News @ M-Media

Blog

  • လက်ရွေးစင်နည်းပြ ခေါ်ယူမှု ငြင်းဆန်လျှင် ရီဘာရီ အပြစ်ပေးခံရမည်ဟု UEFA ဥက္ကဌဆို

    လက်ရွေးစင်နည်းပြ ခေါ်ယူမှု ငြင်းဆန်လျှင် ရီဘာရီ အပြစ်ပေးခံရမည်ဟု UEFA ဥက္ကဌဆို

    စက်တင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    444775_heroa
    – ရီဘာရီအနေဖြင့် နိုင်ငံတကာ ဘောလုံးကစားသမားဘ၀မှ အနားယူခဲ့ခြင်းကိုနားမလည်နိုင်ဘဲ လက်ရွေးစင်အသင်း၌ ပါဝင်ကစားရန် ခေါ်ယူမှုကို ငြင်းဆန်ပါက အပြစ်ပေးခံရနိုင်သည်ဟု ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီက ပြောကြားလိုက်သည်။

    ရီဘာရီမှာ ကိစ္စတစ်ခုအတွက် စုံးစမ်းစစ်ဆေးမှုကို ခံရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ပြင်သစ်လူစာရင်းမှ ယခုနှစ်အစောပိုင်းတွင် နှုတ်ထွက်ခဲ့ပြီး၊ နောက်ပိုင်းတွင် နိုင်ငံတကာ ဘောလုံးကစားသမားဘ၀မှ အနားယူပြီဟု ကြေညာခဲ့သည်။

    ပလာတီနီကမူ ရီဘာရီ၏ ဆုံးဖြတ်ချက်အတွက် စိတ်ရှုပ်ရပြီး၊ နည်းပြ ဒက်ချမ့်စ်၏ ခေါ်ယူမှုကို ငြင်းဆန်ပါက အပြစ်ပေးခံရနိုင်သည်ဟု ပြောကြားခဲ့သည်။

    “လက်ရွေးစင်အသင်းမှာ ကစားမလား၊ မကစားဘူးလားဆိုတာဟာ ကစားသမားရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ နည်းပြရဲ့ဆုံးဖြတ်ချက်ပါပဲ။ နည်းပြက သူ့(ရီဘာရီ)ကို ဖိတ်ခေါ်ရင် သူဟာ လက်ရွေးစင်အသင်းကို လာကို လာရပါမယ်။ ဒါကို ဖီဖာရဲ့ စည်းကမ်းချက်တွေထဲမှာ သတ်မှတ်ထားပါတယ်။ တစ်ကယ်လို့ သူမလာဘူးဆိုရင် ဘိုင်ယန်မြူးနစ်နဲ့ ကစားခွင့် ၃ ပွဲ ပိတ်ပင်ခံရမှာပါ” ဟု ပလာတီနီကဆိုသည်။

    ထို့ပြင် ပြင်သစ်မြေပေါ်တွင် ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွင် ပြင်သစ်လူမျိုး တစ်ယောက်က ပါဝင်မကစားသည့်အတွက် ရီဘာရီအား နားမလည်နိုင်ကြောင်း ပလာတီနီက ထပ်လောင်းပြောကြားခဲ့သည်။

  • ဂူးဂဲလ်ရဲ့ မောင်းသူမဲ့ကား အဆင်သင့် မဖြစ်သေး

    ဂူးဂဲလ်ရဲ့ မောင်းသူမဲ့ကား အဆင်သင့် မဖြစ်သေး

    စက်တင်ဘာ ၇၊ ၂၀၁၄
    M-Media
    တင်ဆက်သူ- daythanix
    google car
    ဂူးဂဲလ်ရဲ့ မောင်းသူမဲ့ကား ဟာ အများပြည်သူ သုံးစွဲဖို့ဆိုရင် အခုလို စီးနင်းသူက လိုအပ်ရင် ထိန်းချုပ်ဖို့ လက်ကိုင်၊ ဘရိတ် လိုမျိုး မပါတဲ့ အတွက် လမ်းပေါ်မှာမောင်းနှင်ဖို့ ခွင့်ပြုချက် မရသေးကြောင်း သိရပါတယ်။

    အဲ့ဒီအပြင် မိုးသည်းထန်စွာရွာသွန်းနေရင် အာရုံခံကိရိယာတွေ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တာကြောင့် ဒီအခက်အခဲကို မကျော်လွှားနိုင်သေးဘူး လို့ သိရပါတယ်။

