News @ M-Media
Blog
  • မန္တလေးမှ ဆူပူ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ NLD ကြေညာချက်ထုတ်
    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    .သီဟ
    ဇူလိုင် ၁ ရက်နေ့ ညပိုင်းနှင့် ဇူလိုင် ၂ ရက်နေ့ မနက်လင်းအားကြိးအချိန်တို့တွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်ပြီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ရဲ့ သဘောထားကို ယနေ့ နေစွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
    ကြေညာချက်တွင် မခိုင်လုံသော ကောလဟာလကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်ပြီး အမျိုးအမည်ခွဲခြားရန်ခက်သော လူစုလူဝေးတချို့ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ခြင်းသည် လုံးဝ မလိုလား အပ်သော ဖြစ်ရပ်များဖြစ်ကြောင်း၊ ယခင်ကြုံတွေ့ဘူးသည့် ပဋိပက္ခဖြစ်စဥင်္များကို အခြေခံပြီး သတိကြီးကြီးဖြင့် ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ကြောင်း၊ နောက်နောင်ကို ယခုကဲ့သို့ ကောလဟလနှင့် သတင်းအမှားများ မကြာခဏ ပေါ်ပေါက်လျက် ပြည်သူတို့အား မလိုလားအပ်သည့် လှုပ်ရှားမှုများ ဖြစ်ပေါ်စေရန် ဆက်လက်ပေါ်ပေါက်လိမ့်မည်ဟု ယုံကြည့်ရပါကြောင်း၊ အုပ်ချူပ်ရေး အာဏာပိုင်များ အနေဖြင့် ယခုကဲ့သို့ သတင်းအပေါ် ချက်ခြင်း အရေးယူဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ကောလဟာလ သတင်း ကို စိစစ်ပြိးမှန်ကန်လျှင် ပွင့်လင်းမြင်သာစွာ အရေးယူဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မှားယွင်းသည့် သတင်းဖြစ်ပါက ပြည်သူကို အမှန်အတိုင်း အသိပေးကြေညာ သင့်ကြောင်း၊ အဓိက ထောက်ပြလိုသည့် အချက်မှာ အာဏာပိုင်များ အနေနှင့် ပဋိပက္ခဖြစ်ပေါ်လာပါက ပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ ဦးစားပေးသင့်ကြောင်း၊ ကာကွယ်ရေးအတွက် ပြည်သူအား ဟန့်တား ထိန်းချူပ်ရေးကို ဦးစားပေးသည့် အလေ့အထများ ပြုပြင်ပြီး ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးစားပေးသင့်ကြောင်း စသည့်ဖြင့် ကြေညာချက်တွင် ဖော်ပြထားပါသည်။
    သစ်ထူးလွင် ဘလောဂ်စတင်တွင် ရေးသားဖော်ပြထားသော ဆန်းကဖီး လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဘာသာခြားများက ဗုဒ္ဓဘာသာဝင် ဆိုင်အလုပ်သမတဦးကို အဓမ္မကျင့်သည် ဟူသော သတင်းကို အကြောင်းပြုပြီး ယမန့်နေညက မန္တလေးမြို့၌ ဘာသာရေး အသွင်ဆောင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြိး မော်တော်ကား အချို့ ဖျက်ဆီးခံရခြင်း ၊ ဆိုင်တချို့ ဖျက်ဆီးခံရခြင်း၊ ဗလီဝတ်ကျောင်းအချို့ ခဲဖြင့်ပြစ်ပေါက်ခံရခြင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။
    ကြေညာချက် အပြည့်အစုံကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။
    NLD
