သြဂုတ် ၂၆ ၊ ၂၀၁၄
M-Media
– တိုက်စစ်မှူး ဘာလော့တယ်လီမှာ အသင်းမှထွက်ခွာရန် အချိန်ကျပြီဖြစ်ပြီး ၎င်း၏ ထွက်ခွာမှုက အားလုံးအတွက် အကျိုးဖြစ်ထွန်းစေခဲ့သည်ဟု အေစီမီလန်အသင်း၏ စီအီးအို အက်ဒရီယာနို ဂီလာနီက ပြောကြားလိုက်သည်။
ဘာလော့တယ်လီအား ယူရိုသန်း ၂၀ ဖြင့် ခေါ်ယူရန် လီဗာပူးလ်မှ သဘောတူညီမှု ရရှိခဲ့ပြီး အပြောင်းအရွှေ့ကိစ္စမှာ ယနေ့တွင် ပြီးဆုံးခဲ့သည်။ ဂီလာနီက ဘာလော့တယ်လီမှာ အသင်းတွင် ရှိနေရန် ၉၉ ရာခိုင်နှုန်း သေချာသည်ဟု စောစောပိုင်းက ပြောကြားခဲ့သော်လည်း၊ ယခုကဲ့သို့ ရောင်းချရခြင်းမှာ အားလုံး ကောင်းဖို့အတွက်သာဖြစ်သည်ဟု ၀န်ခံခဲ့သည်။
“ဘာလော့တယ်လီ။ မီလန်နဲ့ လီဗာပူးလ်တို့ အားလုံးရဲ့ အကျိုးအတွက် ချခဲ့တဲ့ ဆုံးဖြတ်ချက်ပါပဲ” ဟု ဂီလာနီက Millannews သတင်းဌာနသို့ ပြောကြားခဲ့သည်။
မီလန်နည်းပြ အင်ဇာဂီကမူ ဘာလော့တယ်လီအား ဆုံးရှုံးရခြင်းမှာ ကစားသမားကောင်း တစ်ဦး ဆုံးရှုံးရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ မီလန်မှာ တိုက်စစ်နေရာဖြည့်တင်းရန် အတွက် ရိုမားနှင့် ပေါ်တိုအသင်းတို့မှ တိုက်စစ်မှူးများကို စောင့်ကြည့်နေပြီး ဂီလာနီကလည်း ရှေ့တန်းကစားသမား တစ်ဦးဝယ်ယူရန်မှာ အသင်းအတွက် ဦးစားပေးဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဘာလော့တယ်လီကမူ အမှားတစ်ခုကြောင့် ထွက်ခွာသွားခဲ့ရသည့် အင်္ဂလန်သို့ ပြန်လည်ရောက်ရှိခဲ့သည့် အတွက် ပျော်ရွှင်မိကြောင်း၊ လီဗာပူးလ်အသင်းအား ချန်ပီယံလိဂ်အောင်ပွဲသို့ ခေါ်ဆောင် သွားချင်ကြောင်း စသဖြင့် စာချုပ်ချုပ်ဆိုသည့် အခမ်းအနားပြီးတွင် ပြောကြားခဲ့သည်။
Leave a Reply
You must be logged in to post a comment.