News @ M-Media

Blog

  • ရိုးမားနှင့် CSKA မော်စကို တို့ ချန်ပီယံလိဂ်ပွဲအား UEFA စုံးစမ်းနေ

    ရိုးမားနှင့် CSKA မော်စကို တို့ ချန်ပီယံလိဂ်ပွဲအား UEFA စုံးစမ်းနေ

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    459765_heroa
    – ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်ဖြစ်သည့် ရိုးမားနှင့် CSKA မော်စကို တို့ ပွဲတွင် ဖြစ်ပွားခဲ့သော နှစ်ဖက်အသင်း ပရိတ်သတ်များ၏ လုပ်ရပ်များအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ယူအီးအက်ဖ်အေက ယမန်နေ့တွင် ကြေညာခဲ့သည်။

    စက်တင်ဘာ ၁၇ ရက်နေ့က ရောမတွင် ကစားခဲ့ပြီး ရိုးမားက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲတွင် စီအက်စ်ကေအေ ပရိတ်သတ်များမှာ လူမျိုးရေးအရ စော်ကားသည့် အမူအရာများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်များထွက်ပေါ်လာပြီး၊ ရိုးမားပရိတ်သတ်များကလည်း မီးရှူး မီးပန်းများ ပစ်ဖောက်ခဲ့ကြသည်။

    ထိုလုပ်ရပ်များက ယူအီးအက်ဖ်အေ ၏ စည်းကမ်းပိုင်းဆိုင်ရာ ဥပဒေ၊ အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံဆိုင်ရာ ဥပေဒများကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် မိမိတို့အနဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ယူအီးအက်ဖ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က အောက်တိုဘာ ၃ ရက်နေ့တွင် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက် အကျဉ်းချုပ်တွင် ဖော်ပြခဲ့သည်။

  • အထက်တန်းကျောင်းများတွင် ဟိဂျဘ် ၀တ်ဆင်ခွင့် ပိတ်ပင်ထားမှုအား တူရကီ ပယ်ဖျက်

    အထက်တန်းကျောင်းများတွင် ဟိဂျဘ် ၀တ်ဆင်ခွင့် ပိတ်ပင်ထားမှုအား တူရကီ ပယ်ဖျက်

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    23-09-14_Turkey-Allows-High-School-Hijab
    – ဆယ်စုနှစ် ၂ ခုအတွင်း သမိုင်းဝင်ဆောင်ရွက်မှုအဖြစ် အထက်တန်းကျောင်းများတွင် ဟိဂျဘ်ဝတ်ဆင်ခွင့် ပိတ်ပင်ထားမှုကို တူရကီအစိုးရက ပယ်ဖျက်ပေးလိုက်သည်ဟု သိရသည်။

    အားလပ်ရပ်ပြီးနောက် ကျောင်းပြန်ဖွင့်သည့် စက်တင်ဘာ ၂၃ ရက် တနင်္လာနေ့တွင် တူရကီ ဒုတိယ၀န်ကြီးချုပ် အာရင့်က ကြေညာခဲ့ခြင်းဖြစ်ပြီး ကျောင်းဝတ်စုံဥပဒေတွင် ယခင်က ဦးခေါင်းဗလာ ဖြစ်နေရမည်ဟူသည့် သတ်မှတ်ချက်အား ပယ်ဖျက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထို့ကြောင့် တူရကီ ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် စာသင်ကျောင်းများတွင် ကျောင်းသူများအနေဖြင့် ဟိဂျဘ်ဝတ်ဆင်ခွင့် ရရှိမည်ဖြစ်သည်။ အာရင့်ကမူ ဟိဂျဘ်ဝတ်ဆင်ခြင်းနှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများကို လာမည့် နှစ်ရက်အတွင်း ထုတ်ပြန်ပေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထိုကဲ့သို့ ဟိဂျပ်ဝတ်ဆင်ခြင်း ပိတ်ပင်မှု ပယ်ဖျက်ခြင်းအား တူရကီရှိ လောကီသီးသန့်ဝါဒီ အချို့က ဆန့်ကျင်ခဲ့ကြသည်။

    ၂၀၀၈ခုနှစ်တွင် တူရကီဝန်ကြီးချုပ် အာဒိုဂန်၏ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှာ တက္ကသိုလ်များတွင် ဟီဂျဘ်ဝတ်ဆင်ခွင့် ပိတ်ပင်ထားသည့်  ပြဌာန်းချက်အား ပြင်ဆင်နိုင်ခဲ့သည်။

    ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင်လည်း အစ္စလာမ့်မစ်ကျောင်းများတွင် ဟိဂျဘ်ဝင်ဆင်ခွင့် ပိတ်ပင်ခြင်းအား တူရကီအစိုးရက ပယ်ဖျက်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလကလည်း တရားသူကြီးများ၊ ရှေ့နေများ၊ ရဲအရာရှိများနှင့် စစ်သမီးများမှလွဲ၍ အစိုးရ ဌာနများတွင် ဟိဂျဘ်ဝတ်ဆင်ခွင့် ပိတ်ပင်ထားခြင်းအား ၀န်ကြီးချုပ် အာဒိုဂန်က ပယ်ဖျက်ပေးခဲ့သည်။

    ထို့နောက် အောက်တိုဘာလတွင် အမျိုးသမီးအမတ်တစ်ဦးက ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဟီဂျဘ်ဝတ်ကာ ပါလီမန်သို့ တက်ရောက်ခဲ့သည်။

    ref_OnIslam & News Agencies

  • ရိုက်တာအား သတင်းအမှား ပြန်လည်ဖြေရှင်းပေးရန် NLD  စာပို့ တောင်းဆို

    ရိုက်တာအား သတင်းအမှား ပြန်လည်ဖြေရှင်းပေးရန် NLD စာပို့ တောင်းဆို

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    သီဟ
    NLD
    စက်တင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် Reuters သတင်းဌာနမှ Mr. Paul Mooney ရေးသားသော သတင်း (With Suu Kyi Blocked, Myanmar’s NLD Eyes Former General for President ) တွင် အဓိပ္ပါယ်လွဲမှားဖေါ်ပြချက်များနှင့် ပတ်သက်၍ အဖွဲ့ချူပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ရိုက်တာ သတင်းဌာနသို့ ပြန်လည်ဖြေရှင်းပေး ပါရန် စာဖြင့်တောင်းဆိုခဲ့ပါကြောင်းကို NLD ပါတီရဲ့ တရားဝင် FB စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

    ရိုက်တာက ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေ၇န် ပိတ်ဆို့မှုများ ရှိခဲ့လျှင် NLD ပါတီ အနေဖြင့် ပြိုင်ဘက် ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ စစ်ဗိုလ်ချူပ်ဟောင်း သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ ထောက်ခံ အားပေးသွားမယ်လို့ ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။

    သတင်းဆောင်းပါးရှင် Mr. Paul Mooney  အနေနဲ့ NLD  ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဟံသာမြင့်နဲ့ ဦးဥာဏ်ဝင်းတို့ ၂ ယောက်ရဲ့ ပြောကြားချက်တွေကို အဓိကထား ကိုးကားပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

    ရိုက်တာရဲ့ သတင်းဆောင်းပါးကို မြန်မာဘာသာဖြင့် အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

    ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်ဖို့ ပိတ်ဆို့ထားလျှင် သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ NLD ထောက်ခံတော့မှာလား

  • သက်ရှိ ပင်လုံမှတ်တမ်း

    သက်ရှိ ပင်လုံမှတ်တမ်း

    7DayDaily မှ ကူးယူဖော်ပြသည်။

    3(P) a_0
    အသက် ၁၀၀ ၀န်းကျင်ရှိသော်လည်း သန်မာနေဆဲ ဦးခန်းက ဧည့်ခန်းတွင်းရှိ ဓာတ်ပုံများအား အားကြိုးမာန်တက်ရှင်းပြခဲ့သည် (ဓာတ်ပုံ−သီဟ)

    သေသပ်တိတ်ဆိတ်လှသော ခြံဝင်းထဲတွင် မီးခိုးရောင်နှစ်ထပ် တိုက်လေးက အေးချမ်းလှသည့် တောင်ပေါ်မြို့လေးနှင့် လိုက်ဖက်ညီစွာ ဣနြေ္ဒရလျက်။ အိမ်ဝင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ရုပ်လုံးသွင်းထားသည့် ကျားရုပ်ကြီးကလည်း ခံ့ခံ့ထည်ထည်။ အိမ်၏မျက်နှာစာ ဧည့်ခန်းထဲတွင်တော့ ဗိုလ်ချုပ်အောင်ဆန်းကြိုးပမ်းခဲ့သည့် ပင်လုံစာချုပ်လက်မှတ်ရေးထိုးပွဲ မှတ်တမ်းဓာတ်ပုံများ၊ ပါလီမန်ဒီမိုကရေစီခေတ်ခေါင်းဆောင်များ၏ အဖြူ၊ အမည်းဓာတ်ပုံများကို စီစီရီရီချိတ်ဆွဲထားသည်။