    Ref: NLD ပြန်ကြားရေး FB
  • ယမန်နေ့ည ဖြစ်ပွားခဲ့သည် ဆူပူ အကြမ်းဖက်မှုဖြစ်စဉ် မန္တလေးတိုင်း ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
    ဇူလိုင် ၂ ရက်၊ ၂၀၁၄
    M-Media
    သုတ
    DSC_0673
    ဇွန်လိုင် ၁-ရက်ညပိုင်းနှင့် ၂-ရက်နေ့ မနက်ပိုင်းတို့တွင် မန္တလေးမြို့၌ ဘာသာရေး အကြမ်းဖက်မှု အသွင် ပြုလုပ်ခဲ့သည့်ဖြစ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို မန္တလေးတိုင်း ရဲတပ်ဖွဲ့တွင် ယနေ့နံနက် ၉-နာရီက ပြုလုပ်ခဲ့ပါတယ်။
    ယမန်နေ့ညက စတင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်အပေါ် ကွဲပြားမှုမရှိပဲ သတင်းအမှန်သိရှိစေရန်အတွက် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဗိုလ်မှူးကြီးအရာရှိ ပထမတန်း ဒုတိယရဲမှူးကြီး ဇော်မင်းဦးက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။
    ယခုရက်ပိုင်းအတွင်း အင်တာနက်သတင်း၌ ပျံ့နှံ့ခဲ့သော မန္တလေးမြို့ ၂၈-လမ်း ဆန်းလ္ဘက်ရည်ဆိုင်အား နေပြည်တော်တွင် ဆိုင်ခွဲဖွင့်လှစ်မည်ဟုဆိုတာ ဆိုင်ရှင်မှ ဆိုင်ဝန်ထမ်းအမျိုးသမီးအား နေပြည်တော်သို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့် ခဲ့သည်ဆိုသည့် သတင်းများ ပေါ်ထွက်လာသောကြောင့် ပျဉ်းမနားမြို့မ ရဲစခန်းမှူး ဒုရဲမှူး မျိုးသန်းဦးနှင့် အဖွဲ့က လာရောက်မေးမြန်းသွားခဲ့ပြီး အမှုတည်ဆောက်ရသည့် အတွက် အမှုဖွင့်ပြီဆိုပါက ရဲတပ်ဖွဲ့က အမှု မှန်ကန်မှု ရှိမရှိ၊ ပြစ်မှု ကျူးလွန်မှုရှိမရှိကို ရဲ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်၍ စစ်ဆေးရသည်များ ရှိပြီး စစ်ဆေးခံရသည့် ကာယကံရှင်များ အနေနှင့် မိမိတို့ မကျူးလွန်ဘဲ အပြောခံနေရသည်ဟူသော သူတို့၏ စိတ်ခံစားမှုများ ရှိကြောင်းကို ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ဆက်လက် ရှင်းလင်း ပြောကြားခဲ့ပါတယ်။
    “ဘာပဲဖြစ်ဖြစ် မနေ့က အဲ့ဒီလို လာရောက်မေးမြန်းတာတွေ ဖြစ်တဲ့အတွက် ညပိုင်းမှာ အဲ့ဒီဝန်းကျင်ကို ညပိုင်းမှာ လူအုပ်စုနဲ့ လာရောက်ဆန္ဒပြမယ်။ မသင်္ကာ တရားခံများကို အပ်ပေးဖို့ ဆန္ဒပြမယ်၊ ရောက်လာမယ်လို့ သတင်းရတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ကျွန်တော်တို့က အဲ့ဒီဆိုင် အနီးဝန်းကျင် လမ်းဆုံထောင့်တွေမှာ လုံခြုံရေးချထားပြီး ဆောင်ရွက်ခဲ့တဲ့အနေအထားရှိပါတယ်။
    ည ၇-နာရီလောက်မှာ ခုနကပြောသလို သံဃာတော်တွေနဲ့ လူအုပ်စုတွေ ရောက်လာပြီး ပြောမယ်ဆိုမယ်ဆိုတဲ့ သတင်းတွေရတဲ့အတွက် လုံခြုံရေး ရထား ဆောင်ရွက်တယ်။ အဲဒီအချိန်မှာပဲ ရပ်ကွက်က အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ယောက်က ရုတ်ရုတ်မဖြစ်ရအောင် ဆိုင်ပိတ်လိုက်ရင် ကောင်းမယ်ဆိုပြီး ပြောလိုက်တယ်။ လက်ရှိက သူတို့ ဥပုသ်လဖြစ်နေတဲ့ သူတို့ ဥပုသ်ထွက်ရင် စားနေတဲ့ဆိုင် ဘာလို့ ပိတ်ရမှာလဲဆိုတဲ့ တစ်ဖွဲ့ကလည်း ရှိတယ်။ တချို့ကလည်း ဆိုင်ဖွင့်ပါ၊ တချို့ကလည်း စကားနည်းရန်စဲ ဆိုင်မဖွင့်နဲ့ဆိုတာလည်း ရှိလာတယ်။ အဲ့ဒီအချိန် ဗလီဆင်းလာတဲ့ အချိန်လည်းဖြစ်တော့ လူများပြီး ရုတ်ရုတ်ဖြစ်သွားတယ်။ ဗလီဆင်းလာတာရယ်၊ ၀ိုင်းကြည့်တာရယ်၊ ဆိုင်ပိတ်မယ် ဖွင့်မယ်ပြောနေကြတာရယ်နဲ့ အဲ့ဒီနားမှာ လူအင်အား ၁၀၀-လောက်ဖြစ်သွားတယ်။