  • ယမန်နှစ် ဝင်ငွေစာရင်း ရီးယဲလ် ထုတ်ပြန်၊ ကမ္ဘာ့အချမ်းသာဆုံး ကလပ် အဖြစ် ၁၀ နှစ် ဆက်တိုက် ရှိနေမည်။

    ယမန်နှစ် ဝင်ငွေစာရင်း ရီးယဲလ် ထုတ်ပြန်၊ ကမ္ဘာ့အချမ်းသာဆုံး ကလပ် အဖြစ် ၁၀ နှစ် ဆက်တိုက် ရှိနေမည်။

    စက်တင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    444572_heroa
    – ၂၀၁၃-၁၄ ဘောလုံးရာသီအတွင်း ရရှိသည့် ၀င်ငွေများကို ရီးယဲလ်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ရာ ယူရို ၆၀၃.၉ သန်းရှိခဲ့ပြီး ရီးယဲလ်အသင်းမှာ ကမ္ဘာ့အချမ်းသာဆုံးကလပ်အဖြစ် ၁၀ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်ဟု သိရသည်။

    ကလပ်အသင်း ဒါရိုက်တာများ အစည်းအဝေးမှာ ယခုလ ၂၁ ရက်နေ့မှ ပြုလုပ်မည်ဖြစ်သော်လည်း အသင်းဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က အသင်း၏ ၀င်ငွေစာရင်းအား ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ၂၀၁၃-၁၄ အသင်းဝင်ငွေ ၆၀၃.၉ သန်းမှာ ပြီးခဲ့သည့်နှစ်ကထက် ၁၀.၉ ရာခိုင်နှုန်း တိုးလာခဲ့ပြီး အသားတင်အမြတ်ငွေမှာ ယူရို ၃၈.၅ သန်းအထိရှိကာ ၄၄ ရာခိုင်နှုန်း တိုးလာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အသင်း၏အကြွေးမှာလည်း ၂၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး နိုင်ငံသို့ပေးဆောင်ရသည့် အခွန်ငွေမှာ ယူရို ၁၆၇ သန်းအထိရှိသည်ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။

    “ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းစာရင်း ထိပ်ဆုံးမှာ ကျွန်တော်တို့ဟာ ၁၀ နှစ်ဆက်တိုက် ရှိနေမှာပါ။ ရီးယဲလ်ဥက္ကဌအဖြစ် ဆောင်ရွက်ရတာကို ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် နာမည်ကြီးအသင်းတစ်သင်းမှာ တာဝန်ယူမှုဆိုတာလည်း ရှိပါတယ်။ ၁၁၂ နှစ်တာ သမိုင်းကြောင်းရှိတဲ့ ကျွန်တော်တို့ ဒါကို ဘယ်တော့မှ မမေ့ပါဘူး” ဟု ပီရက်ဇ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ရီးယဲလ်မှာ ပြီးခဲ့သည့် ၁၂ လအတွင်း အိုဇေးလ်၊ ဒီမာရီယာတို့ကို ရောင်းချခြင်းမှလည်း ယူရို သန်း ၁၀၀ ကျော် ရရှိခဲ့သည်။

  • အငြင်းပွားဖွယ် မြန်မာ့သန်းခေါင်စာရင်း

    အငြင်းပွားဖွယ် မြန်မာ့သန်းခေါင်စာရင်း

    စက်တင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    -မြင့်မိုရ်မောင်မောင်  ဘာသာပြန်သည်။

    အဖိနှိပ်ခံလူနည်းစုဝင်တစ်ရပ်ကို အသိအမှတ်ပြုဖို့ပျက်ကွက်ခဲ့တဲ့ သန်းခေါင်စာရင်းကြောင့် လူ့အခွင့်အရေးအုပ်စုများက အလိုမကျစိတ်ပျက်နေကြပါတယ်။

    c4ebf973d2d51b0c500f6a706700c25d
    ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မိသားစု တစုကို သန်းခေါင်စာရင်း ကောက်ယူနေစဉ် မြင်ကွင်း

    နှစ်ပေါင်း (၃၀)အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံးသန်းခေါင်စာရင်းကောက်ခံမှုက ထွက်ရှိလာတဲ့ ရှေ့ပြေးအဖြေများကို ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ထုတ်ပြန်ခဲ့တယ်။ မူလက ယူဆထားတဲ့ပမာဏထက် (၉)သန်းနီးပါး လျော့နည်းနေတာကို တွေ့ရတယ်။ ဒါ့အပြင် အဖိနှိပ်ခံရိုဟင်ဂျာမွတ်စ်လင်မ်တွေရဲ့ လူဦးရေစာရင်းကို အသိအမှတ်ပြုထည့်သွင်းမထားခြင်းအပေါ် လူ့အခွင့်အရေးအုပ်စုများက ရှုတ်ချခဲ့ကြတယ်။

