News @ M-Media
Blog
  • ယူကရိန်း ဒုက္ခသည်ယာဉ်တန်းအား တိုက်ခိုက်မှု အတွင်း အရပ်သား အများအပြားသေဆုံး
    ယူကရိန်း ဒုက္ခသည်ယာဉ်တန်းအား တိုက်ခိုက်မှု အတွင်း အရပ်သား အများအပြားသေဆုံး
    သြဂုတ် ၁၉ ၊ ၂၀၁၄
    M-Media
    2014818145320708734_20
    – ယူကရိန်းအရှေ့ပိုင်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဒုက္ခသည် ယာဉ်တန်းမှာ ယမန်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဒုက္ခသည် ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်ဟု သိရသည်။
    တိုက်ခိုက်မှုမှာ Khryashchuvate နှင့် Novosvitlivka မြို့အကြား ခွဲထွက်ရေးသမားများ ကြီးစိုးရာ Luhansk မြို့အနီး ယမန်နေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအတွက် ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသမားတို့က အပြန်အလှန် ပြစ်တင် ပြောဆိုခဲ့ကြသည်။
    ယူကရိန်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ အန်ဒရီလီ လီရှန်ကိုကမူ ထိုအဖြစ်အပျက်အား ဆိုးရွားသည့် ရာဇ၀တ်မှုဖြစ်သည်ဟု ပြောကြားခဲ့ပြီး သေဆုံးသူမှာ ဒါဇင်နှင့်ချီ၍ ရှိမည်ဟု ဆိုသည်။
    “အမျိုးသမီးတွေနဲ့ ကလေးတွေအပါအ၀င် လူအများအပြားသေဆုံးခဲ့ပါတယ်။ သေဆုံးသူအရေအတွက်ကို ပြုစုနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
    အဆိုပါ ယာဉ်တန်မှာ မော်တာဗုံးများ၊ အမြောက်များဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ကားအများပြားမှာလည်း မီးလောင်ပျက်စီးခဲ့သည်။
    ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွထွက်ပြေးရသူ အရေအတွက်မှာ ၃ သိန်းခွဲနီးပါးရှိလာပြီဟု သောကြာနေ့က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ စာရင်းများတွင် ဖော်ပြထားသည်။
    Ref:aljazeera
  • “အမိုးမရှိတဲ့ကောင်းကင်” မှတ်တမ်း ရုပ်ရှင်အား အတူတကွကြည့်ရှု ဆွေးနွေးခြင်း
    “အမိုးမရှိတဲ့ကောင်းကင်” မှတ်တမ်း ရုပ်ရှင်အား အတူတကွကြည့်ရှု ဆွေးနွေးခြင်း
    သြဂုတ် ၉ ၊ ၂၀၁၂
    10628616_675892365818207_5307380505194354581_n
    တော်ဝင်နှင်းဆီ
    အရှင်ဓမ္မပီယ
    —————
    ရတနာ့မေတ္တာဦးမြင့်ဆွေ
    —————————
    ဒီကားတ၀က်လောက်မှာပဲ ကရုဏာရသ မြောက်တယ် မေတ္တာတရားရဲ့ အရိပ်အရောင်တွေ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ ထေရ၀ါဒဗုဒ္ဓဘာသာ စစ်စစ်တွေ ခံယူတားတဲ့ စိတ်ပိုင်းဆိုင်ရာ ကရုဏာ ရသနဲ့မေတ္တာတရားကို ဒီကားမှာ ထင်ထင်ရှားရှားတွေ့ရပါတယ်။ ဒေါသတွေ မောဟတွေ ရိုင်းပျတဲ့ မြင်ကွင်းပြောဆိုချက်တွေ ဒီကားထဲမှာ လုံးဝမပါဝင်ပါဘူး၊ ပါဝင်တဲ့လူတွေရဲ့ တကယ့်မိတ်ကပ်မလိမ်းဘဲရိုက်ထားတဲ့ ဟာတွေ တကယ့်အဖြစ် တကယ့်ရသ ဒီနေရာမှာ ကရုဏာရသ ကဲနေတာ တွေ့ရတယ် အင်မတန် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာအတွက် အင်မတန် အကျိုးရှိတဲ့ ဇာတ်ကားလေးပါ။ လတ်တလော မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခရှိနေတဲ့ အထူးသဖြင့် ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဝါဒကို ကျင့်သုံးနေတယ်ဆို တဲ့ ကောလဟာလကိုချေဖျက်တဲ့အချက်ကို တွေ့ရပါတယ်၊ တကယ့်အောက်ခြေမှာ ဘာသာမတူပေမယ့်လဲ ချစ်ကြည် ရင်နှီးစွာနေထိုင်တဲ့ ကူညီတဲ့ မိသားစု မေတ္တာတရား၊ ဗုဒ္ဓဘာသာအမျိုးသမီးရဲ့မေတ္တာတရားကို ဒီမှာ ထင်ထင်ရှားရှားတွေ့ရတယ်၊ ဒါအင်မတန်ကို ကမ္ဘာရော၊ မြန်မာနိုင်ငံ အတွင်းမှာရော ပြောဆိုရေးသား၊ Facebookပေါ်မှာတင်ပြီးတော့ စွပ်စွဲနေကြတဲ့ ဟာတွေကို တကယ်ချေဖျက်ပေးပါတယ်။
    ဦးအေးလွင်
    ————
