News @ M-Media
Blog
  • လိင်တူ လက်ထပ်ပွဲတွင် ပါဝင်သူများကို အီဂျစ်ရဲတပ်ဖွဲ့ဖမ်းဆီး
    လိင်တူ လက်ထပ်ပွဲတွင် ပါဝင်သူများကို အီဂျစ်ရဲတပ်ဖွဲ့ဖမ်းဆီး
    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    201497145831608734_20
    – ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့ခဲ့သော လိင်တူလက်ထပ်မှု ဗီဒီယိုတွင် ပါဝင်ခဲ့သည့် အမျိုးသား ၇ ဦးကို အပျော်အပါးလိုက်စားမှုနှင့် ကိုယ်ကျင့်တရား ပျက်ဆီးစေမှုတို့ဖြင့် အီဂျစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။
    နိုင်ငံ၏ ပထမဆုံး လိင်တူလက်ထပ်ပွဲဖြစ်သည့် အဆိုပါဗီဒီယိုတွင် အမျိုးသားနှစ်ဦးမှာ လက်ထပ် လက်စွပ်လဲလှယ်သည့် ပုံရိပ်များလည်း ပါဝင်ခဲ့သည်။
    “ဒီလက်ထပ်ပွဲမှာ ပါဝင်ကြတဲ့ ၁၆ ယောက်ထဲက ၉ ယောက်ကို ဘယ်သူဘယ်ဝါမှန်း ဖော်ထုတ်ခဲ့ပြီး ၇ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု နိုင်ငံပိုင် သတင်းဌာန MENA က ဖော်ပြခဲ့သည်။ သို့သော်လည်း ဖမ်းဆီးထားသူ ၇ ဦးတွင် လက်ထပ်ခဲ့သူနှစ်ဦး ပါဝင်ခြင်း ရှိ၊ မရှိကို ဖော်ပြခဲ့ခြင်းမရှိချေ။
    ဖမ်းဆီးထားသူများကို အပျော်အပါးလိုက်စားစေရန် လှုံ့ဆော်မှု၊ မလျော်ကန်သော ပုံရိပ်များကို ဖော်ပြမှုတို့ဖြင့် ဖမ်းဆီးထားခြင်းဖြစ်ပြီး လေးရက်အထိ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
    သြဂုတ်လအတွင်း ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့ခဲ့သည့် အဆိုပါလိင်တူ လက်ထပ်ပွဲမှာဧပြီလက ကျင်းပခဲ့ခြင်းဖြစ်သည်ဟု တရားသူကြီးရုံးမှ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။
    အီဂျစ်နိုင်ငံ၏ ဥပဒေအရ လိင်တူဆက်ဆံမှုမှာ လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် ပြစ်မှုများတွင် ပါဝင်ခြင်းမရှိသော်လည်း ထိုလုပ်ရပ်ကို ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် အခြာသော ဥပဒေများဖြင့် အရေးယူနိုင်သည်။
    ပြီးခဲ့သည့်ဧပြီလကလည်း ပါတီတစ်ခုတွင် လိင်တူဆက်ဆံသည့် လုပ်ရပ်များ ပါဝင်ခဲ့သောကြောင့် အမျိုးသား ၈ ဦးအား အပျော်အပါးလိုက်စားမှုဖြင့် ထောင်ဒဏ် ၈ နှစ်စီ ချမှတ်ခဲ့သည်။
    လိင်တူဆက်ဆံမှုများနှင့်ပတ်သက်၍ အီဂျစ်အစိုးရ၏ အကြီးဆုံးတုံ့ပြန်မှုမှာ ၂၀၀၁ ခုနှစ်က ဖြစ်ပြီး Queen Boat အမည်ရသည့် ရေပေါ်ဒစ္စကိုတစ်ခုအား ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်းခဲ့ကာ အမျိုးသား ၅၂ ဦးကို ဖမ်းဆီးခဲ့သည်။ အီဂျစ်အစိုးရ၏ ထိုလုပ်ရပ်ကို လူ့အခွင့်အရေး အဖွဲ့များနှင့် အနောက်နိုင်ငံများမှ အစိုးရများက ဝေဖန်ခဲ့ကြသည်။
    ref_Agencies
  • Tesla က တရုတ်နိုင်ငံတွင် ဓါတ်အားဖြည့်စက်များ တပ်ဆင်မည်
