News @ M-Media

Blog

  • IS လုပ်ရပ် ဘာသာတရားနှင့် မသက်ဆိုင်ဟု အိုဘားမာပြော၊ ဓါးစာခံများကို ကယ်ရန် စစ်ဆင်ရေး မအောင်မြင်ခဲ့ဟု သတင်းထုတ်ပြန်

    IS လုပ်ရပ် ဘာသာတရားနှင့် မသက်ဆိုင်ဟု အိုဘားမာပြော၊ ဓါးစာခံများကို ကယ်ရန် စစ်ဆင်ရေး မအောင်မြင်ခဲ့ဟု သတင်းထုတ်ပြန်

    သြဂုတ် ၂၁ ၊ ၂၀၁၄
    M-Media

    ဂျိမ်းဖိုလေးနှင့် ပြန်ပေးဆွဲခံရသူများအား ကယ်တင်ရန် လျှို့ဝှက် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု အမေရိကန်ထုတ်ပြန်၊ IS ၏ လုပ်ရပ်မှာ မည်သည့် ဘာသာတရားနှင့်မှ မသက်ဆိုင်ဟု အိုဘားမာဆို

    james-foley_3011612b

    အွန်လိုင်းတွင် ပြန့်နှံနေသည့် ဗီဒီယို အရ IS အဖွဲ့၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသော အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေးအပါအ၀င် ဆီးရီးယားတွင် ပြန်ပေးဆွဲ ခံထားရသည့် အမေရိကန်နိုင်ငံသားများကို ကယ်တင်ရန် အတွက် လျှို့ဝှက်စစ်ဆင်ရေး တစ်ခုကို ပြုလုပ်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိဟု အမေရိကန် အာဏာပိုင်များက ပြောကြားလိုက်သည်။

    အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ စုံစမ်းမှုအရ ပြန်ပေးဆွဲခံရသူများကို ထိန်းသိမ်းထားဖွယ်ရှိသည်ဟု ယုံကြရသည့် ဆီးရီးယားနိုင်ငံအတွင်းရှိ နေရာ တစ်ခုအား အမေရိကန် စစ်ဆင်ရေးအဖွဲ့ကို ပြီးခဲ့သည့် နွေရာသီတွင် လေယာဉ်ဖြင့် စေလွှတ်ခဲ့သော်လည်း ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိဘဲ ထိုနေရာမှ ထွက်ခွာစဉ်အတွင်း IS (ထိုစဉ်က ISIL) အဖွဲ့သားများနှင့် တိုက်ပွဲများဖြစ်ခဲ့ကြောင်း ယမန်နေ့တွင် ပင်တဂွန်မှ ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    ထိုတိုက်ပွဲတွင် IS တိုက်ခိုက်ရေးသမားများ သေဆုံးခဲ့ပြီး အမေရိကန်ဘက်မှ သေဆုံးခဲ့ခြင်း မရှိဟု အမေရိကန်တာဝန်ရှိသူများက AFP သတင်းဌာနသို့ ပြောကြား ခဲ့သည်။

    ဂျိမ်းစ်ဖိုလေးအား သတ်ဖြတ်မှုမှာ အီရတ်ရှိ မိမိတို့၏ စခန်းများကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်မှုအတွက် လက်စားချေခြင်းဟု IS အဖွဲ့က ပြောကြား ခဲ့သော်လည်း အမေရိကန်သမ္မတ အိုဘားမားက မိမိတို့အနေဖြင့် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတို့၏လုပ်ရပ်မှာ မည်သည့်ဘာသာကိုမှ ကိုယ်စားမပြုဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    “ISIL ဟာ ဘယ်ဘာသာတရားကိုမှ ကိုယ်စားမပြုပါဘူး။ မနေ့က သူတို့လုပ်ခဲ့တာတွေ၊ နေ့တိုင်း သူတို့လုပ်နေတာတွေအတွက် ဘယ်ဘုရားမှ ရပ်တည်ပေးမှာ မဟုတ်ပါဘူး။ အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ဖို့ ဘယ်အယူဝါဒကမှ သင်ကြားမပေးထားပါဘူး” ဟု အိုဘားမားကဆိုသည်။