    ကျွန်တော် အလေးအနက်ပြောချင်ပါတယ်…ဒီဇာတ်ကားကို ရိုက်ကူးကြတဲ့ ဒါရိုက်တာများကိုလည်း ချီးကျူးပါတယ်။ ဆက်လက်ပြီးတော့လည်း ကြိုးစားပါ။ လူငယ်မျိုးဆက်သစ်က အာဃာတနှင့် အမုန်းတရားကို လက်မခံဘူးဆိုတာကို ကျွန်တော်တို့ ပြပြီးတော့ ကျွန်တော်တို့လူကြီးတွေကို ပညာပေးပေးပါ။ ဒါကိုလည်း ဆက်လက်ပြီးတော့ ပြသနိုင်အောင် ကြိုးစားပေးပါ။
    ကိုမြအေး
    —————
    အရင်ဆုံးပြောရရင် ရုပ်ရှင်ရိုက်တဲ့ ကျွန်တော့်ညီအကိုမောင်နှမတွေကို အရင်ချီးကျူးချင်ပါတယ်။ မျိုးဆက်သစ်ဟာလန်းဆန်းတယ် အတွေးအခေါ်ရှိတယ်ဆိုတာကို ထင်ထင်ရှားရှား မြင်ရတဲ့အတွက်ပါ။ အားလည်းရှိပါတယ်၊ အားလည်းရပါတယ်၊ ဒီရုပ်ရှင်မှာ ရုပ်ရှင်တကားအနေနဲ့ကြည့်ရမယ်ဆိုရင် မတူကွဲပြားတဲ့ ယဉ်ကျေးမှုရှု့ထောင့်က ချဉ်းကပ်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်ရဲ့ကြီးမားတဲ့မေတ္တာ တရားကို တွေ့ရပါတယ်။ ခြုံပြောရရင် ဒီရုပ်ရှင်ဟာ တဖက်စောင်းနင်း မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဘာလို့လဲဆိုတော့ရုပ်ရှင်ထဲမှာပါတဲ့ သရုပ်ဆောင်တွေ အကုန်ပြောသွားတဲ့စကားတွေ၊ အလုပ်ရော ပြကွက်တွေ မှာရော တဖက်စောင်းနင်ဖြစ်စေတဲ့ အရာ မရှိဘူးလို့မြင်ပါတယ်။ နောက်တစ်ခု ဒီရုပ်ရှင်မှာ ဗုဒ္ဓဘာသာရဲ့ကြီးမားတဲ့မေတ္တာစွမ်းအားရဲ့ အမျိုးသမီး ကဏ္ဍကို ထုတ်ဖော်ပြသတယ်လို့ ကျွန်တော်မြင်ပါတယ်၊ တကယ်လည်းဟုတ်ပါတယ်။ မိတ္ထိလာမှာ အစ္စလမ်ဘာသာဝင်(၈၀၀)ကျော်ကိုကယ်တင် ခဲ့တဲ့ဆရာတော် တပါးရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်မြင်တာက လူသားတွေကိုလူသားတွေလို့မြင်တဲ့ မျိုးဆက်သစ်တစ်ခုက တင်ပြတဲ့Documentary Film ဟာ အရမ်းတန်ဖိုးရှိပါတယ်၊ ချီးကျူးပါတယ် ၊လေးစားပါတယ်လို့ ပြောချင်ပါ တယ်။
    ……………………………………………..
    ဟိန္ဒူဘာသာရေး ခေါင်းဆောင် ဒေါက်တာလှထွန်း
    —————————————————–
    ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဟိန္ဒူဘာသာရေး ရှု့ထောင့်ဘက်က ထူးထူးခြာခြားပြောစရာတောင် မရှိပါဘူး။ ပြဖို့သင့်တယ်။ ပြရင်လူတွေမှာ ပဋိပက္ခတွေမှာ အတူတကွနေထိုင်ခြင်း၊ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာရှိခြင်း၊ တစ်ယောက်နဲ့တစ်ယောက်သနားခြင်း ဆိုတဲ့သင်ခန်းစာကို ရပါတယ်။ကျွန်တော်တို့ဟိန္ဒူအနေနဲ့ ဘာမှကန့်ကွက်စရာ မရှိပါဘူး။
    ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ဒေါက်တာစောလှိုင်ဘွား
    —————————————————————–
    ဒီရုပ်ရှင်ဟာ တကယ့်ကို ဘာသာရေး အနှစ်သာရ၊ လူ့အခွင့်အရေး အနှစ်သာရတွေကို အပြည့်အ၀ဖော်ညွှန်းပေးတဲ့ ရုပ်ရှင်ဖြစ်ပါ တယ်။ ဒါကြောင့်မို့ လို့ စောစောကပြောတဲ့ ခွင့်ပြုချက်ဆိုတဲ့ကိစ္စကို ကျွန်တော်နားလည်တာက ခွင့်ပြုချက်ရပါတယ် (ဟုတ်တယ်နော်) ။ ခွင့်ပြုချက်ရတယ်။ သို့သော် ခုနက ပြောတဲ့ စိုးရိမ်မှုတွေကြောင့် မပြဖြစ်တာ…ကျွန်တော်လည်း အဲဒီလိုပဲနားလည်တယ် ။ ခွင့်ပြုချက်မရတဲ့ ရုပ်ရှင်မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ မပြဖြစ်တဲ့ရုပ်ရှင်ပါ၊ စိုးရိမ်မှုတွေကြောင့်ပါ။ ကျွန်တော်တို့ MIT မှာလာပြီးပြပါလို့။ အခုလည်းကျွန်တော်တို့က ပထမရတဲ့ကားတွေပဲပြဖို့ပြောတယ်။ ဒီကားလေးပါ ထည့်ပြပေးပါလို့ ကျွန်တော် မေတ္တာရပ်ခံ ချင်ပါတယ်။ ကျေးဇူး အများကြီးတင်ပါတယ်။
    ကရင်အမျိုးသမီး ဖွံ့ဖြိုးရေး အဖွဲ့/ အမျိုးသမီး ငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက် ဆူဇန်နော်လှလှစိုး
    ————————————————————
