News @ M-Media

Blog

  • လူငယ်ခေါင်းဆောင်မှု သင်တန်း PCN မှ ဖွင့်လှစ်မည်

    လူငယ်ခေါင်းဆောင်မှု သင်တန်း PCN မှ ဖွင့်လှစ်မည်

    သြဂုတ် ၉၊ ၂၀၁၄
    M-Media
    လမင်း

    လူငယ်များအတွက် ရည်ရွယ်၍ လူငယ်ခေါင်းဆောင်မှုသင်တန်း တစ်ရပ်ကို PCN (Peace Cultivation Network) မှ ယခုလ ၁၅-ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါသင်တန်းအား ၂၀၁၄-ခု သြဂုတ်လ ၁၅-ရက်မှ စက်တင်ဘာလ ၁၂-ရက်နေ့အထိ တနင်္လာနေ့မှ သောကြာ၊ ညနေ ၄း၃၀ နာရီမှ ၇း၃၀ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များမှ နိုင်ငံတကာ သင်ကြားမှု နည်းစနစ်ဖြင့် သင်ကြားပို့ချပေးမည်ဖြစ်သည်။

    သင်တန်းဖွင့်လှစ်ရခြင်းမှာ

    (၁) လူငယ်များ အနာဂတ် ခေါင်းဆောင်ကဏ္ဍတွင် တာဝန်ယူ တတ်စေရန်၊
    (၂) လူငယ်တစ်ယောက်တွင် ရှိသင့်ရှိထိုက်သော အသိဥာဏ်၊ ဗဟုသုတ၊ အရည်အချင်းများဖြည့်ဆည်းပေးရန်၊
    (၃) ဒီမိုကရေစီ အကူးအပြောင်းကာလကို နားလည်သဘော ပေါက်စေရန်၊
    (၄) ဘာသာ မတူသူများကြား လိုက်လျောညီထွေ နေထိုင်တတ် စေရန်၊
    (၅) လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာဆောင်ရွက် တတ်စေရန်၊
    (၆) လူငယ်တစ်ယောက် သိသင့်သိထိုက်သော ဥပဒေ အခြေခံ များ သိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
    ၎င်းသင်တန်းသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ်အဆင့်နှင့် ဘွဲ့ရများ တက်ရောက်နိုင်ပြီး သင်တန်းတက်ရောက်ခွင့် လျှောက်လွှာများကို PCN ရုံးခန်းဖြစ်သည့် အမှတ်(၂)၊ ပထမထပ်၊ ၁၁၉ လမ်း၊ ရေတွင်းကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း 01 8619372  (သို့မဟုတ်) [email protected] သို့ သြဂုတ်လ ၁၄-ရက်နေ့ထက် နောက်မကျပဲ ဆက်သွယ်ပေးပို့လျှောက်ထားနိုင်ကြောင်းသိရသည်။

  • အသင်းအောင်မြင်မှု အတွက် စိတ်ရှည်ကြရန် အေစီမီလန်နည်းပြ အင်ဇာဂီဆို

    အသင်းအောင်မြင်မှု အတွက် စိတ်ရှည်ကြရန် အေစီမီလန်နည်းပြ အင်ဇာဂီဆို

    သြဂုတ် ၉ ၊ ၂၀၁၄
    M-Media
    437537_heroa
    – တစ်ချိန်က ရရှိခဲ့သည့် အောင်မြင်မှုများကို ပြန်ရရန်အတွက် ပရိတ်သတ်များ အနေဖြင့် စိတ်ရှည်ကြရန် အေစီမီလန်အသင်းနည်းပြ အင်ဇာဂီက ပြောကြားလိုက်သည်။

    အေစီမီလန်မှာ ပြီးခဲ့သည့်ရာသီက ခြေစွမ်းဆိုးရွားကာ အဆင့် ၈ နေရာဖြင့် ရာသီသိမ်းခဲ့ပြီး နွေရာသီအပြောင်းအရွှေ့တွင်လည်း အထင်ကြီးလောက်ဖွယ် လှုပ်ရှားမှုများ မရှိခဲ့ပေ။ ထို့ပြင် ရာသီကြို ခြေစမ်းပွဲများတွင်လည်း စိတ်ပျက်စရာ ရလဒ်များကြောင့် အသင်းပရိတ်သတ်များမှာ စိတ်ကုန်နေကြသည်။

