News @ M-Media

Blog

  • RFA- သမ္မတ ဦးသိန်းစိန်ကို ရိုဟင်ဂျာကိစ္စ မေးမြန်းဖို့ နယ်သာလန် အစ္စလာမ်မစ်အဖွဲ့ တောင်းဆို

    RFA- သမ္မတ ဦးသိန်းစိန်ကို ရိုဟင်ဂျာကိစ္စ မေးမြန်းဖို့ နယ်သာလန် အစ္စလာမ်မစ်အဖွဲ့ တောင်းဆို

    စက်တင်ဘာ ၉ ၊ ၂၀၁၄
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    10626673_10152764655983128_3458593781804900867_n
    မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားပြုမူဆက်ဆံနေတာတွေနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံကိုရောက် ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ကို မေးခွန်းထုတ်ဖို့ နယ်သာလန်အခြေစိုက် အစ္စလာမ်မစ်အဖွဲ့တစ်ဖွဲ့က အစိုးရကို မနေ့က တောင်းဆိုလိုက်ပါတယ်။

    သမ္မတ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့အပြင်၊ နယ်သာလန် ဘုရင်နဲ့ မိဖုရားတို့နဲ့ပါ တွေ့ဆုံမှာဖြစ်တာကြောင့်၊ အဲသလိုတွေ့ဆုံတဲ့အခါ ရိုဟင်ဂျာကိစ္စမေးမြန်းဖို့ အဲဒီအဖွဲ့ရဲ့တောင်းဆိုချက်ကို နယ်သာလန်သတင်း မီဒီယာတစ်ခုက ဖော်ပြခဲ့တာပါ။

    ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံမှာ နေထိုင်သူ ကိုဌေးတင့် က အခုလို ပြောပြပါတယ်။

    “နယ်သာလန်မီဒီယာမှာ တက်လာတာတွေ့ရပါတယ်၊ ဘာရေးထားလဲဆိုလို့ရှိရင် ဦးသိန်းစိန် ဘာလုပ်ဖို့ နယ်သာလန်ကိုလာတာလဲ၊ ဘာအကျိုးအမြတ်ရတာလဲ ဆိုတာရေးထားပါတယ်၊ ပြီးတဲ့အခါကျမှ ဦးသိန်းစိန် အစိုးရတက်လာပြီး ၂ နှစ်အတွင်းမှာပဲ အစ္စလာမ်ကိုးကွယ်သူအယောက် ၂၈၀ လောက် အသတ်ခံရတယ်ဆိုပြီးတော့ သူတို့အဓိကထားပါတယ်၊ ဆိုတော့ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ ဒီအယာက် ၂၈၀ ဟာဆိုလို့ရှိရင်လည်း ရိုဟင်ဂျာတွေရဲ့ ကျေးရွာတွေကို သတ်ဖြတ်ရင်းနဲ့ဖြစ်တယ်ဆိုပြီးတော့ သူတို့အဓိကအလေးအနက်ထားတာ တွေ့ရပါတယ်”

    ဒါ့ပြင် စစ်အစိုးရလက်ထက်က ရိုဟင်ဂျာတွေကို ဖိနှိပ်ခဲ့သလို အခုလက်ရှိအစိုးရကလည်း ဆက်လက်ဖိနိပ်နေကြောင်း၊ ဒါ့အပြင် ၉၆၉ ဆိုတဲ့ အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့တွေကလည်း နိပ်စက်နေကြောင်း၊ အခုလို အကြမ်းဖက်ခံရတာတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း အဲ့ဒီသတင်းမှာ ဖော်ပြထားတယ်လို့သိရပါတယ်။

    http://www.rfa.org/burmese/news/uthainsein-naltharlan-09082014224544.html

  • ပွဲထွက်ကစားသမား နေရာတွင် ၀ဲလ်ဘတ်က မိမိထက် အသာရလိမ့်မည်ဟု ပိုဒေါစကီးဆို

    ပွဲထွက်ကစားသမား နေရာတွင် ၀ဲလ်ဘတ်က မိမိထက် အသာရလိမ့်မည်ဟု ပိုဒေါစကီးဆို

    စက်တင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    Arsenal's Lukas Podolski
    – အသင်း၏ တိုက်စစ်နေရာအတွက် ယှဉ်ပြိုင်ရာတွင် ၀ဲလ်ဘတ်မှာ မိမိထက် ပိုအသာရလိမ့်မည်ဟု အာဆင်နယ်တိုက်စစ်မှူး ပိုဒေါစကီးက ပြောကြားလိုက်သည်။