    အဲ့လိုဖြစ်တော့ အစ္စလာမ်ဘာသာဝင်လူကြီးတွေရော၊ ရပ်မိရပ်ဖတွေရော၊ ကျွန်တော်တို့ တာဝန်ရှိသူတွေရော ၀ိုင်းဖျန်ဖြေလိုက်တော့ ၈နာရီခွဲလောက် မှာတော့ အေးအေးဆေးဆေး ပြီးသွားတယ်။ အဲ့ဒါပြီးသွားပေမယ့် ကျွန်တော်တို့က လုံခြုံရေးတော့ ဆက်ချထားပါတယ်။
    လုံခြုံရေးဆက်ချထားတဲ့ အချိန် ည ၁၀ နာရီခွဲလောက်မှာ ၂၆-လမ်း ၈၂-လမ်းထောင့်ကနေ ၂၆-လမ်းအတိုင်း အနောက်နေ အရှေ့ကို ဆိုင်ကယ် ၃-စီးနဲ့ လူငယ် ၆-ဦးက ကမ္ဘာမကြေသီချင်းဆိုပြီး ဆိုင်ကယ်စီးသွားတယ်။ ချမ်းအေးသာစံ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ တာဝန်ရှိသူတွေက မလိုလားအပ်တာတွေ ဖြစ်မှာစိုးလို့ လိုက်ထိန်းသိမ်းနေတဲ့ အခါမှာပဲ လူ ၂၀-လောက်က ကမ္ဘာမကြေသီချင်းဆိုရင်း ခြေကျင်လျှောက်လာတဲ့ အတွက် ရပ်ကြည့်သူတွေရော လူများလာတဲ့အတွက် လမ်းဆုံလမ်းဂွတွေကို ကျွန်တော်တို့ ထပ်မံပိတ်ခဲ့တယ်။
    ည ၁၁-နာရီလောက် အချိန်မှာတော့ ၂၆နဲ့ ၈၆ ထောင့်မှာ သံဃာ အပါး ၂၀-၃၀ ၀န်းကျင်၊ လူအင်အား ၃၀၀ လောက်ရှိမယ်။ နောက် နိုင်လွန် လျှပ်စစ်ပစ္စည်းဆိုင်ကို ခဲနဲ့ပေါက်တယ်။ နောက် အဲ့ဒီအနီးက ကွမ်းယာဆိုင်လေးတွေကို ဖျက်ဆီးတယ်။ ကျွန်တော်တို့တွေက ထိန်းထားရတယ်။ ဒီဘက်ကလည်း အဖွဲ့တွေ ထွက်မလာအောင် ၀ိုင်းဝန်း ထိန်းသိမ်းတယ်။ ဆူပူနေတဲ့ လူအုပ်စုကို ထိန်းသိမ်းပြီး ဆောင်ရွက်ခဲ့တယ်။
    အဲ့ဒီမှာ အုတ်ခဲကျိုးတွေနဲ့ ဆိုင်တွေကိုပေါက်သလို ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို ပေါက်တာလည်း တွေ့နေရတယ်။ ရှေ့မှာလာပြီး မဖွယ်မရာတောင် လုပ်ပြသွားသေးပါတယ်။
    ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်ပြည်သူတွေဖြစ်တဲ့အတွက် ဘာမှမလုပ်ပဲ သည်းခံပြီးနေလိုက်ပါတယ်။ နောက် ၁၁-နာရီခွဲလောက်မှာ ၂၆-လမ်းနဲ့ ၈၃-လမ်းထောင့်မှာ လူအင်အား ၂၀၀-ကျော်လောက်က မွတ်စလင်အိမ်တွေကို ခဲတွေနဲ့ပေါက်တယ်။ အနားမှာ ရပ်ထားတဲ့ မော်တော်ယာဉ် ၃-စီးကိုလည်း ရှေ့မှန်၊ နောက်မှန်တွေ ရိုက်ခွဲတဲ့ အနေအထားတွေ တွေ့ရတဲ့အတွက် သွားရောက်ဖျန်ဖြေတယ်။ ဂဠုန်နီဆရာတော်လည်း ပါဝင် ထိန်းသိမ်းခဲ့ရပါတယ်။
    ဒီဘက်မှာ ရှင်းလိုက်ပေမယ့် နောက် တစ်ခြားနေရာက အဆောက်အဦးတွေကို ပစ်ပေါက်နေတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးက လူစုခွဲခိုင်းတာ မရတဲ့အတွက် ရာဘာကျည်နဲ့ မိုးပေါ်ကို ၃-ချက်လောက် ထောင်ပစ်လိုက်တာဖြစ်ပါတယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲ့ စဉ်းစားဆင်ခြင်မှုနဲ့ လူစုကွဲစေလိုလို့ လုပ်လိုက်တဲ့သဘောပါ။
