News @ M-Media

Blog

  • ဂါဇာဒေသသို့ အကူအညီ ပထမအသုတ်ကို အီရန်ပေးပို့

    ဂါဇာဒေသသို့ အကူအညီ ပထမအသုတ်ကို အီရန်ပေးပို့

    စက်တင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    myriam20121128133552130
    – အစ္စရေး၏ ၂ လနီးပါးကြာ ကျူးကျော်တိုက်ခိုက်မှုကို ခံခဲ့ရသည့် ဂါဇာကမ်းမြှောင်ဒေသသို့ အီရန် အစ္စလာမ့်မစ်သမ္မတနိုင်ငံတော် ကြက်ခြေနီအဖွဲ့ IRCS မှ အကူအညီ ပထမအသုတ်ကို  ပေးပို့ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဆေးဝါး ၃၅ တန်နှင့် ဆေးကုသရာတွင်အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ တဲများ၊ စောင်များ၊ စည်သွတ်ဗူးများနှင့် အခြားပစ္စည်းများအပါအ၀င် စုစုပေါင်း ၉၅ တန်ကို အီဂျစ်ရှိ ရာဖာနယ်ခြားမှတစ်ဆင့် ဂါဇာကမ်းမြှောင်အတွင်းသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

    အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူနာတင်ယာဉ်များ ပျက်ဆီးခဲ့ရပြီး ထိုအတွက်လည်း အီရန်က လူနာတင်ယာဉ်များကို ပေးပို့သွားရန်စီစဉ်နေပြီး၊ တိုက်ခိုက်မှုများအတွင်း ဒဏ်ရာရနေသူများကို ဆေးကုသပေးရန် အဆင်သင့်ရှိနေသည်ဟု IRCS က ပြောကြားခဲ့သည်။
    ဇူလိုင်အစောပိုင်းမှ စတင်ကာ သြဂုတ် နှောင်းပိုင်းအထိ ပြုလုပ်ခဲ့သော အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများတွင် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဗလီဝတ်ကျောင်းတော်များ၊ ဘောလုံးကွင်းများနှင့် ကယ်ဆယ်ရေးစခန်းများမှာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံခဲ့ရပြီး စုစုပေါင်း ပါလက်စတိုင်း ၂၁၄၀ သေဆုံးခဲ့ရသည်။

    Press TV

  • အေစီမီလန်တွင် ခေတ်တစ်ခေတ်ထူထောင်ချင်သည်ဟု တိုက်စစ်မှူး တောရက်စ်ဆို

    အေစီမီလန်တွင် ခေတ်တစ်ခေတ်ထူထောင်ချင်သည်ဟု တိုက်စစ်မှူး တောရက်စ်ဆို

    စက်တင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    451717_heroa
    အေစီမီလန်တွင် ကစားခဲ့ကြသည့် နာမည်ကျော် ကစားသမားကြီး များဖြစ်သည့် ဂျော့ဝီအာ၊ မာကို ဗန် ဘက်စတန်နှင့် နည်းပြ အင်ဇာဂီတို့အား အတုယူက မိမိအနေဖြင့် ခေတ် တစ်ခေတ် ထူထောင်ချင်သည်ဟု စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားလိုက်သည်။

    လီဗာပူးလ်မှာ ပြောင်းရွှေ့ခဲ့သည့် တောရက်စ်မှာ ချယ်ဆီးတွင် ၃ နှစ်ခွဲကြာ ရုန်းကန်ခဲ့ရပြီးနောက် ပြီးခဲ့သည့်တနင်္ဂနွေနေ့က အေစီမီလန်သို့ ၂ နှစ် အငှားစာချုပ်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    အသက် ၃၀ အရွယ် ရှိပြီဖြစ်သည့် တောရက်စ်ကမူ အေစီမီလန်ရှိ ယခင်တိုက်စစ်မှူးများကဲ့သို့ အောင်မြင်မှုများ ရရှိရန် မျှော်လင့်နေသည်။

