News @ M-Media

Blog

  • မုန်တိုင်းကြောင့် ရေပိုင်နက်ထဲ ဝင်လာသည့် သီရိလင်္ကာ ငါးဖမ်း သင်္ဘောများအား မြန်မာ အာဏာပိုင်များ ဖမ်းဆီး

    မုန်တိုင်းကြောင့် ရေပိုင်နက်ထဲ ဝင်လာသည့် သီရိလင်္ကာ ငါးဖမ်း သင်္ဘောများအား မြန်မာ အာဏာပိုင်များ ဖမ်းဆီး

    အောက်တိုဘာ ၈ ၊ ၂၀၁၄
    M-Media

    – မြန်မာ့ရေပိုက်နက် အတွင်းသို့ ငါးဖမ်း သင်္ဘော ၃ စီးဖြင့် ၀င်ရောက်လာခဲ့သည့် သီရိလင်္ကာမှ ငါးဖမ်းသမား အုပ်စုကို ဖမ်းဆီး လိုက်သည်ဟု မြန်မာ အာဏာပိုင်များက အောက်တိုဘာ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ ငါးဖမ်းသမား အုပ်စုမှာ သီရိလင်္ကာတောင်ပိုင်း ကမ်းရိုးတမ်းမှ ထွက်ခွာလာခြင်းဖြစ်ပြီး မုန်တိုင်းကြောင့် လမ်းလွဲကာ ရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်ဟု စောစောပိုင်း သတင်းများတွင် ဖော်ပြခဲ့သည်။

    သီရိလင်္ကာ ငါးဖမ်းသင်္ဘော ၃၀ မှာ မုန်တိုင်းဒဏ်ကို ခံစားခဲ့ရသည်ဟု သီရိလင်္ကာ ငါးလုန်ငန်းဌာနမှ လက်ထောက် ဒါရိုက်တာ လာလ် ဒီ ဆီးလ်ဗားက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထိုငါးဖမ်းသင်္ဘောများအား မြန်မာ့ရေပိုင်နက်အတွင်းသို့ ၀င်ရောက်ခွင့်ပြုရန် မြန်မာအစိုးရထံ တောင်းဆိုထားပြီး ပြန်လည်အကြောင်းမကြားသေးကြောင်း၊ ငါးဖမ်းသမားများမှာ တရားမ၀င် ၀င်ရောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရနိုင်ကြောင်း ဆီးလ်ဗားက ထပ်လောင်းပြောကြားခဲ့သည်။

    “လိုအပ်တဲ့အကူညီတွေကိုပေးဖို့ ကျွန်တော်တို့ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေကို မေတ္တာရပ်ခံထားပါတယ်”

    ref_ ဆင်ဟွာ

  • အငြင်းပွားဖွယ်များ ပါသည့် ရွိုင်ကင်း၏ ကိုယ်တိုင်ရေး ဒုတိယမြောက် အထုပ္ပတ္တိ ထွက်လာ

    အငြင်းပွားဖွယ်များ ပါသည့် ရွိုင်ကင်း၏ ကိုယ်တိုင်ရေး ဒုတိယမြောက် အထုပ္ပတ္တိ ထွက်လာ

    အောက်တိုဘာ ၈  ၊ ၂၀၁၄
    M-Media

    1412613037394_wps_2_image001_png– မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်း၏ ကိုယ်တိုင်ရေး ဒုတိယမြောက် အထုပ္ပတ္တိစာအုပ် The Second Half တွင် ဖာဂူဆန်အား ပြစ်တင်ပြောဆိုမှုများ အပါအ၀င် အငြင်းပွားဖွယ် အကြောင်းအရာများ ပါဝင်သည်ဟု သိရသည်။

