News @ M-Media

Blog

  • ဒေါ်လာ သန်း ၄၈၀ တန် ဓါတ်ပေးစက်ရုံ ၂ ခု အမေရိကန် ကုမ္ပဏီမှ မြန်မာပြည်တွင် တည်ဆောက်မည်။

    ဒေါ်လာ သန်း ၄၈၀ တန် ဓါတ်ပေးစက်ရုံ ၂ ခု အမေရိကန် ကုမ္ပဏီမှ မြန်မာပြည်တွင် တည်ဆောက်မည်။

    စက်တင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    solar– မြန်မာနိုင်ငံ၏ လျှစ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ၁၂ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်မည့် ကန်ဒေါ်လာ သန်း ၄၈၀ တန် နေစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံနှစ်ခုကို အမေရိကန်ရင်းနှီးမြှုပ်နှံသူများက နိုင်ငံ အနောက်မြောက်ပိုင်း တွင် ဆောက်လုပ်တော့မည်ဟု Reuters သတင်းဌာနက ဖော်ပြထားသည်။

    မီဂါဝပ် ၁၅၀ စီ ထုတ်လွှတ်ပေးနိုင်မည့် ဓာတ်အားပေးစက်ရုံများဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ဆောက်လုပ်မည်ဖြစ်သည်။ အမေရိကန် အခြေစိုက် ACO ရင်းနှီးမြှုပ်နှံမှု အဖွဲ့ကမူ အဆိုပါ ပရောဂျက်တွက် ဒေါ်လာ သန်း ၁၅၀ ထုတ်ပေးနိုင်မည့် ရင်းနှီးမြှုပ်သူများ ရရှိထားပြီး လိုအပ်သည့် ကျန်ငွေအား ချေးယူရန်အတွက် ဘဏ္ဍာရေး အသင်း အဖွဲ့များနှင့် ဆွေးနွေးနေသည် ဟု ပြောကြားခဲ့သည်။

    အဆိုပါ ဓာတ်အာပေးစက်ရုံများတွင် အမေရိကန်လုပ် အင်ဗာတာများနှင့် အမေရိကန်လုပ် ဆိုလာပြားများကို အသုံးပြုသွားမည်ဟု သိရသည်။

    ဆောက်လုပ်ရေးလုပ်ငန်းပေါင်း ၄၀ ကျော်ပါဝင်မည်ဖြစ်ပြီး အမြဲတမ်းအလုပ်အကိုင် ၁၀၀ ကို ထိုပရောဂျက်က ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် ထိုရင်းနှီးမြှပ်နှံမှုမှာ ၂၀၁၁ ခုနှစ်က စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပြီးနောက်ပိုင်း အမေရိကန်ကုမ္ပဏီများ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်ဟု Reuters က ထည့်သွင်းဖော်ပြထားသည်။

    ref_The Australian

  • ဓမ္မကထိက ဆရာသိန့်

    ဓမ္မကထိက ဆရာသိန့်

    စက်တင်ဘာ ၂၊ ၂၀၁၄
    -ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်

    ဆရာသိန့်ကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေထူးရွာတွင် အဖ မွတ်စွလေ့ဟွတ်ဒိန် ဦးမှတ်၊ အမိ ဒေါ်အိုခေါ် ဒေါ်ငယ် တို့မှ ၁၈၉၉-ခု နိုဝင်ဘာ ၉-ရက်နေ့တွင် ဖွားမြင်သည်။ မွေးချင်းသုံးဦးအနက် အငယ်ဆုံးသား ဖြစ်သည်။ အစ်ကိုသည် ဆရာကြီး ဦးစိန်ဖြစ်ပြီး အစ်မသည် ဒေါ်အေးတုတ်ဖြစ်သည်။

    ဖခင်ဦးမှတ်သည် မြေထူးရွာရှိ မင်္ဂလာဗလီ၏ ရှေ့ဆောင် ဆရာကြီး ဖြစ်သည်။ ကလေးသူငယ်များကို ဘာသာရေး အခြေခံ သင်ကြားပြသ ပေးသည်။ ဆရာသိန့်သည်ငယ်စဉ်က ဖခင်ကြီးထံတွင် ဘာသာရေး အခြေခံများ၊ မြန်မာစာပေ၊ ပါဠိစာပေများကို သင်ယူသည်။ အူရဒူ၊ ဖာရစီနှင့် အရဗီစာပေများကို ကန့်ဘလူမြို့နယ် ချင်မြစ်ကျဉ်းရွာမှ သခင်ကြီး လှထံတွင် ဆည်းပူးသည်။ ထို့နောက် ဆရာသိန့်သည် အဆင့်မြင့်ပညာရပ်များ ဆည်းပူးရန် သမိုင်းရှိ မဒရ်ဆာတဗ်လီဂီယာမှ တစ်ဆင့် ဟစ်ဂျရီ ၁၃၄၀ ရှအ်ဘန်လ ၁၂-ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဒေယိုဘန်ကျောင်းသို့ ရောက်ရှိသွားသည်။

    ငယ်စဉ်ကပင် စာအရေးအသား ၀ါသနာပါသော ဆရာသိန့်သည် ဒေယိုဘန်ကျောင်းတွင် ပညာဆည်းပူးစဉ်စာပေ များ မပြတ်ရေးသားသည်။ ထိုစဉ်က မြန်မာနိုင်ငံ၊ အိုးဝေမဂ္ဂဇင်းက ကျင်းပသည့် စာပေပြိုင်ပွဲတွင် ဆရာသိန့် ၀င်ရောက် ယှဉ်ပြိုင်သည်။ ပြိုင်ပွဲတွင် ပထမဆုရခဲ့သဖြင့် အိုးဝေ မဂ္ဂဇင်း တစ်နှစ်စာဆု ချီးမြှင့်ခြင်းခံရသည်။ သို့နှင့်အိန္ဒိယရောက် ဆရာသိန့်သည် မြန်မာပြည် အခြေအနေများကို မျက်ခြည်မပြတ်ခဲ့ပါ။ ဆရာသိန့်သည် အိန္ဒိယနိုင်ငံထုတ် သတင်းစာများ၌ လည်း အူရဒူဘာသာဖြင့် မြန်မာ မွတ်စလင်မ်သမိုင်းနှင့် မြန်မာနိုင်ငံအခြေအနေ ဆောင်းပါးများပါဝင်ရေး သားသည်။ တိုင်းရင်းမွတ်စလင်မ်တို့၏ အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖော်ညွှန်းသော ဆောင်းပါးများဖြစ်သည်ဟု သိရသည်။ အူရဒူဘာသာနှင့် ဆောင်းပါးရေးသော ဆရာသိန့်၏ ထူးချွန်မှုကို အများက သြဘာပေးကြရသည်။