    ရုပ်ရှင်လေးကြည့်ပြီးတော့ ကျွန်မ အင်မတန်မှ မုဒိတာပွား ရပါတယ်။ နောက်ပြီးတော့ ရိုက်ခဲ့တဲ့ ညီအကိုမောင်နှမတွေကိုလည်း အထူးပဲ ချီးကျူးပါတယ်လို့။ ဒီရုပ်ရှင်ကို မပြဖြစ်ဘူးလို့ ကြားလိုက်ရတယ်… ကြားလိုက်တော့ တော်တော် စိတ်မကောင်းဖြစ်တယ်။ ဘာလဲဆိုတော့… ဒီရုပ်ရှင် အကြောင်းလည်း ကျွန်မနည်းနည်းတော့ သိထားတယ်ပေါ့နော်။ အဲဒီတုန်းကတော့ ခြိမ်းခြောက်မှုတွေ၊ ကန့်ကွက်မှုတွေကြောင့်ပေါ့နော်။ အဲလိုမျိုးမပြဖြစ်တာလို့ သိရတယ်။ ကျွန်မဆိုရင်တော့ ပြသာပြ။ သူတို့ရုပ်ရှင်ရုံ မီးလာရှို့မယ် သူတို့ရှို့ရဲမလား။ ရုပ်ရှင် ရုံပိုင်ရှင်ကကောခွင့်ပြုမလား အဲလိုမျိုးပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့နည်းနည်းစမ်းကြည့်တယ်။ အဲတော့.. ကျွန်မတို့ဘက်က နောက်ဆုတ်သွားတယ်.. ဒါသူတို့အောင်မြင်သွားတယ်။ ကျွန်မကတော့ဒါ…လုံးဝလက်မခံဘူး။ ကျွန်မသာဆိုလို့ ရှိရင်တော့… ဒါကိုဆက်ပြမှာပဲပေါ့နော်။ ဒါကျွန်မတို့ ကောင်းတဲ့အလုပ်လုပ်တာ ဒါဆက်လုပ်ရမှာပဲ။ အဲဒါကြောင့်မို့လို့ ကျွန်မဒီမှာ အားပေးချင်တာပေါ့နော် ဒီလိုဇာတ်ကားမျိုးတွေကို ဆက်ပြီးတော့ ရိုက်ပါဖြန့်ပါ။
    ဦးဝင်းလှိုင်
    ———-
    ဖိတ်ကြားတဲ့ ဒါရိုက်တာနဲ့ ဆရာဦးဖေမြင့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဒီရုပ်ရှင်ကားလေးကြည့်ရတာ မိနစ်(၂၀) အစိတ်ပဲ ကြာပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ကားလေးဟာ အဓိပ္ပါယ်ပြည့်ဝပြီး ထူးခြားလေးနက်တဲ့ စကားလုံးများနဲ့အဆုံးသတ်သွားခဲ့တယ်။ အတော် မင်္ဂလာရှိပါတယ်။ ဒီရုပ်ရှင်လေးဟာ မေတ္တာတရားကို တကယ်ဖော်ပြခဲ့တာပါ။ အစၥလမ္ဘာသာ၊ ဗုဒၶဘာသာ။ ဘာသာတွေကို ခဏဖယ်လိုက်ပြီးတော့… ကြွလာပွင့်တော်မူပြီးလေခဲ့သမျှသော ဘုရားရှင်များရဲ့ အခြေခံတရားဟာ မေတ္တာပါ။ မေတ္တာသာမရှိရင်၊ ကရုဏာသာမရှိရင် လူတွေလိုချင်တဲ့ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ မေတ္တာရယ်၊ ကရုဏာရယ်၊ ပညာရယ်ပေါင်းမှ ငြိမ်းချမ်းရေး ရမှာပါ။
    စာရေးဆရာ ထင်လင်းဦး (Wisdom Villa )
    ———————————————
    ဘာသာတရားက ကျွန်တော်တို့ကိုလူတိုင်းကို ချစ်ခင်ဖို့အတွက် သွန်သင် ဆုံးမတယ်လို့ ကျွန်တော်တို့နားလည်ပါတယ်။ ကျွန်တော်တို့စိတ်နှလုံးသားတွေက နူးညံ့ပျော့ပျောင်း ရမယ်။ လူတိုင်းအပေါ်မှာ ကျွန်တော်တို့က ကြင်နာမှုရှိရမယ်။ ငိုနေတဲ့လူ တစ်ယောက်ကို ဘယ်ဘာသာဝင်လဲလို့မေးပြီးမှ ချော့မြှူအားပေးရမယ်ဆိုရင် ကျွန်တော်တို့စိတ်ဓါတ် ခွန်အား တော်တော်နည်းနေပြီ။ တော်တော်ကိုနည်းနေပြီလို့ ကျွန်တော်တို့အဲလိုမြင်ရပါတယ်။ အဲတော့ ကျွန်တော် လက်ခံထားတဲ့ အတိုင်းအတာကတော့ ဘာသာတရားက ကျွန်တော်တို့နှလုံးသားတွေရဲ့ နူးညံ့မှုနဲ့ လူသားချင်း ချစ်ခင်မှုကို သွန်သင်တယ်။ ကျွန်တော်တို့ အဲဒါကိုလိုက်နာကြဖို့ပါ။ ဘာသာတရားကိုကာကွယ်ဖို့အတွက် လူတွေကိုမုန်းပြီးတော့ ရန်ပြုနေဖို့ဆိုတာ ကျွန်တော်တို့အတွက် မဖြစ်နိုင်ဘူး။ နောက်တစ်ချက်ကလူမျိုးဆိုတာ ကျွန်တော်တို့ ဗမာလူမျိုး၊ အိန္ဒိယလူမျိုး၊ တရုတ်လူမျိုးဆိုပြီး ပြောကြတယ်။ ဒါပေမယ့် အဲဒီ့လူမျိုးကို လူစိတ်ရှိစေချင်တာ လူစိတ်ရှိတဲ့ အမျိုးအနွယ်ကိုသာ ကျွန်တော်တို့က လူမျိုးလို့ခေါ်ကြရင်မကောင်းဘူးလား။ သတ်မှတ်ကြရင် မကောင်းဘူးလားလို့၊ ပြောခဲ့ချင်ပါတယ်။
    ကိုမြတ်စံ
    ———-
    ကျွန်တော်ကတော့ မျိုးဆက်သစ်လူငယ်တွေကိုပိုချီးကျူးတယ်။ အော် သူတို့ ဖန်တီးတတ်ပါလားလို့… တချို့အနုပညာတွေမှာ အနုပညာကို ၀ါဒဖြန့်ချိရေးလက်နက် တစ်ခုအဖြစ် အစိုးရ(သို့) တစ်ချို့အဖွဲ့အစည်းတွေမှာ သုံးတယ်။ ဒါပေမယ့် အနုပညာရဲ့ သဘောကရှင်းပါတယ်။ အနုပညာကိုဖော်ကြူးသူ၊ တင်ဆက်သူက သူ့ရဲ့ ရင်တွင်းဖြစ်ခံစားချက်ကိုပဲဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့ အဖြစ်အပျက်တွေရဲ့ အခြေအနေကို သူနားလည်သလို သူခံစားသလို တင်ဆက်ထားတာ။ ကြည့်ရှုသူတွေနှင့် ခံစားသူတွေကသာ ကိုယ့်ရှု့ထောင့်၊ ကိုယ့်နေရာကနေ အခံစိတ်တွေနဲ့ ဒါမှမဟုတ် မကြည်စိတ်တွေနဲ့ ခံစားမြင်ကြတယ်။
