News @ M-Media

Blog

  • အမုန်းတရားပွားစေမည့် သတင်း ဦးဝီရသူ ထပ်ဆင့် ဖြန့်ဝေရာမှ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု မန္တလေးတွင် ဖြစ်ပွားခဲ့

    ဇူလိုင် ၃ ၊ ၂၀၁၄
    M-Media
    Source: ibtimes

    ဦးဝီရသူရဲ့”ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရ” ခေါင်းစဉ်ပါ အမုန်းတရားလှုံ့ဆော်တဲ့ ဖေ့စ်ဘုတ်သတင်းကြောင့် မန္တလေး၌ မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှု စတင်ဖြစ်ပွားစေခဲ့
    buddhist-monk-wirathu-c-leader-969-movement-greets-other-monks

    မြန်မာဘင်လာဒင်ရယ်လို့ ကိုယ့်ကိုကိုယ်သတ်မှတ်ထားတဲ့ အရှင်ဝီရသူက သူ့ရဲ့ လူသိများလှတဲ့ ဖေ့စ်ဘုတ်ပေါ်မှာ “ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရ” ခေါင်းစဉ်ပါ သတင်းကို ရှယ်ခဲ့မှုကြောင့် မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ မန္တလေးမှာ ဒေါသထွက်နေတဲ့ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးနဲ့ မွတ်ဆလင်တွေ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်နေရပါပြီ။

    သံဃာအပါး ၃၀ နဲ့  ဗုဒ္ဓဘာသာဝင် ၃၀၀ လောက်ပါဝင်တဲ့ ဒေါသထွက်နေတဲ့လူအုပ်ကြီးဟာ မွတ်ဆလင်တစ်ဦးပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်ကို ကျောက်ခဲတွေ အုတ်ခဲတွေနဲ့ စတင်ပစ်ပေါက်နေတာကို ထိန်းချုပ်ဖို့ ရဲအရာရှိပေါင်း ၆၀၀ ကျော်ကို မန္တလေးမှာ နေရာချထားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ လူ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ မွတ်ဆလင်တွေပိုင်ဆိုင်တဲ့ ဆိုင်တွေပျက်စီးခဲ့ရပြီး ဗလီမှန်ပြုတင်းပေါက်တွေ ခွဲခြေခံခဲ့ရပါတယ်။

    မန္တလေးရဲတွေက လက်ဖက်ရည်ဆိုင်ပိုင်ရှင်အပေါ် မုဒိမ်းမှုနဲ့ တရားစွဲဆိုထားတာကို အတည်ပြုခဲ့ပါတယ်။

    အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အလုပ်ရှင်တွေနဲ့ အတူတူ ခရီးသွားနေစဉ် နေပြည်တော်သို့ သွားရာလမ်းမှာ မုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ ကောလဟာလတွေဟာ လူမှုကွန်ယက်တွေမှာ ဇွန်လ ၂၈ ရက်နေ့က ပြန့်နှံ့ခဲ့ပါတယ်။

    (1)_Wira_Thu_-_2014-07-02_02.37.56

    ဒီနေရာမှာ အငြင်းပွားဖွယ်ရာ အမျိုးသားရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ ၉၆၉ ဂိုဏ်းခေါင်းဆောင် ဦးဝီရသူဟာ ဒီသတင်းကို သူ့ရဲ့ဖေ့စ်ဘုတ်ပေါ်မှာ တင်ရှယ်ခဲ့ပြီး လက်ဖက်ရည်ဆိုင် ပိုင်ရှင်ညီအကိုတွေဟာ တရားဥပဒေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထပ်ဆင့်ရေးသားခဲ့ပါတယ်။

    အမုန်းတရားသီးသန့် ဟောကြား ဖြန့်ဖြူးပေးတဲ့အပြင် ဗုဒ္ဓဘာသာဝင်တွေကို မွတ်ဆလင် စီးပွားရေးတွေကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်တိုက်တွန်းနေကြတဲ့ အစွန်းရောက် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေနဲ့ အလွန်အမင်း အန္တရာယ်များလှတဲ့ အစွန်းရောက် ၉၆၉ လှုပ်ရှားမှုတွေရဲ့ လှုံ့ဆော်ရန်စမှုတွေကြောင့် လွန်ခဲတဲ့ နှစ်နှစ်ကျော်ကတည်းက မြန်မာမွတ်ဆလင်မ်တွေအပေါ် အကြမ်းဖက်မှုတွေဟာ အရှိန်မြင့်လာခဲ့ပါတယ်။