    ရှေ့ပြေးသန်းခေါင်စာရင်းအရ လက်ရှိမြန်မာနိုင်ငံလူဦးရေဟာ (၅၁.၄၁)သန်းရှိပြီး ကနဦးပိုင်း ကမ္ဘာကိုတင်ပြထားတဲ့ ခန့်မှန်းချေ သန်း(၆၀)ဆိုသော ပြည်တွင်းနေ လူစာရင်းနဲ့ တော်တော့်ကို ကွာဟသွားတယ်။

    ရိုဟင်ဂျာမွတ်စ်လင်မ်တွေကို တိုင်းရင်းနွယ် စာရင်းထဲကနေ ဖယ်ထုတ်ထားတာဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးအတွက် ထည့်သွင်းစဉ်းစားမှု မရှိတာကြောင့် ဒေါ်လာသန်း(၅၀)လက်ခံ ရယူပြုလုပ်ထားတဲ့ သန်းခေါင်စာရင်းက အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း အဆင့် မ၀င်ဘူးလို့ လူ့အခွင့်အရေး အုပ်စုများက သတ်မှတ်လိုက်ပါတယ်။

    “ ရိုဟင်ဂျာတွေကို သန်းခေါင်စာရင်းကနေ ဖယ်ထုတ်ထားခြင်းက သန်းခေါင်စာရင်းဆိုင်ရာ ပင်မရည်ရွယ်ချက်နဲ့ စည်းမျဉ်းတွေ၊ နိုင်ငံတကာက အလှူရှင်တွေ၊ ဒီအရေးထဲ ပါဝင်ဆောင်ရွက်တဲ့ ကုလအေဂျင်စီတွေ အပေါ် သစ္စာချိုးဖောက်ခြင်းဖြစ်တယ်။ ရိုဟင်ဂျာတွေအနေနဲ့ ကိုယ့်လူမျိုးအမည်ကို ကိုယ်ပိုင်သတ်မှတ် ပိုင်ခွင့်ရှိတယ်။ နိုင်ငံသား အခွင့်အရေးရသင့်တဲ့ သူတွေလည်းဖြစ်တယ်။ သန်းခေါင်စာရင်းမှာ ဒါတွေကို ငြင်းပယ်လိုက်ယုံနဲ့ နယ်မြေမဲ့ရိုဟင်ဂျာ အရေးကို ဖြေရှင်းလိုက်ရာ မရောက်ပါဘဲ ပိုမို ဆိုးရွားသွားစေပါတယ်။ အစိုးရဖက်က အစွန်းရောက်သမားတွေနဲ့ သူတို့ရဲ့ လူမျိုးကြီးဝါဒအစီအမံတွေအပေါ် လူမိုက်အားပေး မလုပ်သင့်ပါဘူး။ အာရကန်(ရခိုင်ပြည်နယ်)ထဲ မှီတင်းနေထိုင်နေကြတဲ့ ပြည်သူအားလုံး၊ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြနိုင်ပြီး ရိုဟင်ဂျာအဖြစ် မိမိကိုယ်ကို ခံယူသူများကို ထည့်သွင်းရေတွက်သင့်တယ် ” လို့  The Diplomat ထံပေးပို့တဲ့အီးမေးလ်မှာ မြန်မာ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အထက်တန်း သုတေသီ David Mathieson က ရေးသားပေးပို့ပါတယ်။

    ရှေ့ပြေးသန်းခေါင်စာရင်းက နှစ်ရှည်လများ မသိခဲ့ကြတဲ့ မြန်မာ့လူဦးရေကို မခြုံငုံ မဖော်ပြနိုင်ခဲ့ဘူး၊ နိုင်ငံတွင်းရှိနေတဲ့ တိုင်းရင်းသားအနွယ် အားလုံး အပါအ၀င် အဓိကကျတဲ့ အချက်အလက်တွေလည်း မပါဝင်နိုင်ခဲ့ဘူး။ လာမယ့် အထွေထွေရွေးကောက်ပွဲ အချိန်ဝန်းကျင် (၂၀၁၅)မေလမှာ ထုတ်ပြန်ဖို့ အချိန်ကို ရွေးချယ်ခဲ့တယ်။ လူမျိုးရေးအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင် ဒီအချက်အလက်တွေကို ရွေးကောက်ပွဲ ကာလ၀န်းကျင်မှာ ထုတ်ပြန်စေတာလားလို့ စိုးရိမ်မှုတွေ ရှိနေကြဆဲပါ” လို့ Mathieson က ဆိုပါတယ်။