    ည ၂-နာရီလောက်မှာ ၂၃-၂၄ လမ်းနဲ့ ၈၃-၈၄ လမ်းကြားမှာ သံဃာ အပါး ၄၀၊ လူအင်အား ၄၅၀-လောက်က တုတ်၊ ဓါးတွေကိုင်ပြီး ထပ်မံ အော်ဟစ်ဆူပူနေတဲ့ အတွက်  ပုလင်းကွဲတွေ၊ အုတ်ခဲကျိုးတွေနဲ့ တာဝန်ရှိသူတွေကို နှောက်ယှက်နေတဲ့ အတွက် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ဦးစီးပြီးတော့ အဖွဲ့တွေနဲ့ နားလည်အောင်ပြောပြီး လူစုခွဲခိုင်း လိုက်ပါတယ်။ ၂ နာရီ ၅၅ မိနစ်မှာတော့  ၂၆-လမ်း၊ ၈၇-၈၈ ကြားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ယာဉ်ရှေ့ခန်းကိုလည်း မီးရှို့တဲ့အတွက် မီးသတ်ကားနဲ့ အမြန်ငြိမ်းသတ်လိုက်ရတဲ့အတွက် ကားရှေ့ခန်းနဲ့ ထိုင်ခုံလေးတွေတော့လောင်သွားတာ ရှိပါတယ်။
    မနက် ၃-နာရီဝန်းကျင်မှာလည်း ၇၁-လမ်း၊ ၃၄x၃၅ လမ်းကြားက မင်းမင်း လ္ဘက်ရည်ဆိုင်ကို အမည်မသိလူတစ်စု ဆိုင်ကယ်များ ၁၅-ယောက်ခန့်နဲ့ ရောက်လာပြီး ခဲများနဲ့ ပစ်ပေါက်မှုတွေ ပြုလုပ်ခဲ့တာ ရှိပါတယ်။
    နောက် လူအုပ်စု ထပ်မံစုစည်းမှုမရှိစေရေးအတွက် တိုင်းရဲတပ်ဖွဲ့အင်အား ၄၀၀ ကျော်၊ ရဲလုံခြုံရေးတပ်ဖွဲ့ခွဲ မန္တလေးက အင်အား ၃၀၀ နီးပါးက ၂၆လမ်း-လမ်း၃၀နဲ့ ၈၀-၈၄ လမ်းအထိ နယ်မြေစိုးမိုးလုံခြုံရေးအတွက် ချထားပြီး တစ်ညလုံးတစ်မနက်လုံး ဆောင်ရွက်ခဲ့ရပါတယ်။ မနက် ၃-နာရီလောက်မှာ ဂဠုန်နီဆရာတော်နဲ့အဖွဲ့လည်း ပြန်လည် ထွက်သွားခဲ့ပါတယ်။ အခြေအနေက ပြန်လည်အေးဆေးတည်ငြိမ်တဲ့အခြေအနေပါ။”ဟု ၎င်း ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပင် ဖြစ်ပွားပုံကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
    မနေ့ညက ဖြစ်ပွားခဲ့မှုတွင် ဆုံးရှုံးမှုများအနေဖြင့် မီးလောင်သည့် ကား၁-စီးအပါအ၀င် ကားအမျိုးအစားစုံ ၁၁-စီး၊ ကားရှေ့-နောက်မှန်၊ တံခါး များကို အကြောင်းမဲ့ ဖျက်ဆီးခံရပြီး၊ မင်းမင်း လ္ဘက်ရည်ဆိုင်က ၁၅၀၀၀ ခန့်တန်ဖိုး ပျက်စီးသွားခဲ့ပြီး၊ ပုလင်းကွဲများ အုတ်ခဲများဖြင့် ပစ်ပေါက်သည့်အတွက် ရဲတပ်သား ၁-ဦးအပါအ၀င် အရပ်သား ၄-ဦး စုစုပေါင်း ပေါက်ပြဲ ပွန်းပဲ့ ဒဏ်ရာရသူ ၅-ဦး ရှိခဲ့ကြောင်း၊ ကျူးလွန်သူများကို မှတ်တမ်းမှတ်ရာများဖြင့် လိုက်လံစုံစမ်း အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး ဆက်လက်၍ အကျယ်အကျယ် မဖြစ်စေရန် ဆောင်ရွက်နေသည့် အတွက် မီဒီယာများအနေဖြင့် တူညီစွာ သိရှိစေရန်၊ မနေ့ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားမှုမရှိပဲနဲ့ သတင်းအမှန် သိရှိစေရန် ခေါ်ယူတွေ့ဆုံခြင်းဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