    ဂျီရော့ဒ်ဒဏ်ရာရရှိနေသည့် အာဆင်နယ်တိုက်စစ်တွင် ပိုဒေါစကီးနှင့် ၀ဲဘတ်တို့ ရှိနေပြီး အာဆင်ဝင်းဂါးလက်အောက် ပွဲပေါင်း ၇၀ ပွဲထွက်ကစားခဲ့ရသည့် ပိုဒေါစကီးကမူ မိမိထက် ၀ဲလ်ဘတ်က ပို၍ ပွဲထွက်ခွင့်ရမည်ဟု ယုံကြည်နေသည်။

    “ကနဦးအနေနဲ့ပြောရရင် ကျွန်တော့်အတွက် ခက်ခဲတဲ့အခြေအနေပါပဲ။ ငွေတွေအများကြီးပေးပြီး ကစားသမားအသစ်တွေကို ၀ယ်ထားရတဲ့အခါ သူတို့မှာကစားရဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ ဒါပေမယ့် ရာသီက ရှည်လွန်းတဲ့အတွက် ဘာတွေဖြစ်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ ကျွန်တော် ထိပ်တန်းအဆင့်မှာ ရှိနေရင်တော့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရမှာပါ” ဟု ပိုဒေါစကီးက Kicker မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

    အာဆင်နယ်အသင်း အဓိကလိုအပ်နေသည့် တိုက်စစ်နေရာအား ဖြည့်တင်းရန်အတွက် ထိပ်တန်းတိုက်စစ်မှူးအများအပြားကို ခေါ်ယူရန် အာဆင်ဝင်းဂါးက ကြိုးစားခဲ့သော်လည်း ၀ဲလ်ဘတ်တစ်ဦးတည်းသာ အပြောင်းအရွေးဈေးကွက် နောက်ဆုံးအချိန်တွင် ရောက်ရှိလာခဲ့သည်။

  • IS အဖွဲ့အား တွန်းလှန်ရန် အာရပ်နိုင်ငံများ အဖွဲ့ချုပ် ဆုံးဖြတ်ချက်ချ

    IS အဖွဲ့အား တွန်းလှန်ရန် အာရပ်နိုင်ငံများ အဖွဲ့ချုပ် ဆုံးဖြတ်ချက်ချ

    စက်တင်ဘာ ၉ ၊ ၂၀၁၄
    M-Media

    201497172330617734_20
    အာရပ်လိဂ် အထွေအထွေ အတွင်းရေးမှူးချူပ်

    – ဆီးရီးယားနှင့် အီရတ်နိုင်ငံ နယ်မြေအချို့ကို သိမ်းယူကာ အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် IS အဖွဲ့အား တွန်းလှန်ရေး လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်သွားရန် အာရပ်နိုင်ငံများအဖွဲ့ချုပ် အာရပ်လိဂ်က ဆုံးဖြတ်ခဲ့ပြီး နိုင်ငံတကာနှင့် ဒေသတွင်း အားထုတ်မှုများအတွင်း ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့သည်ဟု သိရသည်။

    တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ပြီး IS အဖွဲ့ထံသို့ နိုင်ငံခြားမှ တိုက်ခိုက်ရေးသမားများ သွားရောက်ခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းတို့ကို နှိပ်ကွပ်ရန် အဖွဲ့ဝင်များကို တိုက်တွန်းထားသည့် ကုလ၏ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံကြောင်း အာရပ်လိဂ်က ပြောကြားခဲ့သည်။

    အာရပ်အဖွဲချုပ်အကြီးအကဲ နဘီလ် အလ်-အာရဘီကမူ IS အဖွဲ့အား စစ်ရေးအရနှင့် နိုင်ငံရေးအရပါ အရေးယူရရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ အာရပ်နိုင်ငံများအတွင်း အုပ်စုဖွဲ့တိုက်ခိုက်မှုများအား အဖွဲ့ဝင် ၂၂ နိုင်ငံစလုံးက မဖြေရှင်းနိုင်မှုနှင့် ပတ်သက်၍လည်း ဝေဖန်ပြောဆိုခဲ့သည်။