    သြဂုတ်လ (၃၀)ရက် ရှေ့ပြေးသန်းခေါင်စာရင်း ထုတ်ပြန်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီက လူမျိုးရေး အပြန်အလှန် တင်းမာမှုတွေကြောင့် ဖြစ်နိုင်ချေရှိသော အကြမ်းဖက်မှုကို ရှောင်လွှဲသောအားဖြင့် ရိုဟင်ဂျာတွေကို ထည့်သွင်းရေတွက် မထားပါဘူးလို့ တရားဝင်ပြောကြား သွားခဲ့တယ်။

    “သူတို့ကိုသူတို့ ရိုဟင်ဂျာလို့ ခံယူပြောဆိုပေမယ့် သူတို့ရဲ့ အိမ်ထောင်စုစာရင်းထဲမှာ ဘင်္ဂါလီလို့သာ ထည့်သွင်းထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း သုံးခွင့် မပြုပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လက်မခံခဲ့ဘဲ စာရင်းသွင်းခွင့်မရှိသူတွေအဖြစ် သတ်မှတ်ခဲ့ကြတာပါ” ဆိုပြီး ပြောဆိုခဲ့တာပါ။

    မြန်မာပြည်မှာ ရိုဟင်ဂျာမွတ်စ်လင်မ်တွေ (၈)သိန်းလောက်ရှိမယ်လို့ လူ့အခွင့်အရေးအဖွဲ့များက သုံးသပ်ထားပြီးဖြစ်ပါတယ်။

    ကုလလူဦးရေရံပုံငွေအဖွဲ့(UNFPA)ရဲ့ ပံ့ပိုးမှုနဲ့ လ၀က ၀န်ကြီးဌာနဆောင်ရွက်ခဲ့တဲ့ သန်းခေါင် စာရင်းက မတ်လ(၃၀)ရက်မှ (၁၂)ရက်တာအတွင်း ကောက်ခံ ခဲ့တာပါ။ ရခိုင်၊ ကရင်၊ ကချင်ပြည်နယ် စတဲ့ ပဋိပက္ခဧရိယာတွေမှာ အဲ့ဒီကာလအတွင်း သန်းခေါင်စာရင်းကောက်ခံ လုပ်ငန်းကို မဆောင်ရွက်နိုင်ခဲ့ပါဘူး။ စုစုပေါင်း (၅၀.၂၁)သန်း လူဦးရေထဲက လူဦးရေ (၁.၂၀)သန်းကို လ၀ကအရာရှိများက ကြိုတင်ပုံဖော်ထားတဲ့ အိမ်ထောင်စု စာရင်းတွေနဲ့ ထပ်တိုးဖြည့်စွက်ထားပါတယ်တဲ့။

    စုစုပေါင်းလူဦးရေပမာဏကို ကိုယ်စားပြု မဖော်ပြနိုင်ပေမယ့်လည်း အဲ့ဒီသန်းခေါင်စာရင်းက အိမ်ထောင်စုတစ်စုရဲ့ ပျမ်းမျှခန့်မှန်းဦးရေ (၄.၄)ဦးထက် လျော့နည်းနေ သလို အမျိုးသမီးများက အမျိုးသားများထက် ပမာဏ (၂)သန်းနီးပါး များပြားတာကို ဖော်ပြနေပါတယ်။

    UNFPA ရဲ့အဆိုအရ ဒီစာရင်းတွေရရှိဖို့ အိမ်ခြေ (၁၁)သန်းဆီ စာရင်းကောက် တစ်သိန်း တစ်သောင်းငါးထောင်ကို ကွင်းဆင်းစေလွှတ်ခဲ့ပါတယ်။

    KIO ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်ဒေသအချို့မှာ မကောက်ခံခဲ့ကြောင်း၊ စာရင်းကောက်များဟာလည်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာရွာနဲ့ ဒုက္ခသည် စခန်းအချို့ဆီ မသွားရောက်နိုင်ခဲ့ကြောင်း တရားဝင်ရှေ့ပြေးသန်းခေါင်စာရင်းက ဖော်ပြနေပါတယ်။