    မန္တလေး ဒေသခံများ လုံခြုံရေးကို ရှေ့ဆက်ဘယ်လို လုပ်ဆောင်မလဲ၊ စိုးရိမ်သောကဖြစ်နေတဲ့ ပြည်သူတွေကို ဘယ်လို သတင်းအချက်အလက်များ ပေးမည်လဲဟု တက်ရောက်လာသည့် သတင်းထောက်၏ မေးမြန်းအား “အဓိကကတော့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဆောင်ရွက်နေတာရှိပါတယ်။ ပြည်သူတွေဘက်ကလည်း မဖြစ်သင့်တာ မဖြစ်ရအောင်၊ ဒီလို အဖျက်အမှောင့်လုပ်တဲ့သူတွေရှိရင် ၀ိုင်းဝန်းသတင်းပေး ကူညီဆောင်၇ွက်ပေးဖို့ တိုက်တွန်း အကူအညီတောင်းခံလိုပါတယ်၊ လုံခြုံရေးနဲ့ တရားဥပဒေကြောင်းအရ မန္တလေးမြို့ တည်ငြိမ်အေးချမ်းစေရန် လုပ်ဆောင်သွားမည်”ဟု ဖြေကြားခဲ့ပါတယ်။
    ရှင်းလင်းပြောကြားမှုအပြီး တက်ရောက်လာသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် “ပျဉ်းမနားမှာ  အမှုဖွင့်ထားတာက တာဝန်အရ စစ်ဆေးတာက ၃၀-ရက်နေ့ညပိုင်းက လာရောက် စစ်ဆေးသွားပါတယ်။ မသင်္ကာတရားခံတွေရှိ/မရှိ လာရောက် စုံစမ်းမေးမြန်းမှု လုပ်သွားပါတယ်။ ကျွန်တော်တို့က ဒီတရားခံ ၂-ဦးကို တရားရုံးမှာ ရင်ဆိုင် အပ်နှံမှုတောင်းဆိုမယ်လို့ သတင်းရခဲ့တာ ရှိပါတယ်။ တဘက်နဲ့တဘက် မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းသိမ်းမှုအတွက် ကြိုတင်ပြုလုပ်ခဲ့တာပါ။ ဒီဖြစ်စဉ်ဖြစ်ဖို့အတွက် နောက်က လှုံ့ဆော်သူ ရှိနိုင်မယ်လို့ ယူဆပါတယ်။ အဲ့ဒီဟာကိုလည်း ဖော်ထုတ်သွားမှာပါ။  လက်ရှိလုံခြုံရေးချထားပေမယ့် ညပိုင်းအတွက်တော့ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်သွားမှာပါ။
    လုံခြုံရေးချထားမှုကိုလည်း အေးဆေးတည်ငြိမ်သည်အထိ ချထားမှာပါ။ ကမ္ဘာမကြေသီချင်းသီဆိုခဲ့သူများကလည်း ဆိုင်ကယ် မောင်းပြေးတဲ့အတွက် မှတ်တမ်းမှတ်ရာများကိုလည်း ပြန်ကြည့်နေပါတယ်။ မနေ့ညက ဖြစ်စဉ်အပေါ် ရဲတပ်ဖွဲ့ဝင်တွေအပေါ် စီမံခန့်ခွဲမှု အားနည်းတယ်လို့ ဝေဖန်ကြတာတွေက သူတို့တွေက ဒီအုပ်စုကို ဖြိုခွဲလိုက်စေချင်တာ။ ဖြိုခွဲရင် ကျွန်တော်တို့က ပစ်ရခတ်ရတော့မယ်ဆိုရင် မဆိုင်သူတွေ ထိခိုက်နစ်နာမှု မရှိစေချင်ဘူး။ ကိုယ့်ပြည်သူတွေ အတတ်နိုင်ဆုံး သွေးထွက်သံယိုမဖြစ်အောင် ဒီသဘောကို ရှေ့တန်းတင်တဲ့အတွက် ဖြစ်တာပါ။ အတတ်နိုင်ဆုံး အေးချမ်းအောင် ဖြေလျော့ဆောင်ရွက်တာပါ။” ဟု ဖြေကြားခဲ့ပါတယ်။
    ယခုလက်ရှိဖြစ်စဉ်တွင် ပါဝင်သူများအား ဖမ်းဆီးအရေးယူမှုရှိသလား၊ ရဲတပ်ဖွဲ့ဝင်များ၏ နောက်မှပင် ခဲများဖြင့် ပစ်ပေါက်နေသည်များရှိပြီး မိတ္ထီလာအရေး ကိစ္စတွင်လည်း ရဲတပ်ဖွဲ့ဝင်များ၏ ရှေ့တွင်ပင် ဖြစ်ပွားခဲ့ပြီး မနေ့က မန္တလေးဖြစ်စဉ်သည် မိတ္ထီလာကိစ္စနီးပါးဖြစ်သည်အထိ တာဆူနေသည့် အတွက် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက်ရန် လာနေသူများကို တားဆီးရန် တာဝန် မရှိသည်လားဟူသည့် မေးခွန်းအား “အကြမ်းဖက်မှုကို တားဆီးရမယ့်တာဝန်က ကျွန်တော်တို့ရှိတာ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက အကုန်ရောနေတယ်။ လူအုပ်စုက မောင်ဖြူ မောင်မဲ ဘယ်သူမှ မသိဘူး။ ဒါကြောင့် လူအုပ်စု ဖမ်းဆီးဖို့ အများကြီး ကန့်သတ်ဖို့ရှိပါတယ်။ အကုန်လုံးက အကြမ်းဖက်မယ့်သူတွေဆို