News @ M-Media

Blog

  • ဆယ်စုနှစ်များ အတွင်း ပထမဆုံး အဖြစ် အီရန်သမ္မတနှင့် ဗြိတိန် ၀န်ကြီးချုပ်တို့ တွေ့ဆုံ

    ဆယ်စုနှစ်များ အတွင်း ပထမဆုံး အဖြစ် အီရန်သမ္မတနှင့် ဗြိတိန် ၀န်ကြီးချုပ်တို့ တွေ့ဆုံ

    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    201492423225056734_20
    – အီရန်၏ နျူကလီးယား အစီအစဉ်အပေါ် ရေရှည်ခံမည့် သဘောတူညီချက်တစ်ခု ရရှိရန်အတွက် အီရန်သမ္မတ ရူဟာနီနှင့် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကမရွန်းတို့ ကတိပြုခဲ့ကြသည်ဟု ဗြိတိန်အာဏာပိုင်များက ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လာသည့် ခေါင်းဆောင်နှစ်ဦးမှာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် ယမန်နေ့က တွေ့ဆုံးခဲ့ကြခြင်းဖြစ်ပြီး ၁၉၇၉ အီရန် အစ္စလာမ့်မစ်တော်လှန်ရေးပြီးနောက်ပိုင်း ပထမဆုံအကြိမ် တွေ့ဆုံခြင်းလည်းဖြစ်သည်။

    နျူကလီးယား ကိစ္စအပြင် ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေများကို သိမ်းပိုက်ထားသည့် ISIL အဖွဲ့ အကြောင်းကိုလည်း ၎င်းတို့က ဆွေးနွေးခဲ့ကြသည်။

    “ယခင်က နှစ်နိုင်ငံအကြား သိသာတဲ့ ကွဲလွဲမှုတွေရှိခဲ့တယ်ဆိုတာ ၀န်ကြီးချုပ်နဲ့ သမ္မတ တို့ဟာ ၀န်ခံခဲ့ကြပါတယ်။ ပြီးတော့ မိမိတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေး တစ်ဖြည်းဖြည်း တိုးတက်လာအောင် ဆောင်ရွက်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်” ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ၂၀၁၁ ခုနှစ်က တီဟီရန်ရှိ ဗြိတိန်သံရုံးကို အီရန်ရှိ တက်ကြွလှုပ်ရှားသူများက စီးနင်းပြီးနောက်ပိုင်း ဗြိတိန်နှင့် အီရန်တို့၏ တိုက်ရိုက် သံတမန်အဆက်အသွယ်မှာ ဆိုးရွားခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် အလယ်အလတ်ဝါဒီ ရူဟာနီ သမ္မတ ဖြစ်လာပြီးနောက် ဆက်ဆံရေးမှာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

    ထိုနောက်ပိုင်းတွင် မိမိတို့၏ သံရုံအား လာမည့်လများတွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟု ဗြိတိန်က ပြီးခဲ့သည့် ဇွန်လတွင် ကြေညာခဲ့သည်။

    ref_ Agencies

  • မြန်မာ့လက်ဝှေ့လောကကို အရောင်တွေ မဆိုးစေလို

    မြန်မာ့လက်ဝှေ့လောကကို အရောင်တွေ မဆိုးစေလို

    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    Myu Mim Lwin ရေးသည်။
    10711554_1488197584763610_252228353_n
    လွန်ခဲ့သော ရက်ပိုင်းများက ထိုးသတ်ခဲ့သည့် မြန်မာ့လက်ဝှေ့ အကျော်အမော်များဖြစ်တဲ့ စောငမန်းနဲ့ ထွန်းထွန်းမင်းတို့ ပွဲစဉ်အပြီး ထွန်းထွန်းမင်း အနိုင်ရရှိခဲ့တဲ့ သတင်းဟာ သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာတွေမှာ ထိပ်တန်းသတင်းတပုဒ်ဖြစ်ခဲ့ပါတယ်။  အဲ့လို သတင်းများဖော်ပြမှုတွမှာ ကော်မန့်ရေးသူများထဲမှ အချို့ဟာ ထွန်းထွန်းမင်းဟာ အစ္စလာမ် ဘာသာဝင်ဖြစ်မှုအပေါ် ဘာသာရေးနဲ့ပတ်သက်ပြီး အစွန်းရောက်ရေးသားမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလို အစွန်းရောက် ရေးသားမှုများကို ဖတ်ရှုရသည့် စာဖတ်သူ တစ်ဦးအနေနဲ့ စောငမန်းနဲ့ ထွန်းထွန်းမင်းအပေါ် သူ့အမြင်ကို အခြားသော စာဖတ်သူများ သိရှိစေရန် ရေးသားမေတ္တာရပ်ခံ ရေးသားမှုကို စာရေးသူရဲ့ ခွင့်ပြုချက်နဲ့ M-Media မှ တင်ဆက်ပေးလိုက်ပါတယ်။

