News @ M-Media

Blog

  • MH 17 လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများ ရုပ်ကြွင်း မလေးရှားသို့ ပထမအသုတ်  ရောက်ရှိ

    MH 17 လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများ ရုပ်ကြွင်း မလေးရှားသို့ ပထမအသုတ် ရောက်ရှိ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    First_batch_of_remains_of_MH17_dead_arrive_in_Malaysia
    – ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့သည့် MH 17 လေယာဉ်တွင် လိုက်ပါသွားကြသူများ၏ အလောင်းများ ပထမအသုတ်အဖြစ် မလေးရှားနိုင်ငံသို့ ယနေ့တွင် ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    သေဆုံးသူ ၂၀ ၏ ရုပ်ကလပ်များကို မလေးရှား အထူးလေကြောင်းလိုင်းဖြင့် သယ်ဆောင်ကာ အမ်စတာဒမ်မြို့မှာ ကွာလာလမ်ပူသို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

    ထိုအခမ်းအနားသို့ မလေးရှားဘုရင်ကြီး အဘ်ဒူလ် ဟာလင်မ် မူအဒ်ဇမ်ရှားနှင့် မိဖုရား ဟာဂျာဟာမီနာ၊ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်နှင် ဇနီးတို့အပါအ၀င် အစိုးရ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သေဆုံးသူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြပြီး ယနေ့ကိုလည်း နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် မလေးအစိုးရက သတ်မှတ်ခဲ့သည်။

    ရုပ်ကြွင်းများကို သယ်ဆောင်ရာ လမ်းတစ်လျှောက်တွင်လည်း ပြည်သူများက သေဆုံးသူများကို ဂုဏ်ပြုခဲ့ကြပြီး မလေးရှားရုပ်သံများကလည်း သေဆုံးသွားသူများ၏ ဓာတ်ပုံများနှင့်အတူ ကုရ်အာန်ကျမ်းတော်မြတ်မှ ပါဒတော်များကို ထုတ်လွှင့်ပြသခဲ့သည်။

    ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၉၈ ဦး တင်ဆောင်လာသည့် အဆိုပါ MH 17 လေယာဉ်မှာ အမ်စတာဒမ်မှ ကွာလာလမ်ပူမြို့သို့ ပျံသန်းစဉ် ယူကရိန်း အရှေ့ပိုင်း လေပိုင်နက်အတွင်း ပစ်ချခြင်းခံခဲ့ရပြီး လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးခဲ့ရသည်။ အဆိုပါလေယာဉ်ပေါ်တွင် မလေးရှားနိုင်ငံသား ၃၀ ဦး ပါဝင်သည်။

    သေဆုံးသူများ၏ ရုပ်ကလပ်များကို ၎င်းတို့နေထိုင်ရာ နေရပ်များသို့ ရဟတ်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ပြီး၊ သေဆုံးသူများ၏ အယူဝါဒအတိုင်း သင်္ဂြိုဟ်ခွင့်ရမည်ဖြစ်သည်။

    Agencies

  • ဂါဇာ ကလေးငယ် ၄ သိန်းနီးပါးမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်နေ

    ဂါဇာ ကလေးငယ် ၄ သိန်းနီးပါးမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်နေ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    NYHQ2014-0901
    – အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ခံနေရသည့် ဂါဇာဒေသတွင် ပါလက်စတိုင်း ကလေးငယ် ၄ သိန်းနီးပါးမှာ ကနဦး စိတ်ပိုင်းဆိုင်ရာ အကူအညီများကို ချက်ခြင်း လိုအပ်နေသည်ဟု ယူနီဆက်ဖ်က ပြောကြားလိုက်သည်။