    ထိုစဉ် ရန်ကုန်မြို့မှ ကျောင်းအုပ်ဆရာကြီး မောင်လာနာ ဂဖူးရ် စစ်ဒီကီက ဆရာသိန့်ကို အရှင့်အမိန့်ခံယူသွား ပြီးဖြစ်သော ဆရာသိန့်၏ ဖခင်ကြီးအတွက် ရည်စူးပြီး နမာဇ်ခန်းကျမ်းကို မြန်မာဘာသာဖြင့် ပြုစုပေးပို့ရန် စာရေးတာဝန်ပေး သည်။ မိမိဆရာ၏ တာဝန်ပေးချက်အတိုင်း ဆရာသိန့်သည် “အန္တဂျားသ် ဖီရှရ်ဟစ်စလာသ်” အမည်ရှိ ကျမ်းတစ်စောင်ကို ပြုစုပေးပို့သည်။

    ဆရာသိန့်က မိမိ၏ဆရာသခင်က တိုက်တွန်းလွန်းသဖြင့် မနေသာပါ။ ဧည့်သည်ဘ၀ ပရိဒေ၀ အမျိုးမျိုးကို မျိုချပြီး သံသရာအတွက် ရည်မျှော်ပြီး ရေးသား ဆက်သပါကြောင်း၊ ပုထုဇဉ်ပီပီ အမှားမကင်းနိုင်ကြောင်း၊ အမှားတွေ့လျှင် ပြင်ဆင်ဖတ်ကြပါ။ မိမိဇာတိ မြန်မာနိုင်ငံသို့ အမြန်ပြန်စေ နိုင်ရေး၊ ဆုဒိုအာပြုကြစေလိုသည်ဟု ကျမ်းနိဂုံးတွင် ရေးစီဖော်ပြ ထားသည်မှာ-

    “ဗစ်မေ့ အလ္လာဟ်တစ်ဖြာ၊ အလ်ဟမ်(ဒ်)တစ်ဖန်၊ စလ၀ပ်(တ်)စပြီးသော်၊ ကျမ်းမော်ဆုလာဘ် “ရာဟေ့နဂျားတ်”၏ သိမှတ်အဓိပ္ပာယ် ကျက်ဖွယ်ဖြာဖြာ၊ စွဲယူရာနှင့်“ဖွေကာ” ၀င်းပြောင်၊ ကျမ်းစောင်စောင်မှ၊ ထုတ်နှုတ်ပြသည်၊ က၀ိ လက္ခဏာ၊ ဤကျမ်းစာကို ကြည်ညိုလေးမှု၊ ရှေးရှုတောင်းပန်၊ သံယျောဇဉ်ကြောင့်၊ ကျမ်းဂန်ခပဲ၊ နက်နဲဂမ္ပီ၊ လောကီ လောကုတ်၊ တည်းသုတ်ဖွေရှာ၊ ရှုစာနာလျက်၊ ဘာသာဓမ္မ၊ ၀စနအား၊ မြန်မာ့ဝေါဟာ၊ အက္ခရာဖြင့်၊ သဒ္ဒါသိမ်းပိုက်၊ အစဉ်လိုက်၍၊ တိုက်ရိုက် ပညတ်၊ “ရှရီအသ်”အား၊ မွမ်းမံဖြာထွေ၊ ရေးသွင်းလေဟန်၊ အကြောင်းမှန်ကား  . . . .။

    ကာလံတက္ကသိုလ်၊ ခေါ်ဆိုမရိုင်း၊ သမိုင်းပြုခံ၊ ဒေယိုဘန္ဒဟု၊ ကျော်စောထင်စွာ၊ မည်သညာနှင့်၊ ၀ိဟာထူးဆန်း၊ ရှုမခန်းသာ၊ ကြငှန်းသိပ္ပံ၊ ဘုံဝေယံဝယ်၊ လေးတန်သီလ၊ ဖြူစွာ မညစ်၊ စနစ်ကျကျ၊ သင်ပြဆုံးမ၊ လမ်းညွှန်ပြခြင်း၊ သတင်း ဂုဏ်ရောင်၊ ပြောင်ပြောင်တင့်ရွှန်း၊ နေနှယ်ထွန်း၍၊ ထက်ဝန်း နှံ့စပ်၊ အရပ်ရပ်မှ၊ ဆည်းကပ်ခိုလှုံ၊ ရောက်လာတုံငြား၊ တပည့်များကို၊ တရားအမြိုက်၊ ဧစွာတိုက်လျက်၊ ပိုက်ဖက်မလစ်၊ မိုဟဒဒစ်တို့၊ ဖွင့်လှစ်မြွက်ဟ၊ ဓမ္မမည်သာ၊ တဖ်စီရ်-မအာနီ၏၊ ပညာရင်နို့၊ သောက်စို့စေရာ၊ ထိုအခါတွင်၊ သိသာ ကြည်ယုံ၊ ဥာဏ်ဟုံသင့်ဖွယ်၊ သက်ရွယ်ပျိုနု၊ စတုခြောက်လီ၊ ကျင့်စာဂီနှင့်၊ လောကီဓမ္မ၊ သိပ္ပဂုဏ်အင်၊ သတ္တိတင်ရာ၊ တိုင်း မြန်မာတွင်၊ လွန်လျှင်ထင်ပေါ်၊ သတင်းကျော်သည့်၊ ပညာတော်ရင်၊ သခင် အာစရိယ၊ မည်သတမူ၊ အဗ်ဒွလ်ဃဖူရ်၊ ဂုဏ်ထူးကြေညာ၊ မော်လနာက၊ သိမှတ်ကြစေ၊ ခွန်းချွေမိန့်ချ၊  တိုက်တွန်းရှုမျှော်၊ စေတော်မူရာ၊ မနေသာသဖြင့်၊ ဖြာဖြာသောက၊ နေရကြပ်ကြပ်၊ ပရိဒေ၀၊ မျိုသိပ်ချ၍၊ သံသရာ အကျိုး၊ မျှော်တဩကိုးစား၊ ရေးသားဆက်သ ၊ တင်ပို့ရ၍၊ အများအနည်း၊ မှားကြီးမှားငယ်၊ တိမ်းဖွယ်စကား၊ ပုထုသားမို့၊ တွေ့ငြားထင်ထင်၊ ပြစ်မတင်ဘဲ၊ ပြင်ဆင်သွတ်သွင်း၊ ဖတ်ရှုခြင်းတည်း၊ ရင်းကြီးတန်ဆာ၊ ဆင်ကြပါလေ၊ တထွေထို့ပြင်၊ စီစဉ်ရေးသား၊ တို့အစားမှာ၊ သနားပါသဖြင့်၊ မြတ်အရှင်ထံ၊ တတ်သင့်မှန်မျှ၊ မကျန်ရအောင်၊ လျင်စွာဆောင်၍ ပြည်ဘောင် မြန်မာ၊ ပြန်ပါစေသားဟု မခြားသာ၊ ဆု“ဒိုအာ”ကို၊ ပြုစေလို သည်၊ မပိုသင့်ညီ၊ ရှေးထုံးတည်း” ဟူ၍ ဖြစ်သည်။