    ထိုစာအုပ်အား အောက်တိုဘာ ၆ ရက်နေ့က စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး မန်ယူမှ ထွက်ခွာချိန် ၂၀၀၅ ခုနှစ်တွင် ဖာဂူဆန်၊ လက်ထောက်နည်းပြ ကွီယော့ဇ်နှင့် ရွိုင်ကင်းတို့ကြားတွင် မကျေလည်မှုများဖြစ်ပွား ခဲ့သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ရွိုင်ကင်းမှာ ထိုစာအုပ်တွင် ဖာဂူဆန်အား ရိုင်းစိုင်းသည့် စကားလုံးဖြင့် ခေါ်ဝေါ် သုံးစွဲထားမှုလည်း ပါဝင်သည်။

    ရွိုင်ကင်းမှာ မန်ယူမှ ထွက်ခွာရန် စီစဉ်နေစဉ် ရီယဲလ်မှခေါ်ယူရန် ဆက်သွယ်ခဲ့သော်လည်း ငြင်းဆန်ခဲ့ပြီး ထိုအတွက် နောင်တရသည့်အကြောင်း၊ အသင်း၏ ဂန္တ၀င်ကွင်းလယ်လူ ကန်တိုနာ အနားယူ သွားပြီးနောက် ၎င်း၏ ကျောနံပါတ် ၇ ကို ဖာဂူဆန်က မိမိအားပေး၍ ဘက်ခမ်း ၀တ်ဆင်ခြင်းမပြုရန် ဆောင်ရွက်ခဲ့သော်လည်း မိမိက လက်မခံခဲ့ကြောင်း စသည့်အကြောင်းအရာများလည်း ပါဝင်သည်။

    ထို့ပြင် စပို့တင်းလစ္စဘွန်း၏ အိမ်ကွင်းဖွင့်ပွဲအဖြစ် ၎င်းတို့နှင့်ကစားသည့် ပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒို၏ စွမ်းရည်ကို သိရှိခဲ့သည်ဟု ရွိုင်ကိန်းက ရေးသားထားပြီး ရော်နယ်ဒိုကိုလည်း ချီးကျူးခဲ့သည်။ ထိုပွဲတွင် ရော်နယ်ဒို၏ မွှေနှောက် ထိုးဖောက်မှုကြောင့် မန်ယူ ကွင်းလယ်လူ ဂျွန်အိုရှေးမှာ ပထမပိုင်း အပြီးမှာပင် ခေါင်းမူးသဖြင့် ဆရာဝန်ပြသ ခဲ့ရကြောင်းကိုလည်း ထုတ်ဖော်ရေးသားထားသည်။

    မန်ယူအသင်းခေါင်းဆောင် ဘ၀က အာဆင်နယ် အသင်းခေါင်းဆောင် ဗီအဲရာနှင့် ပြဿနာဖြစ်ခဲ့သည့် အကြောင်း၊ ၎င်းကျင်လည်ခဲ့ရသည့် ကလပ် အသင်းများတွင် ကြုံတွေ့ခဲ့သည့် အကြောင်းအရာများ စသည်တို့ကိုလည်း ရွိုင်းကင်းက ထိုစာအုပ်တွင် ပြည့်ပြည့်စုံစုံ ရေးသားထားသည်။

    ရွိုင်ကင်း၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိ ပထမပိုင်းတွင်လည်း ထိုကဲ့သို့ အငြင်းပွားဖွယ်များ ပါဝင်ခဲ့ပြီး၊ ဖာဂူဆန်ကလည်း ၎င်း၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိတွင် ရွိုင်ကင်းအား ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားခဲ့သည်။

    ref_ Daily Mail

  • ဟိန္ဒူဘာသာဝင်တို့၏ ဒေပါဝလီနေ့  ရုံးပိတ်ရက်ကြေညာ

    ဟိန္ဒူဘာသာဝင်တို့၏ ဒေပါဝလီနေ့ ရုံးပိတ်ရက်ကြေညာ

    အောက်တိုဘာ ၈ ၊ ၂၀၁၄
    M-Media
    သီဟ
    daypawarli
    ရန်ကုန် ။          ။ အောက်တိုဘာလ (၂၃) ရက် (ကြာသပတေး) နေ့ဟာ ဟိန္ဒူဘာသာ သာသနာဝင်များ၏ “ဒီပါဝလီနေ့” အထိမ်းအမှတ်ဖြစ်သည့် အတွက် အများပြည်သူများ အလုပ်ပိတ်ရက် အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့မှ မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