    “ဒေတွင်းပြဿနာတွေကို အာရပ်လိဂ်က ကြားဝင်ဖြေရှင်းဖို့ အာရပ်နိုင်ငံတွေက လက်မခံကြဘဲ စစ်ရေးအပါအ၀င် နိုင်ငံခြားတိုင်းပြည်တွေရဲ့ ၀င်ရောက်ဖြေရှင်းမှုတွေကို တံခါးမရှိဓားမရှိ ဖွင့်ပေးထားပါတယ်” ဟု သူက ဆိုသည်။

    ဒေသအတွင်း လိုအပ်လာသည့်အခါ အာရပ်လိဂ်အဖွဲ့အောက်မှ စစ်ရေးအရအရေးယူမှုများ ပြုလုပ်နိုင်ရန် အာရပ်နိုင်ငံများ ကာကွယ်ရေးစာချုပ်ကို အကောင်အထည်ဖော်ရန် အတွက်လည်း အာရဘီက တိုက်တွန်းခဲ့သည်။

    ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကလည်း အာရပ်နှင့် အစ္စလာမ့်မစ်နိုင်ငံများအား ခြိမ်းခြောက်နေသည့် အစွန်းရောက်ဝါဒအား စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

    ref_Agencies

  • အာဖရိက သမဂ္ဂတပ်များ ဆိုမာလီ အမျိုးသမီးများကို အဓမ္မ ကျင့်ခဲ့သည်ဟု HRW ပြော

    အာဖရိက သမဂ္ဂတပ်များ ဆိုမာလီ အမျိုးသမီးများကို အဓမ္မ ကျင့်ခဲ့သည်ဟု HRW ပြော

    စက်တင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    201498104956842734_20
    – နိုင်ငံတကာမှ အထောက်အပံ့ပေးထားပြီး ဆိုမာလီတွင် တပ်ဖြန့်ချထားသည့် အာဖရိကသမဂ္ဂတပ်များမှာ အရွယ်မရောက်သေးသူများအပါအ၀င် ဆိုမာလီ အမျိုးသမီးများကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ပြီး အစားအသောက် အကူအညီများကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနှင့် အပေးအယူလုပ်ကြသည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW မှ ထုတ်ပြန်သောအစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဆိုမာလီအမျိုးသမီး ၂၁ ဦး၏ ထွက်ဆိုချက်များကို အခြေခံကာ အဆိုပါ အစီရင်ခံစာကို HRW မှ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ အာဖရိက သမဂ္ဂမှ စစ်သားများမှာ ဆိုမာလီအမျိုးသမီးများနှင့် ကလေးငယ်များအား လိင်ပိုင်းဆိုင်ကျူလွန်ရေးအတွက် အကျပ်ကိုင်ရန် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပါအ၀င် နည်းလမ်းများစွာကို အသုံးပြုခဲ့သည်ဟု ရေးသားထားသည်။

    “လိင်ပိုင်းဆိုင်ရာ အပေးအယူအဖြစ် ဒီလိုကျူးလွန်ပြီးတဲ့နောက်မှာ စစ်သားတွေဟာ သူတို့ကို အစားအသောက် ဒါမှမဟုတ် ငွေတွေပေးတယ်လို့ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေက ပြောကြားခဲ့ပါတယ်” ဟု HRW ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    AMISOM ဟု အမည်ပေးထားသည့် အဆိုပါတပ်မှာ နိုင်ငံပေါင်း ၆ နိုင်ငံမှ စစ်သားအရေအတွက် ၂၂၀၀၀ ပါဝင်ပြီး ၂၀၀၇ ခုနှစ်မှစ၍ ဆိုမာလီ အစိုးရတပ်များနှင့် ပူးပေါင်းကာ အလ်ရှာဘတ် အဖွဲ့အား တိုက်ခိုက်ခဲ့နေသည့် တပ်များဖြစ်သည်။

    AMISOM ကမူ မုဒိမ်းကျင့်ခြင်းမှာ သီးခြားဖြစ်ရပ်တစ်ခုသာဖြစ်ပြီး ထိုအစီရင်ခံစာမှာ မျှတမှုမရှိဟု တုံ့ပြန်ခဲ့သည်။

    HRW မှ တွေ့ဆုံမေးမြန်းခဲ့သည့် အသက်အငယ်ဆုံးအမျိုးသမီးမှာ ၁၂ နှစ်အရွယ်ရှိပြီး ၎င်းအား ယူဂန်ဒါ စစ်သားများက မုဒိမ်းကျင့်ခဲ့သည်ဟု ဖြေကြားခဲ့သည်။