    သားတို့ဘုရင် အိန္ဒိယခြင်္သေ့ခွင်မှာ သာယာစွာ ရင့်ကျူးလိုက်သည့် မြန်မာ့ဒေါင်း အိုးဝေသံဟု ဆိုကြပါသည်။ ချီးကျူးထိုက်လှပါသည်။ ဆရာသိန့်သည် ရာဟေနဂျတ်၊ အိမ်မက်တိတ္တုံစသည်ဖြင့် ကျမ်း သုံးလေးအုပ်ထက် မနည်းပြုစုခဲ့ သေးသည်ဟု ဆိုပါသည်။

    ဆရာကြီးသည် အဆိုအတီးဖြင့် ဘ၀နစ်မြော နေမည့်အစား အလ္လာ့ အသိ ရင့်သန်စေမှုသို့ ရှေ့ရှုစေရန် ကဆီဒါ လင်္ကာများကို ရေးစပ်သည်။ အလှူမင်္ဂလာပွဲများတွင် ဆရာကြီး၏ ကဆီဒါများဖြင့် မြိုင်ဆိုင်နေသည်။ ဆရာကြီး ကဆီဒါများသည် နိုင်ငံအ၀ှန်း ရေပန်းစားခဲ့သည်။

    ဆရာသိန့်သည် ပညာအရည်အချင်း ပြည့်ဝသည်။ အူရဒူ မြန်မာ နှစ်ဘာသာဖြင့် ပိုင်နိုင်စွာ ဟောကြားနိုင်သည်။ အာဝဇ္ဇာန်းကောင်းသည်။ သို့ဖြစ်၍ အိန္ဒိယနိုင်ငံမှ ပြန်ရောက်သည်နှင့် ရန်ကုန်မြို့ရှိ အိုလမာဌာနချုပ်က နယ်လှည့်ဓမ္မကထိ အဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာနိုင်ငံမြို့ရွာအနှံ့ လှည့်လည်ဟောပြော ခဲ့သဖြင့် လူသိများပြီး ကျော်ကြားသည်။

    ဆရာကြီးသည် ၁၉၃၀ ပြည့်နှစ် အသက် ၃၁-နှစ်အရွယ်တွင် မြေထူးရွာမှ ဆရာကြီးဦးခ၊ ဒေါ်ထိုက်တို့၏သမီး၊ ဒေါ်ခတီနှင့် လက်ထပ်ခဲ့ သည်။ မော်လ၀ီအန္န၀ါရ်၊ ဒေါ်ရာဗီယာ၊ မော်လ၀ီ ဦးတင်ဖေ၊ မော်လ၀ီ အဟ်မရ်၊ ဒေါ်တွာဟိရ်၊ ဦးမွတ္တား၊ ဒေါ်ဘီဟူသည့် သားသမီး ၇-ဦး ထွန်းကားသည်။

    ဆရာသိန့်သည် ၁၉၃၅-ခုနှစ်တွင် ဓမ္မကထိကတာဝန်ဖြင့် ပုသိမ်မြို့သို့ရောက်ရှိသည်။ ပုသိမ်မြို့ တမန်တော် မွေးနေ့ အခမ်းအနား စင်မြင့်တွင် မိမိအလှည့် စောင့်ဆိုင်းရင်း ကဆီဒါရေးစပ်နေသည်။ ထိုကဆီဒါနှင့်ပင် ညလုံးပေါက် ဟောကြားသွားရာ ပရိသတ်က အထူးနှစ်သက်စွဲမက်ကြသည်။

    အိုလမာဌာနချုပ်မှ ထုတ်ဝေသော “သအ်လီမွတ်အစ္စလာမ်”ကျမ်း ပထမတွဲနိဒါန်းတွင် ၁၉၃၅-ခုနှစ် ပုသိမ်မြို့၊ တမန်တော်မွေးနေ့ အခမ်းအနား၌ ရွတ်ဆိုခဲ့သော ချီးကျူးထောပနာ ကဆီဒါကိုထပ်မံ ဖော်ပြထားသည်ကို တွေ့ရသည်။
    ၁    သူရဟ်မသ် ၏ပင်လယ်            အဖြစ်နှင့် ကြွခဲ့သည်
    . နှစ်ဘ၀၏ဘုရင်                       အဖြစ်နှင့် ကြွခဲ့သည်

    ၂    မဖွားမီ အဖကွယ်            ၆ နှစ်မှာ အမိလည်း
    ရင်းချာမဲ့ သည့်ယတီးမ်            အဖြစ်နှင့် ကြွခဲ့သည်

    ၃    ရိုးသားသည့် သူ၏ဂုဏ်            အာရေဗျ တိုင်းလုံးတုန်
    လူတိုင်းယုံ သည့်အမီန်            အဖြစ်နှင့် ကြွခဲ့သည်

    ၄    ကုန်သည်ကြီး လည်းသူပဲ        စစ်သူကြီးလည်း သူပဲ
    ဆေးနည်းကောင်း သမားတော်အဖြစ်နှင့် ကြွခဲ့သည်

    ၅    မိဘမဲ့ တို့အပေါ်            သူဆင်းရဲတို့ကိုနော်
    ထူးတလည် စောင့်ရှောက်သူ        အဖြစ်နှင့် ကြွခဲ့သည်

    ၆    နဗူဝပ် ရသောအခါ            ဦးအစ ဖွာတေဟာ
    မန္နန်တောင်း သင်ပြသူ            အဖြစ်နှင့် ကြွခဲ့သည်

    ၇    ဆရာရှေ့ မှာဒူးချ            ပညာနို့ကို သောက်စို့
    မရှိဘဲနှင့် အွမမီ            အဖြစ်နှင့် ကြွခဲ့သည်

    ၈    မြဲအ်ရားဂ်ျ ၏ညဥ့်မှာ            အွမမတ်များ အတွက်တာ
    အရှင့်ထံ လျှောက်ပန်သူ            အဖြစ်နှင့် ကြွခဲ့သည်

    ၉    ကေယာမသ် ၏နေ့မှာ            ရှာဖွာအသ် ချွတ်ကယ်ရာ
    ထိုက်တန်သည့် ဂုဏ်သိကခာ        အဖြစ်နှင့် ကြွခဲ့သည်