    898
    နိုင်ငံတော် အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်ကြ သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့တွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပြီး အီဒွလ်အဿွာဟာ နှင့် ဒေပါဝါလီနေ့တို့မှာ ခရစ် သက္ကရာဇ်ကို အခြေခံတွက်ချက်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ဘာသာဝင်တို့ရဲ့ ပြက္ခဒိန်ကို အခြေခံထားသောကြောင့် ပုံသေရက်သတ်မှတ်၍ မရခြင်းဖြစ်ကြောင်း သိရပါတယ်။
    ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်း အစ္စလာမ်ဘာသာ ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာတို့ရဲ့ အထွတ်အမြတ်ထားရာ နေ့များ တလအတွင်း ကျရောက်ခဲ့တာကို တွေ့ရပါတယ်။

    ကိုးကား- ၈-၁၀-၊၀၄ ထုတ်ကြေးမုံ

  • VOA – အသက် ၇၄ နှစ်အရွယ် ရှေ့နေ ဦးကျော်လှအောင် စစ်တွေထောင်က ပြန်လွတ်

    VOA – အသက် ၇၄ နှစ်အရွယ် ရှေ့နေ ဦးကျော်လှအောင် စစ်တွေထောင်က ပြန်လွတ်

    VOA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။

    MSF-staffArrested UKyaw Hla Aung
    ဓါတ်ပုံအညွှန်း – အလ်ကိုင်ဒါနဲ့ ဆက်သွယ်သည့်ဟု မီဒီယာများတွင် ဝါဒဖြန့်ခံရပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၁၁ရက်နေ့မှာ ဖမ်းဆီးခံရ ရာမှ ၂၀၁၂ ခုနှစ် သြဂုတ်လ၁၂ ရက်နေ့တွင် ပြန်လွတ်လာခဲ့စဉ်က ( ဓါတ်ပုံ- မဇ္ဈိမ)

    မနေ့က စစ်တွေထောင်ကနေ လွတ်မြောက်လာတဲ့ MSF ၀န်ထမ်းဟောင်း ရှေ့နေ ဦးကျော်လှအောင်ကတော့ လူမျိုးရေး၊ ဘာသာရေး၊ ကျား-မ ခွဲခြားမှုမရှိတဲ့ တရားဥပဒေစိုးမိုးရေး မြန်မာနိုင်ငံမှာ လိုအပ်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

    လွတ်လာပြီးနာရီပိုင်းအတွင်း မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတော့ သူက အခုလို စပြောခဲ့ပါတယ်။

    ဖြေ။              ။ “ကျနော့်ကို စက်တင်ဘာ ၂၆ ရက်နေ့က ၁ နှစ်ခွဲထောင်ဒဏ်ချလိုက်တယ်။ ကျနော့်ကိစ္စ ရှေ့နေနဲ့ အယူခံ၊ ပြည်နယ်လွှတ်တော်ကို အယူခံတွေ ဘာတွေတင်တယ်။ ဒါပေမဲ့ ဒီ ၇ ရက်နေ့က ဘာထွက်လဲဆိုတော့ အစိုးရက သမ္မတရုံးက ထောင်ထဲမှာ နေပြီးတော့ ၆ လကျန်တဲ့သူတွေပေါ့ ဥပမာ – ၁ နှစ်ကျော်နေခဲ့ရမယ်။ ၆ လ ကျန်ရမယ်။ အဲ့လိုလူတွေ လွှတ်ရမယ်ဆိုပြီးတော့ ကျနော်က အဲ့ဒါနဲ့ လွတ်တာပါ။ ဒါပေမဲ့ ကျနော်တို့က လက်မှတ်ထိုးခဲ့ရတယ်။ ၄၀၁ – ၄၀၁ ကို ကျနော်တို့ လက်မှတ်ထိုးရတယ်။ နောက်အမှုဖြစ်ရင် အခုကျန်တဲ့ပြစ်ဒဏ်တွေပါ ကျနော်တို့က ခံရမှာ။ အဲ့လိုမျိုး လက်မှတ်ထိုးပြီးတော့မှ ကျနော်တို့ကို လွှတ်ပေးလိုက်တာ။”

