News @ M-Media

Blog

  • CIA ၏ လျှို့ဝှက်ထောက်လှမ်းရေး ကိစ္စများ ဖော်ထုတ်ခဲ့သည့် စနိုးဒင် ဆွီဒင် လူ့အခွင့်အရေးဆု ရရှိ

    CIA ၏ လျှို့ဝှက်ထောက်လှမ်းရေး ကိစ္စများ ဖော်ထုတ်ခဲ့သည့် စနိုးဒင် ဆွီဒင် လူ့အခွင့်အရေးဆု ရရှိ

    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    201492414322333734_20
    – အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းများကို ဖော်ထုတ်ခဲ့သည့် CIA ၀န်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒင်မှာ ဆွီဒင်မှ ပေးအပ်ချီးမြှင့် ၂၀၁၄ ခုနှစ် လူ့အခွင့်အရေး လှုပ်ရှားသူဆုကို ရရှိသွားခဲ့သည်ဟု သိရသည်။

    2014 Right Livelihood Award အမည်ရသည့် အဆိုပါဆုကို ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်ပြီး စနိုးဒင်နှင့် ဗြိတိန်သတင်းစာ The Guardian မှ အယ်ဒီတာ အလန် ရက်စ်ဘရစ်ဂါတို့နှစ်ဦးပေါင်း၍ ရရှိခဲ့ခြင်းဖြစ်သည်။ ဘရစ်ဂါမှာ စနိုးဒင်ဖော်ထုတ်ခဲ့သည့် အချက်အလက်များအကြောင်းကို The Guardian ၌ ဆောင်းပါးများရေးကာ ဖော်ပြခဲ့သူဖြစ်သည်။

    အဆိုပါဆုအတွက် ဆုကြေးငွေ ကန်ဒေါ်လာ ၂ သိန်း ၁ သောင်းကို ချီးမြှင့်မည်ဖြစ်ပြီး စနိုးဒင်တို့နှစ်ဦးနှင့်အတူ ထိုဆုအား ပူးတွဲရရှိခဲ့သည့် ပါကစ္စတန်မှ လူ့အခွင့်အရေး လှုပ်ရှားသူ အတ်စမာ ဂျန်ဟန်ဂီရန်၊ အာရှလူ့အခွင့်အရေးကော်မရှင်မှ ဘာစီလ် ဖာနန်ဒိုနှင့် အမေရိကန်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်သူ ဘီလ်မက်ကီဘန်တို့က ထိုဆုကြေးအား ခွဲဝေခံစားရမည် ဖြစ်သည်။

    ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေး လှုပ်ရှားသူများကို ချီးမြှင့်သည့် အဆိုပါ Right Livelihood Award ဆုကို ဆွီဒင်လူမျိုး ဂျာကော့ဘ် ဗွန် ယူအက်စ်ကူးလ်က ၁၉၈၀ မှစတင်ကာ နှစ်စဉ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

    ဆုချီးမြင့်ပွဲအခမ်းအနားကို ဒီဖင်ဘာ ၁ ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းတွင် ကျင်းပပြုလုပ်သွားမည်ဟု ဆုချီးမြှင့်ရေးအဖွဲ့မှ ဒါရိုက်တာ အိုလေး ဗွန် ယူအက်စ်ကူးလ်က ပြောကြားခဲ့သည်။ သို့သော်လည်း စနိုးဒင် တက်ရောက်မည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်းမရှိချေ။

    ref_ Agencies

  • အင်တာနက် မရှိတဲ့ ဒေသအတွက် Facebook က အင်တာနက် ဒရုန်း သုံးပြီး Wifi ပေးမည်။

    အင်တာနက် မရှိတဲ့ ဒေသအတွက် Facebook က အင်တာနက် ဒရုန်း သုံးပြီး Wifi ပေးမည်။

    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    10704396_10152719461178166_8043475496751922207_o
    ကမ္ဘာမှာ အင်တာနတ် ဆက်သွယ်မှုမရတဲ့ ဒေသတွေအတွက် Facebook က ဒရုန်း (Drone) လို့ခေါ် ဆိုကြတဲ့ မောင်းသူမဲ့ လေယာဉ်တွေ အသုံးပြုပြီး WiFi ထုတ်လွှင့်ပေးဖို့ စီစဉ်နေပါတယ်။

    ပုံမှန်အားဖြင့် Droneတွေဟာ လေယာဉ် အသေးလေးတွေဖြစ်ပေမယ့် Facebookရဲ့ Droneကတော့ ဘိုးရင်း ၇၄၇ လောက် အရွယ်အစား ကြီးမားပါတယ်။