    “ကစားသမားတိုင်းဟာ မတူညီကြပါဘူး။ ဒါပေမယ့် ဗန်ဘက်စတန်၊ ၀ီအာနဲ့၊ အင်ဇာဂီတို့ကတော့ ခေတ်တစ်ခုစီ ထူထောင်ခဲ့ကြပါတယ်။ သူတို့လိုပဲ ကျွန်တော်လည်း အောင်မြင်ချင်ပါတယ်။ ကျွန်တော်ဟာ သူတို့နဲ့ မတူပေမယ့်၊ နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော့်ရဲ့ နံပါတ် ၉ ဂျာစီဟာ သူတို့ ပြတိုက်မှာ ရှိနေပါလိမ့်မယ်” ဟု တောရက်စ်က ယမန်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အက်သလက်တီကိုနှင့် လီဗာပူးလ်အသင်းတို့တွင် ခြေစွမ်းပြ၍ ဂိုးများစွာ သွင်းယူနိုင်ခဲ့သော်လည်း တောရက်စ်မှာ ချယ်ဆီးအတွက် ကစားခဲ့သည့် ပွဲပေါင်း ၁၁၀ တွင် ဂိုး ၂၀ သာ သွင်းယူပေနိုင်ခဲ့သည်။

    ပရီးမီးယားလိဂ်၊ လာလီဂါတို့တွင် ကစားခဲ့သည့် မိမိမှာ စီးရီးအေတွင် ပွဲထွက်ခွင့်ရရန်အတွက် မစောင့်နိုင်ကြောင်း၊ အေစီမီလန်အသင်းတွင် ကစားခဲ့သည့် မိမိ၏ အသင်းဖော်ဟောင်းများကမူ အေစီမီလန်တွင် ကစားရသည်မှာ အလွန်ကောင်းသည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

  • ၁၉၄၈ ခုနှစ် စစ်ပွဲကာလ အသတ်ခံခဲ့ရသည့် ပါလက်စတိုင်း၂၀၀ ၏ အရိုးစုများကို တဲလ်အဗစ် တွင်တွေ့ရှိ

    ၁၉၄၈ ခုနှစ် စစ်ပွဲကာလ အသတ်ခံခဲ့ရသည့် ပါလက်စတိုင်း၂၀၀ ၏ အရိုးစုများကို တဲလ်အဗစ် တွင်တွေ့ရှိ

    စက်တင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    mass-grave
    (၁၉၄၈)ခုနှစ်က အာရဗ်တို့အပေါ်ဆင်နွှဲခဲ့သော ဇီယွန်ဝါဒီစစ်ပွဲအတွင်း အသတ်ခံရသည့် ပါလက်စတိုင်း ရုပ်ကြွင်းများ ဒါဇင်ပေါင်းများစွာကို တဲလ်အဗစ်ရှိ ဂျက်ဖာခရိုင်မှ စုပြုံမြှုပ်နှံကျင်းကြီး (၆)ခု၌ တွေ့ခဲ့ရသည်ဟု ဗုဒ္ဓဟူးနေ့က သတင်းရရှိသည်။

    ထိုဒေသတွင်း ပြန်လည်မွမ်းမံရေးလုပ်ငန်းဆောင်ရွက်နေသူများက မြေဖြိုချစဉ် ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း မွတ်စ်လင်မ် သုဿာန်ဝန်ထမ်းတစ်ဦးမှ အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

    ထိုရုပ်ကြွင်းအရိုးစုများသည် ယခင် အာရဗ်နယ်မြေဟောင်းရှိ လက်ျာစွန်းရောက် ဂျူးတို့၏ စုပြုံသတ်ဖြတ်မှုကို ခံခဲ့ရသူများဖြစ်သည်ဟု ယုံကြည်ထားကြသည်။

    ထိုသင်္ချိုင်းကျင်းများ၌ ရုပ်ကြွင်းအရိုးစုပေါင်း (၂၀၀)အထက် ရှိမည်၊ အခြားသော မြှုပ်နှံကျင်းများတွင်လည်း မသိနိုင်သေးသော ပမာဏတစ်ရပ် ရှိနိုင်ဦးမည်ဟု အတ် ဆဖ်ရီ သတင်းစာမှ ဖော်ပြထားသည်။

    ၎င်းတို့မှာ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုများ အပါအ၀င် အရွယ်အမျိုးမျိုး၏ ရုပ်ကြွင်းများ ဖြစ်ကြပြီး၊ အကြမ်းဖက်ခံရသည့် လက္ခဏာတစ်ချို့ ပေါ်လွင်နေသည်ဟု သုတေသီနှင့် သမိုင်းပညာရှင် မဟ်မူးဒ် အုဗိုင်းဒ်က ဆိုသည်။

