News @ M-Media

ရိုဟင်ဂျာဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်က ကိုဗစ်ကာကွယ်ဆေး စထိုးပေး

​ဩဂုတ် ၁၀၊ ၂၀၂၁

M-Media 

-ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အကူအညီပေးရေးအဖွဲ့တွေ ပူးပေါင်းပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီကနေ့ စတင်ကာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးနေပါတယ်။ 

ကော့ဆက်ဘဇားခရိုင်မှာ မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းလောက် ရှိနေတာပါ။ 

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးရေး စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၃၄ ခုမှာ ကာကွယ်ဆေး ထိုးပေးနေတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် လခြမ်းနီအဖွဲ့နဲ့ စေတနာ့ဝန်ထမ်း ၅၀၀ လောက် ပါဝင်ကူညီပေးနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ လက်ရှိမှာ ကူးစက်ပြန့်နှံ့လွယ်တဲ့ ပုံပြောင်းကိုဗစ် Delta ဒဏ်ကို ခံနေရတာပါ။ 

ရိုဟင်ဂျာခေါင်းဆောင်တွေ၊ ဒုက္ခသည်စခန်းက ကျန်းမာရေးဝန်ထမ်းတွေ၊ အသက် ၅၅ နှစ်အထက်တွေ ပထမဦးစားပေးစာရင်းမှာ ပါဝင်ပါတယ်။ ပထမအသုတ်မှာ လူ ၆၅၀၀၀ လောက် ထိုးပေးဖို့ စီစဉ်ထားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အကူအညီပေးရေးအဖွဲ့ UNHCR က ပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ်လူဦးရေ စုစုပေါင်း သန်း ၁၆၀ ရှိရာမှာ ၅ ရာခိုင်နှုန်းအောက်သာ ကာကွယ်ဆေးထိုးထားနိုင်ပြီး ဝယ်ထားတဲ့ AstraZeneca ကာကွယ်ဆေးကို အိန္ဒိယက ပေးပို့ဖို့ နောက်ကျတာကြောင့် ဧပြီလကစတင်ကာ ဆေးထိုးမှုကို ခေတ္တ ရပ်ဆိုင်းခဲ့ရပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်ဟာ ကာကွယ်ဆေးအများအပြား ရရှိအောင် ဆောင်ရွက်ထားနိုင်ပြီး ကာကွယ်ဆေးထိုးမှုကို စနေနေ့က ပြန်လည်စတင်ခဲ့ကာ ၂ ရက်အတွင်းမှာပဲ လူ ၂ သန်းကို ထိုးပေးနိုင်ခဲ့ပါတယ်။ 

Ref: AP