News @ M-Media

Blog

  • PSG အားရှုံးခဲ့သည့် အတွက် အပြစ်တင်ရမည့် စာရင်းတွင် မိမိလည်းပါဝင်ဟု ဘာစီလိုနာ နည်းပြပြော

    PSG အားရှုံးခဲ့သည့် အတွက် အပြစ်တင်ရမည့် စာရင်းတွင် မိမိလည်းပါဝင်ဟု ဘာစီလိုနာ နည်းပြပြော

    အောက်တိုဘာ ၁ ၊ ၂၀၁၄
    M-Media
    Luis Enrique
    – ယနေ့နံနက် ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီအသင်းအား ရှုံးနိမ့်ခဲ့ခြင်းအတွက် အပြစ်တင်ခံရမည့်သူများတွင် မိမိလည်း ပါဝင်သည်ဟု ဘာစီလိုနာအသင်နည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    ပြင်သစ်မြေတွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ဘာစီလိုနာမှာ အိမ်ရှင်ပီအက်စ်ဂျီအား ဖိကစားနိုင်ပြီး အနိုင်ရရှိနိုင်သည့် ဂိုးသွင်းခွင့်များစွာ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ့ ၃ ဂိုး ၂ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ အန်းရစ်ကမူ ထိုအတွက် မည်သူကို့မှ အပြစ်မမြင်ချင်ဘဲ မိမိကိုယ်တိုင်မှာလည်း အပြစ်တင်ခံရမည့်သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်ဟု ဆိုသည်။

    “အရှုံးအတွက် ဖြေရှင်းချက်ပေးတာဟာ သိပ်ရှင်းပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်နဲ့အဆင့်တူတဲ့ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး သူတို့က ကျွန်တော်တို့ထက် ဖိအားကို ပိုကောင်းအောင် ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ မျှော်လင့်ထားသလောက် ကောင်းကောင်း ကစားနိုင်ခဲ့ပါဘူး” ဟု အန်းရစ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ၃ ဂိုး အလွယ်တကူပေးလိုက်ရသော နောက်တန်းနှင့် ဂိုးသမားတို့၏ စွမ်းဆောင်ရည်အတွက် မေးမြန်းခဲ့ရာ အန်းရစ်က ကစားသမားတစ်ဦးချင်းစီ၏အတွက် ဆုံးဖြတ်ချက် မပေးလိုကြောင်း မိမိမှာ နည်းပြဖြစ်သည့်အတွက် မိမိသာလျှင်တာဝန်အရှိဆုံး ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

  • အမေရိကန်တွင် အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ တစ်ဦးတွေ့ရှိ

    အောက်တိုဘာ ၁ ၊ ၂၀၁၄
    M-Media

    _77926863_77926862
    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဒဲလက်စ်မြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦး၌ အီဘိုလာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရသည်ဟု ဗဟိုအစိုးရ ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    အမည်ဖော်ပြခြင်းမရှိသော အဆိုပါလူနာမှာ လိုက်ဘေးရီးယားနိုင်ငံသားဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့က အမေရိကန်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ စက်တင်ဘာ ၂၄ ရက်နေ့တွင် အီဘိုလာကူးစက်သည့် ရောဂါလက္ခဏာများ ပြသခဲ့ပြီး ၂၆ ရက်နေ့တွင် ဆေးရုံတင်ခဲ့ကာ ၂၈ ရက်နေ့တွင် အီဘိုလာရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ၎င်းအား ယခုလက်ရှိတွင် Texas Health Presbyterian ဆေးရုံ၌ သီးသန့်ခွဲထားပြီး ဆရာဝန်များ၊ ၀န်ထမ်းများနှင့် ဆေးရုံရှိ လူနာများ ဘေးအန္တရာယ်ကင်းစေရန် အမေရိကန် ရောဂါဘယ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး စင်တာ CDC က အကြံဥာဏ်များပေးကာ ဆောင်ရွက်နေသည်ဟု အဆိုပါဆေးရုံမှ အရာရှိများက ပြောကြားခဲ့သည်။