ကျွန်တော်တို့ဖမ်းလို့ရတယ်။ မနေ့ကဖြစ်စဉ်မှာ သံဃာတော်တွေပါတယ်၊ လာရပ်ကြည့်နေသူတွေ ပါတယ်၊ တခြားသူတွေပါတယ် ဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ရတဲ့ အနေအထားဖြစ်ပါတယ်။ မွတ်စလင်တစ်ယောက် ရာဘာကျည်ဆံ ထိမှန်သွားတယ်ဆိုတာကလည်း ကျွန်တော်တို့ဘက်က လူစု ကွဲသွားစေလိုတဲ့သဘောနဲ့ လုပ်ရတာ။ ဘယ်သူ့ကို ထိစေလို့ ပစ်တာမဟုတ်ဘူး။ ဘယ်လို ထိသွားလဲတော့ စိစစ်မှုတွေတော့ လုပ်ရမှာပါ။ တားမြစ်ထားတဲ့ နေရာတွေကို ၀င်မလာအောင် တားမြစ်တဲ့အနေနဲ့ ပစ်လိုက်တာပါ။ ဘယ်သူ့ကို ထိစေလို့ မဟုတ်ပါဘူး။ ဆန်း လ္ဘက်ရည်ဆိုင်အား ခြိမ်းခြောက်သည်ဟု ပိုင်ရှင်ရဲ့ ခယ်မဖြစ်သူမှ ပြောကြားမှုများမှာ ခြိမ်းခြောက်မှုကို လက်ခံရရှိသူက အထောက်အထားနဲ့ လာရောက်တိုင်တန်းရင်တော့ ကျွန်တော်တို့ အရေးယူ ဆောင်ရွက်သွားမှာပါ။”ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ဆက်လက်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။
    သတင်းစာရှင်းလင်းပွဲတွင် ဖျက်စီးခံရမှုများကို ပြောကြားခဲ့သော်လည်း ၂၆-လမ်းပေါ်နှင့် အခြားနေရာများတွင် ဖျက်ဆီးခံခဲ့ရသည့် ဆိုင်များ၏ ပျက်စီးဆုံးရှုံးမှုများကို ထည့်သွင်း ပြောကြားသွားခြင်း မရှိဘဲ ထိန်ချန်မှုများ ရှိနေသည့်အတွက် မန္တလေးဖြစ်စဉ်တွင်လည်း သတင်းထိန်ချန်မှုများ ရှိနေနိုင်ကြောင်း သုံးသပ်လိုက်ရပါတယ်။
  • ဖြေရှင်းချက် မပေးဘဲ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားစေခဲ့သည့် သတင်း သစ်ထူးလွင် ဖျက်သိမ်း
    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    .သီဟ
    Google_Search_-_2014-07-02_13.41.48
    ယမန့်နေ့ညက ဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ ဆူပူအကြမ်းဖက်မှုများ စတင်စေခဲ့သည့် သစ်ထူးလွင် ဘလောဂ်တွင် ရေးသားဖော်ပြထားသော ဆန်းကဖီး လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဘာသာခြားများက ဗုဒ္ဓဘာသာဝင် ဆိုင်အလုပ်သမတဦးကို အဓမ္မကျင့်သည်ဟူသော သတင်းကို အမှားပြင်ဆင်ချက် (သို) ဖြေရှင်းချက် တစုံတရာ ထုတ်ပြန်ခြင်း မရှိဘဲ ဖျက်သိမ်းလိုက်တာကို တွေ့ရှိရပါတယ်။
    သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ အတည်ပြုချက် တစုံတရာ မပါခဲ့တဲ့ အဆိုပါ ကျင့်ဝတ်မဲ့ သတင်းကို ဇွန်လ ၃၀ ရက်နေ့ သစ်ထူးလွင် သတင်းဘလောဂ်မှာ စတင် ဖော်ပြခဲ့တာဖြစ်ပြီး ယမန့်နေ့ည ဆူပူအကြမ်းဖက်မှုများ မဖြစ်ပွားခင် အချိန်ထိ ထပ်ဆင့်ဖြန့်ဝေမှုပေါင်း ၂၂၀၀ ကျော်ရှိခဲ့တာကိုတွေ့ရပါတယ်။
    လူမျိုးရေး/ဘာသာရေး အမုန်းပွားမှု တိုးပွားစေမည့် အဆိုပါ သတင်းကို ထပ်ဆင့် ကူးယူ ဖော်ပြမှု အများအပြားရှိခဲ့တာကိုတွေ့ရပါတယ်။
    (1)_Wira_Thu_-_2014-07-02_02.37.56
    သစ်ထူးလွင်မှ အဆိုပါသတင်းကို ဖျက်သိမ်းလိုက်သလို Myanmar Express မှလဲ တိုက်ဆိုင်စွာ ဖျက်သိမ်းလိုက်တာ လေ့လာတွေ့ရှိရပါတယ်။