    မင်းထင်ကိုကိုကြီး
    ——————–
    “The Open Sky” ရုပ်ရှင်ဟာ ကျွန်တော်ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့… တကယ်လို့ ကျွန်တော်လည်း “The Open Sky” ရုပ်ရှင်လို ဘာသာမတူတဲ့ အမျိုးသမီးကြီး (၂)ဦးကြားမှာရှိတဲ့ မေတ္တာတရား၊ ကရုဏာတရားကို အခြေခံပြီး အဲဒီ အမျိုးသမီး(၂)ဦးရဲ့ ငြိမ်းချမ်းရေးတောင့်တသံကို ပေါ်လွင်အောင် မှတ်တမ်းရုပ်ရှင်တစ်ခု ဖန်တီးရတော့မယ်ဆိုပါစို့။ အဲဒီအချိန်မှာ အစ္စလမ်ဘာသာဝင် တစ်ဦးဦးက ကျွန်တော့်ဇက်ပေါ်ဒါးတင်ပြီး “ငါတို့ ဗလီတွေ မီးရှို့ခံရတာ၊ ငါတို့ဘာသာဝင်တွေ အသတ်ခံရတာ ထည့်ကိုထည့်ရမယ်” လို့လည်း ခြိမ်းခြောက်လာမယ်ဆိုပါစို့။ ကျွန်တော့်ဇက်ကိုသာ ဖြတ်ချသွားပါ။ အမျက် ဒေါသတွေ ၊အာဃာတတွေ၊ အမုန်းတွေ ပွားများစေမယ့် နောက်ခံ အဖြစ်အပျက်တွေ၊ အရုပ် အသံတွေကို ထည့်မှာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ယောက်က ကျွန်တော့်ဇက်ပေါ် ဒါးတင်ပြီး “ငါတို့ သံဃာ အသတ်ခံရတာ၊ ငါတို့အမျိုးကောင်းသမီး အဓမ္မ အကျင့်ခံရတာ ထည့်ကိုထည့်ရမယ်” လို့လည်း ခြိမ်းခြောက်လာမယ်ဆိုပါစို့။ ကျွန်တော့်ဇက်ကိုသာ ဖြတ်ချသွားပါ။ အမျက် ဒေါသတွေ၊ အာဃာတတွေ၊ အမုန်းတွေ ပွားများစေမယ့် နောက်ခံ အဖြစ်အပျက်တွေ၊ အရုပ် အသံတွေကိုထည့်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီရုပ်ရှင်ဟာ အာဃာတတွေ၊ အမျက် ဒေါသတွေ၊ အမုန်းတရားတွေ မဆုံးအောင် တိုးပွားပြီး အသစ် အသစ်သော ပဋိပက္ခတွေ ဖြစ်လာစေဖို့ ရည်ရွယ်တာ မဟုတ်တဲ့အတွက်ကြောင့်ပါပဲ။ ကြည့်မိတဲ့သူရဲ့ စိတ်ထဲ ရင်ထဲမှာ မေတ္တာတရားနဲ့ ကရုဏာတရားကိုသာ ဖြစ်စေလိုတဲ့ စေတနာ ထားမယ်ဆိုရင် အဲသည်လို အကြမ်းဖက် ရက်စက်မှု အဖြစ်အပျက် အရုပ်အသံတွေ ထည့်စရာလိုတယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။
    18th Aug 2014
    Human Dignity Film Institute
    Human Rights Human Dignity International Film Festival FB Page မှ ကူးယူဖော်ပြပါသည်။
    Link => https://www.facebook.com/HRHDIFF/photos/a.397561520317961.94119.397556766985103/675892365818207/?type=1
  • ဂါဇာအပစ်ရပ်ရေး ၂၄ နာရီ ထပ်မံသက်တမ်းတိုး၊ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်
    ဂါဇာအပစ်ရပ်ရေး ၂၄ နာရီ ထပ်မံသက်တမ်းတိုး၊ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်
    သြဂုတ် ၁၉၊၂၀၁၄
    M-Media
    4E8BE81514B5865765A86A31166DB2_h427_w622_m2_q100_cFCGHMPSH
    – ဂါဇာဒေသ အမြဲတမ်းအပစ်ရပ်ရေး ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်နိုင်ရန်အတွက် ၂၄ နာရီကြာ အပစ်ရပ်ရေး သက်တမ်းတိုးမှုကို အစ္စရေးနှင့် ဟားမက်စ်တို့က ယမန်နေ့တွင် သဘောတူညီခဲ့ကြသည်ဟု သိရသည်။
    ဒုတိယအကြိမ် ငါးရက်တာအပစ်ရပ်ရေးမှာ ယမန်နေ့တွင် နှောင်းပိုင်းတွင် ပြည့်ခဲ့ပြီး ထိုအပစ်ရပ်ရေးအတွင်း ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ကွာဟမှုများ ရှိနေသောကြောင့် ယခုကဲ့သို့ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
    ကိုင်ရိုတွင် ဆွေးနွေးမှုများပြုလုပ်နေသည့် ပါလက်စတိုင်း တာဝန်ရှိသူတစ်ဦးကမူ ထိုကဲ့သို့ သက်တမ်းတိုးနိုင်ခဲ့ခြင်းမှာ ဆွေးနွေးညှိနှိုင်းမှုများကို အဆုံးသတ်ရန် အတွက် နှစ်ဘက်စလုံးအား အချိန် ရရှိစေခဲ့သည်ဟု ပြောကြားခဲ့သည်။