    “KIO က သူတို့ထိန်းချုပ်ထားတဲ့ ကချင်ဒေသတွင်းက ရွာသူရွာသားတွေကို စာရင်းကောက်ခံဖို့ စာရင်းကောက်ဝန်ထမ်းတွေကို ၀င်ခွင့်မပြုခဲ့ပါဘူး။ သူတို့ခေါင်းဆောင်တွေနဲ့ အစိုးရ အကြား ညှိနှိုင်းစေ့စပ်မှု မရရှိခဲ့ပါဘူး” လို့ အဲ့ဒီဒေသက (၉၇)ရွာဆီ စာရင်းမကောက်ခံနိုင် ခဲ့ကြောင်း ရှေ့ပြေးသန်းခေါင်စာရင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

    ကချင်နဲ့ ရခိုင်ပြည်နယ်ထဲက ဒေသအချို့ဟာ (၁၉၄၈)လွတ်လပ်ရေးရပြီး ဗမာလူများစု စိုးမိုးတဲ့ အစိုးရအပေါ် လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသော လက်ကျန်တိုင်းရင်းသား အုပ်စုများက ထိန်းချုပ်ထားကြတယ်။

    ကချင်ပြည်နယ်တစ်ခုထဲမှာပဲ KIA နဲ့ အစိုးရအကြား (၁၇)နှစ်တာအပစ်ရပ်စဲရေးပြိုလဲတဲ့ ပဋိပက္ခကြောင့် (၂၀၁၁)ခုနှစ်ကတည်းက နေရပ်စွန့် အိုးအိမ်ရွှေ့ပြောင်းရသူတွေ တစ်သိန်းနှစ်သောင်းနီးပါး ရှိနေပါတယ်။

    စီးပွားရေးဆောင်ရွက်မှုတွေ ယုံကြည် စိတ်ချရစေဖို့ ဂုဏ်သိက္ခာရှိအောင် ထုတ်ပြန်ထားတဲ့ မြန်မာပြည်က စာရင်းဇယားတွေထဲမှာလည်း စိတ်ချယုံကြည်စရာ လုံးလုံး မရှိမသေးဘူးလို့ ကျွမ်းကျင်သူ အချို့က ဆိုပါတယ်။

    “ပမာဏဖော်ပြချက်မှာ မရိုးသားမှု အမြဲတမ်း တွေ့နေရတယ်။ ချန်ရစ်ထားတာ အမှန်တကယ် ရှိမှာပဲ။ လူဦးရေပမာဏနဲ့ GDP ကို ချိန်ထိုးအချိုးချကြည့်ရတာဆိုတော့ ခြုံငုံခန်းမှန်းလိုက်တဲ့ GDP ဟာ ယုံကြည်စိတ်ချစရာ စာရင်းမ၀င်ပါဘူး ” လို့ သြစတေးလျ၊ ဆစ်ဒနီမြို့၊ Macquarie တက္ကသိုလ်က မြန်မာ့စီးပွားရေးကျွမ်းကျင်သူ Sean Turnell က ပြောကြားပါတယ်။

    “သန်းခေါင်စာရင်းကနေ အကောင်းဆုံးကောက်ယူနိုင်တဲ့ အချက်က မြန်မာစားသုံးသူဈေးကွက်ဟာ သန်း(၆၀)ကနေ (၅၁)သန်းအထိ လျှောကျသွားတာပါပဲ။ အခြားအာဆီယံနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အတွက် တော်တော့်ကို ဆွဲဆောင်နေကြောင်း ကိန်းဂဏန်းတွေက ဖော်ပြနေတယ်။ စီးပွားရေး အရတော့ မြန်မာပြည်မှာ ကုန်ထုတ်စွမ်းရည်နဲ့ ၀ယ်လိုအား ညီမျှနေတာကို ကျွန်တော်တို့ တွေ့နေရဆဲပါ။ ဒါပေမယ့် အခုဆိုရင် လူဦးရေပမာဏ ပြောင်းလဲသွားပြီဖြစ်တဲ့အတွက် ၀ယ်လိုအား ၀င်ငွေတွက်ချက်တဲ့အခါ ခန့်မှန်းမှုတွေကို ပြန်လည်သုံးသပ်ရတော့မှာပဲ” လို့ Thura Swiss မြုပ်နှံဈေးကွက်နဲ့ သုတေသနအဖွဲ့ CEO အောင်သူရက ဆိုပါတယ်။

    (၁၉၈၃)ခုနှစ်က နောက်ဆုံးကောက်ခံထုတ်ပြန်ခဲ့တဲ့ လူဦးရေ စာရင်းထက်စာရင် လက်ရှိစာရင်းက ပိုတိကျမှုရှိလာတယ်ဆိုပြီး အဆိုးထဲက အကောင်းတစ်ရပ်အဖြစ် UNFPA ကတော့ ယူဆပါတယ်။

