News @ M-Media
Blog
  • ၀ိုင်းအော် နိုင်ငံရေးနှင့် နှာစေး အနိုင်ပိုင်းနည်းလား
    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    -ဆောင်းပါးရှင်- သူရမင်းမင်း
    no-action-talk-only
    -မြန်မာပြည်မှာ နိုင်ငံရေးဖိနှိပ်မှု၊ ပြည်သူတွေကို မတော်မတရားလုပ်မှုတွေ နှစ်ပေါင်း ၆၀ ကျော် ကြာ နေ ရတဲ့ အကြောင်းရင်းတွေထဲက တခုက  ပြည်သူတွေရဲ့  အားနည်းချက် အထူးသဖြင့် နိုင်ငံရေး လုပ်ရှားသူတွေ ရဲ့  အားနည်းချက်ကို ထောက်ပြရပါလိမ့်မယ်။ အပြောကြီးပြီး လက်တွေ့ ဖြစ်အောင် မလုပ်နိုင်ဘူးလို့  ဆိုရပါမယ်။ ဘလိုင်းဝင်ကျုံးတယ်လို့  မထင်လိုက်ပါနဲ့ ။  အကြောင်းရှိပါတယ်။
    အစိုးရရဲ့  မဟာဗျူဟာ၊ နည်းဗျူဟာ၊ နိုင်ငံရေး၊ စိတ်ဓာတ်စစ်ဆင်ရေး စတဲ့ နေရာတွေမှာ အစိုးရထက်  တလှမ်းပိုသာအောင်၊ လက်ဦးမှုရအောင် ဘာမှ  လုပ်တာသတိမထားမိပါဘူး။
    မြန်မာပြည်နိုင်ငံရေးမှာ အစိုးရက အမြဲအသာစည်းယူထားပါတယ်။ အတိုက်အခံဆိုသူတွေက အမြဲလိုလိုနောက်လိုက်ပါပဲ။ အစိုးရက တခုလုပ်ရင် နောက်က လိုက်အော်ပါတယ်။ အော်ပြီးရင်လည်း ပြီးသွားတာပါပဲ။ ထိထိရောက်ရောက်ဘာကိုမှ မလုပ်နိုင်တော့ နောက်ဆုံးတော့ အစိုးရက သူဖြစ်ချင်တဲ့အတိုင်း ဖြစ်သွားတာပါပဲ။
    အမျိုးသားညီလာခံကနေဖြတ်ပြီး ကြည့်ကြရအောင်ပါ။ အစိုးရက အမျိုးသားညီလာခံဆိုပြီးလုပ်တော့ အမျိုးသားညီလာခံကို ဆန့် ကျင်ကြောင်း ၀ိုင်းအော်ပါတယ်။ အစိုးရက အမျိုးသားညီလာခံကို ခနနားလိုက်တော့ အသံတွေရပ်သွားတယ်။ ဘာမှလုပ်စရာမရှိတော့ ထုံးစံအတိုင်း ဒီမိုကရေစီရရှိရေး ဒို့ အရေး ဒို့ အရေးကို ပြန်ရောက်သွားပါတယ်။ အစိုးရရဲ့  မဟာဗျူဟာ၊ နည်းဗျူဟာ၊ နိုင်ငံရေး၊ စိတ်ဓာတ်စစ်ဆင်ရေး စတဲ့ နေရာတွေမှာ အစိုးရထက်  တလှမ်းပိုသာအောင်၊ လက်ဦးမှုရအောင် ဘာမှ  လုပ်တာသတိမထားမိပါဘူး။ နောက်တခုဆက်ကြည့်ပါ။
    နိုင်ငံရေး လမ်းပြမြေပုံဆိုပြီး အစိုးရက ဆက်လုပ်တော့ အားလုံးစုပြုံပြီး လိုက်အော်ပါတော့တယ်။ အော်ရုံ ကလွဲပြီး ထိထိရောက်ရောက် ဘာမှမလုပ်နိုင်ခဲ့ပါ။
    အဲ့ဒီကနေတခါ ၂၀၀၈ ဖွဲ့ စည်းပုံဆိုပြီးဖြစ်လာတယ်။ အစိုးရက နောက်တခေါက်လှိမ့်ပေးလိုက်တဲ့ဘီး။ အဲ့ဒီဘီးနောက်ကိုပဲ တန်းစီလိုက်ပါတော့တယ်။ ဖွဲ့ စည်းပုံကို လက်မခံနိုင်ကြောင်း အားလုံးဝိုင်းအော် ကြပြန်တယ်။ နောက်ဆုံးတော့ အားလုံးအသိ အစိုးရဖြစ်ချင်တဲ့အတိုင်း ဖြစ်သွားတာပဲမဟုတ်လား။ ၀ိုင်းအော်ရုံထက် ဘာမှမလုပ်နိုင်ခဲ့ပါ။
