News @ M-Media

ဒိုမိနီကန်မှ ကက်သလစ် ဘုန်းတော်ကြီးကို ကလေးများအား လိင်ပိုင်း ဆိုင်ရာ စော်ကားမှုဖြင့် ဗာတီကန် ဖမ်းဆီး

အောက်တိုဘာ ၁ ၊ ၂၀၁၄
M-Media
Jozef Wesolowski
– ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည့် ဒိုမိနီကန်နိုင်ငံမှ ကက်သလစ် ဘုန်းတော်ကြီးတစ်ဦးအား ဗာတီကန်က ယမန်နေ့တွင် ဖမ်းဆီးကာ နေအိမ်အကျယ်ချုပ် ချထားလိုက်သည်ဟု အီတလီသတင်းစာ Il Corriere della Sera က ဖော်ပြခဲ့သည်။

ဗာတီကန်၏ သံတမန်အဖြစ် ဒိုမီနီကန်သို့ သွားရောက် တာဝန်ထမ်းဆောင်နေသည့် ဘုန်းတော်ကြီး ဂျိုးဇက် ၀ီဆိုလိုစကီး ဆိုသူဖြစ်ပြီး ကလေးများနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုများရှိခဲ့သည့် အတွက် ယခုကဲ့သို့ အပြစ်ပေးခဲ့ခြင်းဖြစ်သည်။

ဂျိုးဇက်၏ ကွန်ပျူတာထဲတွင် အပြာဗီဒီယိုနှင့် ရုပ်ပုံပေါင်း ၁ သိန်းခန့်ရှိပြီး အသက် ၁၃ နှစ်၊ ၁၇ နှစ်အရွယ်ရှိ ကလေးများ ကင်မရာရှေ့တွင် မဖွယ်မရာပြုလုပ်နေပုံများ၊ အရွယ်ရောက်သူများနှင့် လိင် ဆက်ဆံနေမှုများလည်း ပါဝင်သည်ဟု အဆိုပါ သတင်းစာတွင် ဖော်ပြခဲ့သည်။

ဘုန်းတော်ကြီး ဂျိုးဆက်အား ပြီးခဲ့သည့် ဇွန်လကပင် ရာထူးမှ ဖယ်ရှားခဲ့ပြီး၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဆန္ဒဖြင့် ဗာတီကန် ပရ၀ုဏ်အတွင်း ပထမဆုံး ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။ ဂျိုးဇက်အား လက်ရှိတွင် နေအိမ်အကျယ်ချုပ် ချထားပြီး နောက်ပိုင်းတွင် ရာဇ၀တ်ခုံရုံးတွင် ရုံးတင် စစ်ဆေးသွားမည်ဖြစ်သည်။

ကက်သလစ်ဘုန်းတော်ကြီးများက ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများအတွက် ဖြေရှင်းရန် ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေတစ်ခုကို ပုပ်ရဟန်းမင်းကြီးက ၂၀၁၃ ခုနှစ်တွင် စစ်ဆေးခဲ့ပြီး ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ ကိစ္စများအတွက် လုံးဝ သည်းခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများကို ခံခဲ့ရသူများနှင့် ဗာတီကန်တွင် တွေ့ဆုံခဲ့ပြီး ဘုန်းတော်ကြီးများ၏ လုပ်ရပ်များအတွက် တောင်းပန်ခဲ့သည်။

ref_Mic Network

Comments

Leave a Reply