    “သန်းခေါင်စာရင်းဆိုတာ နိုင်ငံ့ရတနာတစ်ပါးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆယ်စုနှစ်များစွာအဖို့ ပြည်သူတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ လမ်းတွေ၊ ကျောင်းတွေ၊ ကျန်းမာရေး ၀န်ဆောင်ချက်နဲ့ အခြားအခြေခံအဆောက်အဦများ ဖော်ဆောင်ရေးလိုအပ်ချက်တွေကို တစ်ချက်တည်းနဲ့ တွက်ချက် သုံးသပ်နိုင်လို့ပါပဲ။ ဒီရှေ့ပြေးစာရင်းက မြို့တော်တွေမှာ လူဦးရေ ပိုမိုထူထပ်သိပ်သည်းနေကြောင်း ဖွင့်ပြနေပါတယ်။ မည်သည့်စီမံကိန်းရှိရှိမရှိရှိ မြို့အစွန်အဖျားက လူတွေအပါအ၀င် လူနေနှုန်းမြင့်တက်တာ အရမ်းမြန်ဆန်ကြီးထွားနေပါတယ်” ဆိုပြီး မြန်မာနိုင်ငံရဲ့ UNFPA ကိုယ်စားလှယ် ဂျက်နက်ဂျက်ဆင်က ဆိုပါတယ်။

    မြန်မာ့မြို့ကြီးတွေမှာ လူဦးရေထူထပ်လာမှုပုံရိပ်တစ်ခုကို ဒီအချက်အလက်တွေက ရှင်းလင်းစွာ ပြဆိုနေပါတယ်။ သန်းခေါင်စာရင်းအရ ရန်ကုန်မြို့လူဦးရေဟာ ဒုတိယမြို့တော် မန္တလေးထက် လေးဆများပြားပြီး (၅.၂၀)သန်း ရှိနေပါတယ်။ နေပြည်တော်မှာတော့ (၁.၁၅)သန်းသာ ရှိပါတယ်။ စုစုပေါင်းလူဦးရေအနက် (၂၉.၆) ရာခိုင်နှုန်းက ဆင်ခြေဖုံးမှာ နေထိုင်နေကြကြောင်း ဖော်ပြနေပါတယ်။

    The Diplomat တွင်ဖော်ပြသော ရန်ကုန်အခြေစိုက်ဂျာနယ်လစ် Philip Heijmans ရေးသားသည့် Myanmar’s Controversial Census ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုပါသည်။

  • ဝီဂါ မွတ်စလင်မ်များ အတွင်း သွေးနှော လက်ထပ်မှု များပြားလာအောင် တရုတ်အစိုးရ မက်လုံးပေး လုပ်ဆောင်

    ဝီဂါ မွတ်စလင်မ်များ အတွင်း သွေးနှော လက်ထပ်မှု များပြားလာအောင် တရုတ်အစိုးရ မက်လုံးပေး လုပ်ဆောင်

    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media

    စတုရန်းကီလိုမီတာ လေးသိန်း ခြောက်သောင်းရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွန်ဂိုးလီယန်းနယ်ပယ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် Qiemo ခရိုင်တွင် ပြီးခဲ့သည့် သြဂုတ်လက မက်လုံးပေးသိမ်းသွင်းမှုအသစ်များကို ပထမဆုံး ကြေငြာလိုက်သည်။
    ChinaOffers-Cash-to-Erode-Uighur-Culture
    ဝီဂါ မွတ်စလင်မ် တယောက်နဲ့ ဟန်တရုတ်လူမျိုး တယောက် လက်ထပ်ခဲ့ရင် အဲဒီစုံတွဲကို တနှစ်ကို ယွမ် ၁ သောင်း( ဒေါ်လာ ၁၆၀၀ နီးပါး) ၅ နှစ် တိတိထောက်ပံ့မယ်လို့ ကြေညာချက် ထုတ်လိုက်တာပါ။

    တရုတ်အစိုးရရဲ့ ဒီ မက်လုံးပေး စီမံချက်ဟာ ဝီဂါ မွတ်စလင်မ် လူမှုအသိုင်းအဝန်း ရဲ့ ရာစုနှစ်ပေါင်းချီကြာ ယဉ်ကျေးမှု လက္ခဏာများကို ခေတ်နဲ့ အညီ လိုက်လျောညီထွေမှု လုပ်ပစ်ရန် အကြောင်းပြချက်ပေးပေမယ့် ဝီဂါ မွတ်စလင်မ်ကြားမှာ သွေးနှော စုံတွဲတွေ များလာအောင် လုပ်ဆောင်တာလို့ ဒေသခံ ဝီဂါ မွတ်စလင်မ် ကြားမှာ ဝေဖန် ကန့်ကွက်မှုတွေရှိနေပါတယ်။