    ဒီလိုလဲ၂၀၁၀ ရွေးကောက်ပွဲဖြစ်လာတယ်။ ဒါကိုလဲ ၀ိုင်းအော်ခဲ့ကြတယ်မဟုတ်လား။ ဒါပေမဲ့ အစိုးရက လူဖြစ်ချင်တဲ့အတိုင်း သူ့ အကြိုက် သမ္မတခေါင်းခေါက်ရွေး (ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကရွေးပြီး သားပါ)၊ သူ့ အကြိုက် ၂၅ ရာခိုင်နှုန်းဆိုပြီး ပါလီမန်ထဲ ထည့်ထား၊ ပြည်ထဲရေးကို သူ့ လက်အောက်ထား၊ ပြည်နယ် အစိုးရတွေကို ချွေးသိပ်ထား၊ သူ့ အကြိုက် သူ့ အကြိုက်တွေ နဲ့  သူဖြစ်ချင်တဲ့ အတိုင်းလုပ် လာတာ ရွေးကောက်ပွဲတောင် နောက်တခေါက်ရောက်တော့မယ်။ ၀ိုင်းအော်တဲ့ လူတွေက အော်ရုံထက် အစိုးရ အကွက်တွေကိုတောင် မချေပနိုင်ခဲ့ပါ။ အစိုးရထက် အကွက်ကျော်သွားဖို့ ဝေးစွ။
    သန်းခေါင်စာရင်းကောက်တဲ့ ကိစ္စဆိုရင် ပိုတောင်ဆိုးသေးတယ်။ အစိုးရက သန်းခေါင်စာရင်းကောက် မယ်ဆိုပြီး ဆိုင်းပြင်းနေတာ လူသိရှင်ကြားပါ။ အဲ့ဒီကိစ္စ သတင်းစာမှာလည်း အခေါက်ခေါက်ပါပါတယ်။ တချို့ က စိုးရိမ်တဲ့အကြောင်း၊ သံသယရှိတဲ့အကြောင်း ဟိုနားတိုးတိုး ဒီနားတိုးတိုးပြောကြတယ်။ ဘာမှတော့ မလုပ်ပါ။ စာရေးသူက နိုင်ငံရေးပါတီ တချို့ ကို သတိပေးပါသေးတယ်။ ဘာမှ ကောင်းကောင်း ကမ်းကမ်းလုပ်ဖို့  စိတ်ကူးမရှိခဲ့ကြပါ။ အချိန်ကပ်လာပြီး နောက်ဆုံး ဘာမှပြင်ဆင်လို့ မရတော့တဲ့ အချိန်ကြတော့မှ တချို့ က ထအော်တယ်။ ဒါပေမဲ့ အချိန်နှောင်းသွားပြီးပါပြီ။ ဖောင်တွေကို သေချာ ပုံနှိပ်ထားပြီးပြီ၊ စာရင်းကောက်မဲ့ ဆရာဆရာမတွေကို လေ့ကျင့်ထားပေးပြီ။ နောက်ဆုံးတော့ အစိုးရဖြစ်ချင်တဲ့အတိုင်း အစအဆုံးဖြစ်သွားခဲ့တာပဲမဟုတ်လား။
    ခုလဲလာပြန်ပြီ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် လိုသလို အသုံးချဖို့  မျိုးချစ် စိတ်ဓာတ်ဆိုပြီးတမျိုး၊ အမျိုး ဘာသာသာသနာ ကာကွယ်ဖို့ ဆိုပြီးတနည်း၊ ၉၆၉ လုပ်လိုက် မဘသ လုပ်လိုက် မျိးစောင့် ဥပဒေလုပ်လိုက်နဲ့  သိသိသာသာကြီး ပြသနာမျိုး စမွေးထားပေးတာ။
    ထိလွယ်ရှိလွယ်တဲ့ ဘာသာရေး မီးကို တမင် မွေးထားပေးတာ။ မီးတင်မွေးထားပေးတာ မဟုတ်ဘူး။ အစမ်းပါ ရှို့ ပြပြီးထားပြီပါပြီ။ မိတ္ထီလာ၊ လားရှိုး၊ မန်းလေး ဒါတွေက အလကား မဟုတ်ပါ။ အစမ်းရှို့ ကြည့်တာပါ။ စစ်တပ်က မတွက်ပဲ မလုပ်ဘူးဆိုတာ မမေ့ပါနဲ့ ။ တွက်ချက်နေတယ်ဆိုတာ သတိရှိပါ။