    Tesla က တရုတ်နိုင်ငံတွင် ဓါတ်အားဖြည့်စက်များ တပ်ဆင်မည်
    စက်တင်ဘာ ၈၊ ၂၀၁၄
    M-Media
    တင်ဆက်သူ- daythanix
    Tesla
    Tesla လျှပ်စစ် ကား ကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ ဓါတ်အားဖြည့်စက်များ ၄၀၀ တပ်ဆင်သွားဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
    ဒီဓါတ်အားဖြည့်စက်တွေကို မြို့ပေါင်း ၁၂၀ မှာတပ်ဆင်သွားမှာ ဖြစ်လို့ Tesla ကားဝယ်သူတွေအတွက် အဆင်ပြေနိုင်တဲ့အတွက် တရုတ်နိုင်ငံဟာ Tesla အတွက် အလားအလာကောင်းတဲ့ ဈေးကွက်ဖြစ်ပါတယ်။
    တရုတ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ လေထုညစ်ညမ်းမှု ဆိုးရွားလွန်းတာကြောင့် လျှပ်စစ်ကား ကိုပိုမို အသုံးပြုလိုကြတာလည်း ဖြစ်ပါတယ်။
  • IS (ISIS) အဖွဲ့အား မွတ်စလင်များက တွန်းလှန်တိုက်ခိုက် ရမည်ဟု ဆော်ဒီ မွဖ်သီချုပ်ပြောပြီ
    IS (ISIS) အဖွဲ့အား မွတ်စလင်များက တွန်းလှန်တိုက်ခိုက် ရမည်ဟု ဆော်ဒီ မွဖ်သီချုပ်ပြောပြီ
    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    Abdul Aziz al-Sheik
    – အစ္စလာမ်သာသနာနှင့် သွေဖည်သော လုပ်ရပ်များကြောင့် IS အဖွဲ့အား အစ္စလာမ်၏ နံပါတ် ၁ ရန်သူဖြစ်သည်ဟု ပြောကြားခဲ့သည့် ဆော်ဒီရှိ အကြီးဆုံးမွဖ်သီ (ဓမ္မသတ်မှူးချူပ်)  ရှိက်ခ်အဗ်ဒွလ် အဇစ်စ် က မွတ်စလင်များအနေဖြင့် IS အား လက်နက်ကိုင်၍ ပြန်လည် တွန်းလှန်ရမည်ဟု တိုက်တွန်းပြောကြားလိုက်သည်။
    “ဒီအုပ်စုဟာ မှားနေပါတယ်။ တကယ်လို့ သူတို့ဟာ မွတ်စလင်တွေကို တိုက်ခိုက်ရင် သူတို့ကို ပြန်လည်တွန်းလှန်ပြီး ဘာသာတရားနဲ့ ပြည်သူတွေရဲ့ အဝေးကိုရောက်သွားစေဖို့ မွတ်စလင်တွေမှာ တာဝန်ရှိပါတယ်။ သူတို့ဟာ မကောင်းဆိုးဝါးတွေပါ။ ပြည်သူတွေကို စက်ဆုပ်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ သတ်ဖြတ်နေပါတယ်။ သူတို့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့၊ ဆိုးရွားတဲ့ လုပ်ရပ်တွေက အစ္စလာမ်ရဲ့ပုံရိပ်ကို မှေးမှိန် ညှိုးနွမ်းစေပါတယ်” ဟု မွဖ်သီချုပ် ၏ ပြောကြားမှုကို ဆော်ဒီနေ့စဉ်သတင်းစာ Al Eqtisadiya ၌ မန်နေ့တွင် ဖော်ပြခဲ့သည်။
    ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအချို့ကို သိမ်းယူထားပြီး အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်နေသော IS အဖွဲ့ကို ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင်များက ရှုတ်ချနေပြီး၊ ထိုအဖွဲ့အား ဆန့်ကျင်သော ဆန္ဒပြပွဲများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
    ပြည်သူအားလုံး အထူးသဖြင့် လူငယ်များအနေဖြင့် ထိုအဖွဲ့၏ ဆော်သြမှုနောက်ကို မလိုက်ရန်အတွက်လည်း မွဖ်သီချုပ်က သတိပေးပြောကြားခဲ့သည်။