    အပြင်မှာ ညီအစ်ကိုအရင်းလို ဆရာတပည့်တွေလို နေနေကြတဲ့ သူတွေပါ။ Sea Game Camp တုန်းက ထွန်းမင်း ကစားရင် ဘက်ကိုင်ပေး လေ့ကျင့်ပေး၊ အတူတူပြေး၊ တစ်ယောက်အားနည်းချက် တစ်ယောက်ထောက်ပြ၊ သွေးစည်းခဲ့ကြ၊ အပြင်မှာလည်းတွေ့ကြ၊ လက်ဖက်ရည်ဆိုင်တွေမှာ ဗရုတ်ကျ အွန်လိုင်းမှာပြောင်ကြ သိပ်သွေးစည်းကြတဲ့ သူတွေပါ။

    မလွှဲမရှောင်သာ ကြိုးဝိုင်းထက်မှာတွေ့ကြတော့ “ကို ငမန်း မျက်နှာကို ကျွန်တော် မကြည့်ရဲပါဘူး”လို့ မျက်ရည်ဝိုင်းပြီး ပြောသွားရှာတဲ့ ထွန်းထွန်းမင်းရဲ့စကား။ ပွဲအပြီးမှာ အနားသွားပြီး “ကန်တော့နော် အစ်ကို”လို့ ပြောတော့ “ရပါတယ် ညီလေးရယ်”လို့ ပြန်ပြောတဲ့ ညီငယ်အပေါ် စိတ်မကွက်ပဲ ရဲရဲဝံ့ဝံ့ လက်လွှဲခဲ့တဲ့ စောငမန်းရဲ့ ပြည့်ဝတဲ့ စိတ်ထား။ ရိုးရာလက်ဝှေ့ ကြိုးဝိုင်းဆိုတာ ရန်သူတွေ သတ်ကြတာမှမဟုတ်ပဲ။ သူရဲကောင်းစိတ်ထား အပြည့်ရှိတဲ့ ယောင်္ကျားကောင်းတွေသာ ကျင်လည်ကြတဲ့ မြေတလင်းငယ်ရယ်ပါ။

    “ကျွန်တော့်မှာ ဘာသာရေးနဲ့ ပတ်သက်လို့ ဘာအစွန်းအထင်းမှမရှိပါဘူး အစ်ကို။ ငတူးတို့ ဘုရားသွားရင် ကျွန်တော် အမြဲတမ်းလိုက်သွားပါတယ်။ မယုံခဲ့ရင် တူးတူးကို ကိုယ်တိုင်သာ မေးကြည့်ပါဗျာ”လို့ ရင်ဖွင့်ရှာတဲ့ သဘောဖြူ အူစင်း အရောင်အဆင်းမဲ့တဲ့ အဖေမွန် အဖိုးမွန် အမေမွန် တိုင်းရင်းသား ကျွန်တော်တို့ မွန်ပြည်နယ်သား စစ်စစ်။ အသက် ၂၁-နှစ်သာ ရှိသေးတဲ့ မြန်မာပြည် ချန်ပီယံအသစ်ကလေးကို ဘာသာရေးဆိုတဲ့ ခေါင်းစဉ်အမည်းရောင်ကြီး အတင်းကပ် လမ်းမှားရောက်အောင် အတင်းမတွန်းထုတ်ကြပါနဲ့လို့ ကျွန်တော်တောင်းပန်ပါရစေ။