    IS အဖွဲ့၏ာ လုပ်ရပ်များအတွက် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များမှာ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပြီး ဆော်ဒီမှအကြီးဆုံး မွဖ်သီချူပ် ကလည်း IS နှင့် အလ်ကိုင်းဒါးအဖွဲ့မှာ အစ္စလာမ်သာသနာ၏ နံပါတ် ၁ ရန်သူဖြစ်သည်ဟု အင်္ဂါနေ့က ပြောကြားခဲ့သည်။

    Al Jazeera and agencies
  • ဘာစီလိုနာ အတွက် ကစားရခြင်းမှာ အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု ဆွာရက်ဇ်ဆို

    ဘာစီလိုနာ အတွက် ကစားရခြင်းမှာ အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု ဆွာရက်ဇ်ဆို

    သြဂုတ် ၂၁၊ ၂၀၁၄
    M-Media

    446474_heroa

    – မိမိအနေဖြင့် ဘာစီလိုနာအသင်းတွင် ကစားရန်အတွက် အမြဲတမ်း အိပ်မက်မက်ခဲ့ပြီး အသင်းတွင် သမိုင်းသစ်ရေးထိုးနိုင်ရေး စိတ်လှုပ်ရှားနေသည်ဟု ဥရုဂွေးတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ဆွာရက်ဇ်မှာ နွေရာသီအပြောင်းအရွှေ့တွင် လီဗာပူးလ်အသင်းမှ ယူရို ၈၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး၊ ဘတစ်လျှောက်လုံး မက်ခဲ့သည့် အိပ်မက်ကို ဖြည့်ဆည်းနိုင်ခဲ့ခြင်း အတွက် ပျော်ရွှင်မိသည်ဟု ၎င်းက ဆိုသည်။

    “ကျွန်တော့်အပေါ် ယုံကြည်မှုရှိတဲ့ ကလပ်အသင်း၊ ဒါရိုက်တာတွေ၊ နည်းပြနဲ့ ကျွန်တော့်ကိုအားပေးထောက်ခံသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်း များစွာကတည်းက ကျွန်တော်ဟာ ဘာစီလိုနာမှာ ကစားချင်ခဲ့တာပါ။ ဒီကိုရောက်လာတာ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါပဲ” ဟု ပွဲပယ်ပြစ်ဒဏ်လျှော့ချ ခံရပြီးနောက် ပထမဆုံး ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆွာရက်ဇ်က ပြောကြားခဲ့သည်။

    ဆွာရက်မှာ လီယွန်အသင်းအား ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော တနင်္လာနေ့ပွဲစဉ်တွင် အသင်းအတွက် ပထမဆုံး ၀င်ရောက် ကစားပေးခဲ့သည်။ ပထမဆုံး အသင်းတွင် ပါဝင်ခွင့်ရသည့်အတွက် စိတ်လှုပ်ရှားမိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

