News @ M-Media

Blog

  • ယခုနှစ် ဟဂ်ျ ဘုရားဖူး ရာသီတွင် အီဘိုလာ ကင်းစင်ရေး ဆောင်ရွက်မှုများကို ဆော်ဒီစတင်

    ယခုနှစ် ဟဂ်ျ ဘုရားဖူး ရာသီတွင် အီဘိုလာ ကင်းစင်ရေး ဆောင်ရွက်မှုများကို ဆော်ဒီစတင်

    သြဂုတ် ၁၁၊ ၂၀၁၄
    M-Media
    1407203070035113500
    – အီဘိုလာကင်းစင်သည့် ဟဂ်ျဘုရားဖူး ရာသီ ဖြစ်ရေးအတွက် ဆောင်ရွက်မှုများကို ဆော်ဒီတွင် လုပ်ဆောင်နေပြီး ကမ္ဘာ့တစ်ဝှမ်းမှ လာရောက်နေကြသည် ဟဂ်ျဘုရားဖူး ခရီးသွားများကို စတင်စစ်ဆေးနေပြီဖြစ်သည်။

    “အနောက်နဲ့ အလယ်အာဖရိက နိုင်ငံတွေနဲ့ အခြားသော နိုင်ငံတွေက လာရောက်ကြတဲ့ ဘုရားဖူး ခရီးသွားတွေကို ကျွန်တော်တို့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရောဂါဖြစ်ပွားနေတဲ့ ဒေသတွေကနေ လေယာဉ် ပြောင်းစီးတာတွေ ရှိတာကြောင့် ဗိုင်းရပ်စ်ကို သယ်ဆောင်လာနိုင် ဖွယ်ရှိလို့ပါ” ဟု ဂျစ်ဒါ ကျန်းမာရေးဌာန အထွေထွေဒါရိုက်တာ ဆာမိ ဘာဒါဝုဒ်က ပြောကြားခဲ့သည်။

    အီဘိုဘာဗိုင်းရပ်စ်ပိုး ဆိုးရွားစွာ ပြန့်နှံ့နေသည့် လိုက်ဘေးရီးယား၊ ဂီနီနှင့် ဆီရာ လီယိုနီ နိုင်ငံတို့အတွက် ဟဂ်ျဘုရာဖူးဗီဇာ ထုတ်ပေးခြင်းကို ဆော်ဒီအစိုးရက မကြာသေးမီကပင် တားမြစ်ပိတ်ပင်ခဲ့သည်။

    ဘုရားဖူးလာရောက်ကြသူများတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသည့် လက္ခဏာများတွေ့ရပါက စစ်ဆေးကုသမှုများ ဆောင်ရွက်နိုင်ရန်အတွက်လည်း အထူး ကြပ်မတ်ကုသရေး စင်တာများကိုလည်း ဆော်ဒီအစိုးရက ပြုလုပ်ထားသည်။

    အနောက်အာဖရိကနိုင်ငံများတွင် အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် လူပေါင်း ၉၀၀ ကျော် သေဆုံခဲ့ပြီး WHO ကမူ နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    နောက်ဆုံးကူးစက်ခံရသည့် နိုင်ငံမှာ နိုက်ဂျီးရီးယားနိုင်ငံဖြစ်ပြီး သမ္မတ ဂွဒ်လက် ဂျိုနသန်က နိုင်ငံအား အရေးပေါ် အခြေအနေကြေညာခဲ့သည်။

    အီဗိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ၏ ကနဦး လက္ခဏာများမှာ အဖျားတက်ခြင်း၊ ၀မ်းလျှောခြင်း၊ ခန္ဓာကိုယ် ကိုက်ခဲ့ခြင်း စသည်တို့ဖြစ်ပြီး နောက်ပိုင်းတွင် ခန္ဓာကိုယ် အတွင်းအပြင် သွေးယိုခြင်းထို့အထိ ဖြစ်ပွားနိုင်ကာ အသက်ဆုံးရှုံးနိုင်သည်။

  • မန္တလေးတွင် ညမထွက်ရ အမိန့် ရုပ်သိမ်း

    မန္တလေးတွင် ညမထွက်ရ အမိန့် ရုပ်သိမ်း

    သြဂုတ် ၁၁ ၊ ၂၀၁၄
    M-Media
    .သီဟ

    ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့် မန္တလေးမြို့တွင် ယင်းအမိန့်ကို ယနေ့တွင်ပြန်လည် ရုပ်သိမ်းလိုက်ကြောင်းသိရှိရပါတယ်။

    လုပ်ကြံလီဆယ်ထားသည့် မုဒိမ်းမှု သတင်းကို အင်တာနက် စာမျက်နှာတွင် စတင်လှုံ့ဆော်ဖြန့်ချိရာမှ ဘာသာရေး အသွင်ဆောင်သည့် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် မန္တလေးမြို့ ၇ မြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