    ဂါဇာရှိ ပါလက်စတိုင်းအကြီုးတန်းအရာရှိကမူ အခြခံကုန်ပစ္စည်းများ စီးဆင်းရန် အတွက် ဂါဇာနယ်ခြားအား ဖွင့်ပေးရန်နှင့် မြေထဲပင်လယ်ရှိ ရေပိုင်နက်အသုံးချခွင့် တိုးမြှင့်ပေးရေး အချက်နှစ်ချက် အတွက် ထပ်မံဆွေးနွေးရန်မှ လွဲ၍ အားလုံးနီးပါး သဘောတူညီချက်ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် ဟားမက်စ်က တောင်းဆိုထားသည့် ဆိပ်ကမ်း ဖွင့်ပေးရေးနှင့် လေယာဉ်ကွင်း တည်ဆောက်ခွင့်ပေးရေးတို့ကိုမူ အစ္စရေးက နောက်တစ်ဆင့်တွင်မှ ထပ်မံဆွေးနွေးမည်ဟု ပြောကြားထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Al Jazeera and agencies
  • နှုတ်ပိတ်ခံထားရတဲ့ အမည်နာမ
    နှုတ်ပိတ်ခံထားရတဲ့ အမည်နာမ
    သြဂုတ် ၁၉၊ ၂၀၁၄
    M-Media
    .မြင့်မိုရ်မောင်မောင် မြန်မာမှုပြုသည်။
    Rohingya refugee_ap_360_1
    ရခိုင်ပြည်နုယ်၊ စစ်တွေမြို့မြောက်ဖက် ဒါးပိုင်စခန်းရှိ ယာယီတဲအတွင်း အရေပြားရောဂါ ဝေဒနာ ခံစားနေရရှာသော သမီးငယ်လေးကို ပွေ့ချီထားသည့် ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီးတစ်ဦး (အေပီ)
    မြန်မာနိုင်ငံက ဦးချိုးခံ ရိုဟင်ဂျာမွတ်စ်လင်မ်တွေဟာ နိုင်ငံသားအဖြစ်မှ ငြင်းပယ်ခံထားရပါတယ်။ လူမျိုးရေးခွဲခြားအကြမ်းဖက်မှုမှာ ဆိုးဆိုးရွားရွား ပစ်မှတ်ထားခံနေရတယ်။ ထောက်ပံ့မှုမဲ့ ညစ်ညစ်ပတ်ပတ်စခန်းများထဲမှာ ပိတ်လှောင်ထိန်းချုပ်ခံနေ ရပါတယ်။ မြန်မာအစိုးရက ပြည်ပ အရာရှိများကို ရိုဟင်ဂျာဆိုတဲ့ အမည်နာမအသုံးမပြု မပြောဆိုအောင်၊ ပြီးတော့ ဒီနည်းဗျူဟာ သက်ဝင်လာအောင် ဖိအားပေးနေခြင်းဟာ ကိုယ့်သိက္ခာကိုယ်ချနေခြင်းပါလို့ အကျယ်တ၀င့် ဆိုရပါလိမ့်မယ်။
    နိုင်ငံတွင်း ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စ်လင်မ်များအကြား တင်းမာမှုဂယက်ကို ရှောင်ရှားသောအားဖြင့် လူထုအတွင်း အဲ့ဒီအသုံးအနှုန်းကို ရှောင်ကြဉ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ၀န်ထမ်းများက ဆိုပါတယ်။ ပြီးတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ မကြာသေးမီက မြန်မာခေါင်းဆောင်များ နဲ့ တွေ့ဆုံပြီးချိန်မှာ – အမည်နာမပြဿနာကို ပယ်ချထားသင့်တယ်လို့ အမေရိကန်မှ ထင်မြင်ကြောင်း  အထက်တန်း အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားလိုက်ပါတယ်။
    ဒီအပေါ် ယူကေက မြန်မာရိုဟင်ဂျာ အရေးလှုပ်ရှားမှုအသင်းရဲ့ ဥက္ကဌ ဦးထွန်းခင်ကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေပါတယ်။ အဲ့ဒီအသုံးအနှုန်းကို အသုံးမပြုခြင်းနဲ့တစ်ကွ ဖိနှိပ်ရေးမူဝါဒကို အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်လိုက်ခြင်းဖြစ်တယ်လို့ သူက ဒီလိုဆိုပါတယ်။
    “ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကိုပင်လျှင် အသုံးမပြုတဲ့သူတွေက ရိုဟင်ဂျာတွေရဲ့အခွင့်အရေးတွေကို ဘယ်လို ကာကွယ်ပေးမှာတဲ့လဲ ? ”
    ရိုဟ် အင်း ဂါဟ် လို့ အသံထွက်ရတဲ့ ရိုဟင်ဂျာတွေကို တရားဝင်သတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုး (၁၃၅)စုထဲ မပါဝင်လို့ မြန်မာ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်ဖက်ကနေ တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်လာသူများအဖြစ် အမြင်ထားရှိပြီး ကာလကြာညောင်းစွာ ကတည်းက ခွဲခြားဆက်ဆံလာခဲ့ကြတယ်။ ဆယ်စုနှစ်များစွာကြာညောင်းခဲ့တဲ့ စစ်အုပ်ချုပ်ရေးကို ဖွင့်လှစ်လိုက်ပြီးနောက် လူဦးရေပမာဏ (၁.၃)သန်းဝန်းကျင်ရှိတဲ့ ဒီနယ်မြေမဲ့လူနည်းစုဝင်တွေ အပေါ် ပိုမိုဆိုးဝါးစွာ ဆက်ဆံလာတာကို တွေ့ရပါတယ်။   လူများစုဗုဒ္ဓဘာသာဝင်များအနက် အစွန်းရောက်လူအုပ်စုတွေက သူတို့ကို အိုးအိမ်မဲ့အောင်လုပ်၊ လူ (၂၈၀)ဦးအထိ သတ်ဖြတ်လိုက်တဲ့ လွန်ခဲ့တဲ့ (၂)နှစ်ကတည်းကစလို့ ရိုဟင်ဂျာပေါင်း တစ်သိန်းလေးသောင်းထက် မနည်း ပြည့်ညှပ်ကျဉ်းမြောင်းလှတဲ့ စခန်းများအတွင်း ပိတ်လှောင်ခံနေရတယ်။