    ၂၀၁၂ က ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်မ်တွေကြားမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၂၀၀ ကျော်လောက် သေကြေစေပြီး ထောင်ပေါင်း များစွာသော လူတွေကို နေရာရွှေ့ပြောင်းစေရတဲ့ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှု အများစုဟာ အနောက်ပိုင်းရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

    ဇန်န၀ါရီလတုန်းကတော့ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားအုပ်စုတွေ လက်ချက်ကြောင့် အနည်းဆုံး မွတ်ဆလင် ၄၈ ဦး သေဆုံးခဲ့ပြီး ဒူချီရာတန်းရွာက မွတ်ဆလင် အိမ်ခြေ အနည်းဆုံး ၇၀ ဟာ မြန်မာရဲတပ်ဖွဲ့ဝင်တွေရဲ့ မီးတင်ရှို့ခံခဲ့ရပါတယ်။

    ဗုဒ္ဓဘာသာဝင်တွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့တော်က နိုင်ငံတကာ ကူညီရေးလုပ်သားတွေကို တိုက်ခိုက်ခဲ့ပြီး ဒေသခံရဲစခန်းတစ်ခုမှာ ခိုလှုံနေရအောင်လည်း အတင်းအဓမ္မမောင်းထုတ် တိုက်ခိုက်ခဲ့ကြပါသေးတယ်။

    Gianluca Mezzofiore ရေးသားသော Wirathu’s ‘Buddhist Woman Raped’ Facebook Post Stokes Anti-Muslim Violence in Mandalay သတင်းဆောင်းပါးအား ဆွေမွန် မှ ဆီလျော်အောင်ပြန်ဆိုပါသည်။

    Ref : http://www.ibtimes.co.uk/wirathus-buddhist-woman-raped-facebook-post-stokes-anti-muslim-violence-mandalay-1455069

  • Breaking News : ဒေးဝန်းဗလီရှေ့ ဆိုင်ခန်း ၂-ခန်း မီးရှို့ခံရ  (ည ၂ နာရီ)

    Breaking News : ဒေးဝန်းဗလီရှေ့ ဆိုင်ခန်း ၂-ခန်း မီးရှို့ခံရ (ည ၂ နာရီ)

    ဇူလိုင် ၃ ၊ ၂၀၁၄
    M-Media
    သုတ
    မန္တလေးမြို့တွင် ဘာသာရေးအကြမ်းဖက်မှုအသွင်ဖြစ်အောင် ဖန်တီးလှုံ့ဆော်နေသည့် အကြမ်းဖက်သမားများသည် ယနေ့ နံနက် ၂း၀၀ နာရီဝန်းကျင်ခန့်က ဒေးဝန်းရပ်ရှိ ၃၅-လမ်းနှင့် လမ်း ၉၀ အနီးရှိ ဒေးဝန်းဗလီ အား ခဲများဖြင့် ပစ်ပေါက်ခဲ့ရာ ဗလီအား ထိခိုက်မှု မရှိကြောင်းသိရ၊ ဗလီရှေ့ရှိ ဆိုင်ခန်း(၂)ခန်းအား မီးရှို့ခဲ့ကြကြောင်း မီးသတ်ကားများ ရောက်ရှိလာပြီး မီးငြိမ်းသတ်ရကြောင်း၊ ယခုအခါ ရဲများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

  • ၂၀၁၅ အပြီး အတူတူဆက် မငိုရအောင် (သူ့အမြင်)

    ဇူလိုင် ၃ ၊၂၀၁၄
    M-Media
    .ရေးသူ- ဆွေမွန်

    10403160_1502596783285758_5714648558031199490_n
    တကယ်ဆို မန္တလေးသား ဗုဒ္ဓဘာသာဝင်တွေလည်း ညံ့တယ်လို့ထောက်ပြချင်တယ်။

