News @ M-Media

ဂါဇာပြည်သူများ အပေါ် အစ္စရေးက လူမျိုးတုန်း သတ်ဖြတ်မှု စစ်ပွဲ ဆင်နွှဲနေသည်ဟု ပါလက်စတိုင်း သမ္မတဆို

စက်တင်ဘာ ၂၈ ၊ ၂၀၁၄
M-Media
2014926161343194734_2
– အစ္စရေးအနေဖြင့် ဂါဇာပြည်သူများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစစ်ပွဲ ဆင်နွဲနေပြီး ထိုစစ်ရာဇ၀တ်မှုအတွက် အစ္စရေးခေါင်းဆောင်များကို တရား ဥပဒေရှေ့မှောက် ရောက်လာအောင် ဆောင်ရွက် သွားမည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားလိုက်သည်။

ဇူလိုင်လ အစောပိုင်းမှ သြဂုတ်လနှောင်းပိုင်း အထိ တိုက်ခိုက်ခဲ့သည့် အစ္စရေး၏ ကျူးကျော်စစ်မှာ ၆ နှစ်အတွင်း တတိယမြောက် စစ်ပွဲဖြစ်ပြီး ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အပါအ၀င် လူပေါင်း ၂၁၄၀ သေဆုံးခဲ့သည်။

“ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်သလို ခွင့်လည်းမလွှတ်ပါဘူး။ ပြီးတော့ စစ်ရာဇ၀တ်ကောင်တွေကို ပြစ်ဒဏ်ကနေပြီး လွတ်မြောက်ခွင့် ပြုမှာ မဟုတ်ပါဘူး။ အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေ အပေါ် ပြစ်မှုကျူးလွန်ဖို့ လူမျိုးတုန်း သတ်ဖြတ်တဲ့ စစ်ပွဲကို ရွေးချယ်ခဲ့ပါတယ်” ဟု ယမန်နေ့က ပြောကြားခဲ့သော မိန့်ခွန်း၌ အဘတ်စ်က ထည့်သွင်းပြောဆိုသွားခဲ့သည်။

ထိုကဲ့သို့ပြောဆိုမှုမှာ အဘတ်စ်၏ သမ္မတ သက်တမ်းတစ်လျှောက် အပြင်းထန်ဆုံး ပြောကြားမှုလည်းဖြစ်ပြီး၊ အစ္စရေးအား ဥပဒေအရ ရေးယူမှုများပြုလုပ်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးနှင့် ဆက်သွယ်သွားမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။  အမေရိကန်နှင့် အစ္စရေးတို့ကမူ အဘတ်စ်၏ ထိုစကားအတွက် ဒေါသထွက်ခဲ့ကြသည်။

ထို့ပြင် ၁၉၆၇ ခုနှစ် စစ်ပွဲပြီးနောက်ပိုင်း အစ္စရေးက မတရား သိမ်းပိုက်ထားသည့် ပါလက်စတိုင်း နယ်မြေများမှ ထွက်သွားရေးအတွက် နောက်ဆုံးရက် တစ်ခုသတ်မှတ်ရန် ကုလ၏ ဆုံးဖြတ်ချက်ကို ရယူသွားမည်ဟုလည်း အဘတ်စ်က ထည့်သွင်းပြောဆိုခဲ့သည်။

Agencies

Comments

Leave a Reply