    မကြာမီပင် အနားယူသည့် အခန်းအတွင်းမှ အသက်ကိုးဆယ်ကျော် အဘိုးအိုတစ်ဦး တုတ်ကောက်အကူအညီမလို၊ လူတွဲစရာမလိုဘဲ ဖြေးဖြေးမှန်မှန် လမ်းလျှောက်ထွက်လာသည်။ အဘိုးအို၏အသက်ကို မှန်းဆလျှင် ကိုးဆယ်စွန်းစွန်းဟု ထင်ရသော်လည်း အမှန်က လာမည့် ၂၀၁၅ မတ်လတွင် အသက်တစ်ရာပြည့်မည် ဖြစ်သည်။

    ထိုအဘိုးအိုကား ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်လက်မှတ်ရေးထိုးရန် ရှမ်းပြည်သို့ လာရောက်စဉ်က တောင်ကြီးမှ ပင်လုံ၊ ပင်လုံမှ တောင်ကြီးသို့ သူ့ကိုယ်ပိုင်ဂျစ်ကားဖြင့် အကြိုအပို့လုပ်ခဲ့သူ ဦးဖရွတ်ခန်းခေါ် ဦးခန်းပင်။

    ထိုစဉ်က သူ့အသက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် မတိမ်းမယိမ်း သုံးဆယ်ကျော်ကျော်လေးပင်။ ယခုတော့ သူ့အသက် တစ်ရာနားနီးခဲ့ပြီ ဖြစ်သည်။ ဇရာ၏ဖိစီးမှုကို အတော်အတန်ခံနေရသော်လည်း အဘိုးဦးခန်းက ထိုစဉ်က ပင်လုံမြင်ကွင်းကို ကောင်းစွာအမှတ်ရပြန်ပြောပြနိုင်သူ ဖြစ်သည်။

    ရှမ်းပြည်သို့ ရောက်လာသည့် ဗိုလ်ချုပ်ကို မည်သူ့တာဝန်ပေးချက်မှမဟုတ်ဘဲ ကိုယ့်အသိစိတ်နှင့် ကိုယ်ကားမောင်းပို့ခဲ့ခြင်းဖြစ်သည်ဟု သူကဆိုသည်။

    ထိုစဉ်က သူ၏ဂျစ်ကားလေးပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အပါးတော်မြဲ ဗိုလ်ထွန်းလှနှင့် ဦးဖေခင်ဆိုသူတို့ ပါလာခဲ့ကြောင်း သူက အမှတ်ရစွာပြန်ပြောပြသည်။‘‘အဲဒီတုန်းက အန်ကယ်က ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှာ အမှုဆောင်လုပ်နေတာ။ ဗိုလ်ချုပ်ကို ကိုယ့်ရဲ့ အမျိုးသားခေါင်းဆောင်တစ်ဦးအနေနဲ့ ကြည်ညိုလေးစားလို့ ကိုယ်တိုင်ကားမောင်းပို့ခဲ့တာပဲ’’ဟု ဗိုလ်ချုပ်ကို ကားမောင်းပို့ခဲ့စဉ်က သူ၏စိတ်ခံစားမှုကို ပြန်ပြောင်းပြောပြသည်။

    ၁၉၁၅ ခုနှစ်ဖွား တောင်ကြီးသား စစ်စစ်ဖြစ်သူ ဦးခန်းသည် အင်းသားနှင့် လူမျိုးခြား သွေးရော စပ်ထားသူဖြစ်သော်လည်း ထိုစဉ်ကပင် အမျိုးသားရေးစိတ်ဓာတ် အပြည့်ရှိသူ ဖြစ်သည်။ တစ်ဖက်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ တစ်ဖက်ကလည်း ၀ါသနာပါရာ နိုင်ငံရေးအလုပ်ကို ထိုစဉ်ကပင် လုပ်ခဲ့သူဖြစ်သည်။