  • အီတလီမှာ အခြားသော ထိပ်တန်း အသင်းများထက် ပါရမီရှင်နည်းပါးဟု နည်းပြသစ် ကွန်တီဆို

    အီတလီမှာ အခြားသော ထိပ်တန်း အသင်းများထက် ပါရမီရှင်နည်းပါးဟု နည်းပြသစ် ကွန်တီဆို

    သြဂုတ် ၂၀ ၊ ၂၀၁၄
    M-Media
    446453_heroa
    – အီတလီအသင်းမှာ အခြားသော ထိပ်တန်းဘောလုံးအသင်းများနှင့်စာလျှင်  ပါရမီရှင်များ နည်းပါးပြီး၊ ကစားသမားအနေဖြင့် ထိုကွက်လပ်ကို ဖြည့်ဆည်းပေးရမည်ဟု နည်းပြသစ် အန်တိုနီယိုကွန်တီက ပြောကြားလိုက်သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခဲ့ရပြီးနောက် နည်းပြ ပရန်ဒယ်လီမှာ အသင်းမှ နှုတ်ထွက်ခဲ့သည်။ ထို့ကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်က နည်းပြသစ် ရှာဖွေနေခဲ့ပြီး ဂျူဗင်တပ်စ်နည်းပြဟောင်း ကွန်တီအား ယမန်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော် စိတ်တွေလှုပ်ရှားနေပါတယ်။ အရာရာတိုင်း အတွက်လည်း ပျော်ရွှင်မိပါတယ်။ လူတိုင်းက ဒီအလုပ်ကို လိုချင်ကြတာပါ။ အသင်းကို လေးနှစ်တာ နည်းပြခဲ့ပြီး ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ ပရန်ဒယ်လီကို ကျွန်တော် ဂုဏ်ပြုချင်ပါတယ်။ အောင်မြင်မှုရဖို့၊ အောင်မြင်မှုတွေကို ရှာဖွေဖို့ ကျွန်တော် အသက်ရှင်နေတာပါ။ အခြား လက်ရွေးစင်အသင်းတွေက ကျွန်တော်တို့ထက် ပိုပြီးကောင်းပါတယ်။ ဒါပေမယ့် အုပ်စုလိုက်ကစားပြီး ဒီကွက်လပ်ကို ကျွန်တော်တို့ ဖြည့်နိုင်ပါတယ်။ ဒါဟာစိန်ခေါ်မှုပါပဲ။ လိုလိုလာလားကို ကျွန်တော် လက်ခံပါတယ်” ဟု နည်းပြအဖြစ် ခန့်အပ်ပွဲအခမ်းအနားတွင် ကွန်တီက သတင်းထောက်များကို ပြောကြားခဲ့သည်။

    ကွန်တီမှာ ဂျူဗင်တပ်စ်အသင်းအား စီးရီးအေဖလားကို သုံးကြိမ်ဆက်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ယခုနှစ်နွေရာသီတွင် အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်သည်။

  • အီဘိုလာ သံသယရှိသူ တစ်ဦး ရန်ကုန်လေဆိပ်တွင်တွေ၊့ စစ်ဆေးမှုများပြုလုပ်နေ

    အီဘိုလာ သံသယရှိသူ တစ်ဦး ရန်ကုန်လေဆိပ်တွင်တွေ၊့ စစ်ဆေးမှုများပြုလုပ်နေ

    သြဂုတ် ၂၀ ၊ ၂၀၁၄
    M-Media

    အာဖရိကမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အီဘိုလာ သံသယရှိသူ တစ်ဦး ရန်ကုန်လေဆိပ်တွင်တွေ၊့ စစ်ဆေးမှုများပြုလုပ်နေ

    – ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်သည်ဟု သံသယရှိ၍ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ အမျိုးသားမှာ အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေသော အာဖရိက အနောက်ပိုင်းဒေသ  ဂီနီနှင့် လိုက်ဘေးရီးယားတို့တွင် (၁၃) လခန့် အလုပ်လုပ်ကိုင်ဖူးပြီး ယမန်နေ့ ညပိုင်း ၈ နာရီလေယာဉ်ဖြင့် ဘန်ကောက်မြို့မှ ရန်ကုန်သို့ ရောက်ရှိလာခြင်းဖြစ်ကာ အဖျားဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရကြောင်းသိရှိရသည်။

    ၎င်းအား ရန်ကုန်မြို့ဆင်ခြေဖုံးရှိ  ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လွှဲပြောင်း၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းနှင့် ဓာတ်ခွဲ စစ်ဆေးခြင်းများ ပြုလုပ်နေသည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်မှု အရသိရသည်။

    ref_ ဆင်ဟွာ၊ MOI

  • IS နှင့် အလ်ကိုင်ဒါ အဖွဲ့ဟာ အစ္စလာမ့်အတွက် နံပါတ် ၁ ရန်သူဟု ဆော်ဒီရဲ့ အကြီးဆုံး မွဖ်သီချူပ်ပြော

    IS နှင့် အလ်ကိုင်ဒါ အဖွဲ့ဟာ အစ္စလာမ့်အတွက် နံပါတ် ၁ ရန်သူဟု ဆော်ဒီရဲ့ အကြီးဆုံး မွဖ်သီချူပ်ပြော