    144

  • တူရကီ သမ္မတ ရွေးကောက်ပွဲ လက်ရှိ ၀န်ကြီးချုပ် အာဒိုဂန် အနိုင်ရရှိ

    တူရကီ သမ္မတ ရွေးကောက်ပွဲ လက်ရှိ ၀န်ကြီးချုပ် အာဒိုဂန် အနိုင်ရရှိ

    သြဂုတ် ၁၁ ၊ ၂၀၁၄

    M-Media

    Recep Tayyip Erdogan leads race for president in Turkey

    – တူရကီတွင် ပြုလုပ်ခဲ့သည့် သမိုင်းတစ်လျှောက် ပြည်သူများမှ ပထမဆုံးရွေးချယ်သော သမ္မတရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အာဒိုဂန်မှာ အနိုင်ရရှိသွားခဲ့သည်ဟု သိရသည်။

    မဲပုံး ၉၉ ရာခိုင်နှုန်းကို ယမန်နေ့က ရေတွက်ခဲ့ရာတွင် အာဒိုဂန်မှာ စုစုပေါင်း မဲအရေအတွက် ၅၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်များဖြစ်ကြသည့် အစ်ဟ်ဆန် နော့ဂ်လူနှင့် ကာ့ဒ်လူမျိုး ဆလာဟာတင် ဒီမီရန်တက်စ်တို့က ၃၈.၃ ရာခိုင်နှုန်းနှင့်  ၉.၇ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြသည်။

    ထိုကဲ့သို့ အနိုင်ရရှိခဲ့ခြင်းက တိုင်းပြည်အား ၁၀ နှစ်ကျော်ကြာ အုပ်စိုးထားခဲ့သည့် အာဒိုဂန်အတွက် နောက်ထပ် ၅ နှစ် ဆက်လက်အုပ်စိုးခွင့်ရမည်ဖြစ်သည်။ အာဒိုဂန်အား သမ္မတအဖြစ် ကျမ်းကျိန်ခြင်းအခမ်းအနားကို ယခုလ ၂၈ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

    နေတိုးအဖွဲ့ဝင်ဖြစ်ပြီး ဥရောပ သမဂ္ဂထဲသို့ ၀င်ခွင့်ရရန် ကြိုးစားနေသည့် တူရကီသမ္မတ ရာထူးကို ယခင်က ပါလီမန်မှ တင်မြှောက်ခြင်းဖြစ်ပြီး ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ပြည်သူများက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခြင်းဖြစ်သည်။

    အနိုင်ရရှိခဲ့သည့် အာဒိုဂန်က မိမိအနိုင်ရရှိခဲ့သည့်နေ့မှာ တူရကီ၏ သမိုင်းဝင်နေ့ဖြစ်ခဲ့ပြီး ဒီမိုကရေစီကို ပြန်လည်ရရှိခဲ့သည့်နေ့ဖြစ်ကြောင်း၊ ယခုရလဒ်မှာ ခေတ်သစ်တစ်ခုကို စတင်ရန် ပထမခြေလှမ်းဖြစ်ကြောင်း၊ မိမိအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ရင်ကြားစေ့ရေးကို ဆောင်ရွက်သွားရန် ကတိပြုပါကြောင်း ယမန်နေ့က မြို့တော်အန်ကာရာရှိ ၎င်း၏ ပါတီဌာချုပ်တွင် ပြုလုပ်ခဲ့သော မိန့်ခွန်းတွင် ပြည်သူများအား ပြောကြားခဲ့သည်။

    AFP

  • လိင်တူ စိတ်ဝင်စားသူ တဦး၏ ဈာပန ဖလော်ရီဒါ နှစ်ခြင်းဘုရားကျောင်း ကျင်းပရန် လက်မခံ

    လိင်တူ စိတ်ဝင်စားသူ တဦး၏ ဈာပန ဖလော်ရီဒါ နှစ်ခြင်းဘုရားကျောင်း ကျင်းပရန် လက်မခံ

    သြဂုတ် ၁၁ ၊ ၂၀၁၄

    M-Media

    – သတင်းစာနာရေးကြော်ငြာတွင် ခင်ပွန်းဖြစ်သူ၏ အမည်အား ဖော်ပြထားခြင်းကြောင့် အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးအား လိင်တူစိတ်ဝင်စားသူဟု သတ်မှတ်ကာ ဖလော်ရီဒါရှိ ခရစ်ယာန်ဘုရားကျောင်းမှ ဈာပန အခမ်းအနား မကျင်းပပေးခဲ့ဟု သိရသည်။

    သေဆုံးသူမှာ ဂျူလီယို အီဗန့်စ် ဆိုသူဖြစ်ပြီး New Hope Missionary နှစ်ခြင်း ဘုရားကျောင်း၌ ဈာပနအခမ်းအနား ကျင်းပရန် အချိန်အနည်းငယ်အလိုတွင် ၀တ်ပြုရန် စုဝေးနေကြသည့် ပရိတ်သတ်များက သတင်းစာမှ နာရေးကြော်ငြာအား တွေ့ရှိခဲ့ပြီး အဆိုပါ ဘုရားကျောင်းမှ ဘုန်းတော်ကြီးအား စောဒက တက်ခဲ့သောကြောင့် ဈာပနအခမ်းအနား ပြုလုပ်ခြင်းကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

