အောက်တိုဘာ ၁ ၊ ၂၀၁၄
M-Media
ချမ်းငြိမ်းအေး
အောက်တိုဘာ ၁-ရက်နေ့တွင် ကျရောက်သည့် ပသီအမျိုးသားနေ့ကို နှစ်စဉ်ကျင်းပခဲ့ရာ ယခု ၂၀၁၄-ခုနှစ်တွင် ၅၄-နှစ်မြောက် ပသီအမျိုးသားနေ့ အထိမ်းအမှတ် အဖြစ်ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့တွင် အမျိုးသား ညီညွတ်ရေး ကွန်ဂရက် (UNC) ဌာနချုပ်ရုံးတွင် ယနေ့ နေ့လည် ၁း၃၀ နာရီက ပြုလုပ်ခဲ့ရာ အတွင်းရေးမှူးချုပ် ဒေါက်တာဦးလှမြင့်က အမှာစကားပြောကြားပြီး၊ ညီညွတ်ရေးသံစဉ် အယ်ဒီတာချုပ် စာရေးဆရာ မောင်သဲနီက ပသီ အမျိုးသားနေ့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး၊ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူဖြစ်ပြီး တကသ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစည်သူမောင်နှင့် ၈၈ နိုင်ကျဉ်းမှ ဦးထွန်းကြည်တို့က ပသီ အမျိုးသားနေ့ အမှတ်တရ စကားများပြောကြားခဲ့ပြီး UNC ဌာနချုပ် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးလှဝင်း (စာရေးဆရာ မင်းညိုငယ်) မှ ပသီခေါင်းဆောင်များအား ဂုဏ်ပြု အမှတ်တရစကားပြောကြားခဲ့သည်။
ပြောကြားခဲ့သူများ အနေဖြင့် ပသီအမျိုးသားနေ့အထိမ်းအမှတ်မှသည် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာသည် အထိ တိုင်းပြည်အကျိုးကို ဦးလည်မသုန် ဆောင်ရွက် သွားကြမည်ကို အလေးပေးပြောကြားခဲ့ကြသည်။
မန္တလေးမြို့တွင်လည်း နှစ်စဉ် အောက်တိုဘာလ (၁)ရက်နေ့၌ ပသီအမျိုးသားနေ့ အခမ်းအနား ပြုလုပ်ကျင်းပခဲ့ရာ ယခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်သော (၅၄)နှစ်မြောက် ပသီအမျိုးသားနေ့ကို မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါပွဲသို့ ဘုံးအိုး အာရဗီသိပ္ပံကျောင်းအုပ်ကြီး ဦးတင်မြင့် အပါအ၀င် အမျိုးသားညီညွတ်ရေး ကွန်ဂရက်မှ အမှုဆောင်များလည်း တက်ရောက်ခဲ့သည်။ နံနက် (၁၀)နာရီတွင် အစီအစဉ်စတင်ခဲ့ပြီး ပသီဦးမောင်မောင်စိုးမှ ပသီအမျိုးသားနေ့ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပသီဦးအေးမောင်မှ ပသီကြေငြာ စာတမ်းဖတ်ကြားပေးပြီး ပသီဦးကျော်သန်းမှ ပသီ သမိုင်းအကျဉ်းနှင့် ပသီအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်း ပြောကြားခဲ့သည်။ နေ့လည် (၁၂)နာရီတွင် နံနက်ပိုင်း အစီအစဉ်အား ခေတ္တရပ်နားကာ နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး နေ့လည် (၁)နာရီတွင် အစီအစဉ် ပြန်လည်စတင်ခဲ့သည်။ နေ့လည်ပိုင်း အစီအစဉ်တွင် လက်ရှိနိုင်ငံရေး အခြေအနေအား လေ့လာသုံးသပ်ကာ ဆွေးနွေးပွဲပြုလုပ်၍ (၃)နာရီတွင် အစီအစဉ် ရုပ်သိမ်းခဲ့သည်။
ရန်ကုန်မြို့တွင် ယခင်နှစ်များကလည်း နှစ်စဉ် ဆရာကြီး ၀မ်းအိုဝမ်းဦးကျော်ဝင်းမောင်၏ အိမ်တွင် အထိမ်းအမှတ်အကျဉ်းသာ ပြုလုပ်နိုင်ခဲ့ကြပြီး ယခုနှစ်တွင်မူ အမျိုးသား ညီညွတ်ရေးကွန်ဂရက်က ယခုကဲ့သို့ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်ဝင်းမောင်၏ သားဖြစ်သူမှ ပြောသည်။
“ပသီအမျိုးသားနေ့က ၁၉၆၁-ခုနှစ်က စတင်ပြီး နှစ်စဉ် ကျင်းပခဲ့တာကြောင့် အခုဆိုရင် ၅၄-နှစ်မြောက်ရှိခဲ့ပါပြီ။ ၁၉၆၉-ခုနှစ်က ဆိုရင် နိုင်ငံရေးကြောင့် တကျွန်းပို့ခံရတဲ့ ပသီအမျိုးသားတွေဟာ ကိုကိုးကျွန်းပေါ်မှာပဲ သူတို့မှာရှိတဲ့ စားသောက်ဖွယ်ရာ အချို့နဲ့ ထောင်ထဲက သူတို့မိတ်ဆွေတွေနဲ့အတူ ပသီအမျိုးသားနေ့ကို ထောင်ထဲမှာ ပါ ပြုလုပ်ခဲ့ကြတယ်။ ၁၉၆၁-ခုနှစ်ကတည်းကစပြီး အောက်တိုဘာ ၁-ရက်နေ့တိုင်း နှစ်စဉ် ပသီအမျိုးသားနေ့ အထိမ်းအမှတ် အကျဉ်းလေးတွေကို ပြုလုပ်လေ့ရှိကြတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး ကွန်ဂရက်က ပြုလုပ်တယ်။ အထိမ်းအမှတ်ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဟိုးအရင် ဘုရင်တွေ လက်ထက်ကတည်းက ပသီ အမျိုးသားတွေအဖြစ် သတ်မှတ်ခံရသူတွေဟာ နောက်ပိုင်းမှာ ဗမာ မွတ်စလင်ဆိုပြီး ခေါ်ဆိုခံခဲ့ရတယ်။ ဒါပေမယ့် ခေတ်အဆက်ဆက်က ရှိလာခဲ့တဲ့ ပသီတွေအနေနဲ့ ပသီအမျိုးသားနေ့ဆိုပြီး ၁၉၆၁-ခုနှစ်ကတည်းက သတ်မှတ်ပြီး ကျင်းပခြင်းသာဖြစ်ပါတယ်”လို့ UNC ၏ အတွင်းရေးမှူးချုပ် ဒေါက်တာ ဦးလှမြင့်က M-Media သို့ ပြောကြားခဲ့သည်။
Photo- UNC FB
Leave a Reply
You must be logged in to post a comment.