    မြန်မာ့ရိုးရာ တိုးတက်မြင့်မားစေဖို့ သင့်တင့်တဲ့အကြံပြုချက်တွေ ဆွေးနွေးမှုတွေနဲ့ တန်ဆာဆင်၊ ချစ်ခင်တဲ့ မျက်ဝန်းတွေနဲ့သာ အကဲဖြတ်ဖို့ တောင်းဆိုပါရစေ။ ကျွန်တော်တို့ရိုးရာကို အမှန်တကယ်ချစ်တယ်ဆိုရင် တိုးတက်အောင်မြင်အောင် ဘယ်လို ညီညီညွတ်ညွတ် ဆောင်ရွက်ကြမယ်လို့ မတွေးပဲ အငုံအဖူး အရွက်အညှောင့်တက်ကာစ အစ်ကိုတို့ အစ်မတို့ ကျွန်တော်တို့ ရိုးရာကို မိမိရဲ့ပို့စ်တစ်ခု၊ ကွန်မန့်တစ်ခုကြောင့် ညိုးနွမ်းခြောက်သွေ့ ပျက်စီးသွားအောင် ဖျက်ဆီးတဲ့သူအဖြစ် မဖန်တီးကြပါနဲ့ဗျ။

    အစစအရာရာ အဖက်ဖက်က နိမ့်ပါးနေတဲ့ကျွန်တော်တို့ ကိုယ်ပိုင်ရိုးရာကို ကမ္ဘာ့အလယ်မှာ တင့်တယ်ဝင့်ကြွား လာအောင် ရိုးရာချစ်တဲ့သူတွေရဲ့ လက်တွေနဲ့သာ ဖန်ဆင်းကြရမှာပါ။ ရိုးရာချစ်ကြသူများလို့ အမည်ခံပြီး တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ဝဲဂယက် ထလာအောင် ဖန်တီးမိသူများမဖြစ်ကြပါစေနဲ့လို့ အနူးအညွတ် တောင်းပန်ပါတယ်။

    ဟိုလူ ဒီလူ လက်ညိုးထိုး အပြစ်တင်မနေပဲ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ရိုးရာအတွက် စွမ်းနိုင်တဲ့ တစ်ထောင့် တစ်နေရာက ပါဝင်ကြပါစို့လား ခင်ဗျာ။ အုတ်တစ်ချပ် မဖြစ်ခဲ့ရင်တောင် သဲတစ်ပွင့် ဖြစ်အောင်ကြိုးပမ်းကြပါစို့။

  • ၂၀၁၅ နှစ်ဆန်းတွင် အီဘိုလာ ကူးစက်သူ ၁.၄ သန်းအထိ ရှိလာနိုင်မည်ဟု CDC ခန့်မှန်း

    ၂၀၁၅ နှစ်ဆန်းတွင် အီဘိုလာ ကူးစက်သူ ၁.၄ သန်းအထိ ရှိလာနိုင်မည်ဟု CDC ခန့်မှန်း

    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    Liberia Battles Spreading Ebola Epidemic
    – ယခုလက်ရှိ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူများနှင့် ပြန့်နှံ့မှုများကို အခြေခံကာ လေ့လာမှုအရ အီဘိုလာကူးစက်ခံရသူမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီအကုန်တွင် ၁.၄ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု အမေရိကန် ရောဂါဘယ ထိန်းချုပ်ရေးနှင့် ကာကွယ်တာဆီးရေး စင်တာ CDC က ထုတ်ပြန်လိုက်သည်။

    ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် CDC က ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရောဂါပိုး ကူးစက်ခံရသူမှာ ၅၈၀၀ ဟု သိရသော်လည်း ဆေးရုံများသို့ မလာရောက်သေးသည့် ကူးစက်ခံရသူများမှာ ၂.၅ ဆ၊ အရေအတွက် ၂၀၀၀၀ ခန့်ရှိသည်ဟုလည်း အဆိုပါအစီရင်ခံစာက ဆိုသည်။

    ထို့ကြောင့် အီဘိုလာဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူများထံမှ ကူးစက်ပြန့်ပွားနိုင်မှုကို တွက်ချက်ခဲ့ရာ လာမည့်လေးလအတွင်း ရောဂါကူးစက်ခံရသူပေါင်း ၅၅၀၀၀၀ မှ ၁.၄ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု CDC က သတိပေးခဲ့သည်။