    သြဂုတ် ၂၀ ၊ ၂၀၁၄
    M-Media
    Abdul Aziz al-Sheik
    – စစ်သွေးကြွအဖွဲ့များဖြစ်ကြသည့် IS နှင့် အလ်ကိုင်းဒါးအဖွဲ့တို့မှာ အစ္စလာမ်သာသနာနှင့် မည်သို့မှ ပတ်သက်ခြင်းမရှိပဲ၊ ထိုအဖွဲ့များမှာ အစ္စလာမ်၏ နံပါတ် ၁ ရန်သူများသာဖြစ်သည်ဟု ဆော်ဒီမှ အကြီးဆုံး မွဖ်သီချုပ် ရှိက်ခ်အဗ်ဒွလ် အဇစ်စ် က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေအချို့ကို သိမ်းယူကာ အစ္စလာမ့်မစ်နိုင်ငံတော်ဟု ကြေညာထားသည့် IS အဖွဲ့၏ ဆိုးရွားသောလုပ်ရပ်များအတွက် ဆော်ဒီရှိ မွဖ်သီများနှင့် အခြားသော ဘာသာရာရေး ပညာရှင်များမှာ ယခင်ကလည် ရှုတ်ချခဲ့ဖူးသည်။

    “အစွန်းရောက်တွေ၊ စစ်သွေးကြွတွေရဲ့ အိုင်ဒီယာတွေနဲ့ အကြမ်းဖက်ဝါဒဟာ ကမ္ဘာကြီးကို ပျက်စီးစေဖို့၊ လူသားတွေရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးဖို့ ပြန့်နှံ့နေတာပါ။ အစ္စလာမ်နဲ့ ဘာမှ မဆိုင်ပါဘူး။ သူတို့ဟာ အစ္စလာမ်ရဲ့ နံပါတ် ၁ ရန်သူဖြစ်ပြီး မွတ်စလင်တွေသာလျှင် သူတို့တွေရဲ့ ပထမဆုံးသားကောင်တွေ ဖြစ်ရတာပါ” ဟု ဆော်ဒီ အစိုးရသတင်းဌာန Saudi Press Agency တွင် ဖော်ပြထားသည့် ကြေညာချက်တွင် မွဖ်သီချုပ်က ပြောကြားခဲ့သည်။

    ဆော်ဒီမှာ IS၊ အလ်ကိုင်းဒါး၊ နူဆရာတပ်ဦးနှင့် အခြားသောအဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် ပြီးခဲ့သည့် မတ်လအတွင်းက သတ်မှတ်ခဲ့ပြီး ထိုအဖွဲ့များအး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကူညီပေးသူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ရန် ဥပဒေပြဌာန်းခဲ့သည်။

    ဆော်ဒီဘုရင် အဗ်ဒွလ်လာကလည်း အစ္စလာမ့်ရှရီအသ်ဥပဒေကို တစ်လွဲအသုံးချနေသော စစ်သွေးကြွအဖွဲ့များအား တိုက်ခိုက်ရန်နှင့် တစ်ကမ္ဘာလုံးမှ မွတ်စလင်ပညာရှင်များ၊ ခေါင်းဆောင်များက ထိုအဖွဲ့အား ဆန့်ကျင်ကြရန် ယခုလအစောပိုင်းတွင် တိုက်တွန်းခဲ့သည်။

    ဆီးရီးယားနှင့် အီရတ်နိုင်ငံတွင် နယ်မြေများကို သိမ်းပိုက်ကာ အကြမ်းဖက်မှုများကို ဆောင်ရွက်နေသည့် IS အဖွဲ့ဝင်အများစုမှာ အမေရိကန်တို့ လက်နက်တပ်ဆင် လေ့ကျင့်ပေးထားသော ဆီးရီးယား သူပုန်များဖြစ်ကြသည်ဟု ကမ္ဘာ့မီဒီယာများက ဖော်ပြခဲ့သည်။

    ထို့ပြင် ခလီဖဟ် အဖြစ် ကြေညာထားသူ ထိုအဖွဲ့ခေါင်းဆောင် ဘဂ္ဂဒါဒီမှာလည်း အစ္စရေး ထောက်လှမ်းရေးအဖွဲ့ မော့ဆက်၏ အေးဂျင့်တစ်ဦးဖြစ်သည်ဟု ဆိုရှယ်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြသည်။ သို့သော်လည်း ခိုင်လုံသည့် အထောက်အထားများ တွေ့ရခြင်း မရှိသေးပေ။

    (Retuters)