News @ M-Media

Blog

  • အာရဘီစကားပြော ပထမဆုံး သူနာပြုစက်ရုပ်ကို အီဂျစ်တက္ကသိုလ် တီထွင်

    အာရဘီစကားပြော ပထမဆုံး သူနာပြုစက်ရုပ်ကို အီဂျစ်တက္ကသိုလ် တီထွင်

    ဩဂုတ် ၁၃၊ ၂၀၂၁
    M-Media

    -အီဂျစ်နိုင်ငံ ကိုင်ရိုင်မြို့က Ain Shams တက္ကသိုလ်ဟာ အာရစကားပြောတဲ့ ပထမဆုံး သူနာပြုစက်ရုပ်တစ်ခုကို တီထွင်လိုက်ပါတယ်။

    ကိုဗစ်ကပ်ရောဂါ ပြန့်နှံ့မှု၊ ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ရမှုတွေကြောင့် ဒီလိုစက်ရုပ်မျိုးတီထွင်ဖို့ စိတ်ကူးရခဲ့တာလို့ တက္ကသိုလ်ဥက္ကဌ မဟ်မူးဒ် အလ်-မာတီနီက ပြောပါတယ်။

    ပရောဂျက်ဖြစ်မြောက်ရေးအတွက် တက္ကသိုလ်က ကွန်ပျူတာဌာန၊ သတင်းအချက်အလက်ဌာန၊ ဆေးဝါးဌာန၊ သူနာပြုဌာနတို့က ကျောင်းသားတွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    စက်ရုပ်ကို Shams လို့ အမည်ပေးထားပြီး အာရဘီစကားပြောဆိုနိုင်ကာ ဆရာဝန်တွေ၊ လူနာတွေရဲ့ မျက်နှာတွေကို မှတ်မိနိုင်တဲ့စွမ်းရည်တွေ ရှိပါတယ်။ လူနာတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သလို ကျန်းမာရေး အချက်အလက်တွေကိုလည်း ထည့်သွင်းပေးနိုင်ပါတယ်။

    စက်ရုပ်ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ဆေးစစ်ချက် နမူနာတွေကို သက်ဆိုင်ရာ ဌာနတွေဆီ သယ်ယူပို့ဆောင်ပေးတာ၊ ဆေးဌာနကနေ လိုအပ်တဲ့ ဆေးဝါးတွေကို လူနာဆီ သယ်ဆောင်ပေးတာ၊ ဆရာဝန်နဲ့ လူနာအကြား ဗီဒီယိုကနေတစ်ဆင့် ဆက်သွယ်ပေးတာ၊ ပိုးသတ်ရေးလုပ်ငန်း လုပ်ဆောင်ပေးတာတွေ ပါဝင်ပါတယ်။

    လက်ရှိ ဒီစက်ရုပ်ကို Ain Shams တက္ကသိုလ်ဆေးရုံမှာ စမ်းသပ်အသုံးပြုနေပါတယ်။ ဉာဏ်ရည်တုနည်းပညာ အသုံးပြုပြီး တစ်ခြားလုပ်ငန်းတွေ ခိုင်းစေနိုင်ဖို့လည်း တီထွင်သူတွေက စီစဉ်နေပါတယ်။

    တက္ကသိုလ် ကွန်ပျူတာနှင့် သတင်းအချက်အလက်ဌာန လက်ထောက်ပါ​မောက္ခဖြစ်ပြီး Shams စက်ရုပ်တီထွင်မှုမှာ ပါဝင်ခဲ့တဲ့ မိုဟာမက် မာရိုင်က တက္ကသိုလ် ဆေးရုံမှာ အသုံးပြုဖို့အတွက် နောက်ထပ် စက်ရုပ် ၂၀ လောက် ထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အာရပ်ဒေသ စက်မှုဖွံ့ဖြိုးရေးအဖွဲ့ Arab Organization for Industrialization နဲ့ ပေါင်းပြီး စီးပွားဖြစ်ထုတ်လုပ်သွားဖို့လည်း ရည်ရွယ်ထားပါတယ်။

    Ref: Arab News

  • စစ်ကောင်စီကဖမ်းထားသည့် မိမိတို့နိုင်ငံသားနှင့် အဆက်အသွယ်မရတော့ကြောင်း အမေရိကန် ထုတ်ပြန်

    စစ်ကောင်စီကဖမ်းထားသည့် မိမိတို့နိုင်ငံသားနှင့် အဆက်အသွယ်မရတော့ကြောင်း အမေရိကန် ထုတ်ပြန်