    CDC မှ ဒါရိုက်တာ သောမတ်စ်ဖရီဒန်ကမူ အတ္တလန်တာရှိ ရုံးချုပ်၌ ယမန်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး မိမိတို့မှာ အီဘိုလာဗိုင်းရပ်စ်ပိုးအား ရပ်တန့်နိုင်လိမ့်မည်ကို သံသယမရှိကြောင်း ပြောကြားခဲ့သည်။

    CDC မှာ ဇူလိုင် ၂၇ ရက်နေ့မှစ၍ အီဘိုလာသံသယရှိသူ ၁၂ ဦးအား စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရောဂါပိုး ကူးစက်နေကြောင်း မတွေ့ခဲ့ရပေ။

    ref_ Al Jazeera and agencies

  • ၅၄ နှစ်မြောက် ပသီအမျိုးသားနေ့ ကျင်းပပြုလုပ်

    ၅၄ နှစ်မြောက် ပသီအမျိုးသားနေ့ ကျင်းပပြုလုပ်

    အောက်တိုဘာ ၁ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    10590436_389502644533239_5846954679903272022_n
    အောက်တိုဘာ ၁-ရက်နေ့တွင် ကျရောက်သည့် ပသီအမျိုးသားနေ့ကို နှစ်စဉ်ကျင်းပခဲ့ရာ ယခု ၂၀၁၄-ခုနှစ်တွင် ၅၄-နှစ်မြောက် ပသီအမျိုးသားနေ့ အထိမ်းအမှတ် အဖြစ်ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့သည်။

    ရန်ကုန်မြို့တွင် အမျိုးသား ညီညွတ်ရေး ကွန်ဂရက် (UNC) ဌာနချုပ်ရုံးတွင် ယနေ့ နေ့လည် ၁း၃၀ နာရီက ပြုလုပ်ခဲ့ရာ အတွင်းရေးမှူးချုပ် ဒေါက်တာဦးလှမြင့်က အမှာစကားပြောကြားပြီး၊ ညီညွတ်ရေးသံစဉ် အယ်ဒီတာချုပ် စာရေးဆရာ မောင်သဲနီက ပသီ အမျိုးသားနေ့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး၊ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူဖြစ်ပြီး တကသ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစည်သူမောင်နှင့် ၈၈ နိုင်ကျဉ်းမှ ဦးထွန်းကြည်တို့က ပသီ အမျိုးသားနေ့ အမှတ်တရ စကားများပြောကြားခဲ့ပြီး UNC ဌာနချုပ် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးလှဝင်း (စာရေးဆရာ မင်းညိုငယ်) မှ ပသီခေါင်းဆောင်များအား ဂုဏ်ပြု အမှတ်တရစကားပြောကြားခဲ့သည်။

     

    .10411329_389499134533590_2623446939874824577_n

    ပြောကြားခဲ့သူများ အနေဖြင့် ပသီအမျိုးသားနေ့အထိမ်းအမှတ်မှသည် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာသည် အထိ တိုင်းပြည်အကျိုးကို ဦးလည်မသုန် ဆောင်ရွက် သွားကြမည်ကို အလေးပေးပြောကြားခဲ့ကြသည်။