    ၁၀    စလ၀ါတို့ စလာမ်            ပို့ပါသည် မြဲအမှန်
    ရဟေမာတေ့ အာလမ်            အဖြစ်နှင့် ကြွခဲ့သည်

    ၁၁    ဆရာသိန့် ၏အဆို            တောင့်တကြ ရစူလ်ကို
    လမ်းမှန်ပြ သည့်ပုဂ္ဂိုလ်            အဖြစ်နှင့် ကြွခဲ့သည်။

    အဆိုပါ စာအုပ်ကျောဖုံး အတွင်းဘက်မျက်နှာတွင် အခြား ကဆီဒါ တစ်ပုဒ်ကိုလည်း ဖော်ပြပါရှိပါသည်။
    မို့ဟမ္မဒ်သခင်၏ အားထားရာ လွမ်းချင်း

    ၁။    အကြည်တော်ခိုဒါ၏ မူပါသည့်မိုဟမ္မဒ်။
    ဟလီမာ့ရင်ခွင်ဩ ကြီးလှာသည့်မိုဟမ္မဒ်။

    ၂။    ကြီးလှစွာ သိက္ခာ၊ ဂုဏ်တော်ရှင်မိုဟမ္မဒ်။
    ပြိုင်ဘက်ကင်း၏၊ အာလမ့်ထက်သာသည့် မိုဟမ္မဒ်။

    ၃။    ခိုကိုးရာမဲ့သူ၏ အလိုကို ဖြည့်ပါ။
    ဖြည့်သူမရှိလျှင်ဖြင့် ရောက်လာသည့် မိုဟမ္မဒ်။

    ၄။    ဘယ်မှာလဲပြစမ်း၊ ကျွန်တော်ကို အဇီဇို။
    သည်းအူပါချစ်စွာ၊ ကမ်လီပါသည့်မိုဟမ္မဒ်။

    ၅။    စလ၀ါတ်စလာမ်၊ ပို့ပါသည်မြဲအမှန်။
    ဆရာသိန့်တို့တွေ၊ အားထားရာသည့် မိုဟမ္မဒ်။

    ကဗျာဥာဏ်ပါရမီရှင်ဆရာသိန့်သည် ကမ္ဘာ့နောက်ဆုံးနေ့ ကယာမတ်၏ လက္ခဏာများကို ကုရ်အာန် ဟဒီးဆ်များမှ ထုတ်နုတ်ပြီး ကဆီဒါလင်္ကာဖွဲ့သီခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ အသံနေအသံထားဖြင့် ရွတ်ဆိုပြပြီး တပည့်တပန်းများကို သင်ကြား ပေးသည်။ မကြာမီ အဆိုပါ ကဆီဒါများသည် အခြားမြို့ရွာများသို့ ပျံ့နှံ့ကျော်ကြားသွားသည်။

    ကဆီဒါများကို အလာမတ်စွတ်ဘရာ၊ အလာမတ်ကွတ်ဘရာ၊ ရှင်အီဆာအခန်း၊ ကရီးဗီကိယာမတ်ဟူသည့် ခေါင်းစဉ်သုံးမျိုးနှင့် ဖွဲ့ဆိုခြင်းဖြစ်သည်။ မြန်မာ့ဂန္တ၀င်ပါ ကောသလမင်း အိပ်မက် ၁၆ ချက် မျိုးကဲ့သို့ ကာလပြောင်းပြန်၊ ပြောင်းဆန်က စီးနေသည့်အဖြစ်မျိုး၊ ဘူးတောင်းနစ် စောင်ခြမ်းပေါ်ပုံဆိုသော် မဝေးဟူသော ဦးပုညတေးထပ် ကဲ့သို့ ခေတ်အဆက်ဆက် ဖောက်ပြန်ဖြစ်ပျက်မှုများ ထင်ရှားလာစေသည်။ ကာလမရွေး ဆင်ခြင်ဖွယ်များ ပြည့်နှက်နေသည်။ အံ့သြထိတ်လန့်ဖွယ် ခံစားရင်း၊ နှစ်သက်စွဲမက်စေသော အရေးအဖွဲ့များဖြစ်သည်။

    ကဆီဒါများနှင့်ပတ်သက်၍ “ဆရာကြီးဦးသိန့်ကိုယ်တိုင်က မိမိလက်ရာ ကဆီဒါကို ခံစားချက်အပြည့်ဖြင့်ဖတ်၍ ရှင်းလင်းဟောပြောသည်ကို ကြားနာခဲ့ရသော ပရိသတ်ကြီးတစ်ခုလုံးသည် အသက်ရှုမှားမတတ်ရင်တမမ ကြက်သီးတဖြန်းဖြန်း နှင့် ရှိနေခဲ့ကြသည်ကိုယခုတိုင် မြင်ယောင်နေမိပါသည်” ဟု ကိုယ်တိုင်နားဆင်ခံစား အကြည်ညိုပွားခဲ့သော ဆရာကြီး မော်လာနာ မုဟမ္မဒ် အစ်ဗရာဟိမ်(ဂျာမေအိ)က  မိမိ၏“ဆူးကြားမှပွင့်သော နှင်းဆီ ပန်းများ” ကျမ်းတွင် အထူးဖော်ကျူးထား သည်။

    ဆရာကြီးသည် မြေထူးနယ် ဆားကုန်းတွင် မြန်မာအရဗီ သိပ္ပံ ကျောင်းတော်ကြီး စတင်ဖွင့်လှစ်သည်မှစ၍ ပညာရေးမှူးတာဝန်ကို လည်းကောင်း၊ ကျောင်းကြီးအတွက် ရန်ပုံငွေရှာကြံရန် ဓမမကထိက တာဝန်ကို လည်းကောင်း၊ အစဉ်မပြတ် ထမ်းရွက်လာခဲ့သည်။ နယ်လှည့်တာဝန်ဖြင့် ဒေသအနှံ့ခရီးဆန့်ခဲ့သည်။ ၁၉၄၇-ခုနှစ်တွင်မှ စာချတာဝန်ကို ပြန်လည် ထမ်းဆောင်သည်။