    ဒီကိစ္စကို တိုင်းပြည်အရေး လှုပ်ရှားသူ များက မသိတာမဟုတ်ပါ။ သိလျက် မြင်လျက် ကြားလျက်နဲ့  ထိထိရောက်ရောက် ဘာမှ မလုပ်သေးပါ။ ၂၀၁၅ ရွေးကောက်ပွဲအတွက် သက်သက်မဲ့ လုပ်နေတယ်လို့  နိုင်ငံရေးသမားတွေနဲ့  အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြတယ်။ မိတ္ထီလာ၊ မန်းလေး၊ လားရှိုးကိစ္စ တွေမှာ လူစိမ်းတွေက လာလုပ်သွားတာ၊ မလုပ်ခင်ဝါဒဘယ်လိုဖြန့် တာ၊ စစချင်းဘယ်လိုဖြစ်ပြီး နောက်ပိုင်းဘယ်လိုလုပ်တာ၊ အဲ့ဒီအချိန်မှာ ရဲတွေ မီးသတ်တွေက ဘယ်လို တာဝန်ပျက်ကွက်တာ၊ ဒါတွေအားလုံးနဲ့  နောက်ကွယ်မှာ အစိုးရကဘယ်လိုရှိတာ။ ပြောလိုက်ကြတာ ဟိုနားရော ဒီနားရော။
    ဒါပေမဲ့ ထိထိရောက်ရောက် ဘာဆိုဘာမှ မလုပ်ကြသေးပါ။ အဖွဲ့ တချို့ က အစပျိုးလုပ်နေပေမဲ့ တခွန်းပြောရင် တနိုင်ငံလုံးထိ ခရီးတာသွားတဲ့ အဖွဲ့ များ၊ ငြိမ်းချမ်းရေးဆုရထားဆိုသူများနဲ့  ငြိမ်းချမ်းရေးလုပ်နေပါ တယ်ဆိုတဲ့ အဖွဲ့ များကတော့ နှာစေးပြနေပါတယ်။ ၀ိုင်းအော်တာတောင်မနိုင်ခဲ့တဲ့ အစိုးရကို နှာစေးပြနေရင်တော့ အစိုးရက ပိုကြိုက်တာပေါ့။
    အစိုးရချထားတဲ့ အကွက်ကို ကြိုတင်သိနေပြီးလျက်နဲ့  ဘာကြောင့်ငြိမ်နေကြတာလဲ ဆိုတဲ့ မေးခွန်းကိုပဲ  မေးချင်စမ်းပါတယ်။ ထိထိရောက်ရောက်လှုပ်ရှားမှု မပါပဲ သင်္ကြန်အမြောက် ၀ိုင်းအော်နိုင်ငံရေး (သို့ ) နှာစေးပြရုံတင်နဲ့  ဒီမိုကရေစီ၊ လူ့ အခွင့်အရေး၊ တန်းတူညီမျှရေး၊ ဖယ်ဒရယ် စတာတွေ အတွက် လုံလောက်ပြီလို့  မှတ်ယူထားလေရော့သလားလို့ ပဲ မေးချင်စမ်းပါတယ်။
    * စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။
  • ဂါဇာပြည်သူ ၉၅ ရာခိုင်နှုန်း သောက်သုံးရေ မရ
    ဂါဇာပြည်သူ ၉၅ ရာခိုင်နှုန်း သောက်သုံးရေ မရ
    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    698e741a6930882d64827e426fd48b8b– ဂါဇာပြည်သူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရပြီး ဂါဇာရှိ ရေ ၉၅ ရာခိုင်နှုန်းမှာ သောက်သုံး၍မရဟု ဂါဇာဒေသ ပိတ်ဆို့မှု ဆန့်ကျင်ရေး ကော်မတီမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
    အစ္စရေးက ပိတ်ဆို့ထားမှုကြောင့် ဂါဇာပြည်သူများမှာ ယခင်ကတည်းက အခက်အခဲများကို ကြုံတွေနေရခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ ရက်ပေါင်း ၅၀ ကြာမြင့်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဂါဇာပြည်သူများ၏ အခြေအနေများမှာ ပိုမို ဆိုးရွားခဲ့သည်။