    Thit Htoo Lwin
    သစ်ထူးလွင်မှာ ယခုကဲ့သို့ ပဋိပက္ခဖြစ်စေနိုင်သည့် လူမျိုးရေး/ဘာသာရေးဆိုင်ရာ သတင်းအမှားများကို ပထမဆုံးအကြိမ်တင်ခဲ့တာ မဟုတ်ဘဲ ယခင်က လဲ မကြာခဏ ဖော်ပြခဲ့ဘူးပါတယ်။
    “ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်း” ဟူသော ဘာသာသာရေး ပဋိပက္ခ ဖြစ်ပွားရန် ရည်ရွယ်သည့် ကြေညာချက်အတု သတင်းအမှားကို ဇွန် ၁၈၊ ၂၀၁၃ တွင် ဖော်ပြခဲ့ဘူးပါတယ်။
    သစ်ထူးလွင် သတင်း ဘလောဂ်ကို တည်ထောင်သူမှာ အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်နေထိုင်သူ တစ်ဦးဖြစ်ပြီး ပြည်ပအခြေစိုက် မြန်မာသတင်း ဌာနများတွင် သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ဘူးသူဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလက ဧရာဝတီနှင့် ပြုလုပ်သည့် အင်တာဗျူးအရ သိရှိရပါတယ်။
    ဓါတ်ပုံ ၁ – ဆူပူအကြမ်းဖက်မှု ဖြစ်ပွားစေသည့် သတင်း Google Search တွင် ရှာတွေ့သည့် ရလဒ်
    ဓါတ်ပုံ ၂- ၉၆၉ ဦးဆောင်ဆရာတော် ရှင်ဝီရသူ မှ အဆိုပါသတင်းကို ထပ်ဆင့် ဖြန့်ဝေထားပုံ
    ဓါတ်ပုံ ၃- သစ်ထူးလွင် ဘလောဂ် တည်ထောင်သူ ကိုဒီ (Photo- ဧရာဝတီ)
    ရည်ညွှန်း-
    သစ်ထူးလွင် ဖော်ပြခဲ့သည့် လင့်
    http://www.thithtoolwin.com/2014/06/blog-post_6239.html
    Myanmar Express  ဖော်ပြခဲ့သည့် လင့်
    http://www.myanmarexpress.net/2014/06/blog-post_8256.html
    “ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်း” သတင်းအမှားကို M-Media မှ ဖြစ်စဉ် အမှန်တင်ထားသည့် သတင်းလင့် =>http://www.m-mediagroup.com/news/29249
  • အချိန်ပိုရောက်မှ ၂ ဖက်ဂိုးသွင်းပြီး ဘယ်လ်ဂျီယံ ကွာတား တက်တဲ့ ပွဲ
    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    ဘယ်လ်ဂျီယံ ၂-၁ အမေရိကန်
    10462941_928979570451224_5553130353612876285_n
    ဘယ်လ်ဂျီယံနဲ့ အမေရိကန်တို့ရဲ့ ပွဲမှာလည်း အချိန်ပိုရောက်မှ အရှုံးအနိုင်ပေါ်ခဲ့ပါတယ်။  ဘယ်လ်ဂျီယံတို့ အမေရိကန်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးကိုတော့ အချိန်ပို ၉၃ မိနစ်နဲ့ ၁၀၅ မိနစ်တွေမှာ ဒီဘရိုက်တန်နဲ့ လူစားဝင်ကစားသမား လူကာကူတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ဒီပွဲမှာ ချီးကျူးရမှာက အမေရိကန် ဂိုးသမား တင်ဟောင်းဝပ်ဖြစ်ပြီး ဘယ်လ်ဂျီယံတို့ရဲ့ အပိုင်ကန်ချက်တော်တော်များများကို လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။
    ၁၀၇ မိနစ်မှာ ဂျူလီယံ ဂရင်းက အမေရိကန်အတွက် ချေပဂိုးပြန်သွင်းပေးခဲ့ပေမယ့် နောက်တစ်ဆင့်တက်ဖို့အတွက်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဘယ်လ်ဂျီယံနဲ့ အာဂျင်တီးနားတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကိုတော့ ဇူလိုင် ၅ ရက် ည ၁၀ နာ ရီခွဲမှာ ကစားမှာဖြစ်ပါတယ်။
