News @ M-Media
Blog
  • သမ္မတ အိုဘားမား၏ ရမ်ဿွာန်လ နှုတ်ခွန်းဆက်စကားကို အိမ်ဖြူတော်မှ ကြေညာချက် ထုတ်ပြန်ခဲ့
    သမ္မတ အိုဘားမား၏ ရမ်ဿွာန်လ နှုတ်ခွန်းဆက်စကားကို အိမ်ဖြူတော်မှ ကြေညာချက် ထုတ်ပြန်ခဲ့
    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    ObamaCongratulates-Muslims-on-Ramadan
    အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားသည် ရမ်ဿွာန်ဥပုသ်လအ၀င်၌ အမေရိကန် မွတ်စ်လင်များနှင့် ကမ္ဘာ့မွတ်စ်လင်မ်တို့အား နှုတ်ခွန်းဆက်ကြိုဆိုသည့် သတင်းစကားကို ဇွန်လ ၂၇ ရက်၊ သောကြာနေ့တွင် အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။ ဤလမြတ်သည် ဆင်းရဲသူများ၊ ဒုက္ခသည်များကို သတိရစေကြောင်းနှင့် ထိုသူတို့အပေါ် လူတိုင်း တာဝန်ရှိကြောင်း အောက်ပါ အတိုင်း ပြောဆိုသွားသည်။
    “ အမေရိကန်ပြည်သူများကိုယ်စား မစ်ရှဲလ်နှင့် ကျွန်ုပ်(အိုဘားမား)သည် အမေရိကန်ပြည်ထောင်စု အတွင်းနှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းပေါ်သို့ ကောင်းခြင်း မင်္ဂလာသက်ရောက် ပါစေကြောင်း မြင့်မြတ်သော ရမ်ဿွာန်လ အဖွင့်တွင် ဆန္ဒပြုလိုက်ပါ၏။
    ထပ်လောင်း အတည်ပြုမည့် အခါသမယလည်း ဖြစ်ပေသည်။ မိမိတို့၏ဒါနပြုခြင်းအားဖြင့်သာမက ပညာရေး၊ နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ကျောင်းသား၊ လုပ်သား၊ မိသားစုတို့ကို စွမ်းရည်တိုးမြှင့်စေလိုသော စွမ်းဆောင်ချက်များအားဖြင့်လည်း ဆင်းရဲမွဲတေမှု၊ ၀င်ငွေ မမျှတမှုကို လျှော့ချနိုင်အောင် ဆောင်ရွက်ရးအခွင့်အလမ်းအား နစ်မြုပ်ဖန်တီးကြသူ အမေရိကန်ပြည်ထောင်စုအတွင်းရှိ အမေရိကန်မွတ်စ်လင်မ်အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလများ၊ လုပ်ငန်းရှင်များ များစွာတို့အပေါ် ကျွန်ုပ်တို့မှ ကျေးဇူးဥပကာရတင်ရှိပါသည်။
    ထို့အတူ ကျွန်ုပ်တို့အပေါ်ဆက်ဆံစေလိုသည့်ပုံအတိုင်း သူတစ်ပါးအပေါ်ဆက်ဆံကြရန် (နှင့်) ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တန်းတူအခွင့်အရေးအား မျှော်လင့်တမ်းတနေကြသည့် ဘာသာတရားအသီးသီးရှိ လူတို့ကို ပေါင်းစည်းစေသော အခြေခံစည်းမျဉ်းများအတွက် လူတိုင်းတွင် တာဝန် ကိုယ်စီရှိကြောင်း ကျွန်ုပ်တို့အား သတိပေးလျက် ရှိနေပါသည်။ ကမ္ဘာတစ်ခွင် လူသားများစွာတို့မှာ အသိတရားမဲ့ အကြမ်းဖက်မှုနှင့် ပဋိပက္ခဒဏ်များကို ခံစားနေရသောအချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်ုပ်တို့မှာ တရားမျှတမှုဖော်ဆောင်ရန်၊ လူတိုင်း၏ဂုဏ်သိက္ခာကို တန်ဖိုးထားရန်
    ကျွန်ုပ်တို့ အားလုံး တာဝန်ရှိကြောင်း ဤလမြတ်ချိန်ခါက နှိုးဆော်နေပေသည်။