    ဩဂုတ် ၁၃၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ မိမိတို့နိုင်ငံသား ဂျာနယ်လစ်နဲ့ အဆက်အသွယ်မရတာ သီတင်းပတ်ချီ ရှိနေပြီလို့ အမေရိကန်က မနေ့မှာ ထုတ်ပြန်ပါတယ်။

    Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာဖြစ်တဲ့ ဒန်နီဖန်စတာဟာ မေလ ၂၄ ရက်နေ့က မလေးရှားသွားမယ့် ခရီးစဉ်အတွင်း ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဖန်စတာကို အင်းစိန်ထောင်ထဲမှာ ထိန်းသိမ်းထားပါတယ်။

    ဇူလိုင်လ အင်းစိန်ထောင်အတွင်း သပိတ်မှောက်မှု ပြီးကတည်းက ဖန်စတာနဲ့ အဆက်အသွယ် မရတော့ဘဲ အခြေအနေကို စောင့်ကြည့်နေကာ၊ ပြန်လွှတ်ပေးရေး စစ်ကောင်စီကို ဖိအားပေးသွားမယ်လို့ အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ နဒ်ပရိုက်စ်က ပြောပါတယ်။

    “ဒါဟာ ကျွန်တော်တို့အတွက် ဦးစားပေးပါ။ အလွန်အမင်း စိုးရိမ်ပူပန်မိပါတယ်”

    အင်းစိန်ထောင်အတွင်း သပိတ်မှောက်မှု မဖြစ်ပွားခင် အမေရိကန်သံအမတ်က ဖန်စတာကို ဖုန်းနဲ့ အကြိမ်ကြိမ် စကားပြောခွင့်ရခဲ့ပြီး ဖန်စတာရဲ့ မိသားစုဝင်တွေလည်း စကားပြောဆိုခဲ့ရတယ်လို့ ပရိုက်စ်က ဆိုပါတယ်။

    ဖန်စတာအပါအဝင် ဂျာနယ်လစ်တွေကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတာဟာ လက်မခံနိုင်စရာ လုပ်ရပ်ဖြစ်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “သတင်းလုပ်ငန်းဟာ ရာဇဝတ်မှု မဟုတ်ပါဘူး။ သာယာ၀ပြော၊ ကျစ်လစ်တောင့်တင်းပြီး လွတ်လပ်တဲ့ လူ့အခွင့်အစည်းတစ်ခု ထူထောင်ရာမှာ လွတ်လပ်တဲ့ မီဒီယာကဏ္ဍက မပါမဖြစ်ပါပဲ”

    Ref: Reuters

  • အာဏာရှင်ဟောင်း ဦးသန်းရွှေ ကိုဗစ်ကူးနေကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက မီဒီယာကို ဖွင့်ချ

    အာဏာရှင်ဟောင်း ဦးသန်းရွှေ ကိုဗစ်ကူးနေကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက မီဒီယာကို ဖွင့်ချ

    ဩဂုတ် ၁၃၊ ၂၀၂၁
    M-Media

    -စစ်အာဏာရှင်ဟောင်းတွေထဲက တစ်ဦးဖြစ်တဲ့ ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူတို့ဟာ ကိုဗစ်ကူးစက်မှုကြောင့် နေပြည်တော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ စစ်တပ်အသိုင်းအ၀ိုင်း သတင်းရင်းမြစ်တစ်ခုက AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းရွှေဟာ အာဏာရှင်အဖြစ်နဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကြာ အုပ်စိုးခဲ့ပြီး ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ညှင်းပမ်းခဲ့တာဖြစ်ပါတယ်။

    ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်တို့ ဆေးရုံတက်နေရတယ်ဆိုတဲ့သတင်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီး စစ်တပ်အသိုင်းအ၀ိုင်းက ဒူးနာတာကို ကုသနေတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    ဒါပေမယ့် နေပြည်တော်စစ်ဆေးရုံ သတင်းရင်းမြစ်တစ်ခုက ဦးသန်းရွှေနဲ့ ဇနီးတို့ဟာ ကိုဗစ်ဖြစ်နေကြောင်း ပြီးခဲ့တဲ့ ၃၊ ၄ ရက်က သိရှိခဲ့ရပြီး ဆေးရုံမှာ နောက်ထပ် ၂ ပတ် ရှိနေမှာဖြစ်ကြောင်း၊ VIP အခန်းမှာ လုံခြုံရေးအစောင့်အရှောက် တင်းတင်းကြပ်ကြပ်နဲ့ ထားထားကြောင်း AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ရောဂါပြင်းထန်မှုအခြေအနေနဲ့ပတ်သက်ပြီး မသိရှိဘူးလို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