    “(အစ္စရေးမှ ကျူးကျော်တိုက်ခိုက်မှု၏) ဆိုးကျိုးတွေက ရုပ်ပိုင်းဆိုင်ရာမှာ တော်တော်လေးကို များပြားပြီး သေဆုံးဒဏ်ရာရသူတွေ၊ အခြေခံအဆောက်အအုံတွေ ပျက်ဆီးတာတွေ ရှိနေပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ဘယ်သူမှမသိတဲ့ ခံစားမှုပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်မှုတွေပါပဲ။ ဂါဇာမှာ ဘယ်နေရာမှ လုံခြုံမှုမရှိဘူးဆိုတဲ့ ခံစားမှုမျိုးက ကောင်းမွန်တဲ့ ဖီလင်မျိုးတော့ မဟုတ်ပါဘူး” ဟု
    ဂါဇာဒေသ ဆိုင်ရာ ယူနီဆက်ဖ် အကြီးအကဲ ပါနီလာ အိုင်းရင်းဆိုက်က ကုလသမဂ္ဂ ရုံးချုပ်တည်ရှိရာ နယူးယောက်တွင် ယမန်နေ့ကပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ၄၈ နာရီအတွင်း ဂါဇာတွင် ကလေးငယ် ၉ ဦး သေဆုံးခဲ့ပြီး ကျူးကျော်တိုက်ခိုက်မှု စတင်ခဲ့သည့် ဇူလိုင်လအစောပိုင်းမှစ၍ သေဆုံးခဲ့သည့် ကလေးငယ် အရေအတွက် ၄၉၆ ဦး ရှိလာခဲ့ပြီဖြစ်သည်။

    ယာယီအပစ်ရပ်ရေး ပျက်ပြယ်သွားခဲ့ပြီးနောက် အင်္ဂါနေ့မှ စတင်ကာ အစ္စရေးက ဂါဇာဒေသအား လေကြောင်းမှ ကျူးကျော်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့ပြီး ယမန်နေ့ တိုက်ခိုက်မှုအတွင်းမှာပင် ကလေငယ်များအပါအ၀င် ပါလက်စတိုင်း ၂၀ ကျော် သေဆုံးခဲ့ည်။

    ထို့ကြောင့် ၁ လကျော်ကြာ ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၂၀၉၀ ရှိလာပြီဖြစ်ပြီး၊ ဒဏ်ရာရသူ သောင်းနှင့်ချီ၍ ရှိနေကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သန်းချီရှိနေသည်။

  • အီတလီဘောလုံး မင်းသား ဘာလော့တယ်လီ လီဗာပူးလ်သို့ ရောက်ပြီ

    အီတလီဘောလုံး မင်းသား ဘာလော့တယ်လီ လီဗာပူးလ်သို့ ရောက်ပြီ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    443828_heroa
    – မိမိတို့အသင်း၏ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီအား လီဗာပူးလ်အသင်းက ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု  အေစီမီလန်အသင်းက ကြေညာခဲ့သည်။

    ယမန်နေ့က အေစီမီလန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းခဲ့သည့် ဘာလော့တယ်လီမှာ အေစီမီလန်ဂျာစီကို နောက်ဆုံးဝတ်ဆင်ခြင်းဖြစ်သည်ဟု Sky Sports Italia က ကြေညာခဲ့ပြီး နောက်ပိုင်းတွင် အေစီမီလန်အသင်း ၀ဘ်ဆိုက်ကလည်း ဘာလော့တယ်လီ ထွက်ခွာမှုနှင့် စပ်လျဉ်း၍ ရေးသားဖော်ပြခဲ့သည်။

    “အသင်းဖော်တွေကို နှုတ်ဆက်ပြီးတဲ့နောက် ဘာလော့တယ်လီဟာ ဒေသစံတော်ချိန် နေ့လည် ၁ နာရီခွဲမှာ Milanello အားကစားစင်တာ (လေ့ကျင့်ရေးကွင်း) ကနေ ထွက်ခွာသွားခဲ့ပါတယ်။ မထွက်ခွာခင်မှာ မီလန် သတင်းအဖွဲ့ရုံးခန်းကိုလည်း လာရောက် နှုတ်ဆက်သွားပါတယ်” ဟု အေစီမီလန်အသင်းက ရေးသားဖော်ပြခဲ့သည်။

    ဘာလော့တယ်လီမှာ အေစီမီအသင်းသို့ ပြီးခဲ့သည့်နှစ်က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ၄၃ ပွဲကစားကာ ၂၆ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ၎င်းအား ယူရို သန်း ၂၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှုရခဲ့သည်ဟု သတင်းများက ဖော်ပြနေကြသည်။

    လီဗာပူးလ်အသင်းမှာ ချယ်ဆီးတိုက်စစ်မှူးဟောင်း အီတူးကိုလည်း တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူရန် ချဉ်းကပ်နေသည်။

  • တိုက်စစ်မှူး ဇက်ကိုအား မန်စီးတီး သက်တမ်းတိုး

    သြဂုတ် ၂၂၊ ၂၀၁၄

    M-Media

    439874_heroa
    – အသင်းရှိ ဘော့စနီးယာတိုက်စစ်မှူး ဇက်ကိုအား လေးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်ဟု မန်စီးတီးအသင်းက ကြေညာခဲ့သည်။