    မန္တလေးမြို့တွင်လည်း နှစ်စဉ် အောက်တိုဘာလ (၁)ရက်နေ့၌ ပသီအမျိုးသားနေ့ အခမ်းအနား ပြုလုပ်ကျင်းပခဲ့ရာ ယခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်သော (၅၄)နှစ်မြောက် ပသီအမျိုးသားနေ့ကို မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါပွဲသို့ ဘုံးအိုး အာရဗီသိပ္ပံကျောင်းအုပ်ကြီး ဦးတင်မြင့် အပါအ၀င် အမျိုးသားညီညွတ်ရေး ကွန်ဂရက်မှ အမှုဆောင်များလည်း တက်ရောက်ခဲ့သည်။ နံနက် (၁၀)နာရီတွင် အစီအစဉ်စတင်​ခဲ့ပြီး ပသီဦးမောင်​မောင်စိုးမှ ပသီအမျိုးသားနေ့ ကျင်းပပြုလုပ်​ရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပသီဦးအေးမောင်မှ ပသီကြေငြာ စာတမ်းဖတ်ကြားပေးပြီး ပသီဦးကျော်သန်းမှ ပသီ သမိုင်းအကျဉ်းနှင့် ပသီအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအ​ကြောင်း ပြောကြားခဲ့သည်။ နေ့လည် (၁၂)နာရီတွင် နံနက်ပိုင်း အစီအစဉ်အား ခေတ္တရပ်နားကာ နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး နေ့လည် (၁)နာရီတွင် အစီအစဉ် ပြန်လည်စတင်​ခဲ့သည်။ နေ့လည်ပိုင်း အစီအစဉ်တွင် လက်​ရှိနိုင်​ငံရေး အ​ခြေအ​နေအား လေ့လာသုံးသပ်ကာ ဆွေးနွေးပွဲပြုလုပ်၍ (၃)နာရီတွင် အစီအစဉ် ရုပ်သိမ်းခဲ့သည်။

    ရန်ကုန်မြို့တွင် ယခင်နှစ်များကလည်း နှစ်စဉ် ဆရာကြီး ၀မ်းအိုဝမ်းဦးကျော်ဝင်းမောင်၏ အိမ်တွင် အထိမ်းအမှတ်အကျဉ်းသာ ပြုလုပ်နိုင်ခဲ့ကြပြီး ယခုနှစ်တွင်မူ အမျိုးသား ညီညွတ်ရေးကွန်ဂရက်က ယခုကဲ့သို့ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်ဝင်းမောင်၏ သားဖြစ်သူမှ ပြောသည်။

    “ပသီအမျိုးသားနေ့က ၁၉၆၁-ခုနှစ်က စတင်ပြီး နှစ်စဉ် ကျင်းပခဲ့တာကြောင့် အခုဆိုရင် ၅၄-နှစ်မြောက်ရှိခဲ့ပါပြီ။ ၁၉၆၉-ခုနှစ်က ဆိုရင် နိုင်ငံရေးကြောင့် တကျွန်းပို့ခံရတဲ့ ပသီအမျိုးသားတွေဟာ ကိုကိုးကျွန်းပေါ်မှာပဲ သူတို့မှာရှိတဲ့ စားသောက်ဖွယ်ရာ အချို့နဲ့ ထောင်ထဲက သူတို့မိတ်ဆွေတွေနဲ့အတူ ပသီအမျိုးသားနေ့ကို ထောင်ထဲမှာ ပါ ပြုလုပ်ခဲ့ကြတယ်။ ၁၉၆၁-ခုနှစ်ကတည်းကစပြီး အောက်တိုဘာ ၁-ရက်နေ့တိုင်း နှစ်စဉ် ပသီအမျိုးသားနေ့ အထိမ်းအမှတ် အကျဉ်းလေးတွေကို ပြုလုပ်လေ့ရှိကြတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး ကွန်ဂရက်က ပြုလုပ်တယ်။ အထိမ်းအမှတ်ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဟိုးအရင် ဘုရင်တွေ လက်ထက်ကတည်းက ပသီ အမျိုးသားတွေအဖြစ် သတ်မှတ်ခံရသူတွေဟာ နောက်ပိုင်းမှာ ဗမာ မွတ်စလင်ဆိုပြီး ခေါ်ဆိုခံခဲ့ရတယ်။ ဒါပေမယ့် ခေတ်အဆက်ဆက်က ရှိလာခဲ့တဲ့ ပသီတွေအနေနဲ့ ပသီအမျိုးသားနေ့ဆိုပြီး ၁၉၆၁-ခုနှစ်ကတည်းက သတ်မှတ်ပြီး ကျင်းပခြင်းသာဖြစ်ပါတယ်”လို့ UNC ၏ အတွင်းရေးမှူးချုပ် ဒေါက်တာ ဦးလှမြင့်က M-Media သို့ ပြောကြားခဲ့သည်။