    (ဓာတ်ပုံ – ၂၀၁၀ ခုနှစ် စက်တင်ဘာလ ဘေဂျင်းတွင် တရုတ်သမ္မတဟူကျင်တောင်းနှင့် တွေ့ဆုံမှုအတွင်း ဦးသန်းရွှေကို သူရဦးရွှေမန်း၊ လက်ရှိစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်အတူ တွေ့ရစဉ်)

  • အိန္ဒိယတွင်မြို့တော် နယူးဒေလီတွင် မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှု တစ်ကျော့ပြန် ဖြစ်ပွား

    အိန္ဒိယတွင်မြို့တော် နယူးဒေလီတွင် မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှု တစ်ကျော့ပြန် ဖြစ်ပွား

    ဩဂုတ် ၁၂၊ ၂၀၂၁

    M-Media 

    -အိန္ဒိယမှာ မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အခုတစ်ပတ်အစောပိုင်းက စတင်ကာ တစ်ကျော့ပြန် ဖြစ်ပွားလာပြီး၊ အာဏာရပါတီက ခေါင်းဆောင်တစ်ဦးအပါအဝင် လူ ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။ 

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ (BJP) ခေါင်းဆောင်ဟောင်းနဲ့ တရားရုံးချုပ်ရှေ့နေ တစ်ဦးတို့ ပူးပေါင်းပြီး ကိုလိုနီခေတ်ဥပဒေတွေ ဖျက်သိမ်းရေး တောင်းဆိုရာကနေ မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ဒေလီက ဆန္ဒပြမှုတွေ ဖြစ်ပွားလေ့ရှိတဲ့ Jantar Mantar နေရာမှာ တနင်္ဂနွေနေ့က လူ ၁၀၀ ကျော်လောက် စုရုံးကာ မွတ်စလင်တွေကို အကြမ်းဖက်သတ်ဖြတ်ဖို့အထိ တောင်းဆိုခဲ့ကြပါတယ်။ ဟိန္ဒူဘာသာကိုမပြောင်းရင် မွတ်စလင်တွေကို သတ်ပစ်ရမယ်၊ အိန္ဒိယမှာ ဆက်နေချင်ရင် မွတ်စလင်​တွေ ဟိန္ဒူဘာသာ ပြောင်းကိုပြောင်းရမယ် စတဲ့ ကြွေးကျော်သံတွေကိုလည်း ဟစ်အော်ခဲ့ကြပါတယ်။

    ဦးဆောင်သူ တရားရုံးချုပ် ရှေ့နေနဲ့ အခြား လူ ၄ ဦးကို တနင်္လာနေ့မှာ ဖမ်းဆီးခဲ့ပြီး၊ အင်္ဂါနေ့မှာတော့ ၆ ယောက်မြောက်လူကို ဖမ်းဆီးခဲ့တယ်လို့ ဒေလီရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    အိန္ဒိယရဲ့မြို့တော် ဒေလီမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးရွားဆုံး မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး မွတ်စလင်အများစုအပါအဝင် အနည်းဆုံး ၅၃ ဦး အသတ်ခံခဲ့ရပါတယ်။ 

    Ref: Aljazeera

  • ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ကျူးလွန်မှုကို ဂျီနိုဆိုက်အဖြစ်သတ်မှတ်ရန် အမေရိကန်ကို လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

    ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ကျူးလွန်မှုကို ဂျီနိုဆိုက်အဖြစ်သတ်မှတ်ရန် အမေရိကန်ကို လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