    ရုပ်ဝတ္ထုမက်လုံးများက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြဿနာတို့ကို ဖြေရှင်းပေးနိုင်သည် တစ်နည်း ရင်ကြားစေ့ပေးနိုင်သည်ဟု ၎င်းတို့မှ ယူဆထားပုံရကြောင်း သြစတေးလျ၊ Griffith တက္ကသိုလ်မှ ရှင်းကျန်းအရေးကျွမ်းကျင်သူ မိုက်ကယ် ကလပ်မှ The Guardian သို့ စက်တင်ဘာ (၂) ရက် အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

    စတုရန်းကီလိုမီတာ လေးသိန်းခြောက်သောင်းရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွန်ဂိုးလီယန်းနယ်ပယ်၏ အစိပ်အပိုင်းတစ်ခုဖြစ်သည့် Qiemo ခရိုင်တွင် ပြီးခဲ့သည့် သြဂုတ်လက မက်လုံးပေးသိမ်းသွင်းမှုအသစ်များကို ပထမဆုံး ကြေငြာလိုက်တာပါ။

    Qiemo ခရိုင်၏ သွေးနှောထိမ်းမြားစေခြင်း မူဝါဒမှာ ဒေသတွင်းရှိ တရုတ်ပေါ်လစီ၏ ယေဘူယျ သဘောထား တစ်ပိုင်းတစ်စ ပေါ်လွင်နေပါတယ်။

    ယင်းမူဝါဒသစ်အရ ဇနီးမောင်နှံနှစ်ဦးအနက် တစ်ဦးသည် လူနည်းစုတိုင်းရင်းနွယ်ဖြစ်ပြီး နောက်တစ်ဦးသည် ဟန်တရုတ်ဖြစ်ပါလျှင် အထူးအခွင့်အရေးတစ်ရပ် စီစဉ်ပေးမည်ဟု တရုတ်အာဏာပိုင်များက အခိုင်အမာဆိုလိုက်သည်။

    အဆိုပါအစီအစဉ်၌ ၎င်းတို့ရည်ညွှန်းသည့် မျိုးရော စုံတွဲအတွက် အိမ်ထောင်ကျပြီး ပထမငါးနှစ် အတွင်း နှစ်စဉ် ယွမ်ငွေ တစ်သောင်း (ပေါင်စတာလင် ၉၈၀)၊ အိုးအိမ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးပံ့ပိုးငွေများ ထောက်ပံ့ပေးမည်ဟု Qiemo ခရိုင်အစိုးရ၏ ၀က်ဘ်ဆိုဒ်တွင် ကြေငြာထားတာပါ။

    “တိုင်းရင်းသားတွေဟာ မတူညီတဲ့ ဘာသာစကားတွေ၊ ခြားနားတဲ့ ထုံးတမ်းဓလေ့တွေမှာသာ ကျွန်တော်တို့နဲ့ ကွဲပြားတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဦးခေါင်းအထက်မှာ တူညီသော ကောင်းကင်ပြာ၊ ကျွန်တော်တို့ခြေထောက်တွေအောက်မှာ  တူညီသော စိုက်ပျိုးမြေ၊ ကျွန်တော်တို့နှလုံးသားတွေထဲမှာ တူညီသော မေတ္တာ ရှိနေကြပါတယ်။ တိုင်းရင်းသားတွေအကြား သွေးနှောထိမ်းမြားခြင်းက တရုတ်ယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။ ဒီအချက်က တိုင်းရင်းသားအားလုံးရဲ့ ဖလှယ်မှု၊ ပူးပေါင်းမှု၊ ပေါင်းစပ်မှုအတွက် ကျစ်လစ်တဲ့ဖော်ပြချက်ကို အားကောင်းသန်စွမ်းစေ ပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု Qiongkule မြို့နယ် ကွန်မြူနစ်ပါတီကော်မတီ၏ တွဲဖက်အတွင်းရေးမှူး Yasen Nasi’er မှ သြဂုတ်လ (၂၅)ရက် ကြေငြာချက်ထွက်စဉ် စာနယ်ဇင်းသမား တို့အား ပြောကြားပါတယ်။

    ထိုမူဝါဒနှင့်စပ်လျဉ်း၍ “ဒါက လူမျိုးရေးညီညွတ်မှု ဖော်ဆောင်ရေး နည်းလမ်းတစ်ရပ်ပါ။ အဓိကအကျဆုံး အရာပါ” ဟု ခရိုင် အာဏာပိုင်တစ်ဦးက တယ်လီဖုန်းဖြင့် အတည်ပြုခဲ့ပါတယ်။