    “(အစ္စရေးတဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့်) အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်နေတဲ့ ဂါဇာပြည်သူတွဟာ ဆိုးရွားတဲ့ အခြေအနေတွေကို ကြုံတွေ့နေရပါတယ်။ အဓိကအဆောက်အအုံတွေဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေးပေးဝေရေးစက်ရုံနဲ့၊ ရေဆိုးသန့်ရှင်းရေးစနစ်တွေ အဖြိုခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ သူတို့ဘ၀ရပ်တည်ဖို့အတွက် ခြေခံလိုအပ်ချက်တွေ ဆုံးရှုံးသွားခဲ့ပါတယ်” ဟု ကော်မတီအကြီးအကဲ ခိုဒရီကဆိုသည်။
    ဂါဇာပြည်သူများ၏ အလုပ်လက်မဲ့နှုန်းမှာ မြင့်တက်လာက အလုပ်ရှိသူများ၏ ပျမ်းမျှ ၀င်ငွေမှာလည်း တစ်နေ့လျှင် ၂ ဒေါ်လာအောက်သာရှိသည်။ ထို့ပြင် ရေဆိုး သန့်ရှင်းရေးစနစ် ဖျက်ဆီးခံခဲ့ရခြင်းကြောင့် မိလ္လာရေဆိုး လီတာ သန်း ၄၀ မှာ နေ့စဉ်ပင်လယ်ထဲသို့ စီးဝင်ခဲ့နေပြီး ပင်လယ်ရေ၏ ၉၅ ရာခိုင်နှုန်းမှာ သောက်သုံး၍မရပေ။
    “ယေဘုယျအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းအပါအ၀င် အသက်ရှင်နေထိုင်ရေးကဏ္ဍအားလုံးမှာ ထိခိုက်မှုတွေရှိနေပါတယ်။ အစ္စရေးရဲ့ ဒုံးကျည်ထိတဲ့ လယ်ယာမြေတွေဟာလည်း ဒုံးကျည်ကထွက်တဲ့ အဆိပ်အကြောင့် ညစ်ညမ်းနေပါတယ်” ဟု ခိုဒရီကဆိုပြီး ဂါဇာပြည်သူများ၏ ဘ၀များကို ကယ်တင်ရန်အလို့ငှာ မြန်ဆန်သည့် အဖြေများကို ရှာဖွေရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အာရပ်အဖွဲ့များကို တိုက်တွန်းခဲ့သည်။
    ref_ MiddleEastMonitor
  • အာဖဂန် သမ္မတသစ်ကို ရွေးကောက်ပွဲ ကော်မရှင်ကြေညာ
    အာဖဂန် သမ္မတသစ်ကို ရွေးကောက်ပွဲ ကော်မရှင်ကြေညာ
    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    Ashraf-Ghani_2967111b
    – သမ္မတရွေးကောက်ပွဲနှင့် ပတ်သက်၍ လအတော်ကြာ အငြင်းပွားခဲ့ပြီးနောက်ပိုင်း အရှ်ရက်ဖ် ဂနီကို နိုင်ငံ၏ သမ္မတသစ်အဖြစ် အာဖဂန်ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် ကြေညာလိုက်သည်ဟု သိရသည်။
    တာလီဘန် အဖွဲ့ ပြုတ်ကျသွားပြီးနောက်ပိုင်း တတိယ အကြိမ်မြောက် ရွေးကောက်ပွဲကို ဧပြီလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး မဲ အရေအတွက် တူညီနေသည့်အတွက် ဂနီနှင့် ပြိုင်ဘက် အဗ်ဒူလာ အဗ်ဒူလာတို့၏ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
    သို့သော်လည်း ရွေးကောက်ပွဲပြီးနောက်ပိုင်း ဂနီနှင့် အဗ်ဒူလာတို့အကြား အပြင်းအထန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ညီညွတ်သော အစိုးရ တစ်ရပ်ဖွဲ့စည်းရန် ၎င်းတို့နှစ်ဦး သဘောတူညီချက်ရရှိခဲ့သည်။