    ဇွန်လက နည်းပြဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် အင်ဇာဂီကလည်း သတင်းစာများနှင့် ပြည်သူများက အသင်းအားဝေဖန်နေကြသည်ကို သတိပြုမိပြီး ယခင်အောင်မြင်မှုမျိုး ရရှိရန်အတွက် ၎င်းနှင့် အသင်းမှာ အချိန်ကာလတစ်ခုနှင့် ထိုက်တန်သည်ဟု ပြောကြားခဲ့သည်။

    “ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အဆင့် ၈ နဲ့ ရာသီသိမ်းခဲ့ပြီး အခုနှစ်မှာ နည်းပြအသစ် ဖြစ်တဲ့အတွက် ကျွန်တော်တို့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အမှတ်ပေးဇယားမှာ ထိုက်တန်တဲ့နေရာတစ်နေရာ ရဖို့အတွက် ကျွန်တော်တို့ အရာရာတိုင်းကို ပေးဆပ်သွားမှာပါ။ ပရိတ်တွေကလည်း ဒါကို သိထားသင့်ပါတယ်” ဟု အင်ဇာဂီက ယမန်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းအား နည်းပြအဖြစ်ကိုင်တွယ်ခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ကစားသမားအချို့ကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အီတလီလက်ရွေးစင်တိုက်စစ်မှူးဟောင်း အင်ဇာဂီမှာ ကစားသမားဘ၀တွင် အေစီမီလန်အသင်းနှင့် အောင်မြင်ခဲ့သူဖြစ်သည်။ အေစီမီလန်အသင်းမှာ စီးရီးအေတွင် ဂျူဗင်တပ်စ်ပြီးနောက် အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကိုလည်း ၆ ကြိမ်တိုင်တိုင်ရရှိခဲ့သည်။

  • အီရတ်မှ ISIS ပြဿနာ  အမေရိကန် မြေပြင်တပ်များ စေလွှတ်မည် မဟုတ်ဟု အိုဘားမားဆို

    အီရတ်မှ ISIS ပြဿနာ အမေရိကန် မြေပြင်တပ်များ စေလွှတ်မည် မဟုတ်ဟု အိုဘားမားဆို

    သြဂုတ် ၉ ၊ ၂၀၁၄
    M-Media
    obamav2
    – အီရတ်နိုင်ငံမြောက်ပိုင်း ဒေသအချို့အား သိမ်းပိုက်ထားသော ISIS အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်ရန် ခွင့်ပြုခဲ့သော်လည်း မြေပြင်တပ်များကိုစေလွှတ်ကာ စစ်ပွဲဆင်နွှဲသွားမည် မဟုတ်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    ယနေ့ပြုလုပ်သော အပတ်စဉ်မိန့်ခွန်းတွင် အိုဘားမားက ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန် သံတမန်များနှင့် စစ်ဘက်ဆိုင်ရာ အကြံပေးများအား ကာကွယ်ရန် လေကြောင်းမှ တိုက်ခိုက်မှုများကို ထပ်မံပြုလုပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “အီရတ်က နောက်ထပ်စစ်ပွဲ အတွက် အမေရိကန်ဝင်ပါဖို့ ကျွန်တော်ခွင့်ပြုမှာ မဟုတ်ပါဘူး။ အမေရိက န်စစ်သားတွေဟာလည်း အီရတ်ကို ပြန်သွားမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီမှာဖြစ်နေတဲ့ ပြဿနာကို အမေရိကန်က စစ်ရေးအရ ဖြေရှင်းမှာ မဟုတ်လို့ပါပဲ” ဟု အိုဘားမားကဆိုသည်။

    ISIS အဖွဲ့မှာ ယခုရက်ပိုင်းအတွင်း အီရတ်နိုင်ငံမြောက်ပိုင်း အဓိက ရေလှောင်တမံအား သိမ်းပိုက်ခဲ့ပြီး၊ ဘာသာရေးလူနည်းစုများအား အတင်း အဓမ္မ ထွက်ခွာရန် ဆောင်ရွက်လျက်ရှိနေကာ ကာ့ဒ် အစိုးရတပ်များကိုလည်း ၎င်းတို့က တိုက်ခိုက်နေသည်။ ထို့ကြောင့် ISIS အား လေကြောင်းမှ တိုက်ခိုက်ရန် အတွင်း အိုဘားမားက ယမန်နေ့တွင် ခွင့်ပြုခဲ့သည်။