    ဆရာကြီးသည် ကျောင်းတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည် မြင့်မားရေးတို့ကို မဆုတ်မနစ် လုံ့လစိုက်ထုတ် ရင်း ၅၁-နှစ်အရွယ်တွင် ကျန်းမာရေးချို့တဲ့လာသဖြင့် မန္တလေးသို့ သွားရောက်ဆေးကုသမှု ခံယူသည်။ အခြေအနေ ပိုမိုယိုယွင်းလာသည့်အတွက် မြေထူးသို့ ပြန်ခေါ်ခဲ့ကြ သည်။ ၁၉၅၀-ခုနှစ်တွင် ဇာတိမြေ မြို့ထူး၌ပင် အလ္လာဟ်အရှင့် အမိန့်တော် ခံယူသည်။ ဆရာကြီး၏ ဂျနာဇာနမာဇ်ကို မွဖ်သီဟာရွန်ခေါ် ဆရာကြီး ဦးလှက ဆောင်ရွက်ပေးပြီး မြေထူးမြို့ဟောင်းရှိ မွတ်စလင်မ် သချိုင်းတွင် မြှုပ်နှံခဲ့ကြသည်။        ။

    ** ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသည့် တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ(၂) စာအုပ်မှ ကူးယူဖော်ပြပါသည်။

  • ထူးတာလား ရူးတာလား (သို့)  နေတန်ယာဟုရဲ့ ချိုကျိုးနားရွက်ပဲ့ တွက်ကိန်း

    ထူးတာလား ရူးတာလား (သို့) နေတန်ယာဟုရဲ့ ချိုကျိုးနားရွက်ပဲ့ တွက်ကိန်း

    စက်တင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    -မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။

    ဘင်ဂျမင် နေတန်ယာဟုဟာ သူ့ရဲ့ပင်မရည်မှန်းချက်တွေဆီ မပေါက်မြောက်နိုင်တော့ပါဘူး။

    ဂါဇာမြို့တော်၊ ရှီဂျိုင်ယာအရပ်က ဖျက်ဆီးခံအိမ်ရာများအနီး နိုင်ငံတော်အလံကိုင်ပြီး လမ်းလျှောက်နေကြတဲ့ ပါလက်စတိုင်း ကလေးငယ်တစ်စု (ဓာတ်ပုံ - အေအက်ဖ်ပီ)
    ဂါဇာမြို့တော်၊ ရှီဂျိုင်ယာအရပ်က ဖျက်ဆီးခံအိမ်ရာများအနီး နိုင်ငံတော်အလံကိုင်ပြီး လမ်းလျှောက်နေကြတဲ့ ပါလက်စတိုင်း ကလေးငယ်တစ်စု (ဓာတ်ပုံ – အေအက်ဖ်ပီ)

    ရက်(၅၀) ဂါဇာစစ်ပွဲပြီးတဲ့နောက် အစ္စရေးရော ပါလက်စတိုင်းကပါ အနိုင်ရရှိတယ်လို့ ဆိုနေခြင်းမှာ နိုင်ငံရေးအရ၊ ထင်ပေါ်မှုအရသာ ဖြစ်တယ်။ အကျည်းတန် စစ်ပွဲတစ်ခုအပေါ် ထီမထင်ပုံပြခြင်းက နှစ်ဖက်စလုံးမှာဖြစ်ပွားခဲ့တဲ့ ဆုံးရှုံးမှုတွေကို ဖုံးကွယ်လိုက်ခြင်းလို့ ဆိုရပါမယ်။ ဒါပေမယ့် နှစ်ဖက်စလုံးရဲ့ ဆုံးရှုံးမှုပုံစံတွေက မတူညီပါဘူး။ တကယ်တမ်းကျတော့ စစ်နဲ့ အကျိုးဆက်တွေကို ဘယ်လိုသတ်မှတ်ကြသလဲ၊ အဲ့ဒါသာလျှင် သူတို့တစ်တွေရဲ့ဆုံးရှုံးမှုကြားက သိသာတဲ့ ကွာခြားချက်ပဲ ဖြစ်ပါတယ်။

    အစ္စရေးဖက်ကဆိုရင် လွတ်လပ်ရေးရပြီးကတည်းက ဒီစစ်ပွဲအတွင်း မဟာဗျူဟာမြောက် စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ စစ်တပ်တားဆီးမှု ချည့်နဲ့သွားတယ်။ ဟားမတ်စ်တွေရဲ့ ကြံ့ခိုင်မှုနဲ့ အကန့်အသတ်ရှိစွမ်းရည်က အစ္စရေးကို တုန်လှုပ်သွားစေတယ်။ အရှင်းသား ပေါ်လွင်သွားတာကတော့ အစ္စရေးတို့ဟာ ပါလက်စတိုင်းတွေကို အင်အားအလုံး အရင်းသုံးခြင်း သို့မဟုတ် တအုံတကျင်း လက်တုံ့ပြန်ခြင်းအားဖြင့် ကြောက်လန့်အောင် မလုပ်နိုင်ခဲ့ဘူး၊ အစ္စရေး အတွင်းပိုင်းမှာ လက်တုံ့ပြန်မှုကိုလည်း မတားဆီးနိုင်ခဲ့ဘူး။ ဒါဟာ စစ်တပ်နဲ့ သိမ်းပိုက်မှုအောက်က ဖြစ်လာ ရတဲ့ အကြမ်းဖက် ချိန်ခွင်လျှာ တစ်ခုလို့ အနီးစပ်ဆုံးလို့ ဆိုနိုင်ပါတယ်။

    အစ္စရေးမှာ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ရှိလင့်ကစား ဂါဇာဖက်ကပစ်တဲ့ ဒုံးကျည်များက အစ္စရေးတောင်ပိုင်း လူ့အဖွဲ့အစည်းတွေကို လှုပ်မရအောင် ဖြစ်သွားစေပါတယ်။ ဒါ့အပြင် အစ္စရေးရဲ့ အလယ်ပိုင်းနဲ့ ကမ်းခြေလွင်ပြင်ဒေသများကို ကမ်းမြှောင်ဖက်ကနေ ပထမဆုံး ပစ်မှတ်ထားတာ ခံလိုက်ရပါတယ်။ အလားတူစွာပဲ အစ္စရေးက ဂါဇာကို တရွေ့ရွေ့ကျူးကျော်ချိန်မှာ အကောင်းဆုံးပြင်ဆင်ထားတဲ့ ဟားမတ်စ် တိုက်ခိုက်ရေး သမားတွေက အဆင့်မြင့်လေ့ကျင့်ထားတဲ့ သူ့စစ်တပ်အပေါ် အထက်စီးရခဲ့ပြီး တော်တော်များများကို သတ်ဖြတ်နိုင်ခဲ့ကြတယ်။