    Photo- UNC FB

  • မိတ်ဆွေ မရှားချင်ဘူး ဆိုရင်ပေါ့

    မိတ်ဆွေ မရှားချင်ဘူး ဆိုရင်ပေါ့

    အောက်တိုဘာ ၁ ၊ ၂၀၁၄
    M-Media
    -နှင်းဆီခင် ရေးသည်။
    What-makes-a-good-friend1
    လူဆိုတာမျိုးက အပေါင်းအသင်းကို ခင်မင်တတ်တာ သဘာဝ။ ထီးတည်း နေလို့မရတာမို့ ပတ်ဝန်းကျင်နှင့် လိုက်လိုက်လျောလျောဆက်ဆံကြရစမြဲပဲပေါ့။ တစ်နည်းပြောရရင် ကိုယ်ကျင်လည်ရာ ၀န်းကျင်မှာ သွေးသားရင်းချာ မဟုတ်တဲ့ သူစိမ်းတစ်ရံတွေနှင့် ပေါင်းသင်းဆက်ဆံကြရ ပါတယ်။ လူအမျိုးမျိုး စိတ်ဓာတ်အထွေထွေလို့ ကိုယ့်စရိုက်နှင့် သဟဇာတမျှပြီး ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့ မိတ်ဆွေကောင်းတွေချည်း ကြုံဆုံရဖို့ဆိုတာတော့ မလွယ်ဘူးလေ။ ကိုယ်က လိုက်လျောရတာတွေ ရှိသလို ကိုယ့်ကို လိုက်လျောတတ်တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေလည်း ရှိပြန်သေးတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ အပေါင်းအသင်း သူငယ်ချင်းဆိုတာ လောက သဘာဝအရ မရှိမဖြစ်၊ ရှိမှဖြစ်မှာမို့ ရင်းနှီး ကျွမ်းဝင်ရှိကြဖို့တော့ လိုသည်ပဲပေါ့။

    စာဖတ်သူတော်တော် များများက ကျွန်မဆီကို ရင်ဖွင့်ရေးသားလေ့ ရှိကြတာက၊ သူတို့က လိုက်လျောခင်မင်ရှိတယ် အစစအရာရာ ကူညီတယ်။ အဲဒီကြားကမှ သူတို့ကိုတုံ့ပြန် ခင်မင်မှု မရှိကြဘူး။ အကျိုးခံစားရဖို့ တစ်ခုတည်း ကြည့်တတ်တဲ့ မိတ်ဆွေ အတုအယောင်တွေချည်း ကြုံနေရတယ်တဲ့။ တကယ်တော့ ရင်းနှီးခင်မင်တယ် ဆိုတာ နှစ်ဖက်မျှတအောင် ဆောင်ရွက်ရတဲ့ကိစ္စမျိုးပါ။ မိတ်ဆွေကောင်းတွေ ရလာဖို့အတွက်ဆိုရင် ကိုယ်တိုင်ကရော မိတ်ဆွေကောင်းတစ်ဦးရဲ့ အရည်အသွေးမျိုးတွေ ရှိဖို့လည်းလိုသေးတာကိုး။ ဒါကိုတော့ ကိုယ့်ကိုကိုယ်မညာတမ်း ဆန်းစစ်ကြည့်သင့်တာပေါ့။

        သူငယ်ချင်းတွေအပေါ် အပြစ်တွေ့ရင် ခွင့်လွှတ်မယ်။ ပြီးတော့ မေ့ပစ်လိုက်နိုင်တာ သူငယ်ချင်းကောင်းတွေရဲ့ အရည်အသွေးပါပဲ။