    ရိုဟင်ဂျာကိုဆန့်ကျင်တဲ့ လူမျိုးခွဲခြားရေးဝါဒ ကျယ်ပြန့်လာပါတယ်။ လူမျိုးရေးအကြမ်းဖက်မှုထဲမှာ မျိုးဖြုတ်သုတ်သင်မှုလက္ခဏာများကို တွေ့မြင်နေရကြောင်း အချို့က ဆိုနေပါတယ်။
    သူတို့ကို ကာကွယ်စောင့်ရှောက်ပေးဖို့ အမေရိကန်ပြည်ထောင်စုက အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကျော် သမ္မတ ဘားရက် အိုဘားမား မြန်မာနိုင်ငံကို အလည်အပတ်ရောက်စဉ်က ရန်ကုန်တက္ကသိုလ်မှာ “ အပြစ်မဲ့လူသားတွေအပေါ် အကြမ်းဖက်ခြင်း အတွက် ဆင်ခြေဆင်လက်ပေးစရာ မလိုပါဘူး။ ရိုဟင်ဂျာတွေဟာ ကျွန်တော်တို့ ခင်ဗျားတို့အတိုင်း တူညီသောဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားကြပါတယ် ” လို့ ပြောကြားခဲ့တယ်။
    ဒါပေမယ့် ဒီလအတွင်း ရောက်ခဲ့တဲ့ မစ္စတာကယ်ရီရော၊ ဇွန်လအတွင်း ရောက်ခဲ့တဲ့ ကုလလူ့အခွင့်အရေး ထိပ်တန်း သံတမန် တွမ် မာလီနော့စကီးပါ လူမျိုးရေးအကြမ်းဖက်မှု ပိုမိုဆိုးဝါးလာတဲ့ ရခိုင်ပြည်နယ် အနေအထားသစ်တွေ အပေါ် ပြောဆိုတဲ့အခါမှာ ဒီအသုံးအနှုန်းကို အသုံးမပြုခဲ့ကြပါဘူး။ ဗုဒ္ဓဘာသာဝင်လူရမ်းကားတစ်စုက မြန်မာပြည်အနောက်ပိုင်းရှိ ရိုဟင်ဂျာနဲ့ အခြားမွတ်စ်လင်မ်တွေကို တိုက်ခိုက်ရာကနေ နိုင်ငံအနှံ့ ပြန့်နှံ့သွားပါတယ်။ ဒါဟာ နိုင်ငံတွင်းက စပ်ကူးမပ်ကူး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဘာသာရေး အကဲဆတ်မှုအားဖြင့် ဖြိုလဲပစ်တာပါဘဲ။
    အမေရိကန်တာဝန်ရှိသူ တစ်ဦးအနေနဲ့ ဒီ(ရိုဟင်ဂျာ)အသုံးအနှုန်းကို မြန်မာလူ့အဖွဲ့အစည်းက လက်ခံလာအောင် တွန်းအားပေးရမယ့် အစား ပြောဆိုခွင့် မပေးလို့ဆိုပြီး အမည်မတပ်ဘဲ ပြောဆိုနေခြင်း၊ ဘင်္ဂါလီ စကားလုံးအပါအ၀င် မြန်မာအစိုးရရဲ့ ခွဲခြားချိုးနှိမ်ရေးအသုံးအနှုန်းတွေကို လက်ခံအသုံးပြုနေခြင်းဟာ ပဋိပက္ခကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်ပါတယ်။ သို့တစေ အမေရိကန်အစိုးရကတော့ မိမိရဲ့မူဝါဒအရ ရိုဟင်ဂျာလို့ဘဲ မပြောင်းလဲဘဲ ဆက်လက်ခေါ်ဆိုသွားမယ်လို့ ပြောပါတယ်။
    ပြည်ပကူညီရေး လုပ်သားများဟာလည်း ဒီတင်းမာမှုထဲ ညှပ်ခံခဲ့ရပါတယ်။ အကြမ်းဖက်မှုကြောင့် အိုးအိမ်မဲ့ရတဲ့ လက်တစ်ဆုပ်စာ ဗုဒ္ဓဘာသာဝင်တွေအပေါ် မကူညီဘူး၊ ဒုက္ခသည် မွတ်စ်လင်မ်များအပေါ်သာ အဓိကထားကူညီနေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ကူညီရေးလုပ်သားတို့ရဲ့ ရုံးနဲ့နေအိမ်များကို တစ်ဖက်ပိတ် ဗုဒ္ဓဘာသာဝင်များက တိုက်ခိုက်ခဲ့ကြတယ်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ကိုလည်း အစိုးရက ဖေဖော်ဝါရီလ အတွင်းမှာ နှင်ထုတ်ခဲ့လို့ ပြန်လည် ၀င်ရောက်ခွင့်ရနိုင်အောင် စောင့်စားနေရဆဲ ဖြစ်ပါတယ်။
    လူသားချင်းစာနာထောက်ထားမှု အနေအထားကတော့ ဆိုးသထက်ဆိုးရွားလာနေပါတယ်။ မတ်လနဲ့ ဇွန်လထက်စာရင် အာဟာရချို့တဲ့မှုခံစားရတဲ့ ပမာဏဟာ နှစ်ဆကျော် တိုးပွားလာတယ်လို့ ကုလသမဂ္ဂက ပြောကြားပါတယ်။ ပြီးခဲ့တဲ့လ မြန်မာနိုင်ငံဆိုင်ရာ  လူ့အခွင့်အရေး ထိပ်တန်းကုလသံတမန် ယန်ဟီလီ ရောက်လာတော့ ဒီအခြေအနေကို ကြောက်ခမန်း လိလိအနေအထား လို့ ခေါ်ဆိုခဲ့ပါတယ်။
    လူနည်းစုဝင်တွေဟာ နိုင်ငံသား၊ လူမျိုး၊ ဘာသာ၊ စကားဆိုင်ရာ ကိုယ်ပိုင်ဝိသေသအတိုင်း ကိုယ်ပိုင်သတ်မှတ် ခွင့်ရှိတဲ့အကြောင်း နိုင်ငံတကာ ဥပဒေလမ်းကြောင်းအောက်က သတိပေးခဲ့သော်လည်း ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို အသုံးမပြုဖို့ မြန်မာအစိုးရက သူမကို ထပ်ပြန်တလဲလဲ ပြောဆိုခဲ့ကြောင်း ယန်ဟီလီက ပြောပြပါတယ်။