    အခြားတစ်ဖက်မှာလည်း ပါလက်စတိုင်းတွေဟာ လူသားအရင်းအမြစ်၊ မြို့ပြနဲ့ စီးပွားရေးရာမှာ ကြီးကြီးမားမား ဆုံးရှုံးခဲ့ရတယ်။ အရပ်သားအများစုပါဝင်တဲ့ လူပေါင်း နှစ်ထောင်အထက် သေကြေဒဏ်ရာရရှိပြီး၊ ထောင်နဲ့ချီတဲ့ အိမ်ရာနဲ့စီးပွားရေးလုပ်ငန်းတွေ ပျက်စီးခဲ့ရုံမက နောက်ထပ်လူပေါင်း တစ်သိန်းကျော် အိုးအိမ်မဲ့ဘ၀ ရောက်သွား ရပါတယ်။ ပါလက်စတိုင်း ဒုက္ခသည်တစ်ဦး အနေနဲ့ ဘယ်နှစ်ကြိမ်အထိ ရွှေ့ပြောင်းနေ ရဦးမှာလဲ။ ဂါဇာကထွက်လာတဲ့ အာခံခြင်း ပုံရိပ်တွေနောက်ကွယ်မှာ သွေးနဲ့ မျက်ရည်ပေါင်းများစွာ စီးတွေခဲ့ရတယ်။ ဆက်လက်သွေးချောင်းစီးဦးမှာပါပဲ။ တပြုံတမကြီး သေဆုံး၊ ပျက်စီးမှုတွေ ကြုံရတာကြောင့် ပါလက်စတိုင်းများဟာ  မိမိတို့ခံစားနာကြင်ရတာနဲ့အညီ အမျက်ထွက်နေဖို့ များပါတယ်။

    ဒီအရာအားလုံးက မေးခွန်းတစ်ခုကို ထွက်လာစေတယ်။ ပါလက်စတိုင်းတွေအပေါ် ဗုံးကြဲခဲ့တာကြောင့် အကောင်းဆုံး အိမ်နီးချင်း အဖြစ် သူ့ဆီ ဘယ်လိုပြန်လှည့်နိုင်စေမှာလဲ ? သူတို့ကလေးငယ်တွေကို သတ်ဖြတ်ခဲ့ခြင်းက သူတို့အပေါ် ငြိမ်းချမ်းနွေးထွေးလာစေမှာလား ?

    မြို့ပြနဲ့ ဗျူဟာ
    —————
    ဒီနေရာမှာ အတိုင်းထက်အလွန် ထူးခြားလာပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီကာလအဆုံးသတ်ချိန်မှာ အစ္စရေးအဖို့ အဓိအားဖြင့် မဟာဗျူ ကျဆုံးပြီး၊ ပါလက်စတိုင်းတွေအဖို့ မြို့ပြနဲ့ လူထုတွေ ဆုံးရှုံးရတယ်။

    “အကြမ်းဖက်မှုအပေါ် စစ်ဆင်ခြင်း”လို့ အမည်ခံထားတဲ့ အစ္စရေးတို့ရဲ့ အကြမ်းဖက်မှုဟာ ယခင်စစ်ပွဲများထဲ ကျွန်တော်တို့မြင်ဖူးသမျှအရာတွေထက် ကျော်လွန်သွားခဲ့တယ်။ လူတိုင်းကို တုန်လှုပ်သွားစေသလို အစ္စရေးပြည်သား အပေါင်းက “သန့်ရှင်းတဲ့တိုက်ပွဲ”လို့ ကြွေးကြော်နေဆဲပါ။

    ဂါဇာကလူထုတွေ ထိခိုက်နစ်နာမှုအတွက် အစ္စရေးက ဟားမတ်စ်ကို တစိုက်မတ်မတ် အပြစ်ပုံချခဲ့တယ်။ ပါလက်စတိုင်း လူထုကို လူတံတိုင်းအဖြစ် အသုံးချတယ်လို့ စွပ်စွဲခဲ့တယ်။ သို့သော်၎င်းစွပ်စွဲချက်မှာ အကြီးအကျယ် မှားယွင်းကြောင်း သက်သေဖြစ်ခဲ့ပါပြီ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အသဲအမဲ ဗုံးကြဲ တိုက်ခိုက်မှုက အစ္စရေးရဲ့ မဟာဗျူဟာမြောက် ရည်ရွယ်ချက်အမှန်ကို ဖွင့်ပြလိုက်ပြီဖြစ်ပါတယ်။ လူထုတွေဟာ သူတို့ရဲ့ခေါင်းဆောင်တွေအပေါ် အယုံအကြည်မဲ့ရေးအတွက် သူတို့ကို ကြီးမားစွာ ဖျက်ဆီး၊ ဒုက္ခပေးလိုက်ခြင်းပါပဲ။ ဒီအရာတွေဟာ မည်သည့် စံချိန်စံညွှန်းနဲ့ ချိန်ထိုးသည်ဖြစ်စေ စစ်ရာဇ၀တ်မှု ထိုက်သက်နေပါပြီ။

    ဒါဟာ ဟားမတ်စ်ဖက်က စိတ်ရူးပေါက်လို့ပြောပြော အစီအစဉ်ရှိရှိလို့ပြောပြော အစ္စရေးနိုင်ငံမြို့တွေကို ဒုံးကျည်နဲ့ ပစ်ခတ်တာ အတွက် ဆင်ခြေ ဒါမှမဟုတ် အကြောင်းပြချက် မဟုတ်ပေမယ့်၊ အစ္စရေးဖက်က သက်သက်ညှာညှာ တိုက်ခိုက်လိမ့်မယ်လို့ မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။ သိမ်းပိုက်သူနဲ့ သိမ်းပိုက်ခံအကြား တရားနည်းလမ်းမကျတဲ့ တိုက်ပွဲကို တရားနည်းလမ်း ကျကျစစ်ပွဲစံနှုန်းနဲ့ သုံးသပ်ဆုံးဖြတ်လို့ မရပါဘူး။ ရလဒ်အမှန်လည်း ထွက်လာမှာ မဟုတ်ပေဘူး။

    ကာရံ မညီသော
    —————–
    အစ္စရေးအတွက် ဟားမတ်စ်ကို ဆန့်ကျင်တယ်ဆိုပြီး ခြောက်နှစ်အတွင်း တတိယအကြိမ်မြောက် ဂါဇာအပေါ် စစ်ဆင် တိုက်ခိုက်ခြင်း၊ အောင်မြင် စိုးမိုးလိုခြင်းဟာ အဓိပ္ပာယ်မဲ့လှပါတယ်။ ဒီလို စစ်ဆင်လိုက်တိုင်း ဟားမတ်စ်က ပိုမို အားကောင်းလာပြီး ပိုပြီး လူသိများထင်ရှားလာစေပါတယ်။

    (၁၉၄၈)ခုနှစ်ကတည်းက သိမ်းပိုက်အောင်နိုင်ရေးကာလရှည်တစ်လျှောက် အစ္စရေးဟာ အောင်ပွဲဘယ်နှစ်ကြိမ် ရခဲ့ဖူးပါသလဲ ?  ပါလက်စတိုင်းက အရှုံးမပေးသေးသမျှ သို့မဟုတ် ထွက်ခွာစွန့်လွှတ်မှု မပြုသေးသမျှ အနိုင်မရနိုင်ဘူး ဆိုတာကို သဘောမပေါက်မချင်း နောက်ထပ် ဘယ်နှစ်ကြိမ် တိုက်နေဦးမှာလဲ ?