    ‘‘ပင်လုံရောက်ပြီးတော့ မြန်မာနိုင်ငံအနှံ့က နိုင်ငံရေးခေါင်းဆောင်တွေ အကုန်လာကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ဝင်တွေ လာတယ်။ ရှမ်းစော်ဘွားတွေ အစုံလာတယ်။ တခြားတိုင်းရင်းသားခေါင်းဆောင်တွေလည်း လာတယ်။ ဦးနုတို့၊ ဦးစောတို့လည်း ပါသေးတယ်’’ဟု ထိုစဉ်က ပင်လုံမြင်ကွင်းကို ဦးခန်းက မှတ်မိသရွေ့ပြန်ပြောပြသည်။

    3(P) b_3

    ပင်လုံအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ရှမ်းစော်ဘွားများနှင့် အခြား တိုင်းရင်းသားခေါင်းဆောင်များ ပြည်ထောင်စုအရေးဆွေးနွေးကြရာတွင် သဘောတူသည့် လူလည်းရှိသကဲ့သို့ မတူသည့် လူလည်းရှိကြောင်း ဦးခန်းက ပြန်ပြောသည်။

    ‘‘ဗိုလ်ချုပ်က စော်ဘွားတွေကို ခင်ဗျားတို့ ကျုပ်တို့နဲ့ ဆယ်နှစ်ပေါင်းကြည့်ပါ။ မကြိုက်ရင်လည်း ပြန်ခွဲပါလို့ပြောတော့ ညောင်ရွှေစော်ဘွားကြီးက ‘‘ဟယ်…ဗိုလ်ချုပ် ပေါင်းတောင် မပေါင်းရသေးဘူး။ ခွဲဖို့ မပြောနဲ့ ဘယ်တော့မှ မခွဲဘူး’’ ဟုပြောကြောင်း ဗိုလ်ချုပ်နှင့် စော်ဘွားများ အပြန်အလှန်ပြောခဲ့ကြသည့် ထိုစဉ်က ပင်လုံစိတ်ဓာတ်ကို ဦးခန်းက ပြန်ပြောပြသည်။

    ဇရာ၏ဖိစီးမှုကြောင့် နားအတော်အတန်ထိုင်းနေသော ဦးခန်းက ဗိုလ်ချုပ်ကို အမျိုးသားခေါင်းဆောင်တစ်ယောက်အနေဖြင့် လေးစားခြင်းအပြင် စကားပြောရာတွင် ဖြောင့်ဖြောင့်မတ်မတ်ပြောခြင်း၊ သတ္တိရှိရှိပြောခြင်း၊ ပရိယာယ်မပါဘဲ စိတ်ထဲရှိသည်ကို ရဲရဲတင်းတင်းပြောတတ်ခြင်းတို့ကြောင့် ပို၍ကြည်ညိုလေးစားရကြောင်း ပြောသည်။

    ဗိုလ်ချုပ်တို့ကို ကားမောင်းပို့ပေးခဲ့သူ ဦးခန်းသည် ထို့နောက်ပိုင်းတွင် လောကဓံ၏ ရိုက်ပုတ်မှုများကိုလည်း ခံခဲ့ရသူဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ဆယ်နှစ်နှစ် တိုင်တိုင် နှစ်ကြိမ်ဆက် တောင်ကြီးမြို့ မြူနီစပယ်အဖွဲ့ ဥက္ကဋ္ဌမြို့တော်ဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။

    သူ မြို့တော်ဝန်တာဝန်ထမ်းဆောင်စဉ်က တောင်ကြီးမြို့တွင် လမ်းများဖောက်ပေးခြင်း၊ အဆောက်အအုံများ ဆောက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဘာသာလူမျိုးမခွဲခြားဘဲ အကူအညီပေးခဲ့သည်ဟု ဆိုသည်။

    ‘‘မြို့တော်ဝန် ဘ၀နဲ့တုန်းက ဘာသာစွဲ၊ လူမျိုးစွဲ ဘာမှမရှိဘဲ လုပ်သင့်တာ အကုန်လုပ်ပေးခဲ့တယ်။ ဗုဒ္ဓဘာသာဆိုလည်း လုပ်ပေးလိုက်တာပဲ။ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် အကုန်လုပ်ပေးခဲ့တာပဲ။ ဒါကြောင့်လဲ အခုလို အေးအေးဆေးဆေးနေရတာထင်တယ်’’ဟု ဘာသာခြားတစ်ဦးဖြစ်သော်လည်း ကံကံ၏ အကျိုးပေးပုံ ဆန်ဆန် ဦးခန်းက သူ၏လက်ရှိဘ၀ကို ပြောပြသည်။