    ဗိုင်းရပ်စ်ပြန့်နှံ့မှု အဆိုးဝါးဆုံးဖြစ်နေသည့် အနောက်အာဖရိကနိုင်ငံအချို့တွင် ရောဂါအား ထိန်းချုပ်ရေး တင်းကြပ်သည့် ဆောင်ရွက်မှုများကို ပြုလုပ်နေသည်။ ဆီရာလီယိုနီ နိုင်ငံကမူ ပြီးခဲ့သည့် သောကြာနေ့မှ တနင်္ဂနွေနေ့အထိ နိုင်ငံတစ်ဝှမ်း အိမ်ပြင်မထွက်ရ အမိန့် ထုတ်ခဲ့ကာ အီဘိုလာ ကူးစက်ခံရသူများကို ရှာဖွေခဲ့ပြီး ၁၃၀ ကျော်တွေ့ရှိခဲ့သည်။ ထို့ပြင် ထိုကဲ့သို့ ဆောင်ရွက်မှုများကို ထပ်မံလုပ်ဆောင်သွားမည်ဟု အစိုးရက ကြေညာခဲ့သည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မူ ဆီနီဂေါနှင့် နိုက်ဂျီးရီးယားတို့တွင် အီဘိုလာအား ထိန်းချုပ်နိုင်ခဲ့ပြီဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကြေညာခဲ့သည်။

    ref_ Agencies
  • စည်သူအောင်မြင့်- ” Tomorrow အမုန်းတရားဖြန့်ဖြူးရာ စာမျက်နှာသစ်”

    စည်သူအောင်မြင့်- ” Tomorrow အမုန်းတရားဖြန့်ဖြူးရာ စာမျက်နှာသစ်”

    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြသည်။
    Tommorow
    ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ မောင်သစ္စာဆိုတဲ့ ကလောင်အမည်နဲ့ ရေးသားထားတဲ့ ‘အကြမ်းဖက်ဝါဒသည် နိုင်ငံတော်၏ ရန်သူဖြစ်သည်’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြလာပါတယ်။ ဆောင်းပါးထဲမှာ မြန်မာနိုင်ငံသား မွတ်စလင်တွေရဲ့ သမိုင်းကြောင်း၊ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ နိုင်ငံသား မွတ်စလင်တွေရဲ့ နာမည်တွေနဲ့ သူတို့ရဲ့ အခန်းကဏ္ဍစတာတွေ ဖော်ပြပြီး နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိဖို့ ဖော်ပြထားတဲ့ ဆောင်းပါးပါ။ တစ်ဆက်တည်းပဲ အခုကမ္ဘာကိုခြိမ်းခြောက်နေတဲ့ အယ်လ်ခိုင်ဒါရော ISIL ဆိုတဲ့အဖွဲ့တွေ ဆိုတာဟာ သူတို့ရဲ့ ဘာသာကို ကိုယ်စားမပြုတဲ့အကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်း၊ အကြမ်းဖက် အယူအဆ ဖြစ်တဲ့အကြောင်း ဖော်ပြထားပြီး မြန်မာနိုင်ငံအနေနဲ့ အဲဒီအကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှု ထောင်ချောက်ထဲ ကျ မသွားဖို့လိုအပ်တဲ့အကြောင်း ရေးသားထားပါတယ်။

    နိုင်ငံအနှံ့ကို ပျံ့နှံ့တဲ့ အစိုးရကို ကိုယ်စားပြုတယ်လို့တောင် ဆိုနိုင်တဲ့ မြန်မာ့အလင်း သတင်းစာမှာ ဒီလို ဆောင်းပါးမျိုး ဖော်ပြ လာတာကိုကြိုဆိုရမှာပါ။ အကြောင်းကတော့ မြန်မာ့အလင်း၊ ကြေးမုံလို့ဆိုတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တဲ့ သတင်းစာတွေဟာ ခုလို အစ္စလာမ်ဘာသာရေးနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အမှားအယွင်း အမည်းစက်ကြီးရှိခဲ့လို့ ဖြစ်ပါ တယ်။ ရခိုင်ပြည်နယ်မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေမဖြစ်ပွားခင်က မသီတာထွေး အဓမ္မပြုကျင့်ခံရတဲ့ မှုခင်းသတင်းကို ကျူးလွန်သူတွေဟာ ဘယ်ဘာသာဝင်တွေ ဖြစ်တယ်ဆိုပြီး စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက် ဖော်ပြခဲ့ဖူးလို့ဖြစ်ပါတယ်။ ဒါတင်မက အဲဒီသတင်းစာမျက်နှာမှာပဲ ရခိုင်ပြည်နယ် တောင်ကုတ်မှာ အစ္စလာမ်ဘာသာဝင် ၁၀ ယောက် ရက်ရက်စက်စက် အသတ်ခံရတဲ့ သတင်း၊ ရခိုင်တွေက စုရုံးအကြမ်းဖက်ဖို့ ကြိုးစားတယ်ဆိုတဲ့ သတင်း စတာတွေကိုပါ တစ်မျက်နှာတည်း စုစည်းဖော်ပြခဲ့ဖူးလို့ ဖြစ်ပါတယ်။ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် တမင်လုပ်သလားလို့ သသံယပွားရသညအထိ ရေးသားဖြော်ပခဲ့ဖူးတဲ့ မြန်မာ့အလင်းသတင်းစာဟာ ဒီလို အကြမ်းဖက်မှုဆန့်ကျင်ရေး မွတ်စလင်ဘာသာဝင်တွေရဲ့ ရှုထောင့်ကနေ ရေးသားဖော်ပြတာမို့ ကြိုဆိုရခြင်းပဲ ဖြစ်ပါတယ်။