    အစ္စရေးဟာ တစ်ဖက်သတ်စစ်ပွဲတွေကနေ သင်ခန်းစာကောင်းကို မရယူနိုင်ခဲ့ဘူးဆိုတာ ထင်ရှားလွန်းပါတယ်။ အင်အားနည်းသူကို ရေရှည် တိုက်ခိုက်ပြီဆိုရင် အင်အားကြီးသူရဲ့ အမည်ဂုဏ်အင် ကျဆင်းလာရစမြဲဖြစ်တယ်။

    တိုင်းပြည်နိုင်ငံများဟာ အများနှစ်လိုတဲ့ငြိမ်းချမ်းရေးရဖို့ စစ်ပွဲတွေ ဆင်နွှဲရပါတယ်။ ဒါပေမယ့် သမိုင်းဝင် ပါလက်စတိုင်းနယ်မြေရဲ့  (၇၈)ရာခိုင်နှုန်းကိုသိမ်းပိုက်ဖြစ်တည်ထားတဲ့ အစ္စရေးနိုင်ငံ ကတော့ ပြဿနာရှာရေး၊ ခေတ်ကာလကို တစ်ဖက်သတ် လက်ဝါးကြီးအုပ်ဖို့ နည်းလမ်းတစ်ရပ်အနေနဲ့ ဆက်လက်တိုက်ခိုက်နေခဲ့တယ်။

    အသစ်တဖန် မိတ်ဆက်လာတဲ့ ဒုံးကျည်တွေကို ဥပမာတစ်ခုအနေနဲ့ ကြည့်ကြပါစို့။ တကယ်လို့ ပါလက်စတိုင်းသားတွေက ဂါဇာမှာ စက်ရုံကြီးတွေနဲ့ အဲ့ဒါတွေကို ထုတ်လုပ်နိုင်မယ်ဆိုရင် အနောက်ဖက် ကမ်းမြှောင်ဒေသမှာ အဲ့ဒီအရာတွေကို ပိုမို မထုတ်လုပ်နိုင်အောင် ဘာက တားဆီးရပ်တန့်စေမလဲ ? အဲ့ဒါဟာ အစ္စရေးအမျိုးသားတွေ အားလုံးအဖို့ အန္တရာယ်သစ်များကို ခင်းကျင်းပြသလို ဖြစ်မနေပေဘူးလား၊ သူတို့ခေါ်ဝေါ်လိုတဲ့ အတိုင်း လုံခြုံရေးခြံစည်းရိုး သို့မဟုတ် ခွဲခြားရေးတံတိုင်း ဖြစ်အောင် လွန်လွန်ကျူးကျူး တွန်းပို့သလို မဖြစ်ပေဘူးလား ?

    ဘာဖြစ်သွားပြီလဲ
    ——————-
    စစ်ပွဲဆင်နွှဲရေးမှာ ပိုပြီးသတိထားရမယ့်သူ၊ စေ့စပ်ညှိနှိုင်းရေးမှာ သူ့ရှေ့ကလူတွေထက် ပိုသတိပြု အပ်သူလို့ ကျော်စောနေတဲ့ ဘင်ဂျမင် နေတန်ယာဟုက ဟားမတ်စ်ကို အနိုင်ရဖို့၊ အဘ္ဘာ့စ်ကို ချောင်ပိတ်ဖို့နဲ့  အိုဘားမားရဲ့အာရုံစိုက်မှုရဖို့  ဒေသတွင်း ဗျူဟာပိုင်း ပရမ်းပတာဖြစ်နေမှုအပေါ်၊ အီဂျစ်က နှစ်လိုဖွယ် အခြေအနေများအပေါ် အမြတ်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ၀မ်းနည်းစရာဖြစ်ရတာကတော့ သူ့ရဲ့ အဓိက ဦးတည်ချက်တွေ တစ်ခုမှ မပေါက်မြောက်ခဲ့ပါဘူး။

    ဟားမတ်စ်က နာမည်ကြီးသထက်ကြီးလာ၊ အဘ္ဘာ့စ်ရဲ့ ဟားမတ်စ်နဲ့ ညွှန့်ပေါင်း အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကလည်း အပစ်အခတ် ရပ်စဲမှု ထိန်းသိမ်းရေး အတွက် အရင်ကထက်ကို ပိုပြီးအရေးပါလာပြီးတယ်၊ အိုးဘားမားဖက်ကလည်း ထူးမခြားနား။ ပိုပြီးဆိုးရွားတာက အစ္စရေးရဲ့အပြစ်ရှောင်ခြင်းဟာ ဘာမျှအရာမရောက် (တစ်နည်း) ပါလက်စတိုင်းပြည်သူတွေရဲ့သွေးစက် ပိုမိုကျလေလေ အစ္စရေးရဲ့ပုံရိပ်က ပိုပြီး မှေးမှိန် အရည်ပျော်သွားလေလေ ဖြစ်ရတယ်။

    ပြီးတော့ တကယ်လို့များ ပါလက်စတိုင်းပြည်သူတွေ နိုင်ငံတကာရာဇ၀တ်မှုခုံရုံး တက်ခဲ့ရင် အစ္စရေးအပေါ် စစ်ရာဇဝတ်မှုအတွက် ပြစ်တင်ဖို့အကြောင်းက အဓိက သံတမန်ရေးနဲ့ စီးပွားရေးထိုးနှက်မှု ဖြစ်လာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ မရေရာတဲ့အပစ်ရပ်ရေး စကားဝိုင်းများတစ်ခွင်မှာ သံတမန်ရေးရာ အငြင်းပွားမှုတွေ အစပြုနေပြီဖြစ်တယ်။ စစ်မြေပြင်မှာ သတ်ဖြတ်ခဲ့ခြင်းထက် နှစ်ဖက်စလုံး စေ့စပ်ဆွေးနွေးရေးဖက်ကို စိတ်အားထက်သန်မှု မလျော့ပါးသွားဖို့သာ မျှော်လင့်ထားပါလေ။