    မေး။             ။ အဲတော့ ဟုတ်ကဲ့အန်ကယ်လ် အခု မြင်ရတဲ့အခြေအနေ၊ လွတ်လာတဲ့အခြေအနေ အန်ကယ်လ့်အမြင် ပြောပြပေးပါဦး။

    ဖြေ။              ။ “အခု လွတ်တာက ကျနော်တို့ကို စိစစ်တယ်လေ။ စိစစ်ပြီးမှ ကျနော်တို့ကို ၇ နာရီလောက်မှာ သူတို့အကျဉ်းဦးစီးဌာနကားနဲ့ ဘူမေရွာအထိ ပို့ပေးတယ်။ ပို့ပြီးတော့ ကျနော်က သက်ကယ်ပြင်မှာနေတယ်။ ကျန်တဲ့သူတွေကဆိုရင် မြို့ထဲမှာလေ။ ၂၀၁၂ ခုနှစ်မှာ ဖျက်ပစ်လိုက်တယ်ဆိုတော့ ကျနော်က အခု သက်ကယ်ပြင်မှာ ရောက်နေတယ် မိသားစုက။ ဆိုတော့ အဲ့ဒီမှာပဲ ကျနော်တို့ကားကြိုတယ်။ ကြိုတဲ့ကားနဲ့ပဲ ကျနော် အိမ်ကိုရောက်တယ်။ ရောက်ပြီးတော့ အခု မိသားစုနဲ့အတူ ရှိပါတယ်။”

    မေး။             ။ ဟုတ်ကဲ့ ဆိုတော့ ထောင်ထဲမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားတဲ့ ထောင်ထဲမှာ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေလေးတွေရော ပြောပြပေးပါဦးရှင့်။

    ဖြေ။              ။ “ထောင်ထဲမှာကောင်းပါတယ်။ ကျနော့်ကို ကောင်းကောင်းမွန်မွန် ထားပါတယ်။ တအား သူတို့က လေးလေးစားစား ထားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ရှေ့နေတယောက်ဖြစ်တယ်။ နောက်တခုက ကျနော် နေမကောင်းဘူး။ အသက်ကလည်း ကြီးပြီဆိုတော့ အဲ့ဒီထောင်ပိုင်က တအား ကျနော့်ကို ဂရုစိုက်တယ်၊ ကျန်းမာရေးကိုလည်း ဆရာဝန်တွေက ဂရုစိုက်တယ်။”

    မေး။             ။ ဟုတ်ကဲ့ အန်ကယ်လ့်ကို ချခဲ့တဲ့ ပုဒ်မနဲ့ပတ်သက်ပြီးတော့ရော ရှင်းပြပေးလို့ရမလား။

