News @ M-Media

Blog

  • မန္တလေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှု တရားခံလေးဦးနှင့် တိမ်းရှောင်နေသူ ခုနစ်ဦးကို တရားရုံးစွဲတင်

    မန္တလေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှု တရားခံလေးဦးနှင့် တိမ်းရှောင်နေသူ ခုနစ်ဦးကို တရားရုံးစွဲတင်

    မန္တလေး၊ သြဂုတ် ၁၆
    The Voice Weekly မှ ကူးယူဖော်ပြသည်။

    မန္တလေးမြို့တော်တွင် ဇူလိုင်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှုနှင့် ပတ်သက်ပြီး သြဂုတ်လ ၁၄ ရက်နေ့တွင် အမှုအတွက် မသင်္ကာသူ တရားခံလေးဦးနှင့် ထွက်ပြေး တိမ်းရှောင်နေသူ ခုနစ်ဦးတို့ တရားရုံး စွဲတင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

    ဦးစိုးမင်းထွေး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ချမ်းအေးသာစံ မြို့မရဲတပ်ဖွဲ့ စခန်းတွင် (ပ) ၅၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄အရ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့် လေးဦးကို တရားရုံး စွဲတင်ထားပြီး လူသတ်မှုတွင် ပါဝင် ပတ်သက်နေသူ ခုနစ်ဦးကိုလည်း တရားရုံးစွဲတင်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    “အခုပြေးနေတဲ့ ခုနစ်ဦးကို တရားရုံး စွဲတင်လိုက်တာပါ။ အခုစွဲတင်ထားတဲ့ လေးဦးလုံး အမိန့်ချပြီးတဲ့ အချိန်ထိမှ ဖမ်းဆီးနိုင်ခြင်း မရှိဘူး ဆိုရင်တော့ တရားခံပြေးအနေနဲ့ ကြေညာရမှာပါ” ဟု ၎င်းကဆိုသည်။

    အဆိုပါ တရားခံလေးဦးကို ချမ်းအေးသာစံခရိုင် တရားရုံးတွင် ရာကြီးအမှတ် ၁၃၁/၂၀၁၄ ဖြင့် လည်းကောင်း၊ တရားခံပြေး ခုနစ်ဦးကို ပြစ်/ထွေ ၈၈/၂၀၁၄ ဖြင့် လည်းကောင်း လက်ခံစစ်ဆေးလျက် ရှိပြီး ယင်းအမှုကို သြဂုတ်လ ၁၉ ရက်နေ့တွင် ထပ်မံချိန်းဆိုထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

    မန္တလေးတွင် ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့သဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ကာ မကြာသေးမီ ကာလကပင် ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

    မူရင်း Link => https://www.facebook.com/thevoiceweekly/posts/799979986688929

  • တစ်နှစ်တာ အတွေ့အကြုံက မိမိတို့အတွက် တစ်ပန်းသာစေသည်ဟု ပယ်လီဂရီနီဆို

    တစ်နှစ်တာ အတွေ့အကြုံက မိမိတို့အတွက် တစ်ပန်းသာစေသည်ဟု ပယ်လီဂရီနီဆို

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media
    445371_heroa
    – ပရီးမီးယားလိဂ်တွင် တစ်နှစ်တာ ကျင်လည်ခဲ့ရသည့် အတွေ့အကြုံများက ချန်ပီယံဘွဲ့အား ထိန်းသိမ်းရန်အတွက် တစ်ပန်းသာစေသည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ရာသီက မာလာဂါအသင်းမှ မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့သည့် ပယ်လီဂရီနီမှာ မန်စီးတီးအသင်းအတွက် ကယ်ပီတယ်ဝမ်းဖလားနှင့် ပရီးမီးယားလိဂ်ဖလားတို့အား ရယူပေးနိုင်ခဲ့သည်။