    ရွေးကောက်ပွဲရလဒ်ကိုမူ ကော်မရှင်က မကြေညာသေးဘဲ၊ ၀န်ကြီးချုပ် ရာထူးနှင့် ညီမျှသည့် အစိုးရ အမှုဆောင်အကြီးအကဲအဖြစ် အဗ်ဒူလာက တာဝန်ယူမည်ဖြစ်သည်။ ထိုအမှုဆောင် အကြီးအကဲမှာ သမ္မတနှင့် နီးနီးကပ်ကပ် ဆောင်ရွက်ရမည်ဖြစ်သည်။
    တိုင်းပြည်အား အုပ်ချုပ်မှုလုပ်ငန်းများကို အမှုဆောင်အကြီးအကဲ ခေါင်းဆောင်သည့် ၀န်ကြီးများကောင်စီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မဟာဗျူဟာကျသည့် ဆုံးဖြတ်ချက်များကို သမ္မတနှင့် အမှုဆောင်အကြီးအကဲတို့ ပါဝင်သည့် ၀န်ကြီးအဖွဲ့က ချမှတ်သွားမည်ဖြစ်သည်။
    ref_ Al Jazeera and agencies
  • မန်စီးတီးအတွက် ဂိုးသွင်းခြင်းမှာ မိမိအလုပ် မိမိလုပ်ခြင်းသာဖြစ်သည်ဟု လမ်းပတ်ဆို
    မန်စီးတီးအတွက် ဂိုးသွင်းခြင်းမှာ မိမိအလုပ် မိမိလုပ်ခြင်းသာဖြစ်သည်ဟု လမ်းပတ်ဆို
    စက်တင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media
    459003_heroa
    – အသင်းဟောင်းချယ်ဆီးအား ဂိုးသွင်းခဲ့ခြင်းမှာ ခက်ခဲသောလုပ်ရပ်ဖြစ်ပြီး မိမိအလုပ်ကိုသာ မိမိလုပ်ခဲ့ခြင်းဖြစ်သည်ဟု မန်စီးတီးအလယ်တန်းလူ လမ်းပတ်က ပြောကြားလိုက်သည်။
    ချယ်ဆီးတွင် ၁၃ နှစ်ကြာ ကစားခဲ့ပြီးနောက် လမ်းပတ်မှာ ယခုနှစ် နွေရာသီတွင် အမေရိကန် မေဂျာလိဂ်ရှိ နယူးယောက် စီးတီး အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး၊ မန်စီးတီးတွင် ဇန်န၀ါရီလအထိ အငှားဖြင့်လာရောက်ကစားနေသူဖြစ်သည်။
    ယမန်နေ့က ကစားခဲ့သည့် အသင်းဟောင်းချယ်ဆီးနှင့်ပွဲတွင် လမ်းပတ်မှာ ဒုတိယပိုင်း၌ လူစားဝင်လာခဲ့ပြီး ၈၅ မိနစ်တွင် မန်စီးတီးအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့သည်။
    “တကယ့်ကိုခက်ခဲပါတယ်။ ကျွန်တော့်အလုပ် ကျွန်တော် မလုပ်ဘူးဆိုရင် ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ် မပီသသူ ဖြစ်သွားပါလိ့မ်မယ်။ ချယ်ဆီးမှာ အံ့သြစရာကောင်းတဲ့ အချိန် ၁၃ နှစ်ကို ဖြတ်သန်းခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော် ရောထွေးတာမျိုးတွေ ရှိပါတယ်။ ကျွန်တော်ကစားတဲ့အသင်း သရေရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု လမ်းပတ်က ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။
    လမ်းပတ်ကွင်းထဲဝင်လာချိန်တွင် ချယ်ဆီးပရိတ်သများမှာ ၎င်းအား ဂုဏ်ပြုသည့် သီချင်းများ ဆိုခဲ့ကြပြီး ထိုအတွက် မိမိမှာ အလွန်ခံစားရကြောင်း လမ်းပတ်က ထပ်လောင်းပြောကြားခဲ့သည်။