    ဖြေ။              ။ “ဖမ်းတဲ့အချိန်မှာ ကျနော်က အစည်းအဝေးခေါ်ပြီးတော့ သူတို့ကို ခဲနဲ့ပေါက်ခိုင်းတယ်ဆိုပြီး အဲ့လိုမျိုး သူတို့ဘက်က စွဲချက်တင်တယ်။ ၁၄၈/၁၅၀၊ ၃၉၅ အဲ့ဒီမှာ — ပုဂ္ဂိုလ် အရာရှိတယောက်မှာ တယ်လီဖုန်းပျောက်သွားတယ်။ အဲ့ဒါတွေကို ၃၉၅ အဲ့ဒါတွေနဲ့ စွဲတာပါ။ ဒါပေမဲ့ ကျနော့်အမှုမှာနေပြီးတော့ အရင်ကတည်းက ဖမ်းထားတဲ့ ဦးကျော်မင်းနဲ့ သူ့သားကိုလေ လာပြီးတော့ တရားခံ ထည့်ပစ်လိုက်တယ်။ ထည့်ပစ်လိုက်တယ်ဆိုတော့ ကျနော်က ရှေ့နေမငှားနိုင်ဘူး။ ရှေ့နေမငှားနိုင်ဘူးဆိုတာက ဒီစစ်တွေမှာရှိတဲ့ ရှေ့နေတွေဆိုတာက ကျနော့်တို့ရဲ့ အမှုတွေကို မလိုက်ဘူး။ မလိုက်ဆိုတော့ ဦးကျော်မင်းတို့ ပထမအမှုကို ရန်ကုန်ကနေ သူတို့ငှားတဲ့ ရှေ့နေက လိုက်တယ်ဆိုတော့ အဲ့ဒီရှေ့နေကပဲ ဒီအမှုကိုလည်း လိုက်ပေးတယ်။ ရန်ကုန်က တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်ပါ။ လိုက်ပေးတယ်ဆိုတော့ ဦးကျော်မင်းတို့က အမှုနံပါတ် ၃၆ မှာ လွတ်သွားတယ်။ ဇွန်လ ၂၀ ရက်နေ့ကတည်းက လွတ်သွားတယ်။ ဒီအမှုမှာကျတော့ သူတို့ မလွတ်နိုင်ဖြစ်နေတယ်။ ကျနော်နဲ့ ၂၆ ရက်နေ့မှာ ကျနော်တို့ကို တရားသူကြီးက ပုဒ်မ ၁၄၇/၁၅၀ နဲ့ ၁ နှစ်ခွဲချလိုက်တယ်။ အဲ့ဒီ ပုဒ်မ ၁၄၇/၁၅၀ မှာက စုစုပေါင်းထောင်ဒဏ် အများဆုံးမှ ၂ နှစ်ပဲရှိတယ်။ ၁ နှစ်ခွဲချလိုက်တယ်ဆိုတော့ ကျနော်တို့မှာ ကျန်တာက ၃ လလောက်ပဲကျန်တယ်။ ဦးကျော်မင်းတို့သားအဖမှာဆိုရင် ၄ လလောက်ပဲကျန်တယ်။ ဆိုတော့ အဲ့လိုမျိုးဖြစ်တာပါ။ ဆိုတော့ ဒီ အနည်းဆုံး ၆ လထဲမှာ ကျနော်တို့ ၀င်သွားတာပေါ့။ ၀င်သွားတဲ့အခါ ကျနော်တို့ ဒီနေ့ လွတ်လာတာပါ။”

    မေး။             ။ ဟုတ်ကဲ့ အန်ကယ်လ်ကိုယ်တိုင်လည်း ရှေ့နေဖြစ်တဲ့အတွက် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဥပဒေရေးရာကိစ္စတွေမှာ အန်ကယ်လ့်ရဲ့ သုံးသပ်ချက်လေးပေါ့နော် ပြောပေးလို့ရမလားရှင့်။

    ဖြေ။              ။ “အဲ့ဒါတွေသာ ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲ။ ဥပဒေစိုးမိုးရေးက သိပ်မရှိပါဘူး။ အန်ကယ်လ်လည်း တရားရုံးမှာ ၀န်ထမ်းတယောက်အနေနဲ့ လုပ်ခဲ့ပါတယ်။ အန်ကယ်လ်က ၁၉၆၁ ကနေပြီးတော့ အန်ကယ်လ်က စပ်ရှင်မင်းကြီးလုပ်တာ အဆက်ဆက် လုပ်ခဲ့တယ်။ အဲ့ဒီတုန်းကဆိုရင် တရားဥပဒေမှာ လူမျိုးရေးခွဲခြားမှုမရှိဘူး။ အသက်အရွယ် ခွဲခြားမှု မရှိဘူး။ ယောကျာ်း မိန်းမ ခွဲခြားမှု မရှိဘူး။ အခုကျတော့ လူမျိုးရေးခွဲခြားမှုက တအားကို များတယ်ဆိုတော့ကာ တရားဥပဒေစိုးမိုးမှု မရှိဘူးပေါ့။”

    http://burmese.voanews.com/content/interview-with-u-kyaw-hla-aung/2476220.html

  • ဦးနှောက်ရှိ လမ်းပြစနစ်အား ဖော်ထုတ်ခဲ့သည့် သိပ္ပံပညာရှင် ၃ ဦး ၂၀၁၄  ဆေးပညာဆိုင်ရာ နိုဘယ်ဆု ရရှိ