    အဓိကရုဏ်း (လုံးဝ) မဟုတ်ပါဘဲလျှက်၊

    ထောင်ချောက်မှန်းသိပါလျှက်နဲ့၊

    ဒီဖြစ်ရပ် မဖြစ်ခင်နေ့တစ်ဝက်လောက်ကြီုတင်သိကြပါလျှက်နဲ့၊

    ဒီဖြစ်ရပ်ကို ဗုဒ္ဓဘာသာဝင်မန္တလေးသားတွေ တားနိုင်သင့်တယ်။

    ခုထိခိုက်သွားတာ မွတ်ဆလင်တွေပဲ မဟုတ်ဘူး။ မြန်မာအမည်ထက် ကမ္ဘာမှာပိုမိုထင်ပေါ်တဲ့ မန္တလေးအမည်ဟာ ဒီဖြစ်ရပ်နဲ့အတူတူ သေးသိမ်သွားမှာ ဖြစ်လို့ပဲ။ အရင်က google.com မှာ မန္တလေးလို့ ရိုက်ရှာလိုက်ရင် ဘုရားပုထိုးတွေ၊ နန်းတော်၊ ကျုံးတွေနဲ့ သာယာလှပတဲ့ မန္တလေးပုံရိပ်တွေအစား သိပ်မကြာခင် ကမ္ဘာ့မီဒီယာစာမျက်နှာကြားမှာ ဓားတွေ၊ သွေးတွေ၊ မီးလောင်ဒဏ်ရာတွေနဲ့ မန္တလေးကို မြင်တွေ့ရတော့မှာ ဖြစ်နေလို့ပဲ။

    ဒီလို မန္တလေးကို ဒဏ်ရာရခွင့်ပေးတဲ့ထဲမှာ ငါတို့နဲ့မဆိုင် ကုလားတွေကိုလုပ်နေတာလို့ ဘေးထွက်ထိုင်နေသူတွေရဲ့ လက်ချက်လည်း ပါတယ်လို့ ထောက်ပြချင်တယ်။

    စဖြစ်ကတည်းက မွတ်ဆလင်တွေကို ဘေးဖယ်နေကြ၊ ဒါ အားလုံးနဲ့ ဆိုင်တဲ့ ပြသနာ။ ငါတို့ ဒိုင်ခံရှင်းမယ်လို့ မန္တလေးသားဗုဒ္ဓဘာသာဝင်တွေ ရှေ့ထွက်ရပ်ခဲ့ရင် ဒီပွဲ ပြီးတာ ကြာလှပါပြီ။ ကြမ်းချင်သေးလား။ ကိုယ်က ဦးအောင် ရိုက်ပစ်ရင် အဓိကရုဏ်းဖန်တီး ဆူပူလိုသူတွေရဲ့ လုပ်ရပ်ဟာ မန္တလေးမှာ အပြီးဇာတ်သိမ်းသွားမှာပါ။ ဒီအနေအထားကို မွတ်ဆလင်တွေ လုပ်လို့ မရပါဘူး။

    နားလည်ကြမှာပါ။ ၂၀၁၂ ကတည်းက တသသမွေးမြူထားတဲ့ အဓိကရုဏ်းမီးကို ငြိမ်းချင်ရင် ဒီအချိန်ဟာ အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ မွတ်ဆလင်တွေအတွက် ဒီစာရေးနေတယ်လို့ မထင်လိုက်နဲ့ဦး။ ကျွန်တော်တို့ အရေထူသင့်တာထက် ထူနေပြီးသားပါ။ မြန်မာပြည် အပြောင်းအလဲကို လိုချင်သူတိုင်း တွေးသင့်တဲ့ အတွေးတစ်စကို ချပြခြင်းမျှသာပါပဲ။

    ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ တိုင်းပြည်မှာ ပြသနာကို ငြိမ်းအောင် ဗုဒ္ဓဘာသာဝင်တွေကပဲ ဆောင်ရွက်နိုင်မှာပါ။ မငြိမ်းချင်ဘူး၊ ကုလားတွေ သေပလေ့စေလို့ သဘောထားချင်နေသေးရင် ၂၀၁၅ အပြီးမှာ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ လည်ပင်းလေးဖက်ပြီး အတူတူ ဆက်ငိုနေကြရုံပါပဲဗျာ။

  • အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်မှုအတွက် အရေးယူပေးရန် သမ္မတ ဦးသိန်းစိန်သို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက စာပို့တောင်းဆိုထား

    အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်မှုအတွက် အရေးယူပေးရန် သမ္မတ ဦးသိန်းစိန်သို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက စာပို့တောင်းဆိုထား

    ဇူလိုင် ၂၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ဇူလိုင်လ ၁-ရက်နေ့ညပိုင်းက စတင်ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုအသွင်ဆောင်သည့် အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားရန် လှုံ့ဆော်ခဲ့ပြီး အစ္စလာမ် သာသနာဝင်များ၏ ဗလီဝတ်ကျောင်းတော်များ၊ နေအိမ်ဆိုင်ခန်းများ၊ ဥစ္စာပစ္စည်းများအား တည်ဆဲဥပဒေများ ချိုးဖောက်ကာ
    လူစုလူဝေးဖြင့် အကြမ်းဖက်မှု အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ယနေ့ ဇူလိုင်လ (၂)ရက် နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန်ထံ အကြောင်းကြားစာ  တစ်စောင် ပေးပို့လိုက်ကြောင်း သိရပါတယ်။

