News @ M-Media

ယမန်နှစ် ဝင်ငွေစာရင်း ရီးယဲလ် ထုတ်ပြန်၊ ကမ္ဘာ့အချမ်းသာဆုံး ကလပ် အဖြစ် ၁၀ နှစ် ဆက်တိုက် ရှိနေမည်။

စက်တင်ဘာ ၇ ၊ ၂၀၁၄
M-Media
444572_heroa
– ၂၀၁၃-၁၄ ဘောလုံးရာသီအတွင်း ရရှိသည့် ၀င်ငွေများကို ရီးယဲလ်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ရာ ယူရို ၆၀၃.၉ သန်းရှိခဲ့ပြီး ရီးယဲလ်အသင်းမှာ ကမ္ဘာ့အချမ်းသာဆုံးကလပ်အဖြစ် ၁၀ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်ဟု သိရသည်။

ကလပ်အသင်း ဒါရိုက်တာများ အစည်းအဝေးမှာ ယခုလ ၂၁ ရက်နေ့မှ ပြုလုပ်မည်ဖြစ်သော်လည်း အသင်းဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က အသင်း၏ ၀င်ငွေစာရင်းအား ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၁၃-၁၄ အသင်းဝင်ငွေ ၆၀၃.၉ သန်းမှာ ပြီးခဲ့သည့်နှစ်ကထက် ၁၀.၉ ရာခိုင်နှုန်း တိုးလာခဲ့ပြီး အသားတင်အမြတ်ငွေမှာ ယူရို ၃၈.၅ သန်းအထိရှိကာ ၄၄ ရာခိုင်နှုန်း တိုးလာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အသင်း၏အကြွေးမှာလည်း ၂၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး နိုင်ငံသို့ပေးဆောင်ရသည့် အခွန်ငွေမှာ ယူရို ၁၆၇ သန်းအထိရှိသည်ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။

“ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းစာရင်း ထိပ်ဆုံးမှာ ကျွန်တော်တို့ဟာ ၁၀ နှစ်ဆက်တိုက် ရှိနေမှာပါ။ ရီးယဲလ်ဥက္ကဌအဖြစ် ဆောင်ရွက်ရတာကို ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် နာမည်ကြီးအသင်းတစ်သင်းမှာ တာဝန်ယူမှုဆိုတာလည်း ရှိပါတယ်။ ၁၁၂ နှစ်တာ သမိုင်းကြောင်းရှိတဲ့ ကျွန်တော်တို့ ဒါကို ဘယ်တော့မှ မမေ့ပါဘူး” ဟု ပီရက်ဇ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ရီးယဲလ်မှာ ပြီးခဲ့သည့် ၁၂ လအတွင်း အိုဇေးလ်၊ ဒီမာရီယာတို့ကို ရောင်းချခြင်းမှလည်း ယူရို သန်း ၁၀၀ ကျော် ရရှိခဲ့သည်။

Comments

Leave a Reply