    ဆိုပါစို့၊ တစ်စုံတစ်ယောက်က ကိုယ့်ကိုယုံကြည်လွန်းလို့ ဖွင့်ပြောလာတဲ့ လှို့ဝှက်ချက်တွေကို ဘယ်သူ့မှပြန် မပြောပါဘူးလို့ ကကိက၀တ်ပေးထားတယ်ဆိုရင်ပေါ့။ ကိုယ်က အသက်သေသည်အထိ နှုတ်လုံလုံထိန်းမှဖြစ်မယ်နော်။ ထီးဆောင်းပြီး တစ်အိမ်တက်ဆင်း လိုက်ပြောလို့ကတော့ မဖြစ်သေးဘူး။

    ကိစ္စကြီးငယ်ကြုံလာတဲ့ အခါ သူငယ်ချင်းတွေက ကိုယ့်ဆီက အကြံညဏ်ကို တလေးတစား တောင်းတာမျိုး ရှိ/မရှိ ဆင်ခြင်ကြည့်ပါ။ အဲဒီလိုလူစားမျိုး မဖြစ်သေးရင်လည်း ဖြစ်လာအောင် ကြိုးစားရပါလိမ့်မယ်။ သူငယ်ချင်းတွေနှင့် ခင်မင်မှုဟာ ကောက်ရိုးမီး ခင်မင်ရင်းနှီးတာမျိုး မဟုတ်ဘဲ တစ်သက်လုံး ရေရှည် ခင်မင်သွားအောင် ကိုယ့်ဘက်က ပြုပြင်ဆင်ခြင် သင့်တာလေးတွေ ရှိခဲ့ရင်လည်း ပြုပြင်ဦးမှ။ သူငယ်ချင်းတွေနှင့် စကားစမြည်ပြောကြတဲ့အခါ တချို့တချို့ အကြောင်းအရာ ခေါင်းစဉ်တွေကို လုံးဝစိတ်မ၀င်စားသည့်တိုင် ခင်မင်မှုသံယောဇဉ်နှင့် အလေးအနက် နားထောင်ပေးတတ်ရတာ လူ့ကျင့်ဝတ်တစ်ခုပါ။

    သူငယ်ချင်းက အကူအညီတစ်ခုခုတောင်းလာတဲ့ အခါ ကိုယ်တိုင်နားမလည်၊ မကျွမ်းတာမျိုးဖြစ်ရင် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်တာထက် အကူအညီ ရရာရကြောင်း တခြားသူတွေကနေ တစ်ဆင့် ကြိုးစားပေးသင့်ပါတယ်။

    လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် ထိုင်ကြတဲ့အခါ ငွေရှင်းခါနီးမှာ လက်တွန့်နေတာ၊ သူများတကာဆီကပဲ အလကားရဖို့ မျှော်လင့်နေမိတာ မိတ်ပျက်စေတဲ့ အကြောင်းရင်းတစ်ခုမို့ သတိထားရလိမ့်မယ်။ ဖြစ်နိုင်ရင် ကိုယ်တိုင်ရှင်း စနစ်သုံးတာက ရေရှည်မိတ်မပျက်တော့ဘူးပေါ့။

    သူငယ်ချင်းတွေရဲ့ ကောင်းကွက်ကလေးတွေကို လှိုက်လှိုက်လှဲလှဲ ထုတ်ဖော်ချီးကျူးတာ၊ သူငယ်ချင်းတွေရဲ့ အောင်မြင်မှုအတွက် ကိုယ်ကပါရောပြီး ပျော်နိုင်ရဲ့လား ဆိုတာတော ကိုယ့်ဘာသာ အသိဆုံးပါပဲပေါ့။ နောက်ပြီး ကိုယ့်သူငယ်ချင်းကို သူများတကာက အားပါးတရ ချီးကျူးတာမျိုးကြုံရရင် ကိုယ်ပါရောပြီး ပျော်နိုင်ပါ့မလား၊ မနာလိုမရှုစိတ် မဖြစ်ဘူးဆိုတာ သေချာဖို့တော့လိုမယ်နော်။