    လက်တံရှည် မူဝါဒ
    ——————–
    အလားတူမက်လုံးပေးမူဝါဒတစ်ရပ်ကိုလည်း တိဗက်အပါအ၀င် အခြားဒေသများတွင် ကျင့်သုံးထားသည်ဟု ယခုနှစ်နွေရာသီမှာ တရုတ်နိုင်ငံပိုင် မီဒီယာသတင်း အသီးသီးမှ ဖော်ပြပါတယ်။

    “ဒါဟာ လူမှုကဏ္ဍတည်ဆောက်ရေးကျားကန်မှုနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ဘေဂျင်းဗဟိုပြု ပွင့်လင်းအမြင်ကိုအားပြုပြီး အစိုးရဖက်က ခြေလှမ်းကျယ်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ဟန် ရှိပါတယ်။ ဒါမှမဟုတ်ရင် ဗဟိုအစိုးရမူဝါဒတွေအပေါ် ကန့်ကွက်မှုများကို လျှော့ချဖို့အတွက်ဆိုတာ

    အနိမ့်ဆုံးဖြစ်ပါလိမ့်မယ်။  အစိုးရမူဝါဒတွေက ဟန်တရုတ်တွေကို ကျားကန်ရပ်တည်ပေးသွားဖို့ ယူဆစရာရှိနေပါတယ်။ တကယ့်သရုပ်မှန်ကတော့ မမှန်ကန်သောမူဝါဒတွေပါ။ ဒီလိုထိမ်းမြားမှုပုံဟန်က နိုင်ငံရေးသြဇာခံ ဖြစ်စေမှာမို့လို့ မဖြစ်မနေလုပ်သွားဖို့ များပါတယ်” ဟု  လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့မှ တရုတ်ပြည်ဒါရိုက်တာ ဆိုဖီ ရစ်ချတ်ဆင်က ပြောကြားခဲ့ပါတယ်။

    ဒေသတွင်း သွေးနှောထိမ်းမြားမှုသည် (၂၀၀၈)ခုနှစ်၌ (၇၀၀)၀န်းကျင်သာရှိရာမှ ယမန်နှစ်တွင် (၄၇၀၀)အထိ ကြီးထွားလာကြောင်း တိဗက်ရှိ ကွန်မြူနစ်ပါတီ သုတေသနရုံး အစီရင်ခံစာအရ သိရပါတယ်။

    “စကတည်းက ဆန့်ကျင်မှုကန့်ကွက်မှုတွေဖက် လမ်းကြောင်းထားတဲ့ တစ်ဖက်စောင်းနင်းမူဝါဒတွေကို ဖယ်ရှားရမယ့်အစား အကြွင်းမဲ့လူ့အခွင့်အရေး ချိုးဖောက်မှုကို ဖော်ဆောင်ထားတဲ့ အစိုးရရဲ့ မလှိမ့်တပတ် အားထုတ်မှုတွေထဲက တစ်ခုဖြစ်ကြောင်း သိလိုက်ရလို့ ကျွန်တော့်ကို  တော်တော်တုန်လှုပ် သွားစေပါတယ်” ဟူ၍ ရစ်ချတ်မှ ထပ်မံဆိုလိုက်ပါတယ်။

    ဝီဂါ မွတ်စ်လင်မ်များမှာ တူရကီစကားပြော လူနည်းစုဝင်ဖြစ်ပြီး ရှင်းကျန်းနယ် အနောက်မြောက်ပိုင်းတွင် လူဦးရေ (၈)သန်း ရှိပါတယ်။

    လူမှုလှုပ်ရှားသူများက အရှေ့တာကစ္စတန်ဟု ခေါ်ဆိုသော ရှင်းကျန်းသည် (၁၉၉၅)ခုနှစ်ကပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ခဲ့သော်လည်း တရုတ် အာဏာပိုင်များ၏ အင်အားသုံးဖြိုခွဲမှုကို ဆက်လက်ခံစားနေရဆဲပါ။

    တရုတ်အာဏာပိုင်တို့သည် အကြမ်းဖက်တန်ပြန်ခြင်းဟူသော ခေါင်းစဉ်တပ်လျက် ဝီဂါ မွတ်စ်လင်မ်တို့အပေါ် ဘာသာရေးဖိနှိပ်မှုပြုလုပ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဝေဖန် ပြစ်တင်မှုတွေ ရှိနေပါတယ်။

    Ref : OnIslam