    ဒါနဲ့ပတ်သက်ပြီး အခြားတစ်ဖက်မှာတော့ ပုဂ္ဂလိက သတင်းဂျာနယ်တစ်စောင်ဟာ ဘာသာရေး လူမျိုးရေး အမုန်းပွားစေ နိုင်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ ရုပ်ပုံတွေ ရေးသား တင်ဆက်လာတာကို တွေ့လာရတဲ့ အခါ ဘယ်လိုများ အလှည့် အပြောင်းတွေ ဖြစ်ကုန်ပြီလဲလို့ မေးခွန်းထုတ်ရမယ့် အခြေအနေ ဆိုက်လာပါတယ်။ အဲဒီ ဂျာနယ်က Tomorrow ဂျာနယ်ပါ။ အခုအဒဲ အီ ကြောင်း ဆွေးနွေးကြညြ့်ကရအောင်။

    အားလုံး မှတ်မိကြပါဦးမယ်။ မန္တလေး အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းနှစ်ကြိမ် ပြောပါတယ်။ တစ်ကြိမ်ကတော့ အကြမ်းဖက်မှုဖြစ်ပွားစေတဲ့ ကိစ္စကို ကိုင်တွယ် သွားမယ်လို့ ပြောခဲ့ပြီး နောက် တစ်ကြိမ်မှာတော့ စာနယ်ဇင်းတွေကို ‘ကိုင်’ တော့မယ်ဆိုပြီး ပြောသွားတာပါ။ သမ္မတရဲ့ အဲဒီမိန့်ခွန်းထဲမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အမုန်းတရားတွေ ပြန့်ပွားအောင် စာနယ်ဇင်း သတင်းမီဒီယာတွေကလည်း လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး စာနယ်ဇင်းသမားတွေက သမ္မတပြောဆိုချက် မမှန်တဲ့အကြောင်း၊ ပုံနှိပ်မီဒီယာအများစုဟာ တတ်နိုင်သမျှ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အမုန်းပွားစေမယ့် အရေးအသားမျိုး ရှောင်ရှားကြတဲ့အကြောင်း၊ တကယ်တော့ အဲလို အမုန်းတရား ဖြန့်ဖြူးတာတွေဟာ Facebook လိုအင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေ ဖြစ်တဲ့အကြောင်း၊ မန္တလေး မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ၊ မတူကွဲပြား ပါတီခေါင်းဆောင် ဦး နေမျိုးဝေ တို့ရဲ့ စာမျက်နှာတွေကို စစ်ဆေးလိုက်ရင်အဲလို အမုန်းတရားဖြန့်ဖြူးတာ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာမျိုးတွေ တွေ့နိုင်တဲ့အကြောင်း၊ စစ်ဆေးဖို့ လိုတဲ့အကြောင်း တုံ့ပြန်ရေးသားခဲ့ကြပါတယ်။