    သူငယ်ချင်းတွေအပေါ် အပြစ်တွေ့ရင် ခွင့်လွှတ်မယ်။ ပြီးတော့ မေ့ပစ်လိုက်နိုင်တာ သူငယ်ချင်းကောင်းတွေရဲ့ အရည်အသွေးပါပဲ။ တစ်ခါတစ်ရံမှာပေါ့။ ကိုယ်နှင့်ပြောဆိုဆက်ဆံနေတဲ့ သူငယ်ချင်းကို မကျေမနပ်ဖြစ်မိလို့ စိတ်မသက်ဖြစ်လာရင် သူငယ်ချင်း မရိပ်မိအောင် ဟန်မပျက်နေတတ်ဖို့လည်း လိုတယ်။ စကားဝိုင်းတစ်ခုမှာ ကိုယ်ကချည်း ဦးဆောင်မနေဘဲ သူများတကာတွေကိုလည်း အလှည့်ပေးရမယ်ဆိုတဲ့ အသိမျိုးရှိသင့်တယ်။ ကိုယ် အထင်ကြီးလေးစားတဲ့ သူငယ်ချင်းတစ်ယောက်မှာ အကြောင်းကြောင်းကြောင့် နဂိုအခြေအနေ ပျက်ယွင်းသွားမယ်ဆိုရင်ပေါ့။ သူ့ကိုအရင်လိုမျိုးဆက်ပြီး ခင်မင်သွားမယ်ဆိုတာသေချာအောင် လုပ်နိုင်ရပါမယ်။

    လူဆိုတာက မှားတတ်တာမျိုးလေ။ တစ်ခါတစ်လေမှာ ကိုယ့်ဘက်ကမှားယွင်းသွားတာမျိုးဆိုရင် ဇွတ်မှိတ်ငြင်းမနေဘဲ တောင်းပန်တတ်တာ အကျင့်ကောင်းတစ်ခုပါ။ ရင်းနှီးခင်မင်ဖို့ဆိုတာ ရယူဖို့ချည်းတွေးမနေဘဲ ကိုယ့်ဘက်ကပေးဆပ်နိုင်သမျှ ပေးဆပ်ဖို့တွေးတတ်သူဟာ ရင်မှာကြည်နှုး ခံစားရတတ်တယ်။

    ရှိသေးတယ်။ စကားဝိုင်းတစ်ခုမှာ အငြင်းသန်လွန်းသူ၊ ကိုယ်သိ၊ ကိုယ်တတ်လုပ်လွန်းသူတွေမှာ သူငယ်ချင်းကောင်း ရှားတတ်တာ သဘာဝမို့ ဆင်ခြင်သင့်ပါတယ်။

    အထက်ဖော်ပြပါအကြောင်းအရာ၊ အချက်အလက်တွေဟာ လောကအလယ်မှာ မိတ်ဆွေမရှားစေတဲ့ အရည်အသွေးကောင်းတွေပါပဲ။ ဒါပေမဲ့ အဲဒီအားသာချက်တွေ ကောင်းကွက်တွေ အားလုံးနှင့် ပြည့်စုံဖို့ ဆိုတာကတော့ လက်တွေ့မှာ မလွယ်လှပါဘူး။ ဒါပေမဲ့ အချက်အလက်တော်တော် များများနှင့် ပြည့်စုံအောင်တော့ လေ့ကျင့်ယူနိုင်တာ သေချာတယ်။

    ဒါဆိုရင် သေချာတာ တစ်ခုက အထီးကျန် ဘ၀မှာ ဘယ်တော့မှ ကျင်လည်ရမှာ မဟုတ်သလို ကိုယ့်ကို သံယောဇဉ်ရှိပြီး ကိုယ်ကလည်း သံယောဇဉ်ဖွဲ့နှောင်ထားတဲ့ သူငယ်ချင်း မိတ်ဆွေကောင်းတွေ ပိုင်ဆိုင်ခွင့် ရနိုင်မယ်ဆိုတဲ့ အကြောင်း………။