    မန်စီးတီးနည်းပြ ပယ်လီဂရီနီကမူ ချယ်ဆီးမှာ ထိုပွဲတွင် အသင်းငယ်ကဲ့သို့ ကစားသွားခဲ့သည်ဟု ဝေဖန်ပြောကြားခဲ့သည်။
  • ယူကရိန်းပြသာနာ အစိုးရ ၀င်စွက်မှု ရုရှားပြည်သူများ ဆန္ဒပြ
    ယူကရိန်းပြသာနာ အစိုးရ ၀င်စွက်မှု ရုရှားပြည်သူများ ဆန္ဒပြ
    စက်တင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media
    201492116931187734_20
    – ယူကရိန်းပြဿနာတွင် ရုရှား၏ ပါဝင်ပက်သက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို ရုရှားပြည်သူများက ယမန်နေ့တွင် မော်စကို၌ ပြုလုပ်ခဲ့သည်ဟု သိရသည်။
    အဆိုပါ ဆန္ဒပြပွဲမှာ ပြီးခဲ့သည့်နှစ်က စတင်ခဲ့သည့် ယူကရိန်းနိုင်ငံ မတည်ငြိမ်မှုနှင့် ပတ်သက်၍ ရုရှားပြည်သူများ ပထမဆုံး ပြုလုပ်သည့် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲဖြစ်ပြီး လူ ၅၀၀၀ ခန့် ပါဝင်ခဲ့ကြသည်။
    ဆန္ဒပြသူများမှာ ရုရှားနှင့် ယူကရိန်းအလံများကို ဝှေ့ယမ်းကာ “မိမိတို့ အတူတကွရှိသည်” “ခင်းဗျားရဲ့ လိမ်ဆင်တွေကို ကျွန်တော်တို့ ရွံနေပြီ ပူတင်” “ယူကရိန်းနှင့် မိမိတို့ စစ်မဖြစ်လို” စသည့် အဓိပ္ပါယ်များရသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြကာ စစ်ဆန့်ကျင်ရေး ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။
    “ပူတင်ဆိုတဲ့အမည်ကို စစ်ပွဲလို့ အဓိပ္ပါယ်ဖွင့်ရမလိုပါပဲ။ သူဟာ စစ်လိုလာတဲ့ ပါတီရဲ့ ခေါင်းဆောင်ပါ။ ဒီနေ့ ကျွန်တော်တို့ စုစုစည်းစည်းရှိကြရင် သူဆင်းပေးရမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ပြည်သူတွေကို သူကြောက်ပါတယ်။ ရုရှားပြည်သူတွေကသာ ပူတင်ကို ရပ်တန့်နိုင်မှာပါ” ဟု ဆန္ဒပြပွဲကို စီစဉ်သူ ထင်ရှားသည့် နိုင်ငံရေးသမား ဘောရစ် နမ့်ဆော့ဗ်က ပြေကြားခဲ့သည်။
    ပြီးခဲ့သည့် ဧပြီလက စတင်ခဲ့သည့် ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်မှုများအတွင်း သေဆုံးသူမှာ ၃၀၀၀ ကျော်ရှိခဲ့ပြီး ယူကရိန်းနှင့် အနောက်နိုင်ငံများကမူ ရုရှားမှာ ခွဲထွက်ရေးသမားများအား ကူညီပေးနေသည်ဟု စွပ်စွဲထားသည်။
    စက်တင်ဘာ ၅ ရက်နေ့က အပစ်ရပ်ရေး သတ်မှတ်ခဲ့သော်လည်း တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေပြီး၊ ပြီးခဲ့သည့် စနေနေ့ကလည်း အပစ်ရပ်ရေး ဇုံတစ်ခုကို သတ်မှတ်ခဲ့သည်။
    ref_aljazeera