    “ကိုယ့်ရဲ့တိုင်းပြည်ကို မုန်းတီးဖို့၊ ကိုယ့်ရဲ့ပြည်သူတွေ၊ ခေါင်းဆောင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ လှုံ့ဆော်ပေးသူတွေဟာ သင်တို့ကို လိမ်ညာနေတာသာဖြစ်ပြီး၊ သင်တို့ရဲ့ တန်ဖိုးကို လျော့ကျစေချင်တာပါ။ သင်တို့ကို ကူညီဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လူငယ်တွေနဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကို ဆိုးရွားတဲ့ စာရိတ္တပျက်စီးမှုတွေ၊ အကျည်းတန်မှုတွေကနေ ကာကွယ်ဖို့ လိုအပ်ပါတယ်”
    မွဖ်သီချုပ် ရှိက်ခ်အဗ်ဒွလ် အဇစ်စ်  မှာ ပြီးခဲ့သည့် ရက်အနည်းငယ်အရင်ကလည်း အလ်ကိုင်းဒါးနှင့် IS အဖွဲ့တို့အား ရှုတ်ချမှုများပြုလုပ်ခဲ့ပြီး ထိုအဖွဲ့များမှာ အစ္စလာမ်၏ နံပါတ်တစ်ရန်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ယခုလအစောပိုင်းတွင် အီဂျစ်ရှိ နာမည်ကျော် မွဖ်သီ ရှော်ကွီ အလမ်က IS အဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များနှင့် အစ္စလာမ်သာသနာ၏ စည်းမျဉ်းစည်းကမ်းများ၊ သွန်သင်ချက်များကို ချိုးဖောက်မှုများအတွက် IS အဖွဲ့အား ရှုတ်ချခဲ့သည်။
    အိန္ဒိယရှိ မွတ်စလင်အဖွဲ့အစည်းများကလည်း IS အဖွဲ့အား ဆန့်ကျင်ခဲ့ကြပြီး  သမိုင်းဝင်နေရာများကို ဖျက်ဆီးမှုများ၊  ဂိုဏ်းဂဏ၀ါဒအား အားပေးထောက်ခံမှုနှင့် မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း သွေးကွဲစေမှုများမှာ စစ်မှန်သည့် အစ္စလာမ့် နိုင်ငံတော်ဖြစ်လာစေရန် အထောက်အကူမပြုဟု ပြောကြားခဲ့သည်။
    အင်ဒိုနီးရှားရှိ အကြီးဆုံးအစ္စလာမ့်အဖွဲ့ဖြစ်သည့် Nahdlatul Ulama (NU) အဖွဲ့ကလည်း IS ကို ရှုတ်ချခဲ့ပြီး အစိုးရအနေဖြင့် ထိုလှုပ်ရှားမှုများ အင်ဒိုနီးရှားနိုင်ငံ အတွင်းသို့ ပြန့်နှံ့ဝင်ရောက်မှု မရှိစေရန်အတွက် ခိုင်မာသည့်အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
    ref_OnIslam & Newspapers
  • ယခုနှစ် ဟဂ်ျပြုလုပ်မည့်  တရုတ်နိုင်ငံ Ningxia ပြည်နယ်မှ မွတ်စလင်မ် များ ပထမအသုတ် စတင်ထွက်ခွာ
    ယခုနှစ် ဟဂ်ျပြုလုပ်မည့် တရုတ်နိုင်ငံ Ningxia ပြည်နယ်မှ မွတ်စလင်မ် များ ပထမအသုတ် စတင်ထွက်ခွာ
    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    china-muslims
    မက္ကဟ်မြို့သို့ ဟဂ်ျခရီးစဉ်သွားရောက်မည့် တရုတ်မွတ်စ်လင်မ်များ၏ ပထမဆုံးစုပေါင်း အုပ်စုကြီးသည် သောကြာနေ့နံနက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ Ningxia ပြည်နယ်မှ စတင်ထွက်ခွာသည်။
    ဒေသတွင်းမှ ထွက်ခွာသည့် ပထမဆုံးလေယာဉ်ဖြင့် ဟဂ်ျခရီးသည် (၂၉၇)ဦး လိုက်ပါသွားသည်။ တရုတ်ပြည်မှ ယခုနှစ် ဟဂ်ျခရီးသွားမည့်သူဦးရေမှာ စုစုပေါင်း တစ်သောင်း လေးထောင်အထိ ရှိသည်။