    နှင်းဆီခင်

  • ဒိုမိနီကန်မှ ကက်သလစ် ဘုန်းတော်ကြီးကို ကလေးများအား လိင်ပိုင်း ဆိုင်ရာ စော်ကားမှုဖြင့်  ဗာတီကန် ဖမ်းဆီး

    ဒိုမိနီကန်မှ ကက်သလစ် ဘုန်းတော်ကြီးကို ကလေးများအား လိင်ပိုင်း ဆိုင်ရာ စော်ကားမှုဖြင့် ဗာတီကန် ဖမ်းဆီး

    အောက်တိုဘာ ၁ ၊ ၂၀၁၄
    M-Media
    Jozef Wesolowski
    – ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည့် ဒိုမိနီကန်နိုင်ငံမှ ကက်သလစ် ဘုန်းတော်ကြီးတစ်ဦးအား ဗာတီကန်က ယမန်နေ့တွင် ဖမ်းဆီးကာ နေအိမ်အကျယ်ချုပ် ချထားလိုက်သည်ဟု အီတလီသတင်းစာ Il Corriere della Sera က ဖော်ပြခဲ့သည်။

    ဗာတီကန်၏ သံတမန်အဖြစ် ဒိုမီနီကန်သို့ သွားရောက် တာဝန်ထမ်းဆောင်နေသည့် ဘုန်းတော်ကြီး ဂျိုးဇက် ၀ီဆိုလိုစကီး ဆိုသူဖြစ်ပြီး ကလေးများနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုများရှိခဲ့သည့် အတွက် ယခုကဲ့သို့ အပြစ်ပေးခဲ့ခြင်းဖြစ်သည်။

    ဂျိုးဇက်၏ ကွန်ပျူတာထဲတွင် အပြာဗီဒီယိုနှင့် ရုပ်ပုံပေါင်း ၁ သိန်းခန့်ရှိပြီး အသက် ၁၃ နှစ်၊ ၁၇ နှစ်အရွယ်ရှိ ကလေးများ ကင်မရာရှေ့တွင် မဖွယ်မရာပြုလုပ်နေပုံများ၊ အရွယ်ရောက်သူများနှင့် လိင် ဆက်ဆံနေမှုများလည်း ပါဝင်သည်ဟု အဆိုပါ သတင်းစာတွင် ဖော်ပြခဲ့သည်။

    ဘုန်းတော်ကြီး ဂျိုးဆက်အား ပြီးခဲ့သည့် ဇွန်လကပင် ရာထူးမှ ဖယ်ရှားခဲ့ပြီး၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဆန္ဒဖြင့် ဗာတီကန် ပရ၀ုဏ်အတွင်း ပထမဆုံး ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။ ဂျိုးဇက်အား လက်ရှိတွင် နေအိမ်အကျယ်ချုပ် ချထားပြီး နောက်ပိုင်းတွင် ရာဇ၀တ်ခုံရုံးတွင် ရုံးတင် စစ်ဆေးသွားမည်ဖြစ်သည်။

    ကက်သလစ်ဘုန်းတော်ကြီးများက ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများအတွက် ဖြေရှင်းရန် ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေတစ်ခုကို ပုပ်ရဟန်းမင်းကြီးက ၂၀၁၃ ခုနှစ်တွင် စစ်ဆေးခဲ့ပြီး ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ ကိစ္စများအတွက် လုံးဝ သည်းခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများကို ခံခဲ့ရသူများနှင့် ဗာတီကန်တွင် တွေ့ဆုံခဲ့ပြီး ဘုန်းတော်ကြီးများ၏ လုပ်ရပ်များအတွက် တောင်းပန်ခဲ့သည်။

    ref_Mic Network