    ၎င်းကိစ္စနှင့်စပ်လျဉ်း၍ မည်သို့ ဆက်လက်ဆောင်ရွက်သွားရန် ရှိပါသလဲလို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသို့ ဆက်သွယ်မေးမြန်းရာ “(၁) အချက်ကတော့ အခုဖြစ်ပျက်နေတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အစ္စလာမ်သာသနာဝင်တွေဟာ အခုက ရမသွာန်လလည်းဖြစ်တယ်။ အခုအချိန်အခါမှာ ဒီလိုဖြစ်ရတဲ့အတွက် စိတ်မချမ်းမြေ့မှုဖြစ်ရတယ်။ (၂) အချက်ကတော့ အရင် ၃-၄ ရက်က facebook မှာပါနေတဲ့သတင်းလေးတစ်ပုဒ်ကြောင့် ဒီလိုဖြစ်ပျက်လာတာဟာ ကြိုတင်ကာကွယ်မှု လိုတယ်၊ မနေ့က အချိန်ကာလကို ကြည့်လိုက်မယ်ဆိုရင် ထိထိမိမိတားဆီးမှု
    မတွေ့ရဘူးတဲ့အတွက် အဲ့ဒီကိစ္စတွေအပေါ် စိုးရိမ်မကင်းဖြစ်နေရတယ်။ အဲ့ဒီအတွက် ဥပဒေအတိုင်း ကျောသားရင်သား မခွဲခြားပဲနဲ့ အကာအကွယ်ပြုပေးဖို့ သမ္မတကြီးကို အန်ကယ်လ်တို့က အသိပေးလိုက်တယ်။ သက်ဆိုင်ရာ ၀န်ကြီးချုပ်ကိုလည်း အသိပေးလိုက်တာပါ။ ဒါက ပထမအဆင့်ပါ။ ဒုတိယအဆင့်အနေနဲ့ လိုအပ်ရင် လိုအပ်သလို အန်ကယ်လ်တို့ အဖွဲ့(၅)ဖွဲ့အနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေအထိ ချဉ်းကပ် ဆွေးနွေးဖို့လည်း ရှိပါတယ်။ ဒါလေးတွေ လုပ်သွားမှာပါ”လို့ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မအဖ) အတွင်းရေးမှူး ဟာဂျီ ဦးကျော်ခင်က
    ဖြေကြားခဲ့ပါတယ်။

    အဆိုပါ ပန်ကြားစာတွင် ယခုကာလသည် အစ္စလာမ်သာသနာဝင်များ၏ ရမသွာန် (ဥပုသ်)လ အခါသမယဖြစ်ပြီး သာသနာ့အဆုံးအမနှင့်အညီ ၀တ်ပြုဆုတောင်းခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ် အလှူဒါပြုခြင်းများကို တည်ငြိမ်စွာ ဆောင်ရွက်နေကြသည့် အချိန်ကာလဖြစ်ပြီး ၎င်းကာလအတွင်း facebook တွင် ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်အား အကြောင်းပြု၍ တည်ဆဲဥပဒေအား ချိုးဖောက်ကာ အစ္စလာမ်သာသနာဝင်များ၏ ဗလီဝတ်ကျောင်းတော်များ၊ နေအိမ် ဆိုင်ခန်းများ၊ ဥစ္စာပစ္စည်းများကို လူစုလူဝေးဖြင့် အကြမ်းဖက်မှုဖြစ်ပွားလာသဖြင့် အစ္စလာမ်သာသနာဝင်များ စိတ်ထိခိုက်ကြေကွဲ စိုးရိမ် ရကြောင်းနှင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် နိုင်ငံတော်သည် အသိအမှတ်ပြုထားသော သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟူသည့် ပြဋ္ဌာန်းချက်နှင့်အညီ အစ္စလာမ်သာသနာဝင်များအား အကြမ်းဖက်နေမှုများကို တည်ဆဲဥပဒေများအရ ထိရောက်စွာ ဟန့်တားအရေးယူ ဆောင်ရွက်ပေးရန် အလေးအနက် ပန်ကြားကြောင်း တွေ့ရှိရပါတယ်။