    ပါလက်စတိုင်းလူမျိုး ခုနစ်သိန်းခြောက်သောင်းဝန်းကျင်တို့မှာ စစ်မက်ကာလအတွင်း မိမိတို့၏မွေးရပ်မြေများမှ အဓမ္မမောင်းထုတ်ခံရပြီး များစွာသောသူတို့သည် ဂျော်ဒန်၌ ဒုက္ခသည်များအဖြစ် ယနေ့တိုင် နေထိုင်လျက်ရှိသည်။

    ref_ Al Manar

  • ခွဲထွက်ရေး သမားများကို ရုရှစစ်တပ် ဝင်တိုက်ပေး၊ လေဆိပ်တခု ယူကရိန်း စစ်တပ် လက်လွှတ်လိုက်ရ

    ခွဲထွက်ရေး သမားများကို ရုရှစစ်တပ် ဝင်တိုက်ပေး၊ လေဆိပ်တခု ယူကရိန်း စစ်တပ် လက်လွှတ်လိုက်ရ

    စက်တင်ဘာ ၂ ၊ ၂၀၁၄

    M-Media

    UKRAINE-RUSSIA-CRISIS-POLITICS
    – ရုရှားက ခွဲထွက်ရေးသမားများဘက်မှ ၀င်တိုက်ပေးနေသောကြောင့် နိုင်ငံအရှေ့ပိုင်းရှိ အရေးပါသည့် လေယာဉ်ကွင်းအား ထိန်းချုပ်ထားသည့် စစ်တပ်များကို ယူကရိန်းက ရုပ်သိမ်းလိုက်ပြီး၊ ရုရှားမှာ ယူကရိန်းအား တိုက်ရိုက်နှင့် ဗြောင်ကျကျ ကျူးကျော်နေသည်ဟု ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက စွပ်စွဲလိုက်သည်။

    လူဟန့်စ်မြို့ပြင်ဘက်ရှိ အရပ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းဖြစ်ပြီး ယူကရိန်းစစ်တပ်က ထိန်းချုပ်ထားကာ ထိုလေယာဉ်ကွင်းရရှိရေးအတွက် ခွဲထွက်ရေးသမားများကလည်း တိုက်ခိုက်မှုများပြုလုပ်နေသည်။

    ရုရှားလေထီတပ်သားများမှာ အဆိုပါတိုက်ပွဲအတွက် ခွဲထွက်ရေးသမားများနှင့် ပူးပေါင်းခဲ့ပြီး၊ တင့်ကားများနှင့် လက်နက်ကြီးများကိုလည်း ရုရှားက ထောက်ပံ့ထားသည်ဟု ယူကရိန်းစစ်တပ်က ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    ယူကရိန်းသမ္မတပိုရိုရှန်ကိုကမူ အဆိုပါတိုက်ပွဲတွင် ရုရှား၏ တိုက်ရိုက်ပါဝင်မှုက တစ်ဖက်စောင်း နင်းဖြစ်စေပြီး ယူကရိန်းစစ်တပ်များ ဆုတ်ခွာရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည်ဟု ကိဗ်မြို့ရှိ စစ်တပ်အကယ်ဒမီတွင် ပြုလုပ်သော မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

    မကြာသေးမီရက်ပိုင်းအတွင်းကလည်း ရုရှားမှ တင့်ကားနှင့် အဝေးပစ်လက်နက် ရာပေါင်းများစွာတို့မှာ ယူကရိန်းနယ်မြေထဲသို့ ၀င်ရောက်လာသည်ဟု ယူကရိန်းအစိုးရက ပြောဆိုထားပြီး၊ နေတိုးအဖွဲ့ကလည်း ထိုသတင်းအား အတည်ပြုပြောကြားခဲ့သည်။

    သို့သော်ရုရှားဘက်ကမူ ယူကရိန်းခွဲထွက်ရေးသမားများကို ထောက်ပံ့နေသည်ဆိုသည့် သတင်းကိုအား ငြင်းဆန်ခဲ့သည်။

    ref_Agencies

     

