပေးဆောင်ရွက်မှုကို မြန်မာခေါင်းဆောင်များအနေဖြင့် တိုးချဲ့ပြုလုပ်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

    ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် HIV ပိုး ကူးစက်နေသူ ၁၀၀၀၀ အတွက်  opioid substitution therapy နည်းလမ်းဖြင့် တိုးချဲ့ကုသနိုင်ရေး ကန်ဒေါ်လာ ၁ သန်း ထပ်မံ သုံးစွဲသွားမည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ကတိပြုခဲ့သည်။

    မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲသူများ၊ လိင်အလုပ်သမားများ၊ လိင်တူဆက်ဆံသူများမှာ HIV ပိုးကူးစက်နိုင်မှု အန္တရာယ် မြင့်မားလျက်ရှိနေသည်။

    ref_ UN AIDS