News @ M-Media

အတိတ်ဆိုးကို မေ့ပစ်ရန် ဘာလော့တယ်လီအား အေစီမီလန် နည်းပြသစ် အင်ဇာဂီ တိုက်တွန်း

ဇူလိုင် ၂၃ ၊ ၂၀၁၄
M-Media
412119_heroa
– ဘာလော့တယ်လီအား အသင်းမှ ရောင်းချမည်မဟုတ်ဘဲ ၎င်းအနေဖြင့်လည်း အတိတ်ဆိုးများကို မေ့ပစ်ရမည်ဟု အေစီမီလန်အသင်းနည်းပြ အင်ဇာဂီက ပြောကြားလိုက်သည်။

ပြီးခဲ့သည့်နှစ်က ၄ နှစ်ခွဲစာချုပ်ဖြင့် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဘာလော့တယ်လီမှာ အသင်း၌ ၁၈ လတာ ကစားခဲ့သည့် အချိန်အတွင်း ပြဿနာများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ယခုနှစ်တွင် အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေပြီး အာဆင်နယ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။

သို့သော်လည်း ဆီးဒေါ့ဖ်၏ နေရာကို အစားထိုးခဲ့သည့် နည်းပြသစ် အင်ဇာဂီကမူ ဘာလော့တယ်လီအား ပုံမှန်နေရာပေးမည်ဟု အာမခံထားသည်။

“ဘာလော့တယ်လီဟာ မီလန်အတွက် သိပ်ကိုအရေးပါတဲ့ ကစားသမားပါ။ အခြားကစားတွေကို ပြုမူဆက်ဆံသလိုမျိုး သူ့ကိုလည်း ဆက်ဆံသွားမှာပါ။ သူနဲ့ ပတ်သက်ပြီး ကျွန်တော်ကြားဖူးသမျှ အကောင်း၊ အဆိုး အားလုံးကို ကျွန်တော် မေ့ပစ်မှာပါ။ အသင်းက ဆုံးဖြတ်ဖြတ်ချက် ချမှာဖြစ်ပေမယ့် ကျွန်တော့အတွက်တော့ မာရီယို(ဘာလော့တယ်လီ)ဟာ မီလန်နဲ့ နိုင်ငံအသင်းအတွက် ပါရမီရှိတဲ့ကစားသမားလို့ မှတ်ယူပါတယ်” ဟု အင်ဇာဂီက ပြောကြားခဲ့သည်။

ဘာလော့တယ်လီမှာ ပြီးခဲ့သည့် ဘောလုံးရာသီက အေစီမီလန်အသင်းအတွက် ၄၃ ပွဲကစားပေးခဲ့ပြိး ၁၉ ဂိုးသွင်းယူပေးထားနိုင်သည်။

Comments

Leave a Reply