  • ဖလော်ရီဒါ တက္ကသိုလ်တွင် ပထမဆုံး အစ္စလာမ့်ရေးရာ လေ့လာမှုစင်တာကို ဖွင့်လှစ်မည်

    ဖလော်ရီဒါ တက္ကသိုလ်တွင် ပထမဆုံး အစ္စလာမ့်ရေးရာ လေ့လာမှုစင်တာကို ဖွင့်လှစ်မည်

    စက်တင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    Universityof-Florida
    – များပြားလာသည့် မွတ်စလင်ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်အား ဖြည့်တင်းပေးရန်၊ အစ္စလာမ်သာသနာနှင့်ပတ်သက်၍ ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ပထမဆုံး အစ္စလာမ့်ရေးရာ လေ့လာမှုစင်တာကို ဖလော်ရီဒါ တက္ကသိုလ်တွင် ဖွင့်လှစ်တော့မည်ဟု သိရသည်။

    “ဒီအတွက် ကျွန်တော်တို့ အရမ်း စိတ်လှုပ်ရှားနေပါတယ်။ အမေရိကန် အရှေ့တောင်ပိုင်းမှာ ဒီလိုအစီအစဉ်မျိုး နည်းနည်းပဲရှိပြီး ဖော်ရီဒါမှာတော့ မရှိပါဘူး” ဟု အာဖရိကဆိုင်ရာ လေ့လာရေးမဟာဌာနရှိ ဘာသာရေးဌာနခွဲမှ တာဂျီအော့စတီဘိုက သြဂုတ်လ ၃၀ ရက်နေ့တွင် Gainesville Sun သတင်းစာသို့ ပြောကြားခဲ့သည်။

    အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်တွင် ပထမဆုံးဖြစ်သည့် အဆိုပါစင်တာမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဘာသာတရားတစ်ခုဖြစ်သည့် အစ္စလာမ် သာသနာနှင့်ပတ်သက်၍ ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ အစ္စလာမ်သာသနာအား လေ့လာဆန်းစစ်မှုနှင့် ပတ်သက်သည့် သင်ရိုးများစွာကိုလည်း ထိုစင်တာတွင် သင်ကြားပို့ချသွားမည်ဖြစ်သည်။

    အဆိုပါ အစ္စလာမ့်ရေးရာ လေ့လာရေးစင်တာဖြစ်ပေါ်လာခြင်းမှာ ဖလော်ရီဒါ တက္ကသိုလ်ရှိ အာဖရိကလေ့လာရေးဆိုင်ရာ မဟာဌာနမှ ဘာသာရေး၊ လူမှုသိပ္ပံ၊ သမိုင်း၊ မနုဿဗေဒ၊ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု စသည့် ဌာနခွဲများ ပူးပေါင်းကာ ကြိုးပမ်းအားထုတ်မှု၏ အသီးအပွင့်လည်းဖြစ်သည်။

    အမေရိကန်နိုင်ငံတစ်ဝှမ်းမှ အစ္စလာမ့် ဓမ္မပညာရှင်များအား ဆွဲဆောင်ရန်နှင့်  အစ္စလာမ်နှင့်သက်ဆိုင်သည့် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များတွက် ၎င်းတို့၏ ယူဆချက်များကို ကြားသိနိုင်စေရန်အတွက်လည်း ထိုစင်တာက ရည်ရွယ်ထားသည်။

    အဆိုပါ အစ္စလာမ့်စင်တာကို စက်တင်ဘာ ၁၈နှင့် ၁၉ ရက်နေ့များတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး “Global Islam and the Quest for Public Space” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ခုကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

    အဆိုပါ ဟောပြောပွဲတွင် အဓိက ဟောပြောသူအဖြစ် ဂျော့ဂ်ျတောင်း တက္ကသိုလ်မှ ဘာသာရေးဆိုင်ရာ ပါမောက္ခ ဂျွန် အက်စပိုစီတို၊ Walsh နိုင်ငံခြားရေးရာ သင်တန်းကျောင်းရှိမွတ်စလင်-ခရစ်ယာန် နားလည်မှုစင်တာတည်ထောင်သူ မင်းသား အလ်ဝါလစ် ဘင် တာလာတို့က တက်ရောက် ဟောပြောသွားမည်ဖြစ်သည်။

    တရားဝင်စစ်တမ်းကောက်ယူမှုများ မပြုလုပ်ထားသော်လည်း အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူဦးရေမှာ ၆ သန်းမှ ၈ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားသည်။

    ref_OnIslam & Newspapers