    အခု စာနယ်ဇင်းသမားတွေ ဝဋ်လည်ပြီ ထင်ပါတယ်။ အကြောင်းကတော့ တရားဝင် ပုံနှိပ်ထုတ်ဝေနေတဲ့ Tomorrow ဂျာနယ်တွေမှာ အဲဒီလို ရေးသားဖော်ပြမှုတွေကို ပုံမှန်လိုလို မြင်တွေ့လာရလို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က သတင်းခေါင်းစဉ် တစ်ခုမှာဆိုရင် ခုလို ဖော်ပြထားပါတယ်။ ‘စိတ်မနှံ့သူ အသက် ၁၈ နှစ်အရွယ် မြန်မာမလေးကို ဘာသာခြား အမျိုးသားက အကြိမ်ကြိမ် မုဒိန်းကျင့်မှု ကန့်ဘလူတွင်ဖြစ်ပွား’ လို့ ဖော်ပြထားပါတယ်။ ခေါင်းစဉ်ကို ကြည့်လိုက်တာနဲ့တင် ဒါဟာ စာနယ်ဇင်း ကျင့်ဝတ်အရ အဲလိုရေးဖို့ သင့်မသင့်၊ ဘာသာရေး အမုန်းပွားမှု ဖြစ်စေနိုင် မဖြစ်စေနိုင် အလွယ်တကူ သုံးသပ်နိုင်ပါတယ်။ အရင် မြန်မာ့အလင်း သတင်းစာရဲ့ မသီတာထွေး အဓမ္မပြုကျင့်ခံရမှု သတင်းရေးသားပုံကို သတိရစေပါတယ်။

    နောက်ထပ် Tomorrow လုပ်ပေးခဲ့တဲ့ အာဏာရှင်ကြီးရဲ့ ကိုယ်ရေးအရာရှိ” ဆိုတဲ့ လက်ဇောင်းထက်ရဲ့ဆောင်းပါးပါ။ ဆောင်းပါး သရုပ်ဖော်ပုံမှာလေးဘက်ထောက်ထားတဲ့ မြန်မာမိန်းကလေး တစ်ယောက်ရဲ့ ကျောကုန်းပေါ်ကို အစ္စလာမ် ဘာသာဝင်လို့ သိသာတဲ့ မုတ်ဆိတ်နဲ့ အသားမည်းမည်း လူတစ်ယောက်က ခြေထောက်တင်ထားပြီး စစ်ဗိုလ်ကို ငွေပေးနေ တဲ့ပုံပါ။ အလွန်ဆိုးတဲ့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုဖြစ်စေတဲ့ ဆောင်းပါးနဲ့ သရုပ်ဖော်ပုံပါ။ မပြီးသေးပါဘူး။ ခုတစ်ပတ် ထုတ်မှာတော့ မသေချာ မရေရာတဲ့အချက်တွေကို အခြေပြုပြီး ရေးထားတဲ့ သတင်းတစ်ပုဒ်ကတော့ ‘မောင်တောဒေသတွင် နေထိုင်သော၊ ဘာသာခြားများ ဆောက်လုပ်ထားသော၊ အိမ်များကို ကြည့်ခြင်းအားဖြင့် အယ်လ်ခိုင်ဒါသင်တန်း တက်ထားသူ အဖြစ်ခန့်မှန်း’ ဆိုပြီး ဖော်ပြထားပြန်ပါတယ်။ ပုံနှိပ်မီဒီယာတစ်ခုရဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြန့်ဖြူးနေပုံက
    တော့ ကြောက်ခမန်းလိလိပါ။

    Tomorrow ရဲ့ ထုတ်ဝေမှတ်တမ်းကို ကြည့်လိုက်တော့ Board of Director နေရာမှာ မာဂျေနဲ့ ဇော်သက်ထွေး၊ Contributor နေရာမှာ ဇာဂနာ ဆိုတဲ့ နာမည်တွေတွေ့ရပါတယ်။ တကယ် အံ့ဩစရာပါ။ ဇော်သက်ထွေးဆိုတာ စာနယ်ဇင်းကောင်စီ လြူကီးတစ်ယောက်ဖြစ်တဲ့အပြင် လူ့အခွင့်အရေး ဒီမိုကရေစီအရေး စာနယ်ဇင်းလွတ်လပ်ခွင့်ရအောင် လှုပ်ရှားနေသူပါ။ ဇာဂနာဆိုလည်း တိုင်းပြည်အတွက် အနစ်နာခံခဲ့တဲ့ လုပ်ကိုင်နေတဲ့ ဒီမိုကရေစီ သူရဲကောင်းကြီးပါ။ ဘာကြောင့် Tomorrow ဂျာနယ် အဲလို ရေးသားဖော်ပြနေကြသလဲ။ သူတို့တွေပဲ သိမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီလို ရေးသားဖော်ပြနေတာတွေဟာ တိုင်းပြည်ကို မီးလောင်တိုက်ထဲသွင်းမယ့် အမုန်းတရား ဖြန့်ဖြူးနေတာပဲဖြစ်ပြီး အပြင်းအထန်ကန့်ကွက် ပြစ်တင် ရှုတ်ချရမှာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    စည်သူအောင်မြင့်

