News @ M-Media

၂၀၁၅ နှစ်ဆန်းတွင် အီဘိုလာ ကူးစက်သူ ၁.၄ သန်းအထိ ရှိလာနိုင်မည်ဟု CDC ခန့်မှန်း

စက်တင်ဘာ ၂၅ ၊ ၂၀၁၄
M-Media
Liberia Battles Spreading Ebola Epidemic
– ယခုလက်ရှိ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူများနှင့် ပြန့်နှံ့မှုများကို အခြေခံကာ လေ့လာမှုအရ အီဘိုလာကူးစက်ခံရသူမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီအကုန်တွင် ၁.၄ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု အမေရိကန် ရောဂါဘယ ထိန်းချုပ်ရေးနှင့် ကာကွယ်တာဆီးရေး စင်တာ CDC က ထုတ်ပြန်လိုက်သည်။

ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် CDC က ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရောဂါပိုး ကူးစက်ခံရသူမှာ ၅၈၀၀ ဟု သိရသော်လည်း ဆေးရုံများသို့ မလာရောက်သေးသည့် ကူးစက်ခံရသူများမှာ ၂.၅ ဆ၊ အရေအတွက် ၂၀၀၀၀ ခန့်ရှိသည်ဟုလည်း အဆိုပါအစီရင်ခံစာက ဆိုသည်။

ထို့ကြောင့် အီဘိုလာဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူများထံမှ ကူးစက်ပြန့်ပွားနိုင်မှုကို တွက်ချက်ခဲ့ရာ လာမည့်လေးလအတွင်း ရောဂါကူးစက်ခံရသူပေါင်း ၅၅၀၀၀၀ မှ ၁.၄ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု CDC က သတိပေးခဲ့သည်။

ဗိုင်းရပ်စ်ပြန့်နှံ့မှု အဆိုးဝါးဆုံးဖြစ်နေသည့် အနောက်အာဖရိကနိုင်ငံအချို့တွင် ရောဂါအား ထိန်းချုပ်ရေး တင်းကြပ်သည့် ဆောင်ရွက်မှုများကို ပြုလုပ်နေသည်။ ဆီရာလီယိုနီ နိုင်ငံကမူ ပြီးခဲ့သည့် သောကြာနေ့မှ တနင်္ဂနွေနေ့အထိ နိုင်ငံတစ်ဝှမ်း အိမ်ပြင်မထွက်ရ အမိန့် ထုတ်ခဲ့ကာ အီဘိုလာ ကူးစက်ခံရသူများကို ရှာဖွေခဲ့ပြီး ၁၃၀ ကျော်တွေ့ရှိခဲ့သည်။ ထို့ပြင် ထိုကဲ့သို့ ဆောင်ရွက်မှုများကို ထပ်မံလုပ်ဆောင်သွားမည်ဟု အစိုးရက ကြေညာခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မူ ဆီနီဂေါနှင့် နိုက်ဂျီးရီးယားတို့တွင် အီဘိုလာအား ထိန်းချုပ်နိုင်ခဲ့ပြီဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကြေညာခဲ့သည်။

ref_ Agencies

Comments

Leave a Reply