    ဦးနှောက်ရှိ လမ်းပြစနစ်အား ဖော်ထုတ်ခဲ့သည့် သိပ္ပံပညာရှင် ၃ ဦး ၂၀၁၄ ဆေးပညာဆိုင်ရာ နိုဘယ်ဆု ရရှိ

    အောက်တိုဘာ ၈ ၊ ၂၀၁၄
    M-Media
    _78036876_78036875
    – ၂၀၁၄ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုအား ဦးနှောက်၏ GPS လမ်းပြစနစ်ကို ရှာဖွေဖော်ထုတ်ခဲ့သည့် သိပ္ပံပညာရှင် ၃ ဦးက ပူးတွဲရရှိခဲ့သည်ဟု သိရသည်။

    ဆုရရှိသူများမှာ ဗြိတိန်-အမေရိကန် သိပ္ပံပညာရှင် အသက် ၇၅ နှစ်အရွယ် ဒေါက်တာ ဂျွန်အိုကီးဖီ၊ နော်ဝေနိုင်ငံမှ စူးစမ်းလေ့လာသူ ဇနီးမောင်နှံနှစ်ဦးဖြစ်သည့် အသက် ၅၁ နှစ်အရွယ် မေဘရစ် မိုဆာနှင့် ၅၂ နှစ်အရွယ် အက်ဗာ့ဒ် အိုင် မိုစာတို့ဖြစ်ကြသည်။

    ၎င်းတို့သုံးဦးမှာ ဒဿနပညာရှင်များနှင့် သိပ္ပံပညာရှင်များ ရာစုနှစ်ပေါင်းများစွာ စူးစမ်းမှုများပြုလုပ်နေသော “ဦးနှောက်မှ ပတ်ဝန်းကျင်ရှိ နေရာများအား မြေပုံအဖြစ် မည်ကဲ့သို့ မှတ်ထားသည်၊ ရှုပ်ထွေးသည့် ပတ်ဝန်းကျင်တွင် မိမိတို့သွားရမည့်လမ်းကို မည်ကဲ့သို့ လမ်းညွှန်ပေးသည်” ဆိုသည့် စနစ်အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ထိုစနစ်အရ လူသားများမှာ မိမိတို့ မည်သည့်နေရာတွင် ရောက်ရှိနေခြင်း၊ နေရာတစ်နေရာမှ တစ်နေရာသို့သွားရောက်ရန် လမ်းကြောင်းအား ရှာဖွေခြင်း၊ တွေ့ရှိသည့်အချက်အလက်မျာကို နောင်တစ်ချိန် ပြန်လည်အသုံးပြုနိုင်ရန်အတွက် သိမ်းဆည်းပေးထားခြင်း စသည်တို့ကို ဆောင်ရွက်ပေးပြီး ဦးနှောက်ရှိ ဆဲလ်တစ်ချို့က ထိုလမ်းပြစနစ်အား ထိန်းချုပ်ပေးသည်။

    ဒေါက်တာ အိုကီးဖီမှာ ၁၉၆၀ ပြည့်နှစ်များကပင် အာရုံကြောဆိုင်ရာ နည်းလမ်းဖြင့် ထိုစနစ်ကို စူးစမ်းလေ့လာခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် ဦးနှောက်အတွင်း လမ်းညွှန်စနစ်၏ ပထမဆုံး အစိတ်အပိုင်းကို တွေ့ရှိခဲ့သည်။ ထို့နောက် ၂၀၀၅ ခုနှစ်တွင် မိုဆာဇနီးမောင်နှံက ထိုစနစ်၏ အရေးပါသော ဒုတိယမြောက် အစိတ်အပိုင်းကို တွေ့ရှိခဲ့သည်။

    အဆိုပါ နိုဘယ်ဆု ချီးမြှင်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    ref_ NY Times