    တောင်ကြီးမြို့ ယခုမြို့မရပ်ကွက်၊ ယခင်လယ်ကျင်းရပ်ကွက်တွင် မွေးဖွားခဲ့သည့် ဦးခန်းသည် တောင်ကြီး ABM ကျောင်းတွင် ဆယ်တန်းအထိ ပညာသင်ကြားခဲ့သည်ဟု ဆိုသည်။ မြို့တော်ဝန်တာဝန် ဆယ်နှစ် ထမ်းဆောင်ပြီးနောက် ၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ တက်လာချိန်တွင် ဦးခန်းအား ရှမ်းစော်ဘွားများနှင့် အတူ ဖက်ဒရယ်အရေး ဆောင်ရွက်သည်ဟုဆိုကာ ၎င်းကို ဆယ်နှစ်ခန့် ထိန်းသိမ်းခဲ့သည်။

    ‘‘အဲဒီတုန်းက ခဏကြွပါဆိုပြီး ခေါ်သွားလိုက်တာ အင်းစိန်ထောင်မှာ ဆယ်နှစ်နေလိုက်ရတယ်။  ဟားဟားဟား’’ဟု အာဏာရှင်များ၏ အကောက်ကြံမှု၊ မရိုးသားမှုတို့ကို ယခုအချိန်တွင် ရယ်သံနှော၍ ပြောနိုင်လာပြီ ဖြစ်သည်။ထိုစဉ်က ဦးခန်းနှင့်အတူ ထောင် ကျဖက်များမှာ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက် (သမ္မတဟောင်း)၊ သီပေါစော်ဘွား စ၀်ကြာဆိုင် အပါအ၀င် ဖက်ဒရယ်အရေး လှုပ်ရှားသည်ဟု တော်လှန်ရေးကောင်စီအစိုးရက သံသယရှိသူ အားလုံးပါဝင်သည်ဟု ဆိုသည်။ ‘‘ညောင်ရွှေစော်ဘွားကတော့ ထောင်ထဲမှာ ငါးနှစ်လောက်နေပြီး သေ သွားတယ်။ အန်ကယ်တို့ မျက်စိရှေ့မှာတင်သေတာ။ သီပေါစော်ဘွားကိုတော့ ဘယ်ခေါ်သွားလဲ မသိဘူး။ ပြန်ကိုပေါ်မလာတော့ဘူး’’ဟု ထောင်တွင်းအတွေ့အကြုံများကို ဦးခန်းက ပြန်ပြောပြသည်။

    ထောင်မှလွတ်ပြီးသော်လည်း ဦးခန်းသည် ဇာတိတောင်ကြီးသို့ ချက်ချင်းပြန်ခွင့်မရသေးဘဲ ရန်ကုန်တွင် ခြောက်နှစ်ခန့် ခြေချုပ်နှင့်နေခဲ့ရပြီး သူ၏လှုပ်ရှား မှုများကို ထောက်လှမ်းရေးများက စောင့်ကြည့်ခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

    ‘‘တောင်ကြီးပြန်သွားရင် တောထဲကလူတွေက ခေါင်းဆောင်လုပ်ဖို့ လာခေါ်သွားမှာစိုးလို့ဆိုပြီး အန်ကယ့်ကို ရန်ကုန်မှာ ခြောက်နှစ်လောက် ခြေချုပ်ထားသေးတာ။ နောက်ပိုင်း စိတ်ချရလောက်ပြီဆိုတော့မှ တောင်ကြီးပြန်လွှတ်တာ’’ဟု ဦးခန်းက ပြောသည်။

    ဖက်ဒရယ်အရေးကြောင့် ထောင်ကျခဲ့သူ ဦးခန်းသည် ယခု နိုင်ငံရေးအလှည့်ပြောင်းကာလတွင် တိုင်းရင်းသားများနှင့် အတိုက်အခံများထံမှ ဖက်ဒရယ်လေသံများ ကျယ်ကျယ်လောင်လောင် ပြန်ကြား လာရသည့် အတွက် အလွန်ကျေနပ်ကြောင်း ၀မ်းလည်း ၀မ်းသာကြောင်း ပြောသည်။