    မူရင်းလင့် =>http://mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/28695-tomorrow

  • ကန့်သတ်မဲ့ မတရားမှုများ (သို့ မဟုတ်) အကြမ်းဖက်ဝါဒရဲ့ ဘူမိနက်သန်

    ကန့်သတ်မဲ့ မတရားမှုများ (သို့ မဟုတ်) အကြမ်းဖက်ဝါဒရဲ့ ဘူမိနက်သန်

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media

    know-justice-know-peace

    လက်နက်အားကိုးနဲ့ အကြမ်းဖက်သမားတွေကို သတ်လိုက်လို့ ရပါတယ်၊ ဒါပေမယ့် အကြမ်းဖက်ဝါဒဆိုတဲ့ နတ်ဆိုးကြီးကို အဆုံးသတ်ဖို့အတွက်တော့ အဲ့ဒါထက် ပိုပြီးလုပ်ဖို့ လိုအပ်ပါမယ်။ လူသားဆန်တဲ့ နိုင်ငံရေး၊ တာဝန်ယူမှုနဲ့ ဒေသခံနိုင်ငံသားတွေကို သူတို့ ရဲ့ အုပ်ချုပ်ရေးပိုင်းအရေးကိစ္စတွေမှာ ပါဝင်ခွင့်ပေးတာတို့ပေါ့။

    နိုင်ငံသားတွေက နိုင်ငံခြားအင်အားစုတွေက ကျောထောက်နောက်ခံပေးထားတဲ့ အရည်အချင်းမမှီ အကျင့်ပျက်နေတဲ့ သူတို့ ရဲ့ ခေါင်းဆောင်တွေရဲ့ အကန့်သတ်မဲ့ အထိန်းကွပ်မဲ့ မတရားမှုတွေကို ပဲ မြင်နေရတဲ့အခါ ထွက်ပေါ်လာတဲ့ ရလဒ်ကတော့ အာဏာရှင်စနစ်နှင့် ပေါက်ကွဲအကြမ်းဖက်မှု တစ်လှည့်စီ ဂျာအေးသူ့အမေရိုက်နေတဲ့ သံသရာဆိုးပါပဲ။ လျှင်မြန်လှတဲ့ ဆက်သွယ်ရေးနည်းစနစ်တွေနဲ့ အပြန်အလှန်ချိတ်ဆက် ဆက်နွယ်နေတဲ့ ယနေ့ ခေတ်ကမ္ဘာ့ ရွာကြီးထဲမှာ ဘယ်နိုင်ငံကမှာ အခြားနိုင်ငံရဲ့ စော်ကားဖိနှိပ်ခံရတာမျိုး မကျန်ရှိနိုင်တော့ပါဘူး။ အခြားသူတွေရဲ့ ဘေးအန္တရာယ်ကို လျစ်လျူ ရှုထားလိုက်တာဟာ ကျွန်တော်တို့က အနာဂတ်မှာ ကိုယ့်ကိုဘေးလာဖြစ်စေမယ့် မျိုးစေ့ကို ကိုယ်ကိုယ်တိုင်ချလိုက်တာပါပဲ။

    ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နမူနာကောင်းတွေ ရှိပါတယ်။ ချမ်းသာပြီး အင်အားကြီးတဲ့ နိုင်ငံတွေမှာ အစိုးရနဲ့ ပြည်သူတွေက ဖွံ့ ဖြိုးဆဲ နိုင်ငံတွေက သူတို့ ရဲ့ ရောင်းရင်းလူသားတွေအတွက် ငွေတွေ ပေးလှူ တာမျိုးပေါ့။