    “AMISOM စခန်းတွေမှာ ဆေးဝါး အကူအညီနဲ့ သောက်သုံးရေ ရရှိရေး သွားရောက်ကြတဲ့ အမျိုးသမီးတွေကို သူတို့(စစ်သားတွေ)ဟာ မုဒိမ်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေကို လုပ်ခဲ့ကြပါတယ်” ဟု HRW က ဆိုသည်။

    ref_Agencies

  • အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ မိသားစုမှ လူ ၁၀၀၀ ကို ဆော်ဒီဘုရင် ဟဂ်ျ ဘုရားဖူးခေါ်ယူမည်

    အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ မိသားစုမှ လူ ၁၀၀၀ ကို ဆော်ဒီဘုရင် ဟဂ်ျ ဘုရားဖူးခေါ်ယူမည်

    စက်တင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    Saudi King
    – ဇူလိုင်လမှစတင်က ဂါဇာကမ်းမြှောင်အား အစ္စရေးမှ ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့် ပါလက်စတိုင်းအာဇာနည်များ၏ မိသားစုမှ လူ ၁၀၀၀ ကို ဆော်ဒီဘုရင် အဗ္ဗဒူလာက ဟဂ်ျဘုရားဖူး ခေါ်ယူသွားမည်ဟု သိရသည်။

    “ဘုရင်ကြီးရဲ့  ၆ နှစ်ဆက်တိုက်ရှိပြီဖြစ်တဲ့ ဒီရက်ရောမှုဟာ ပါလက်စတိုင်းနိုင်ငံနဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ်မှာထားတဲ့ အစ္စလာမ့်ညီရင်းအကို စိတ်ဓာတ်ကနေ ဖြစ်ပေါ် လာတာပါ။ ပါလက်စတိုင်း အာဇာနည်တွေရဲ့ မိသားစုတွေကို အခုလို ခေါ်ယူဖို့ ကမ်းလှမ်းတာဟာ သူတို့ရဲ့ ခံစားမှုတွေကို လွယ်ကူ သက်သာစေရာမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိမှာပါ” ဟု အစ္စလာမ့်ရေးရာ ၀န်ကြီး ဆာလေဟ် အစ်ဗနေ့ အဗ္ဗဒူလ် အဇစ် အစ်ဗနေ့ မိုဟမ္မဒ် အလ်-ရှိခ်၏ ပြောကြားမှုကို စက်တင်ဘ ၇ နေ့တွင် SPA သတင်းဌာနက ဖော်ပြခဲ့သည်။

    ယခုကဲ့သို့ ကြေညာခဲ့ခြင်းကြောင့် ယခုနှစ် ဟဂ်ျ ဘုရားဖူး ကာလအတွင်း ဆော်ဒီဘုရင်မှ ဟဂ်ျ ဘုရားဖူးခေါ်ယူမည့် ပါလက်စတိုင်း အရေးအတွက်မှာ ၁၂၀၀ အထိရှိမည်ဖြစ်ပြီး၊ ဟဂ်ျ ခရီးစဉ်အတွင်း ၎င်းတို့အတွက် အထူးအစီအစဉ်များကိုလည်း ဆော်ဒီအစိုးရက စီစဉ်ထားသည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူများ၏ မျှော်လင့်ချက်များ အောင်မြင်စေရေး ဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိစေရန် ကိစ္စရပ်များ အားလုံးကို ဆော်ဒီ အစိုးရက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်များ ပြည့်ဝစေရေးအတွက် စွမ်းအားများကိုလည်း အသုံးချသွားမည်ဖြစ်ကြောင်း ဆာလေဟ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဟားမက်စ်၏ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကို လက်တုံ့ပြန်သည်ဟုဆိုကာ ဇူလိုင်လအစောပိုင်းမှစ၍ အစ္စရေးတို့က ဂါဇာကမ်းမြှောင်ဒေသအား ကျူးကျော်တိုက်ခိုက်ခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုအတွင်း ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဗလီဝတ်ကျောင်းတော်များ၊ ကယ်ဆယ်ရေးစခန်းများပါမကျန် အစ္စရေးက ပစ်မှတ်ထားခဲ့ပြီး ရက်ပေါင်း ၅၀ နီးပါးကြာမြင့်ခဲ့သည့် ထိုတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂ ထောင်ကျော် သေဆုံးခဲ့ကာ သိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

    ref_OnIslam & News Agencies