    “ကျမ်းစာအရတော့ (ဒီပုဂ္ဂိုလ်ကို) ကျွန်တော်တို့ ဘုရားကျောင်းမှာ လက်ခံပြီး  ၀တ်ပြုဆုတောင်းပေးတာဟာ အမှားတစ်ခုပါ။ တစ်ဦးတစ်ယောက်ရဲ့ ဘ၀နေထိုင်မှုပုံစံကို ရှုတ်ချတာမျိုး မဟုတ်ပေမယ့် ဘုရားသခင် ဘက်တော်သားဖြစ်တဲ့ ကျွန်တော်ဟာ စည်းမျဉ်း စည်းကမ်းတွေကိုတော့ လိုက်နာရပါမယ်” ဟု အဆိုပါ ဘုရားကျောင်းမှ သင်းအုပ်ဆရာ တီ ဒဗလျူ ဂျန်ကင်က ပြောကြားခဲ့သည်။ ထို့ပြင် လိင်တူစိတ်ဝင်စားသူတစ်ဦးအား ၀တ်ပြုဆုတောင်းပေးခြင်းမှာ ဘုရားသခင်၏ အမျက်တော်ရှမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အီဗန့်စ်၏ မိခင်ဖြစ်သူကမူ သူမ၏သားမှာ အဆိုပါ ဘုရားကျောင်းတွင်ပင် နှစ်ခြင်း ခံထားသူဖြစ်ပြီး နှစ်ခြင်းခံပွဲတွင် မိသားစုဝင်များ ဆွေမျိုးများလည်း တက်ရောက်ခဲ့ကြောင်း၊ သားဖြစ်သူ ဈာပနာအား ယခုကဲ့သို့ ငြင်းပယ်လိုက်ခြင်းမှာ သေဆုံးသူ၏ ဂုဏ်သိက္ခာကို ငြင်းပယ် လိုက်ခြင်း ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အီဗန့်စ်၏ ခင်ပွန်းဟုဆိုသူ ကန်ဒဲလ် ကပ်ပါကလည်း မိမိတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ၁၇ နှစ် ကြာမြင့် ခဲ့ပြီးဖြစ်ပြီး ပြီးခဲ့သည့် နှစ်က မေရီလန်းတွင် လက်ထပ်ခဲ့ကြောင်း၊ မိမိတို့ နှစ်ဦး၏ ဆက်ဆံရေးကို ဖုံးကွယ်ထားစရာ မရှိကြောင်း ပြောကြားခဲ့သည်။

    အီဗန့်စ်မှာ ဖြစ်ပွားမှုနည်းသည့် ခန္ဓာကိုယ်တွင်းအင်္ဂါများ ပျက်စီးသည့် Amyloidosis ရောဂါကို လွန်ခဲ့သည့် လေးနှစ်ကတည်းက ခံစားခဲ့ရခြင်းဖြစ်ပြီး ထိုရောဂါဖြင့်ပင် ကွယ်လွန်ခဲ့သည်။

     

    ref_advocate

  • အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ မန္တလေး၌ ပြုလုပ်မည်။

    အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ မန္တလေး၌ ပြုလုပ်မည်။

    သြဂုတ် ၁၁ ၊ ၂၀၁၄
    M-Media
    .သီဟ

    10372525_10203284254041589_7989382108446095007_n
    စာရေးဆရာ ဦးဘုန်း(ဓာတု)၊ စာရေးဆရာမ မသီတာ(စမ်းချောင်း) နှင့် ဘလောဂ်ဂါ နေဘုန်းလတ် တို ဦးဆောင်ပါဝင်သည့် ဆွေးနွေးပွဲ တရပ်ကို မန္တလေးမြို့ ရတနာပုံ စူပါစင်တာမှာ ပြုလုပ်မှာဖြစ်ကြောင်းသိရပါတယ်။

    ဆွေးနွေးကြမယ့် ခေါင်းစဉ်ကတော့ ခွဲခြားမှုကင်းသော အနာဂတ်မျိုးဆက်ဆီသို့ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ပြုလုပ်တာဖြစ်ပြီး သြဂုတ်လ ၁၂ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီမှ ၁၂း၃၀ နာရီ အထိကျင်းပပြလုပ်မှာ ဖြစ်ပါတယ်။

    ကျင်းပ ပြုလုပ်မယ့် နေရာက MRCCI Ballroom၊ လေးလွှာ၊ ရတနာပုံစူပါစင်တာ။ ၃၅လမ်းနှင့် ၇၈လမ်းထောင့် ဖြစ်ကြောင်းသိရှိရပါတယ်။

    Photo Via- Harry Mdy