    “ပြီးခဲ့တဲ့နှစ် ကျွန်တော်စရောက်တုန်းက ပရီးမီယားလိဂ်ဖလားကို ရယူနိုင်လိ့မ်မယ်လို့ ဘယ်သူမှ ထင်ထားကြမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီတုန်းက ကျွန်တော့်ရဲ့ ပထမဆုံးရာသီ ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့လုပ်နိုင်ခဲ့ပါတယ်။ အခုနှစ်မှာတော့ ကျွန်တော်က ကစားသမားတွေကို နားလည်တယ်၊ ကစားသမားတွေကလည်း ကျွန်တော့်ကို နားလည်တဲ့အတွက် ကျွန်တော်တို့ တစ်ပန်းသာနေပါတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ခက်ပေမယ့် လုပ်နိုင်အောင် ကြိုးစားသွားမှာပါ” ဟု ပယ်လီဂရီနီက ပရီးမီးယားလိဂ် ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ကစားသမားသစ်များရှိနေပြီး ရာသီအသစ်ကို ပုံစံအသစ်ဖြင့် ကစားသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ် ပထမဆုံးပွဲအဖြစ် ယနေ့တွင် နယူးကာဆယ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

  • လန်ဒန်မှ ဆိပ်ကမ်းတွင် ကုန်သေတ္တာ တခုတွင်း လူမှောင်ခိုကူးခံရသည့် အိန္ဒိယနိုင်ငံသား ၃၅ ဦးတွေ့၊ ၁ ဦးသေဆုံး

    လန်ဒန်မှ ဆိပ်ကမ်းတွင် ကုန်သေတ္တာ တခုတွင်း လူမှောင်ခိုကူးခံရသည့် အိန္ဒိယနိုင်ငံသား ၃၅ ဦးတွေ့၊ ၁ ဦးသေဆုံး

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media
    1408228313759_wps_43_tilbury_grasphic_2_jpg
    – လန်ဒန်ရှိ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသော သင်္ဘောပေါ်မှ ကွန်တိန်နာတစ်လုံးထဲတွင် သေဆုံးသူတစ်ဦးအပါအ၀င် ပိတ်မိနေသူ ၃၆ ဦးကို ကယ်ဆယ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့တွင် ကြေညာခဲ့သည်။

    အက်ဆက်ကောင်တီရှိ တီလ်ဘူရီ ဆိပ်ကမ်းတွင်ဖြစ်ပြီး ဘယ်လ်ဂျီယံမှ ဆိုက်ကပ်လာသော ကုန်တင်သင်္ဘောတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ကွန်တိန်နာအတွင်းမှာ ခြေထောက်ဖြင့်ကန်ကျောက်မှုများ အော်ဟစ်မှုများ ကြားခဲ့ရပြီးနောက် ထိုသင်္ဘောပေါ်ရှိ သင်္ဘောသားများက အဆိုကွန်တိန်နာအား ဖွင့်ကြည့်ခဲ့ကြပြီး ပိတ်မိနေသူများတွင် ကလေးငယ်များလည်း ပါဝင်သည်။

    ၎င်းတို့မှာ အိန္ဒိယတိုက်ငယ်မှ ဖြစ်နိုင်ပြီး လူကုန်ကူးခံရခြင်းဖြစ်နိုင်ကြောင်း၊သေဆုံးသူအတွက် လူသတ်မှုဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ကျန်ရှိသည့် ၃၅ ဦးမှာ ရေဓာတ်ခမ်းခြောက်မှု၊ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းမှုတို့ကြောင့် ဆေးရုံးသို့ ပို့ကာ ဆေးကုသထားကြောင်း၊ သင်္ဘောပေါ်ရှိ အခြားသော ကွန်တိန်နာ ၅၀ ကျော်ကိုလည်း ဖွင့်လှစ်ကာ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

  • အစ္စရေးကြောင့် မိဘမဲ့သွားသည့် ပါလက်စတိုင်း ကလေးများ ခေါ်ယူနေရာ ချထားပေးမည်ဟု ဗင်နီဇွဲလားကြေညာ

    အစ္စရေးကြောင့် မိဘမဲ့သွားသည့် ပါလက်စတိုင်း ကလေးများ ခေါ်ယူနေရာ ချထားပေးမည်ဟု ဗင်နီဇွဲလားကြေညာ

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media

    President Nicolas Maduro
    ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရို

    – ဂါဇာအား အစ္စရေး၏ ကျူးကျော် တိုက်ခိုက်မှုကြောင့် မိဘမဲ့ဖြစ်သွားခဲ့ရသည့် ပါလက်စတိုင်း ကလေးငယ်များကို မိမိတို့နိုင်ငံ အတွင်းကိုခေါ်ယူကာ နေရာ ချထားပေးမည်ဟု ဗင်နီဇွဲလားနိုင်ငံက ကြေညာလိုက်သည်။

    ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုနှင့် ပါလက်စတိုင်း နိုင်ငံခြားရေး ၀န်ကြီး ရီယဒ် အလ်-မာလီကီတို့ ကြာသာပတေးနေ့က တွေ့ဆုံစဉ်အတွင်း မာဒူရိုက ထိုကဲ့သို့ ကတိပေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ် မည်မျှခေါ်ယူမည်ဆိုသည့် ပမာဏ အတိအကျကို ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဒေသတွင်း မီဒီယာများကမူ ပါလက်စတိုင်း လူငယ် ရာပေါင်း များစွာမှာ ဗင်နီဇွဲလားနိုင်ငံ အတွင်းသို့ ရောက်ရှိနေကြသည်ဟု ဖော်ပြခဲ့သည်။

    ယခုလအစောပိုင်းတွင် ဗင်နီဇွဲလား နိုင်ငံခြားရေး ၀န်ကြီး အီလီယက်စ်ဂျာအွာမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကိုယ်စားလှယ်များနှင့် ကိုင်ရိုမြို့တွင် တွေ့ဆုံခဲ့ပြီး၊ ဗင်နီဇွဲလားနိုင်ငံအနေဖြင့် ပါလက်စတိုင်းကလေးငယ်များအား ကြိုဆိုရန် အတွက် အရာအားလုံး အဆင်သင့်ဖြစ်နေကြောင်း ပါလက်စတိုင်း အာဏာပိုင်များအား အသိပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းကလေးငယ်များအား နေရာချထားပေးရန်အတွက် ယခင်သမ္မတဟောင်း ဟူဂိုချားဗက်ဇ်၏ အမည်ဖြင့် အိမ်ရာတစ်ခု စီစဉ်ပေးရန်ရှိသည်ဟု မာဒူရိုက ယခင်က ပြောကြားထားဖူးသည်။

    ဂါဇာကမ်းမြှောင်ကို အစ္စရေးက ကျူးကျော် တိုက်ခိုက်မှုများကြောင့် ဘရာဇီးလ် အပါအ၀င် တောင်အမေရိကနိုင်ငံအချို့မှာ အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်မှုများ ဗီဇာ ကင်းလွတ်ခွင့် ပယ်ဖျက်မှုများကို ပြုလုပ်ခဲ့ကြသည်။ ဗင်နီဇွဲလားနိုင်ငံမှာ ဂါဇာအား အစ္စရေးက ၂၀၀၉ ခုနှစ်တွင် ကျူးကျော် တိုက်ခိုက်စဉ်ကတည်းက အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ ထို့ပြင် ဗင်နီဇွဲလားမှာ အီဂျစ်မှ တစ်ဆင့် ဂါဇာဒေသသို့ အကူအညီများကိုလည်း ပေးပို့လျက် ရှိနေသည်။

    မာဒူရိုကမူ အစ္စရေးအနေဖြင့် ပါလက်စတိုင်းပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု စွပ်စွဲခဲ့ပြီး၊ ပါလက်စတိုင်းပြည်သူများနှင့် အတူတကွရှိနေကြရန် နိုင်ငံတကာ လူ့အဖွဲ့အစည်းအား တိုက်တွန်းခဲ့သည်။

    ref_Middle East Monitor

  • တရုတ် အနုပညာ လက်ရာများဖြင့် ဗလီဝတ်ကျောင်း မလေးရှား ပီနန်မြို့တွင် ဆောက်လုပ်တော့မည်

    တရုတ် အနုပညာ လက်ရာများဖြင့် ဗလီဝတ်ကျောင်း မလေးရှား ပီနန်မြို့တွင် ဆောက်လုပ်တော့မည်

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media

    Titi_PapanChinese_Mosque_2_1308_840_559_100
    1893 ခုနှစ်က ဆောက်လုပ်ခဲ့သည့် နှစ် ၁၂၀ ကျော်ရှိပြီဖြစ်တဲ့ ပီနန်မြို့မှ ဗလီတလုံး

    – တရုတ်လူမျိုး အစ္စလာမ်ဘာသာဝင်များအတွက် မလေးရှားနိုင်ငံ ပီနန်မြို့တွင် တရုတ်ရှေးဟောင်း အနုပညာလက်ရာများ အသုံးပြုထားသည့် ဗလီဝတ်ကျောင်း တော်သစ်တစ်လုံးကို ဆောက်လုပ်ခွင့်ရခဲ့ပြီဟု သိရသည်။