    ထို့နောက် ကာ့ဒ်ဒေသ၏ မြို့တော် အာရ်ဘီလ်အနီးရှိ ISIS တပ်များအား အမေရိကန် တိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ISIS ရန်ကြောင့် တောင်တန်းဒေသ များတွင် ပုံးအောင်နေရသူများ အတွက် အမေရိကန် လေယာဉ်များက အစားအသောက်များ ချပေးခဲ့ပြီး ဗြိတိန်ကလည်း အကူအညီများနှင့် ဆေးဝါးများကို အီရတ်နိုင်ငံမြောက်ပိုင်းသို့ ပေးပို့လျက်ရှိနေသည်။

    အီရတ်အစိုးရတပ်များနှင် ISIS တို့အကြား ဖြစ်ပွားနေသည့် နှစ်လကြာ တိုက်ခိုက်မှုများတွင် ISIS မှာ အီရတ်မြောက်ပိုင်း ဒေသအများအပြားအား သိမ်းယူနိုင်ခဲ့သည်။

    Al Jazeera and agencies

  • ဟားမက်စ်အား  တရားဝင် အသိအမှတ်ပြုရမည်ဟု အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဆို

    ဟားမက်စ်အား တရားဝင် အသိအမှတ်ပြုရမည်ဟု အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဆို

    သြဂုတ် ၉ ၊ ၂၀၁၄
    M-Media

    ဟားမက်စ်အား နိုင်ငံရေး အဖွဲ့အစည်းအဖြစ် တရားဝင် အသိအမှတ်ပြုရမည်ဟု အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဆို

    jimmy-carter

    – ဂါဇာအားကျူးကျော်တိုက်ခိုက်မှုအတွက် ကမ္ဘာတစ်ဝှမ်းမှ ရှုတ်ချမှုများ ပြုလုပ်နေချိန်တွင် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနှင့် အိုင်ယာလန် သမ္မတဟောင်း မေရီ ရော်ဘင်ဆင်တို့ကလည်း အစ္စရေး၏ လုပ်ရပ်များကို ကန့်ကွက် ရှုတ်ချလိုက်ပြီး ဟားမက်စ် အဖွဲ့အား နိုင်ငံရေးအဖွဲ့အဖြစ် တရားဝင်အသိအမှတ်ပြုရန် တောင်းဆိုလိုက်သည်။

    “အစ္စရေးစစ်တပ်က ဒီစစ်ပွဲမှာ ပြုမူဆောင်ရွက်နေတဲ့ နည်းလမ်းဟာ ကျိုးကြောင်း ခိုင်လုံ တရားနည်းလမ်းကျမှုနဲ့ လူသားဆန်မှုတွေ ဘာမှ မရှိပါဘူး။ ဟားမက်စ်ကို ဖယ်ထုတ်ဖို့၊ ဒါမှမဟုတ် သူတို့အဖွဲ့ ပျက်သွားအောင် သူတို့နဲ့ပူးပေါင်းပြီး လုပ်ချင်နေလို့တော့ မရပါဘူး။ ပါလက်စတိုင်း ပြည်သူအချိ့ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအဖွဲ့ အဖြစ် ဟားမက်စ်ကို တရားဝင်အသိအမှတ်ပြုဖို့ပဲ ရှိပါတယ်။ ဒီလို ဆောင်ရွက်မှသာ သူတို့ရဲ့ လက်နက်ကို စွန့်ဖို့နဲ့ ဟားမက်စ်အတွက် မှန်ကန်တဲ့ အကျိုးတရားတွေကို အနောက်နိုင်ငံတွေက ပေးနိုင်မှာပါ” ဟု Foreign Policy မဂ္ဂဇင်းတွင် ကာတာနှင့် ရော်ဘင်ဆင်တို့က ပူးတွဲရေးသားသော ဆောင်းပါးတွင် ဖော်ပြထားသည်။