    ဒါပေမယ့် ပေါ့ပါးတဲ့ နေရောင်ခြည်သုံးလေယာဉ်ဖြစ်ပါတယ်။ လေထုထဲမှာ ၁၇မိုင် အမြင့်မှာနေရောင်ခြည် စွမ်းအင်သုံး ပျံသန်းမှာဖြစ်တဲ့အတွက် နှစ်ရှည်လများ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

    လေယာဉ်ကိုတည်ဆောက်ပေးမယ့် ကုမ္ပဏီက Titan Aerospace ဖြစ်ပါတယ်။

    တင်ဆက်သူ- daythanix

  • လမ်းပတ် အသင်းတွင် ဆက်ရှိနိုင်သည်ဟု မန်စီးတီးနည်းပြဆို

    လမ်းပတ် အသင်းတွင် ဆက်ရှိနိုင်သည်ဟု မန်စီးတီးနည်းပြဆို

    စက်တင်ဘာ ၂၅၊ ၂၀၁၄
    M-Media
    460509_heroa
    – နှစ်ပွဲပေါင်း ၃ ဂိုးသွင်းယူပေးကာ ခြေစွမ်းပြနေသည့် ကွင်းလယ်လူလမ်းပတ်အား ဆက်လက်သက်တမ်းတိုးသွားနိုင်ဖွယ်ရှိနေသည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းမှ ဇန်န၀ါရီလအထိ မန်စီးတီးက အငှားဖြင့် ခေါ်ယူထားခဲ့သည့် လမ်းပတ်မှာ ပြီးခဲ့သည့်တစ်ပတ် ချယ်ဆီးနှင့်ပွဲတွင် အသင်းအတွက် အရေးပါသည့် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ယနေ့မနက်က ကစားခဲ့သည့် လိဂ်ဖလားပြိုင်ပွဲ ရှက်ဖီးအား ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင်လည်း ၂ ဂိုး သွင်းယူပေးခဲ့သည်။

    ပွဲအပြီးနောက် လမ်းပတ်အား သက်တမ်းတိုးမည်လားဟု သတင်းထောက်များက မေးမြန်းရာတွင် ပယ်လီဂရီနီက

    “ဒါဟာ နောက်မှ ကြည့်လုပ်ရမယ့် ကိစ္စပါ။ အခုလောလောဆယ် မှာတော့ ဒါဟာ အရေးကြီးတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဇန်န၀ါရီမှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရပါမယ်။ ဆုံးဖြတ်ဖို့ ၂ လ သုံးလလာက် လိုပါသေးတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့ပြင် လမ်းပတ် အနေဖြင့် ဂိုးများ ဆက်လက် သွင်းယူရန် အရေးကြီးကြောင်း၊ ၎င်းမှာ အသင်းအတွက် အရေးပါသည့် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းတွင် ဆက်လက်ရှိနေရေးမှာလည်း ဖြစ်နိုင်သည့် ကိစ္စ တစ်ခုဖြစ်သည်ဟု ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

    မန်စီတီးမှာ ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် နယူးကာဆယ်အား အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

  • ဖွင့်ခွင့်ပေးမည့် နိုင်ငံခြားဘဏ်များ စာရင်း ယခုလကုန်ပိုင်းတွင် ဗဟိုဘဏ်ကြေညာမည်။

    ဖွင့်ခွင့်ပေးမည့် နိုင်ငံခြားဘဏ်များ စာရင်း ယခုလကုန်ပိုင်းတွင် ဗဟိုဘဏ်ကြေညာမည်။

    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    myanmar-central-bank
    – မြန်မာနိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ခွင့်ရမည့် နိုင်ငံခြားဘဏ်များ စာရင်းကို ယခုလကုန်ပိုင်းတွင် ကြေညာသွားမည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဆက်အောင် က Reuters သတင်းဌာနသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    နယူးယောက်မြို့တွင်ကျင်းပပြုလုပ်သည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ Investment Outreach  ညီလာခံသို့ တက်ရောက်စဉ်အတွင်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ကြေညာမည့်ရက်နှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ရှိနေသည်ဟုဆိုသည်။