    ‘‘အခု ဖက်ဒရယ်အရေး ပြန်လှုပ်ရှားနေကြတယ်ကြားတော့ ဟိုးတုန်းက ဖက်ဒရယ်ကြောင့် ထောင် ကျခဲ့ရပေမယ့် ကျေနပ်တယ်။ အဲဒီတုန်းက ခံစားရတာကို အခု ဘာမှပြန်မဖြစ်တော့ သလို နေနိုင်သွားပြီ’’ဟု အသက်တစ်ရာ နားနီးသော်လည်း ခေတ်သစ်နိုင်ငံရေးကို မျက်ခြည်မပြတ်ကြောင်း ဦးခန်းက ယခုစကားဖြင့် သက်သေခံသည်။

    ထောင်မှလွတ်လာပြီးနောက် ဦးခန်းသည် စီးပွားရေးကိုသာ တစိုက်မတ်မတ်လုပ်ခဲ့သဖြင့် ပိုင်ဆိုင်မှု အတန်အသင့် ရှိလာခဲ့သည်။ သို့သော် သူ၏ပိုင်ဆိုင်မှုများမှာ တော်လှန်ရေးကောင်စီ လက်ထက်တွင် ပြည်သူပိုင် သိမ်းခံရခြင်း၊ စစ်အစိုးရလက်ထက်တွင်လည်း မြေများအသိမ်းခံရခြင်းတို့ ရှိခဲ့သည်ဟု ပြောသည်။ သို့သော်လည်း ယခုအချိန်တွင်တော့ ဦးခန်းသည် လက်ကျန်အချိန်များကို အေးဆေးစွာပင် ဖြတ်သန်းနေပြီ ဖြစ်သည်။

    ‘‘နိုင်ငံရေးလည်း မလုပ်တော့ဘူး။ နိုင်ငံရေးလုပ်ရမယ့် အရွယ်လည်း မဟုတ်တော့ဘူး။ ထောင်ထဲမှာ ဆယ်နှစ်နေဖို့မပြောနဲ့ ကိုယ့်အိမ်ကိုယ့်ခြံထဲမှာပဲ တစ်နေ့လုံး အပြင်မသွားဘဲ မနေနိုင်ဘူး။ အဲဒီလိုဆို နေမကောင်းချင်သလို ဖြစ်လာရော’’ဟု ဦးခန်းကပြောသည်။ အသက်တစ်ရာအတွင်းသို့ ၀င်ရောက်ပြီဖြစ်သော်လည်း ဦးခန်းသည် နေ့စဉ်ပင် ကိုယ့်ကားကိုယ်မောင်း၍ မြို့ထဲသို့ အနည်းဆုံးတစ်ကြိမ်တော့ ထွက်လေ့ရှိသည်။

    ‘‘ရှေးဟောင်းနှောင်းဖြစ်ပြောစရာလူတွေလည်း မရှိတော့ဘူး။ သက်တူရွယ်တူတွေကလည်း အကုန်သေကုန်ကြပြီ။ တစ်နေ့တစ်နေ့ စကားပြောစရာလူလည်း မရှိတော့ဘူး’’ဟု ဦးခန်းက သူ၏လက်ရှိဘ၀ကို ပျင်းရိဖွယ်ဖြတ်သန်းနေရကြောင်း ဆိုသည်။

    နေ့စဉ်နံနက် ခုနှစ်နာရီခန့်တွင် အိပ်ရာမှထသူ ဦးခန်းသည် မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် နံနက်စာစားကာ ကိုးနာရီခန့်တွင် မြို့ထဲရှိ သူ၏ရုံးခန်းသို့ ကားကိုကိုယ်တိုင်မောင်း၍ သွားသည်။ နေ့လယ် ဆယ့်နှစ်နာရီခန့်တွင် အိမ်သို့ပြန်လာကာ နေ့လယ်စာစားပြီးနောက် တစ်ရေးတစ်မောအိပ်ပြီး ကျန်အချိန်များတွင် ဂျာနယ်များဖတ်ရှုခြင်းဖြင့်သာ အချိန်ကုန်လွန်စေသည်။

    သားသမီးလေးဦးရှိသူ ဦးခန်းသည် လက်ရှိတွင် သားအငယ်နှင့် တစ်အိမ်တည်းအတူနေပြီး မြေး ၁၁ ဦး၊ မြစ် ၇ ဦးတို့ ရှိသည်ဟု သိရသည်။