    ထို့ပြင် ဟားမက်စ်နှင့် ဖာတာတို့ ပူးပေါင်းကာ ညီညွတ်သော ပါလက်စတိုင်းအစိုးရ ဖွဲ့စည်းခြင်းကို အစ္စရေးက ပျက်ပြားအောင် ဆောင်ရွက်နေပြီး၊ ပါလက်စတိုင်းဒေသ ကိုလည်း ချည့်နဲ့သွားစေရန် လုပ်ဆောင်နေသည်ဟု ၎င်းတို့က ထည့်သွင်းရေသားခဲ့သည်။

    အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသ လူမှုအခြေအနေများ ဆိုးရွားနေမှုကိုလည်း ရှုတ်ချခဲ့ပြီး စစ်ရာဇ၀တ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    “ပဋိပက္ခမှာ အရပ်သားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်တာတွေအတွက် ဆင်ခြေဆင်လက်တွေ ဘယ်တော့မှ မရှိရပါဘူး။ ဒါတွေဟာ စစ်ရာဇ၀တ်မှုတွေပါပဲ” ဟု ၎င်းတို့က ဆိုသည်။

    ဂျင်မီကာတာ ဦးဆောင်မှုဖြင့် ၁၉၇၈ ခုနှစ်တွင် အီဂျစ်သမ္မတဟောင်း အန်န၀ါရ် အလ်-အာဆတ်၊ အစ္စရေးဝန်ကြီးချုပ်ဟောင်း မီနာရှန် ဘေဂင်တို့က Camp David Accords ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်ကြောင့် ပါလက်စတိုင်း မိသားစုများမှာ ရာဖာဒေသ တစ်ဝှမ်း ပြန့်နှံ့သွားခဲ့သည်။

    ဂါဇာဒေသအား အစ္စရေးက ပိတ်ဆို့ထားမှု အတွက်လည်း ကာတာနှင့် ရော်ဘင်ဆင်တို့က ရှုတ်ချခဲ့ပြီး ပါလက်စတိုင်းပြည်သူများ လွတ်လပ်စွာ သွားလာနိုင်ရေး၊ လွတ်လပ်စွာ ကုန်စည် စီးဆင်းနိုင်ရေးတို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ဖိအားပေးဆောင်ရွက်ရန် အတွက်လည်း တိုက်တွန်းခဲ့သည်။

    ဟားမက်စ်က ဒုံးကျည်များနှင့် ပစ်ခတ်သည်ဟုဆိုကာ Operation Protect Edge အမည်ဖြင့် စစ်ဆင်ရေးတစ်ခုကို အစ္စရေက စတင်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် ဂါဇာဒေသအား ကျူးကျော် တိုက်ခိုက်ခဲ့သည်။

    လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံး၊ ကယ်ဆယ်ရေးစခန်း၊ ဘောလုံးကွင်း စသည့်နေရားများကို အစ္စရေးက တမင်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်လနီးပါးကြာမြင့်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုများအတွင်း ပါလက်စတိုင်း ၁၈၆၈ ဦး သေဆုံးခဲ့ရပြီး အများစုမှာ အရပ်သားများဖြစ်ကြသည်။

    ဒဏ်ရာရရှိသူများမှာလည်း တစ်သောင်းနီးပါးရှိနေပြီ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများမှာ သန်းဝက်ခန့် ရှိနေသည်။

    Ref:Forbes

  • ၂၆ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားအား ပြည်သူများမှ ပြုလုပ်ကျင်းပ

    ၂၆ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားအား ပြည်သူများမှ ပြုလုပ်ကျင်းပ

    သြဂုတ် ၈၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ လမင်း

    DSC03954
    ရန်ကုန်။      ။ ယနေ့ ၈.၈.၂၀၁၄ တွင်ကျရောက်သော ၂၆ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြည်သူများက ၈.၈.၈၈ တွင်ကျဆုံးသွားသော ပြည်သူများအတွက် အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို ပြုလုပ်ကျင်းပခဲ့ပါသည်။