    မြန်မာနိုင်ငံသားတွေဟာ အဲ့ဒီအမည်နာမကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူးလို့ မြန်မာ အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အေပီ သတင်းဌာနဆီ ပေးပို့တဲ့ အီးမေးလ်တစ်စောင်မှာ ဆိုထားပါတယ်။ (၁၉၅၀)နှစ်များအတွင်း ခွဲထွက်ရေး အုပ်စုတစ်စုက အဲ့ဒီအမည်နာမကို တီထွင်ခဲ့ကြောင်း၊ (၁၉၉၀)နှစ်များအတွင်း ပြည်ဝင်ခွင့် ပိတ်ပင်ခံရတဲ့ တက်ကြွလှုပ်ရှားသူများက ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရဟောင်းအပေါ် ဖိအားပေးဖို့  ဒီစကားလုံးကို အသုံးပြုခဲ့တာဖြစ်ကြောင်း သူက ဆိုပါတယ်။
    ရခိုင်ဒေသသမိုင်းကျွမ်းကျင်သူ Jacques Leider ရဲ့အဆိုအရ ရခိုင်ပြည်နယ်က မွတ်စ်လင်မ် လူ့အဖွဲ့အစည်းဟာ မိမိတို့ကိုယ်ကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဝေါ် အသုံးပြုခဲ့ကြောင်း ဗြိတိသျှစာရေးဆရာ တစ်ဦးက ရေးသားဖော်ပြထား ပါတယ်။ အဲ့ဒီစာအုပ်ကို (၁၇၉၉)ခုနှစ်က ထုတ်ဝေခဲ့တာပါ။ ဒါဟာ လတ်တစ်လောထွက်ပေါ်လာတဲ့ အထောက်အထားပါ။
    (၁၈၂၃)ခုနှစ် စစ်ပွဲနောက်ပိုင်းက စတင်ပြီး မြန်မာနိုင်ငံဟာ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးအောက် ရောက်ရှိခဲ့တယ်။ မိမိတို့ဟာ အဲ့ဒီကာလ မတိုင်မီကတည်းက ရခိုင်ပြည်နယ် အတွင်း အခြေချနေထိုင်ခဲ့တဲ့ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းကနေ ဆင်းသက်လာ သူတွေဖြစ်ပါတယ်လို့ ရိုဟင်ဂျာခေါင်းဆောင်များက ဆိုပါတယ်။ ဗြိတိသျှအုပ်စိုးစဉ်ကာလမှာ ဘင်္ဂလားနယ်ဖက်က မွတ်စ်လင်မ်တွေကို လွတ်လပ်စွာ ရွှေ့ပြောင်းဝင်ရောက်ခွင့် ပေးခဲ့တယ်။ (၁၈၂၃)ခုနှစ်နောက်ပိုင်း နိုင်ငံတွင်း ရောက်ရှိလာ သူများရဲ့မျိုးဆက်တွေကို ပြည့်ဝနိုင်ငံသားအဖြစ် လက်မခံကြောင်း လက်ရှိမြန်မာနိုင်ငံ ဥပဒေက ငြင်းပယ်ထားပါတယ်။
    အမည်နာမအငြင်းပွားမှုက နိုင်ငံ့အမည်ဟောင်း ဗမာ(Burma)နဲ့ စစ်အာဏာရှင်အစိုးရက (၁၉၈၉)ခုနှစ်မှာ ကင်ပွန်းတပ်ပေးခဲ့တဲ့ အမည်သစ် မြန်မာ(Myanmar) ဆိုတဲ့ ကိစ္စကို ပြန်ပြောင်း အမှတ်ရသွားစေပါတယ်။ အမေရိကန်အရာရှိများက ရင်းနှီးမှုလက္ခဏာအဖြစ် မြန်မာလို့ သုံးနှုန်းနေပေမယ့်လည်း ၀ါရှင်တန်ကတော့ Burma လို့သာ သုံးနှုန်းခေါ်ဝေါ်နေဆဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကွဲပြားမှုက ကွာဟကြီးထွားလွန်းနေလို့ပဲ ဖြစ်ပါတယ်။
    မိမိကိုယ်ကို ရိုဟင်ဂျာလို့ ဖော်ညွှန်းသတ်မှတ်တဲ့ ရိုဟင်ဂျာတွေဟာ ယခုနှစ်နွေရာသီအတွင်း ကုလပံ့ပိုးမှုဖြစ်တဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းထဲက ဖယ်ထုတ်ခံခဲ့ရတယ်။ သူတို့အနေနဲ့ ခရီးသွားလာမှု၊ အလုပ်အကိုင်၊ ပညာရေး၊ ရယူနိုင်တဲ့ ကလေးအရေအတွက်တွေအပေါ် ချည်နှောင် တင်းကြပ်ထားခြင်းကို ရင်ဆိုင်နေရပါတယ်။ (၁၉၇၀)ခုနှစ်များ ကာလကတည်းက မြန်မာပြည် တွင်းကနေ အဓမ္မမောင်းထုတ်မှုတွေကြောင့် အလွတ်ရုန်းခဲ့တဲ့သူတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ဖက်ကလည်း ကြိုဆိုမှု မရှိခဲ့ပါဘူး။
    အစိုးရရဲ့ ရိုးမယ်ဖွဲ့ ရမယ်ရှာမှုကြောင့်ဖြစ်စေ၊ ထိပ်တိုက်တွေ့ခြင်းကို ရှောင်လွှဲ လိုတာကြောင့်ဖြစ်စေ မြန်မာနိုင်ငံ ထဲရှိ နိုင်ငံခြားသံရုံးဝန်ထမ်းများ နဲ့ ကူညီ ကယ်ဆယ်ရေးအေဂျင်စီတို့ဟာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မပြောဆို သလောက်ဖြစ်လာကြတယ်။ မွတ်စ်လင်မ်တွေလို့ဘဲ ပြီးစလွယ် (ခြုံငုံ)ခေါ်ဆို လိုက်ကြတယ်။ ဇွန်လတုန်းက ကုလသမဂ္ဂရဲ့ ကလေးသူငယ်များအေဂျင်စီက တင်ပြဆွေးနွေးမှုတစ်ခုမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း အသုံးပြုဖို့ မေတ္တာရပ်ခံတဲ့အခါမှာ လူ့အခွင့်အရေး လှုပ်ရှားနေသူများဖက်က ဝေဖန်ရှုတ်ချမှုကိုပင်လျှင် ခံခဲ့ရပါတယ်။