    ‘‘အခုအချိန်မှာတော့ ဘ၀ကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်ပါတော့တယ်။ စာအုပ်တွေပဲ ဖတ်နေတယ်။ ဘာသာရေးလည်း သိပ်မလုပ်ဖြစ်ပါဘူး။ ၀ါသနာ သိပ်မပါဘူးလေ။ ထောင်ကျမယ့် အလုပ်တွေလည်း မလုပ်ချင်တော့ပါဘူး’’ ဟု ဦးခန်းက သူ၏ လက်ရှိ ဘ၀ဖြတ်သန်းနေရပုံကို ဖြည်းဖြည်းနှင့် မှန်မှန် ပြောပြသည်။

     

    ပင်လုံ ညီလာခံ ဆက်စပ်သတင်း များဖတ်လိုလျှင်
    ————————————————
    ၁) ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း
    http://www.m-mediagroup.com/news/20365

    ၂) ပင်လုံ ဦးဖေခင်နှင့် ဘက်မလိုက်
    http://www.m-mediagroup.com/news/24791

    ၃) ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး (၁။ ဦးဖေခင်)
    http://www.m-mediagroup.com/news/10882

    ၄) “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင်တို့ရဲ့ အခန်းကဏ္ဍ’’
    http://www.m-mediagroup.com/news/24187

  • ၂၀၂၂ ကမ္ဘာဖလား ကာတာမှာ မကျင်းပတော့ကြောင်း သတင်း ထွက်ပေါ်မှု ပြိုင်ပွဲ ကျင်းပရေး ကော်မတီငြင်းဆို

    ၂၀၂၂ ကမ္ဘာဖလား ကာတာမှာ မကျင်းပတော့ကြောင်း သတင်း ထွက်ပေါ်မှု ပြိုင်ပွဲ ကျင်းပရေး ကော်မတီငြင်းဆို

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄

    M-Media

    – ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအား ကာတာတွင် ကျင်းပပြုလုပ်မည် မဟုတ်ဟု ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ဝင် တစ်ဦး၏ ပြောကြားမှုအား ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ငြင်းဆို လိုက်သည်ဟု သိရသည်။

    ပြိုင်ပွဲကျင်းပမည့် အချိန်တွင် အလွန်မြင့်မားသော အပူချိန် ရှိနေမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာကို စိုးရိမ်ရသည့် အတွက်ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား ကာတာတွင် ကျင်းပပြုလုပ်မည် မဟုတ် ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ဝင် သီယိုဇွမ်ဇီဂါက ယမန်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဆက်သွယ်ရေးနှင့် ဈေးကွက် ဒါရိုက်တာ နာဆာရ် အလ် ခတ္တာကမူ ထိုပြောဆိုချက်အား ငြင်းဆိုလိုက်ပြီး ပြိုင်ပွဲပြုလုပ်မည့်နေရာအား ပြောင်းလဲမည် မဟုတ်ဟု ဆိုသည်။

    “ကာတာဟာ ၂၀၂၂ မှာ ဖီဖာ ကမ္ဘာ့ဖလားကို ကျင်းပသွားမှာပါ။ ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဇွမ်ဇီဂါဟာ သူရဲ့ကိုယ်ပိုင် အမြင်ကို ပြောခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိ တစ်ခုတည်းသော မေးခွန်းကတော့ “ဘယ်တော့ ကျင်းပမလဲ” ဆိုတာဖြစ်ပြီး “မကျင်းပဖြစ်လျှင်” ဆိုတာမျိုး မဟုတ်ပါဘူး။ နွေရာသီဖြစ်ဖြစ်၊ ဆောင်းရာသီဖြစ်ဖြစ် ကျွန်တော်တို့ အဆင်သင့်ပါပဲ” ဟု နာဆာရ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား ခေတ်မီ အအေးပေးစနစ်များဖြင့် ကျင်းပနိုင်စွမ်းရှိသည်ကို သက်သေပြသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ယခုနှစ်ဇွန်လ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပစဉ်က ကာတာတွင် Brazil 2014 Fan Zone လေဟာပြင် တစ်ခုကို ဖန်တီးခဲ့ပြီး ခေတ်မီ အအေးပေးစနစ်များကို အသုံးပြုကာ အပူချိန်ကို ၂၂ ဒီဂရီ ဆဲလ်စီးယက်စ် အထိသာ ရှိအောင် ဆောင်ရွက်ပေးခဲ့သည်။