    အရေးတော်ပုံကာလက ကျဆုံးခဲ့ကြတဲ့ ကျောင်းသား /သူ ရဟန်း ရှင်လူများသွေးမြေကျခဲ့သည့် အမှတ်သရုပ်အနေနဲ့ အနီရောင် ဆေးခြယ်ထားသည့် အနီရောင်အကွက် ရင်ပြင်နီကြီးကို မြို့တော်ခန်းမရှေ့တွင် ပြည်သူများမှ အမှတ်တရ ရေးဆွဲခဲ့ကြပါသည်။

    “ပြည်သူတွေက အခုချိန်ထိအကြောက်တရားနဲ့အသက်ရှင်နေရတုန်းပါပဲ။ ၈၈တုန်း က အမှန်တရားအတွက် ပေးဆပ်ခဲ့ကြတဲ့သူတွေအတွက်၊ ကျေးဇူးတရားအတွက် အခုလို ရင်ပြင်နီကို ဒီနေ့ အမှတ်တရရေးဆွဲခဲ့ရခြင်းဖြစ်ပါတယ်” ဟု ရင်ပြင်နီရေးဆွဲရခြင်းနှင့် ပတ်သက်ပြီး ကိုဗိုလ်ဗိုလ်က ရှင်းလင်းပြောကြားခဲ့သည်။

    သွေးစွန်းခဲ့တဲ့သမိုင်း ၂၆ နှစ်ရှိခဲ့ပြီး ပြည်သူလူထုမပါဝင်ဘဲ တိုင်းပြည်အရေးကိုဆောင်ရွက်လို့မရဘူးဆိုတာ ၈ လေးလုံးအရေးတော်ပုံကြီးက ပြသခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူရဲ့အင်အားသည် တိုင်းပြည်အတွက် အများကြီးပြောင်းလဲစေခဲ့တယ်ဆိုသည်ကို မမေ့လျော့ပဲ ဒီမိုကရေစီအရေးကို ပြည်သူ့အားနဲ့ဆက်လက်ကြိုးပမ်းရမှာဖြစ်ပါတယ် လို့ တ.က.သ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစည်သူမောင်က သုံးသပ်ပြောကြားခဲ့သည်။

    ရဟန်းသံဃာတော်များနှင့် ဘာသာအသီးသီးမှ ကျဆုံးသွားခဲ့သော ရဟန်းရှင်လူများအတွက် ဆုမွန်ကောင်းများတောင်းပေးခဲ့ကြပြီး ပြည်သူများမှ မဟာဗန္ဓုလပန်းခြံသို့တစ်ပတ်လှည့်လည်ပြီး ကျဆုံးသွားသော ရဲဘော်ရဲဘက်များအတွက် လွမ်းသူ့ပန်းခွေချ အလေးပြုကာ ဂုဏ်ပြုခဲ့ကြသည်။

    “ဒီနေရာဟာ ကျွန်တော့သူငယ်ချင်းတွေရဲ့သွေးမြေကျခဲ့တဲ့နေရာပါ။ အဲ့ဒီအချိန်က သွေးမြေတွေကျခဲ့ရသောလည်း အခုထိ ရည်မှန်းထားတဲ့အရာတွေကတော့ အခုထိဖြစ်မလာခဲ့သေးပါဘူး။ မှုန်ဝါးဝါးနဲ့ဖြစ်နေတယ်။ အာဏာပိုင်ကိုပြောချင်တာက သွေးမြေကျခဲ့တဲ့အရေးအခင်းဆိုတာမရှိရင် လွှတ်တော်ဆိုတာ ဦးသိန်းစိန်ဆိုတာရှိလာစရာမရှိပါဘူး။သွေးနဲ့ရေးခဲ့တဲ့သမိုင်းတွေကို ကျေးဇူးမသိရင်နေပါ။ ပြည်သူတွေကိုတော့ငဲ့ညာပေးသင့်ပါတယ်” လို့ ၈လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ကိုဆန်းတင်ကျော် မှ ပြောဆိုခဲ့သည်။

    ရှစ်လေးလုံးနေ့အတွက် ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များမှ ပေးပို့ခဲ့ကြသော သ၀ဏ်လွာများကို ဖတ်ကြားခဲ့ကြပြီး ကမ္ဘာမကြေဘူး တေးသီချင်းဖြင့် ကျဆုံးသွားခဲ့သော ရဟန်းရှင်လူ ပြည်သူများကို ဂုဏ်ပြုခဲ့ကြသည်။