    ဘာကြောင့် အားချိတဲ့နိုင်ငံတွေရဲ့ နိုင်ငံရေးမှ ဒီလို ပူပေါင်းမှုမျိုးတွေ မဖြစ်နေရတာလဲ။ ဘာကြောင့် အင်အားကြီးနိုင်ငံတွေက ကမ္ဘာရဲ့ အခြားအစိတ်အပိုင်းမှာ ရေက ဗွက်ထူနေပါပြီဆိုမှ ငါးကထပ်မျှာျးချင်နေကြတာလဲ။ အကယ်၍များ အမေရိကန်က အစောပိုင်းကတည်းက အီရတ်မှာ ဂိုဏ်းဂဏမခွဲခြားတဲ့ အားလုံးပါဝင်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ တွန်းအားပေးခဲ့ရင်၊ ပြီးတော့ ဆီးရီးယားရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ (အာဆဒ်)အစိုးရကို ဆန့် ကျင်နေတဲ့ အဓိက နိုင်ငံရေးအင်အားစုတွေကို အချိန်မှီ ကူညီထောက်ပံ့မှုတွေ ပေးခဲ့ရင် ISIL ဆိုတာ ပေါ်လာစရာ အကြောင်းမရှိဘူး။ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲရှည်တွေ ဆက်ဖို့အတွက် ISIL ကို လူကြမ်းအဖြစ်အသုံးချဖို့ ISILကို အမေရိကန်နဲ့ အပေါင်းအပါတွေက လျှို့ဝှက်ကြံစည် အကူအညီပေးခဲ့တယ်လို့ လူတွေက စွပ်စွဲပြောဆိုနေတာ အံ့သြစရာ မကောင်းပါဘူး။

    မွတ်စလင်မ်ကမ္ဘာရဲ့ အချို့ အစိတ်အပိုင်းတွေက ပေါက်ကွဲထွက် အစွန်းရောက်မှုနဲ့ ကိုယ်ကလွဲ ကျန်တဲ့သူမှားတယ်ဆိုတယ် ဝါဒတွေ ပေါ်ထွက်လာတာဟာ နိုင်ငံရေး မှားယွင်းမှုနဲ့ နိုင်ငံခြားအင်အားစုတွေရဲ့ အန္တရာယ်ဖြစ်စေတဲ့ လွမ်းမိုးမှုတွေက အခြေအနေကို ပိုဆိုးဝါးစေခဲ့လိုပါပဲ။ အလ်ကိုင်ဒါ၊ အလ်ရှဘဘ်၊ ဘိုကိုဟရမ်နဲ့ ISILတို့ဟာ အစ္စလာမ်ဆိုတဲ့ နာမည်ခံယူထားကြပေမယ့် သူတို့ တကယ်ပေါ် ထွက်လာတာက အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့၊ အကျင့်ပျက်ချစားတဲ့၊ အရည်အချင်းမဲ့တဲ့ နိုင်ငံရေး စနစ်တွေဆီကနေဆိုတာပါပဲ။

    ကျွန်တော်တို့တွေဟာ အရှေ့ အလယ်ပိုင်းဒေသရဲ့ ပထဝီနိုင်ငံရေး အကြပ်အတည်း မျိုးဆက်ရဲ့ အထဲကပါပဲ။ အာရဗ်ကမ္ဘာဟာ ပြည်သူတွေအတွက် အခြေခံအခွင့်အရေးနှင့် အနိမ့်ဆုံး ဒီမိုရေစီနည်းကျ တာဝန်ယူမှုတွေကို မတည်ဆောက်နိုင်သရွေ့ ဒေသတွင်း တည်ငြိမ်မှု ရလိမ့်မှာ မဟုတ်သလို အကြမ်းဖက်မှုတွေပေါက်ဖွားရာ ဖြစ်နေဦးမှာပါပဲ။ အဲ့လိုဖြစ်လာဖို့ကလည်း အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်ရင်းတွေက ကြမ်းကြုတ်ရက်စက်တဲ့ အာဏာရှင်တွေ နိုင်ငံရေးစနစ်တွေကို ထောက်ပံ့ကျားကန်ပေးနေတာ မရပ်သရွေ့ ဖြစ်လာဖို့ မရှိပါဘူး။

    ခေတ်လူ ဘာသာပြန်သည်။

    နိုင်ငံရေးနှင့် လူမှုရေး ဝေဖန်ရေး စာရေးဆရာ ယခင်ဗြိတိန် မွတ်စလင်မ်ကောင်စီ အထွေထွေအတွင်းရေးမှူး ဟောင်း Dr Muhammad Abdul Bari ၏ Al Jazeer သတင်းဌာနပါ ဆောင်းပါးမှ Limitless injustice အခန်း ကောက်နုတ်ချက်