    “တရုတ်ဗလီဝတ်ကျောင်းတော်ရဲ့ ရည်ရွယ်ချက်ကတော့ အစ္စလာမ်ရဲ့ လူမျိုးမခွဲခြားတဲ့ စကြ၀ဠာလုံးဆိုင်ရာ ဇစ်မြစ်ကို ပြသဖို့ပါပဲ” ဟု ပီနန်သာသနာရေးရာ ကော်မတီမှ ဥက္ကဌ အဘ်ဒူလ် မာလစ် အဘူလ် ကာစင်မ်က သြဂုတ် ၁၃ ရက်နေ့တွင် Malay Mail သတင်းစာသို့ ပြောကြားခဲ့သည်။

    ပီနန်ရှိ တရုတ်မွတ်စလင်လူနည်းစုများ ၀တ်ပြုစုတောင်းရန်နှင့် လူ့အဖွဲ့အစည်းနှင့် ပတ်သက်သော လှုပ်ရှားမှုများ ဆောင်ရွက်ရန်အတွက် တရုတ်ရိုးရာကို အခြေခံသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖြစ်မြောက်ရေး လှုပ်ရှားမှုကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဗလီဝတ်ကျောင်းတော်မှာ ပြည်နယ်၏ ပထမဆုံးသော တရုတ်ရိုးရာအခြေပြု ဗလီဝတ်ကျောင်းတော် ဖြစ်လာမည်ဖြစ်ပြီး၊ ထိုဗလီဝတ်ကျောင်းတော်တွင် သောကြာနေ့ ခွသ်ဗဟ်(တရားဒေသနာတော်) ကိုလည်း တရုတ်လူမျိုးတို့၏ မန်ဒရင်း ဘာသာစကားဖြင့် ဟောကြားမည်ဖြစ်သည်။

    “ပြောင်မြောက်တဲ့ တရုတ်အနုပညာလက်ရာတွေနဲ့ ဒီဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ဖို့ အစိုးရက စီစဉ်ထားပြီး ဒါဟာ နိုင်ငံအတွင်းမှာရှိတဲ့ မလေးလူမျိုး၊ တရုတ်လူမျိုးနဲ့ အိန္ဒိယလူမျိုးတွေရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကို ရောင်ပြန်ဟပ်စေမှာပါ” ဟု အဘူကာစင်မ်က ထပ်လောင်းပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် မလေးရှားရှိ ကလန်တန်းပြည်နယ်နှင့် အီပိုးပြည်နယ်တို့တွင် ရှေးဟောင်း တရုတ်အနုပညာများဖြင့် ဆောက်လုပ်ထားသော သမိုင်းဝင် ဗလီဝတ်ကျောင်းတော်နှစ်လုံး ရှိနေသည်။

    “လူမျိုးစုံရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာကို ဖော်ပြတဲ့ ဗလီဝတ်ကျောင်းတော်တွေ ပီနန်မှာ အများကြီးရှိပါတယ်။ အာရဗ်ဗလီ၊ အာချေးဗလီ၊ ကီလင်းဗလီနဲ့ နောက်ထပ်အများကြီး ရှိနေပါတယ်။ အစ္စလာမ်ဆိုတာ သဘောထားကြီးပြီး စကြ၀ဠာလုံးဆိုင်ရာ ဘာသာတရားဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ပြချင်ပါတယ်။ ဗလီဝတ်ကျောင်းထဲကိုဝင်ဖို့ ဘယ်သူ့ကိုမှ ကန့်သတ်မထားပါဘူး။ အစ္စလာမ်ဆိုတာ မလေးလူမျိုးပိုင်မဟုတ်ပါဘူး” ဟု အဘူကာစင်မ်က ဆိုသည်။

    မလေးရှားနိုင်ငံတွင် လူဦးရေ ၂၆ သန်းရှိပြီး မလေးလူမျိုးအများစုမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြကာ အစ္စလာမ်ဘာသာဝင် ၆၅ ရာခိုင်နှုန်းရှိနေသည်။ တရုတ်နှင့် အိန္ဒိယလူမျိုးအများစုမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ တရုတ်လူမျိုး အစ္စလာမ်ဘာသာဝင်မှာ ခန့်မှန်းခြေအားဖြင့် ၅၇၀၀၀ ခန့်ရှိနေသည်။