    ဩဂုတ် ၁၁၊ ၂၀၂၁
    M-Media

    မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရိုဟင်ဂျာကျေးရွာတစ်ခု

    -ရိုဟင်ဂျာလူမျိုးစုအပေါ် မြန်မာစစ်တပ်က ကျူးလွန်မှုတွေကို လူမျိုးတုန်းသတ်ဖြတ်မှု(ဂျီနိုဆိုက်) အဖြစ် ကြေငြာပေးဖို့ လူ့အခွင့်အရေးအဖွဲ့ ၉၅ ခုက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးစုတွေဟာ ခေတ်အဆက်ဆက် မြန်မာစစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ညှင်းပမ်းမှုဒဏ်ကို ခံခဲ့ရပြီး၊ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ကမ္ဘာသိ သတ်ဖြတ်မောင်းထုတ်မှုကြီး ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း ရိုဟင်ဂျာ ထောင်သောင်းချီ အသတ်ခံရပြီး၊ ၈ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ နိုင်ငံကာအဖွဲ့အစည်းတွေက ပြောပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာအမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေပေါင်းပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို မ​နေ့က ပေးပို့တဲ့စာမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ သဘောထားကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ ဆော်ဩထားပါတယ်။

    “ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စီမံကိန်း ၄ နှစ်နားကို ကပ်လာပြီး နောက်ထပ် ကြမ်းကြုတ်မှုတွေဖြစ်ဖို့ အန္တရာယ်ရှိနေတဲ့အချိန် ဒီကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးတို့ရဲ့ သဘောထားအတိအကျကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့၊ ဒီရာဇဝတ်မှုကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ဂျီနိုဆိုက်အဖြစ် ရည်ညွှန်းခေါ်ဆိုဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”

    အရင် ထရမ့်အစိုးရနဲ့ လက်ရှိ ဘိုင်ဒန်အစိုးရပါ ရိုဟင်ဂျာကိစ္စကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ဒါမှမဟုတ် ဂျီနိုဆိုက်အဖြစ် တရားဝင် ထုတ်ပြန်ကြေငြာမျိုး မရှိသေးပါဘူး။

    ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို အမေရိကန်အာဏာပိုင်တွေက ပြင်းပြင်းထန် ဆန့်ကျင်ရှုတ်ချတာမျိုး ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် ရှင်းလင်းမှု မြောက်နေတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က တိုင်းရင်းသားတွေနဲ့ ပြည်သူတစ်ရပ်လုံးအပေါ် သတ်ဖြတ်နှိပ်စက်နေတာကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက ဘလင်ကန်ကို ပေးပို့တဲ့စာမှာ ထောက်ပြထားပါတယ်။

    “ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ အဲဒီစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် အရင်က ကျူးလွန်ခဲ့တဲ့ စစ်တပ်ပါ။ လက်ရှိမှာလည်း ရိုဟင်ဂျာတွေ၊ အခြားတိုင်းရင်းသားလူမျိုးစုတွေနဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေပြီး၊ အရင်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်တပ်ဟာ ဘယ်လိုစစ်တပ်မျိုးလဲဆိုတာ နားလည်သဘောပေါက်ဖို့ အရေးကြီးကြောင်း ဒီအခြေအနေက မီးမောင်းထိုးပြနေပါတယ်”

    အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ရဲ့လုပ်ရပ်တွေ၊ လက်တလောဖြစ်နေတဲ့ ကိုဗစ်တတိယလှိုင်းတွေက မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ပိုမိုဆိုးဝါးစေတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စာမှာ ဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုကို အမေရိကန်က လူမျိုးတုန်းသတ်ဖြတ်မှုလို့ သတ်မှတ်လိုက်တာဟာ အာဏာသိမ်းအစိုးရနဲ့ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိုမိုစောင့်ကြည့်ရမယ့် လိုအပ်ချက်ကို မီးမောင်းထိုးပြလိုက်တာမျိုးဖြစ်ကြောင်း၊ ရိုဟင်ဂျာတွေတင်မကဘဲ ချင်း၊ ကရင်၊ ကချင်၊ ရခိုင်နဲ့ ရှမ်းလူမျိုးတွေလည်း စစ်တပ်ရဲ့ ရစ်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ခံစားနေရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဘလန်ကန်ကိုပေးပို့တဲ့ ဒီစာကို လက်မှတ်ရေးထိုးခဲ့တဲ့ လူ့အခွင့်အရေးအဖွဲ့နဲ့ NGO အဖွဲ့ ၉၅ ဖွဲ့ထဲမှာ ရခိုင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အင်စတီကျု၊ ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့၊ ဂျူး-ရိုဟင်ဂျာ တရားမျှတမှု ကွန်ယက်၊ မလေးရှားက Pusat KOMAS အဖွဲ့၊ မြောက်အမေရိက ရိုဟင်ဂျာအသင်း၊ ကမ္ဘာ့ရိုဟင်ဂျာအဖွဲ့တွေလည်း ပါဝင်ပါတယ်။

    Ref: VOA