    အီဂျစ်အစိုးရက ဂါဇာအပေါ် ပိတ်ဆို့ဝိုင်းရံမှု ရုပ်သိမ်းရေးကို သေချာအောင် သမာသမတ်ကျကျ ဆောင်ရွက်ပြုမူလေ မလား၊ သို့တည်းမဟုတ် ဟားမတ်စ် ချည့်နဲ့သွားဖို့  ပိတ်ဆို့မှုတင်းကြပ်ရေးမှာ အစ္စရေးနဲ့ မလည်ရှုပ်လုပ်ကြလေမလား ……. ဆိုတာ စောင့်ကြည့်ရမှာပါ။ အသေအပျောက် အပျက်အစီး အမြောက်အများ ဖြစ်ပြီးတဲ့နောက် လတ်တလောမှာ နှစ်ဆတိုးပြီး လမ်းဟောင်းပြန်လိုက်ဖို့ ထင်ရှားနေပါတယ်။

    မတူကွဲပြားတဲ့အဖြေတစ်ခု ရလာမယ်လို့ မျှော်လင့်ပြီး ဒီလမ်းကို ထပ်ပြန်တလဲသွားနေခြင်းဟာ ရူးသွပ်မိုက်မဲခြင်းထက် မပိုပါဘူး။ ဂျေရုဆလင်က ဆိုရိုးစကားအတိုင်း – “အသင်က ရေကို ထပ်ပြန်တလဲ ရိုက်နေရင်လည်း နောက်ဆုံး ကျန်နေရစ်မှာ ရေပါပဲ” လို့သာ ပြောလိုက်ရပါတော့တယ်။

    xxxxxxxxxxxxxx

    အလ်ဂျဇီးရားသတင်းဌာန၏ အကြီးတန်း နိုင်ငံရေးသုတေသီ Marwan Bishara ရေးသားသော Netanyahu’s miscalculation: Bullish or foolish ကိုယ်ပိုင်အမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • ဓာတ်ခွဲစစ်ဆေးမှုအရ ကူးစက်မြန် အီဘိုလာ သံသယရှိသူများ ရောဂါပိုး လုံးဝ မရှိကြောင်း သိရှိရ

    ဓာတ်ခွဲစစ်ဆေးမှုအရ ကူးစက်မြန် အီဘိုလာ သံသယရှိသူများ ရောဂါပိုး လုံးဝ မရှိကြောင်း သိရှိရ

    စက်တင်ဘာ ၂ ၊ ၂၀၁၄
    M-Media

    ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းဆောင်ရွက်မှု အရ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိသော လူနာနှင့် ၎င်းနှင့် အနီးကပ်ထိတွေ့သူ (၄)ဦးတို့၏ ကျန်းမာရေး အခြေအနေမှာ လုံးဝကောင်းမွန်လျက် ရှိကြောင်း သိရှိရပါသည်။

    ၎င်းတို့ (၅)ဦး၏ ဓာတ်ခွဲနမူနာကို ကူးစက်မြန် အီဘိုလာရောဂါ ဟုတ်-မဟုတ် အတည်ပြုနိုင်ရန် (၂၉-၈-၂၀၁၄) ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ ဟန်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ (၅)ဦးစလုံး၏ ဓာတ်ခွဲနမူနာတွင် ကူးစက်မြန်အီဘိုလာ ရောဂါပိုး လုံးဝမရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

    ဩဂုတ် (၁၉) ရက်နေ့ ညပိုင်းက အီဘိုလာ ပြန့်ပွားနေသည့် အာဖရိက အနောက်နိုင်ငံ တခုတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် မြန်မာနိုင်ငံသား တစ်ဦး၌ အဖျားရောဂါတွေ့ရှိပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကျန်းမာရေးအဖွဲ့က သံသယ လူနာအဖြစ် သတ်မှတ်၍ ဝေဘာဂီ အထူးကု ဆေးရုံသို့ လွှဲပြောင်းပြီး လိုအပ်သော ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများပြုလုပ် ခဲ့ခြင်းဖြစ်သည်။

    ကိုးကား- MOI

  • အနောက်ဘက်ကမ်းခြေမှ ပါလက်စတိုင်း ပိုင်နက်မြေ ဟက်တာ ၄၀၀ ကျော်ကို အစ္စရေး သိမ်းပိုက်

    အနောက်ဘက်ကမ်းခြေမှ ပါလက်စတိုင်း ပိုင်နက်မြေ ဟက်တာ ၄၀၀ ကျော်ကို အစ္စရေး သိမ်းပိုက်

    စက်တင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    1937332270
    – ပါလက်စတိုင်းပိုင်အနောက်ဘက်ကမ်းခြေရှိ မြေ ဟက်တာ ၄၀၀ (ဧက ၁၀၀၀) နီးပါးကို သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့သည့်ဟု အစ္စရေးက ယမန်နေ့တွင် ကြေညာခဲ့ပြီး ထိုသိမ်းပိုက်မှုမှာ နှစ်ပေါင်း ၃၀ အတွင်း ပါလက်စတိုင်းပိုင် နယ်မြေပမာဏ အများဆုံး သိမ်းပိုက်မှုလည်းဖြစ်သည်။

    ပါလက်စတိုင်းပိုင် ဘက်သလင်ဟမ်အနီး  တရားမ၀င် ဂျူးအခြေချအိမ်ရာ Etzion မှ မြေနေရာများဖြစ်ပြီး၊ ပါလက်စတိုင်းအာဏာပိုင်များကမူ အစ္စရေး၏ ထိုလုပ်ရပ်မှာ ဂါဇာကမ်းမြှောင်အား ကျူးကျော် တိုက်ခိုက်မှုပြီးနောက် ပဋိပက္ခပိုဖြစ်စေမည့် လုပ်ရပ်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရကလည်း ထိုကဲ့သို့ကြေညာမှုမှာ အစ္စရေးကိုယ်တိုင် ပြောကြားထားသည့်  နှစ်နိုင်ငံယှဉ်တွဲတည်ရှိရေးကို အကျိုးယုတ်စေသည်ဟု ပြောကြားခဲ့သည်။

ု၁၉၆၇ ခုနှစ်မှစ၍ အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များကို ကျူးကျော်ကာ ဂျူးအခြေချအိမ်ရာများကို တိုးချဲ့ဆောက်လုပ်ခဲ့ပြီး နိုင်ငံတကာမှ ဝေဖန်မှုများ ပြုလုပ်ခဲ့သော်လည်း အစ္စရေးဘက်က ရပ်တန့်ခဲ့ခြင်း မရှိချေ။ ယခုလက်ရှိတွင် ထိုအခြေချ အိမ်ရာများ၌ တရားမ၀င်နေထိုင်သူ ဂျူးလူမျိုးများမှာ သန်းဝက်ခန့်ရှိနေသည်။

    ref_Agencies