    အဓိက ကစားသမားများကို ကာလရှည် စာချုပ်ချုပ်ဆိုနေသည့် မန်စီးတီးအသင်းမှာ တိုက်စ.စ်မှူး ဇက်ကိုနှင့် ဂိုးသမားဂျိုးဟတ်တို့ကို သက်တမ်းတိုးသွားမည်ဟု တနင်္ဂနွေနေ့ကတည်းက ပြောကြားခဲ့သည်။

    “မန်စီးတီးမှာရှိနေရတာကို ကျွန်တော် သိပ်ပျော်ပါတယ်။ ဒီနေရာဟာ ကျွန်တော့်အတွက် ဒုတိယအိမ်ပါပဲ။ ဒါ့ကြောင့် ရေရှည်ရှိနေဖို့ဆိုတာ ကျွန်တော့်အတွက် လွယ်ကူတဲ့ဆုံးဖြတ်ချက်ပါ။ ဒီထက်ပိုကောင်းတဲ့နေရာကို ကျွန်တော် မမြင်မိပါဘူး” ဟု ဇက်ကိုက သက်တမ်းတိုးမှုနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

    မန်စီးတီးအသင်းမှာ သြဂုတ်လအတွင်းမှာပင် အသင်း၏ အဓိက ကစားသမားများ ဖြစ်ကြသည့် ဗင်းဆင့် ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗားနှင့် အဂူရိုတို့ကိုလည်း ကာလရှည် သက်တမ်းတိုးစာချုပ်များ ချုပ်ဆိုခဲ့သည်။

    ပြီးခဲ့သည့်ရာသီ၌ မန်စီးတီးအသင်း၏ အဓိက တိုက်စစ်မှူးများ ဒဏ်ရာရရှိနေချိန်တွင် ဇက်ကိုမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ရာသီပိတ်နောက်ဆုံးသုံးပွဲတွင် ၎င်းသွင်းယူခဲ့သောဂိုးများက မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို သေချာစေခဲ့သည်။

  • တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဂျာမနီသို့လည်ပတ်

    တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဂျာမနီသို့လည်ပတ်

    သြဂုတ် ၂၂၊ ၂၀၁၄
    M-Media
    Tibet-Education-Dharamshala-India-2014
    တိဗက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား သြဂုတ်လ ၂၀ ရက်နေမှာ အိန္ဒိယနိုင်ငံ ဒါရာမ်ရှာလ ကနေ ဂျာမနီနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ အဲ့ဒီမှာ ငြိမ်းချမ်းရေးဟောပြောမှုတွေနဲ့ သနားကြင်နာခြင်း စတဲ့ လူမှုကျင့်ဝတ် အကြောင်းအရာတွေကို ဟောပြောမှာ ဖြစ်ပါတယ်။

    ဟမ်းဘတ်မြို့ တိဗက်ရေးရာ စင်တာ စီစဉ်တဲ့ ဟမ်းဘတ်မြို့ ခရီးစဉ်မှာ နိုဗယ်ဆုရ ဘုန်းတော်ကြီးဟာ ” ဘဝထဲက လူသားတန်ဖိုး ” ခေါင်းစဉ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ သြဂုတ်လ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ ” ဗောဓိသတ္တ၏ ဘဝလမ်းညွှန်” စာအုပ်ကနေ ပို့ချချက်တွေပေး သွားမှာဖြစ်ပြီး ဒီပို့ချချက်တွေဟာ ဗုဒ္ဓဘာသာဝင်တွေကော ဗုဒ္ဓအတွေးအခေါ်၊ လူနေမှုနဲ့ တရား အားထုတ်မှုကို စိတ်ဝင်စားသူအားလုံးအတွက် ရည်ရွယ်တယ်လို့ စီစဉ်သူတွေကပြောပါတယ်။

    ဓာတ်ပုံအညွှန်း – တိဗက်နည်းပညာကျောင်းရှိ တိဗက်ဆေးပညာနှင့် နက္ခတ်ဗေဒ သင်ကြားနေသောကျောင်းသား ကျောင်းသူများနှင့် ဘုန်းတော်ကြီး ဒလိုင်းလားမား အိန္ဒိယနိုင်ငံ ဒါရာမ်ရှာလ တွင်တွေ့ဆုံစဉ်

    မြတ်ဇော်
    Source : TheTibetPost