    10513286_928847377131110_5448818427308917136_n
    10446733_928847387131109_1700208396452874905_n
    Photo Credit- FIFA 
  • “ကမ္ဘာမကြေ သီချင်းအဆိုတော် အုပ်စု၏ လက်ချက်ဖြင့် ပျက်ဆီးသွားသော မန္တလေးမြို. အပျက်အစီးများမှာ” (CJ သတင်း)
    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    .ဗေဒါလမ်း(CJ)
    10492051_727063750665461_4046381300952713156_n
    ၂၆ ဘီလမ်း ဆိုင်းတန်းရုပ်ရှင်အနီးရှိ ရော့ကတ် ကုန်မာဆိုင်ရှေ.မှ ကားအဖြူရောင်အားမီးရှို့ခံရ ပြီး ရှေ့ခေါင်းပိုင်းလောင်သွားတာတွေ့ရပါတယ်။
    ဆိုင်ကိုလည်း ကျောက်ခဲများဖြင့်ပစ်ပေါက်သဖြင့် မှန်များကွဲ၊၂၆ လမ်းပေါ်ရှိ ရွှေတစ်ချောင်း အနောက်ဘက်ရှိ မွန်းစတား ကုန်မာဆိုင်နှင့်တက်စိန် တရုပ်အပေါင်ဆိုင် ကိုလည်း ခဲများဖြင့်ပစ်ထားပြီး မှန်များကွဲသွားကြောင်း တွေ့ခဲ့ရပါတယ်။
    ဒါအပြင် ၂၅ လမ်းရှိ ဗုဒ္ဓဘာသာဝင် သွတ်ပြားဆိုင်များ၏ ဆိုင်းဘုတ်များကိုလည်း ခဲဖြင့်ထုခွဲထားပြီး  ၊၈၃လမ်း-၂၆ဘီလမ်းထောင့်ရှိ ဗဟိုပိုက်ဆိုင်၊ ၂၆လမ်း ၈၂.၈၃ ကြားရှိ ယခင် မင်း ကွန်ပြူတာယခု HTC ဖုန်းအရောင်းပြခန်းဆိုင်လည်း ခဲဖြင့်ထုခံခဲ့ရပါတယ်။
    ၂၆ လမ်းကျုံးထောင့်ရှိ ဗဟိုဗလီရှေ.တွင် ခဲပုံတွေ့သော်လည်း ပျက်ဆီးမှုမတွေ.ရပါ။ ( လမ်းပေါ်မှသာကြည့်ခြင်းဖြစ်ပါသည်၊သို့သော် ည ကကြားရသောသတင်းအရ ဗဟိုဗလီအောက်ရှိ ရေသန့်ပစ္စည်းအရောင်းဆိုင် ကိုလည်း ခဲနဲ့ထုခံရဟုသိရပြီး တံခါးပိတ်ထားသဖြင့် မမြင်ခဲ့ရပါ)။
    ၂၆ ဘီလမ်း တစ်လျှောက် ကျုံးဘေးမှ မန်းသီရိဈေးအထိ ရဲတပ်ဖွဲ.မှအပြာရောင် မီးသတ်ကားများအပါအဝင် M-16 မောင်းပြန်များကိုင်ဆောင်သောရဲ လုံထိန်းများ နှင့် ရဲတပ်ဖွဲ.များ အများအပြားချထားတာကို တွေ့ခဲ့ရပါတယ်။
    10518661_727063770665459_3965417471589587945_n
    အခင်းဖြစ်ပွားရာတဝိုက်လမ်းများအား တစ်ပြ ပတ်လည် ပိတ်ဆို့ထားပါတယ်။
    သေနတ်လေးချက် ပစ်ဖောက်ခဲ့သော ကျွန်တော်နေရာ ရပ်ကွက်တွင်လည်း ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားပြီး ဘဏ် ၂နှင့် ၃ နေရာတွင် တွင်ချထားပါတယ်။
    သေနတ်လေးချက်ပစ်ဖောက်သဖြင့် ၂ ဦးဒဏ်ရာရပြီး တစ်ဦးကိုဆေးရုံကြီးသို့တင်ပို့ကုသပြီး နားရွက်ဘေးရှပ်ထိသဖြင့် အသက် အန္တရယ် မစိုးရီမ်ရပါ။
    မန္တလေး ဈေးချို ၂၆ ဘီလမ်းဘက်မှာလည်း မသင်္ကာ စရာတွေ.လို့ဆိုပြီး စစ်တပ်က မိုင်းရှင်းလင်းရေး အဖွဲ.တွေလာတာလည်း မနက် ၉း၃၀ လောက်ကတွေ.လိုက်တယ်။
    မှတ်ချက်** ယနေ့ မနက် ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး မျက်မြင်တွေ့ရှိချက်များဖြစ်ပါတယ်။ အပျက်အဆီးဒဏ်ရာရ စာရင်း ဒီထက်ပိုများနိုင်ပါတယ်။
    Photo Credit=> DVB