    “ ဒီအသုံးအနှုန်းကို အသုံးမပြုတဲ့ လူသားချင်းစာနာထောက်ထားကူညီရေးအေဂျင်စီ သို့မဟုတ် အလှူရှင်တိုင်းက အခြေခံလူ့အခွင့်အရေးဥပဒေဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်းတွေကို ဖောက်ဖျက် ယုံတင်မကပါဘူး – ခေတ်သစ် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဘယ်ပရောဂျက်မှာ မဆို ခြေချဖို့တောင် မထိုက်တန်တဲ့ သူရဲဘောကြောင်မှုကို ထုတ်ဖော်ပြသလိုက်တာပါပဲ ” လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ အကြီးတန်းသုတေသီ David Mathieson က ပြောကြားလိုက်ပါတော့တယ်။
    AP သတင်းဌာနမှ တင်ဆက်ခဲ့တဲ့ Name of Muslim Group in Myanmar Goes Unspoken သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် မြန်မာမှုပြုပါသည်။
  • ဥရောပ၏ ပထမဆုံး ဟလာလ် ခရီးသွားလုပ်ငန်း ကွန်ဖရင့်ကို စပိန်တွင် ကျင်းပမည်
    ဥရောပ၏ ပထမဆုံး ဟလာလ် ခရီးသွားလုပ်ငန်း ကွန်ဖရင့်ကို စပိန်တွင် ကျင်းပမည်
    သြဂုတ် ၁၉ ၊ ၂၀၁၄
    M-Media
    spain-to-host-first-ever-conference-on-halal-tourism-in-europe-01
    ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားလာသည့်ကဏ္ဍတစ်ခုဖြစ်သော ဟလာလ်ခရီးသွား လုပ်ငန်းစဉ်၌ ငွေကြေးအကျိုးအမြတ် မည်မျှရနိုင်ခြင်းအပေါ် သုံးသပ်မည့် ပထမဆုံး အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်တစ်ရပ်ကို စပိန်နိုင်ငံ၊ အန်ဒလူစီယာ၌ Adenya Beach Resort Europe မှ လာမည့် စက်တင်ဘာ ၂၂ နှင့် ၂၃ ရက်တွင် ဈေးကွက် ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများနှင့် တစ်ကွ လက်ခံ ကျင်းပမည်ဖြစ်သည်။ ဤဈေးကွက် အတွင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းနှင့် တွဲဖက်၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးသွားမည်ဟုဆိုသည်။
    နောက်ဆုံးရအချက်အလက်များအရ (၂၀၁၃)ခုနှစ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အသုံးပြုငွေ အားလုံး၏ ၁၃ % (တန်ကြေးအားဖြင့် ဒေါ်လာ ၁၄၀ ဘီလီယံ)မှာ ဟလာလ်ခရီးသွား လုပ်ငန်းကဏ္ဍမှဖြစ်ကာ၊ (၂၀၂၀) ခုနှစ်တွင် ဒေါ်လာ (၁၉၂)ဘီလီယံ အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြသည်။
    “ဒီကွန်ဖရင့်က ဟလာလ်ခရီးသွားလုပ်ငန်းအတွက် အကြီးစားအပြောင်းအလဲ အသစ်တစ်ရပ် ဖြစ်ပါတယ်။ လက်ရှိဈေးကွက်လမ်းကြောင်းအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိနေတဲ့ အပြင် ခရီးသွားလုပ်ငန်း ကဏ္ဍရဲ့ လိုအပ်ချက်များကိုလည်း ပြဆိုပေးသွားမှာဖြစ်ပါတယ်။
    ဟလာလ်ခရီးသွား လုပ်ငန်းကို နိုင်ငံတိုင်း၊ စီးပွားရေး လုပ်ငန်းရှင်တိုင်းက အာရုံစိုက်ဖို့လိုနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ငန်းက တမဟုတ်ချင်း ကြီးထွားလာတယ်။ ပြီးတော့ အားလပ်ရက်များမှာ သွားလာသုံးဖြုန်းတဲ့ မွတ်စ်လင်မ်ခရီးသွားတွေ တိုးမြင့်နေလို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို တက်ကြွထိရောက်စွာ ဆောင်ရွက် လုပ်ကိုင်နေတဲ့ နိုင်ငံများနဲ့ လုပ်ငန်းခွင် နယ်ပယ်များထဲက ကျွမ်းကျင်သူများ အကြား အတွေ့အကြုံဖလှယ်မှုအတွက် လက်တွေ့ကျကျ ပလက်ဖောင်းသာမက အလွန်ထူးခြားသော အသိအမြင်ဖိုရမ်တစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။ အခွင့်အလမ်းသစ်၊ ကွန်ယက်သစ်တွေနဲ့ ပါတနာသစ်များကိုလည်း ဖော်ဆောင်ပေးပါလိမ့်မယ် ” ဟု CMM မှ ဦးဆောင်စီစဉ်သူ တက်စ်နင်းမ် မဟ်မူးဒ်က ပြောကြားသည်။
    ref_Eat Halal