    ယခုနှစ် တရုတ်ပြည် ဟဂ်ျခရီးသွားများအဖွဲ့ကို ပုဂ္ဂလိကခရီးသွား အေဂျင်စီများနှင့်တွဲ၍ ဗဟိုအစိုးရနှင့်ပြည်နယ် အစိုးရများမှ ဆောင်ရွက် ပေး ခဲ့ခြင်းဖြစ်သည်ဟု Dunya Bulteni တူရကီသတင်းဌာနမှ ဖော်ပြသည်။
    ခရီးသည်အုပ်စုကြီး အတွင်း ပါဝင်ခွင့်ရခြင်းကြောင့် ကြည်နှူးပျော်ရွှင်မိကြောင်း၊ မိမိတို့၏ မိဘများမှာ ကွန်မြူနစ်တိုင်းပြည်၏ ဘာသာရေးနှိပ်ကွက်မှု များကြောင့် ဟဂ်ျပြုခွင့် မရခဲ့ပါကြောင်း ဟဂ်ျခရီးသည်အချို့မှ ပြည်တွင်းမီဒီယာများသို့ အမှတ်တရ ရင်ဖွင့်ပြောကြားကြသည်။
    တရုတ်နိုင်ငံ၏ သန်း(၂၀)ရှိ မွတ်စ်လင်မ်ဦးရေ ထက်ဝက်ခန့်မှာ Ningxia ပြည်နယ်တွင် နေထိုင်ကြသည်။ Ningxia ပြည်နယ် မွတ်စ်လင်မ်များသည် မိမိကိုယ်ကို ဟွေ လူမျိုးအဖြစ် သတ်မှတ်ခေါ်ဝေါ်ကြကာ တရုတ်ပြည်၌ တရားဝင် အသိအမှတ်ပြု လူနည်းစုဝင်များ ဖြစ်၏။
    အရှေ့တာကစ္စတန်ဟုလည်း ခေါ်ဆိုသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှင်းကျန်းနယ်ရှိ ဝီဂါ မွတ်စ်လင်မ်တို့မှာ တူရကီသွေးနှောများပြားပြီး၊ ဟွေ လူမျိုးတို့မှာမူ တရုတ်တိုင်းရင်း စစ်စစ်များမှ အစ္စလာမ်ကို သက်ဝင်လက်ခံထားသူများ ဖြစ်ကြသည်။
    ref_World Bulletin
  • ဖီဖာ ဘဏ္ဍာရေး အဖွဲ့ဝင်တစ်ဦးအား ငွေကြေး ခ၀ါချမှုဖြင့် ဖမ်းဆီးထား
    ဖီဖာ ဘဏ္ဍာရေး အဖွဲ့ဝင်တစ်ဦးအား ငွေကြေး ခ၀ါချမှုဖြင့် ဖမ်းဆီးထား
    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    452920_heroa
    – ချစားမှုနှင့် ငွေကြေးခ၀ါချမှုတို့ကို ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖီဖာ၏ ဘဏ္ဍာရေး အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးမှာ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည်ဟု သိရသည်။
    ဖီဖာစာရင်းအင်းကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကာရစ်ဘီယန်ဘောလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌဖြစ်သူ အကန်နိုဗာ ၀က်စတန်မှာ ဆေးရုံအ၀င်အထွက်တွင် အသုံးပြုမည့် အီလက်ထရောနစ်ကဒ်စနစ်အတွက် ကန်ထရိုက်ယူမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအတွင်း ကေးမန်း ကျွန်းတွင် ပြီးခဲ့သည့် သီတင်းပတ်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
    ဖီဖာ၏ ဘဏ္ဍာရေးဆိုင်ရာနှင့် ပတ်သက်၍ စိတ်ချရမှုနှင့် တာဝန်ယူမှုများရှိစေရန် စာရင်းအင်းကော်မတီကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
    ၂၀၁၈ နှင့် ၂၀၂၂ နှစ် ကမ္ဘာ့ဖလားအိမ်ရှင်ရွေးချယ်ပွဲတွင် ချစားမှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ဝေဖန်မှုများကို ခံနေရသည့် ဖီဖာအတွက် ယခုသတင်းမှာ ထိုးနှက်ချက်တစ်ခုဖြစ်လာမည်ဖြစ်သည်။