    “ရွေးချယ်ရေး လုပ်ငန်းစဉ်ဟာ နှစ်ကုန်ဖို့ သုံးလလောက်အလိုမှာ ပြီးမယ်လို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ စီစဉ်ထားတဲ့အတိုင်းပဲ စက်တင်ဘာလ ကုန်ပိုင်းလောက်မှာ ရွေးချယ်ရေး လုပ်ငန်းစဉ်ကို အပြီးသက်ဆောင်ရွက်မှာဖြစ်ပြီး ရွေးချယ်ရေးလုပ်ငန်းစဉ် ပြီးတာနဲ့ ချက်ခြင်းကြေညာသွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    အဆိုပါ ညီလာခံသို့ ဦးစက်အောင်အပါအ၀င် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ထိပ်တန်း ၀န်ကြီးသုံးဦး၊ ဘဏ်လုပ်ငန်းရှင် ၃၀၀ ကျော်၊ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုကို အရှိန်မြှင့်လုပ်ဆောင်ရန် စိတ်အားထက်သန်ကြသည့် သံတမန်များနှင့် ရင်းနှီးမြှုပ်နှံသူအများအပြား တက်ရောက်ခဲ့သည်။

    လုပ်ပိုင်ခွင့်ရရှိမည့် နိုင်ငံခြား ဘဏ်လုပ်ငန်းများမှာ ၅ ခုမှ ၁၀ အကြားတွင်ရှိပြီး နိုင်ငံအတွင်း ပထမဆုံးအကြိမ်အဖြစ် ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်အပြည့်အ၀ ရမည်ဖြစ်သည်။

    သို့သော်လည်း မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားခြင်း မရှိသည့်အတွက် လုပ်ပိုင်ခွင့် ရရှိသည့် ဘဏ်များစာရင်းတွင် အမေရိကန် ဘဏ်များ ပါဝင်မည်မဟုတ်ချေ။

    မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခန်းများ ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များမှာ ၄၃ ခုရှိပြီး ထိုအထဲမှ ၂၉ ခုမှာ ဘဏ်လုပ်ငန်းလိုင်စဉ်ရရန် လျှောက်ထားခဲ့ကြသည်။

    ref _ reuters

  • ဆယ်စုနှစ်များ အတွင်း ပထမဆုံး အဖြစ် အီရန်သမ္မတနှင့် ဗြိတိန် ၀န်ကြီးချုပ်တို့ တွေ့ဆုံ

    ဆယ်စုနှစ်များ အတွင်း ပထမဆုံး အဖြစ် အီရန်သမ္မတနှင့် ဗြိတိန် ၀န်ကြီးချုပ်တို့ တွေ့ဆုံ

    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    201492423225056734_20
    – အီရန်၏ နျူကလီးယား အစီအစဉ်အပေါ် ရေရှည်ခံမည့် သဘောတူညီချက်တစ်ခု ရရှိရန်အတွက် အီရန်သမ္မတ ရူဟာနီနှင့် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကမရွန်းတို့ ကတိပြုခဲ့ကြသည်ဟု ဗြိတိန်အာဏာပိုင်များက ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လာသည့် ခေါင်းဆောင်နှစ်ဦးမှာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် ယမန်နေ့က တွေ့ဆုံးခဲ့ကြခြင်းဖြစ်ပြီး ၁၉၇၉ အီရန် အစ္စလာမ့်မစ်တော်လှန်ရေးပြီးနောက်ပိုင်း ပထမဆုံအကြိမ် တွေ့ဆုံခြင်းလည်းဖြစ်သည်။

    နျူကလီးယား ကိစ္စအပြင် ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေများကို သိမ်းပိုက်ထားသည့် ISIL အဖွဲ့ အကြောင်းကိုလည်း ၎င်းတို့က ဆွေးနွေးခဲ့ကြသည်။

    “ယခင်က နှစ်နိုင်ငံအကြား သိသာတဲ့ ကွဲလွဲမှုတွေရှိခဲ့တယ်ဆိုတာ ၀န်ကြီးချုပ်နဲ့ သမ္မတ တို့ဟာ ၀န်ခံခဲ့ကြပါတယ်။ ပြီးတော့ မိမိတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေး တစ်ဖြည်းဖြည်း တိုးတက်လာအောင် ဆောင်ရွက်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်” ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ၂၀၁၁ ခုနှစ်က တီဟီရန်ရှိ ဗြိတိန်သံရုံးကို အီရန်ရှိ တက်ကြွလှုပ်ရှားသူများက စီးနင်းပြီးနောက်ပိုင်း ဗြိတိန်နှင့် အီရန်တို့၏ တိုက်ရိုက် သံတမန်အဆက်အသွယ်မှာ ဆိုးရွားခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် အလယ်အလတ်ဝါဒီ ရူဟာနီ သမ္မတ ဖြစ်လာပြီးနောက် ဆက်ဆံရေးမှာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

    ထိုနောက်ပိုင်းတွင် မိမိတို့၏ သံရုံအား လာမည့်လများတွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟု ဗြိတိန်က ပြီးခဲ့သည့် ဇွန်လတွင် ကြေညာခဲ့သည်။

    ref_ Agencies