    ကျွန်ုပ်၏သမ္မတသက်တမ်းအတွင်း အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းမှ အမေရိကန်မွတ်စ်လင်မ်တို့အား ဖိတ်ကြားပြီး စုပေါင်းဝါဖြေညစာစားပွဲ ကျင်းပပေးလေ့ရှိပါသည်။ ယင်းသို့ပြုလုပ်ခြင်းက ကျွန်ုပ်တို့တိုင်းပြည် အတွက် အမေရိကန်မွတ်စ်လင်မ်တို့၏ ပေးဆပ်စွမ်းဆောင်ကြမှုကို အမေရိကန်ပြည်ထောင်စုမှ အသိအမှတ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ကမ္ဘာ့မွတ်စ်လင်မ်ထုတစ်ရပ်လုံး မိသားစု၊ အသိုင်းအ၀ိုင်း၊ ငြိမ်းချမ်းရေးနှင့် နားလည်မှုဆိုင်ရာ ပျော်ရွှင်မှုရသတို့ကို ဤလမြတ်အားဖြင့် ရရှိခံစားနိုင်ပါစေကြောင်း ဆန္ဒပြုပြောကြားရန် ကျွန်ုပ်အဖို့ နောက်ထပ်အခွင့်အရေးတစ်ရပ် ရရှိသွားစေပါသည်။ သန့်စင်မြင့်မြတ် မင်္ဂလာရှိသော ရမ်ဿွာန်လပါခင်ဗျား ”။
    အစ္စလာမ့်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးသောလ “ရမဿွာန်”ကို နက္ခတ္တဗေဒတွက်ချက်နည်း အရ မြောက်အမေရိက တိုက်တွင် ဇွန်လ ၂၈ ရက်၊ စနေနေ့က စတင်ခဲ့သည်။ နာမကျန်းသူနှင့် ခရီးသည်တို့မှအပ အရွယ်ရောက်ပြီးသူများသည် ရမ်ဿွာန်လတွင် နံနက်အရုဏ်ချိန်မှ ညနေနေ၀င်ချိန်အထိ အစားအစာ၊ ရေ၊ ဆေးလိပ်၊ ကာမဆက်ဆံရေး တို့အား စွန့်လွှတ်ရှောင်ကြဉ်ကြရသည်။ အစ္စလာမ်သာသနာဝင် မွတ်စ်လင်မ်တို့သည် ၀တ်ပြုခြင်းများ၊ မိမိကိုယ်ကို ထိန်းချုပ်စောင့်စည်းခြင်းများ၊ ကောင်းမှု လုပ်ရပ်များအားဖြင့် တစ်လတာ အချိန်ကုန်လွန်စေလေ့ရှိကြသည်။
    အမေရိကန်ပြည်ထောင်စု၌ မွတ်စ်လင်မ်လူဦးရေ ပမာဏ ၆ သန်းမှ ၇ သန်းအထိ ရှိနေပါသည်။
    Ref : The Press Office of White House, OnIslam
  • မန္တလေးမြို့ ဆူပူ အကြမ်းဖက်မှု နောက်ဆုံးရသတင်း (ည ၁၁း၄၅ နာရီ)
    မန္တလေးမြို့ ဆူပူ အကြမ်းဖက်မှု နောက်ဆုံးရသတင်း (ည ၁၁း၄၅ နာရီ)
    ဇူလိုင် ၁ ၊ ၂၀၁၄
    M-Media
    သုတ
    (ည- ၁၁း၀၀ နာရီ)
    ၂၆-လမ်း တ၀ိုက်မှာ လူ ၃၀၀ လောက် စုရုံးနေကြတယ်။ (လာကြည့်တဲ့သူတွေနဲ့များနေတာလည်းပါကြောင်းသိရ)
    တချို့က ကမ္ဘာမကြေ အော်ဆိုသူ ဆိုနေတယ်။
    ၂၆-၂၈လမ်းထိ၊ ၈၁x၈၃ လမ်းထိ ပိတ်ထား
    (ည ၁၁း၄၅ နာရီ)
    ၂၆(ဘီ)လမ်း၊ ၈၃လမ်းထောင့်ကနေ ၈၄ လမ်းအထိ မွတ်စလင်ဆိုင်အများစု ဖျက်ဆီးခံရ။
    ဗဟိုပိုက်ဆိုင်၊ ခင်မောင်ကြီး ခင်မောင်လေး စက်ပစ္စည်းဆိုင်၊ မြသစ္စာဘောလ်ဆိုင်နှင့် မွတ်စလင်ဆိုင်များ ဖျက်ဆီးခံရ၊ တခြားသော မွတ်စလင်ဆိုင် မျက်နှာစာများ ဖျက်ဆီးခံရ။
    ဆိုင်များအား ခဲနှင့် ဝိုင်းထုကြ၊
    ၂၆-လမ်းပေါ်တွင် ရပ်ထားသော မွတ်စလင်ပိုင် ကားများ ဖျက်ဆီးခံရ။
    ဖျက်ဆီးသူ လူစုမှာ ဆိုင်ကယ် အစီး ၂၀ မှ ၂၅ စီးခန့်အထိရှိကြောင်းသိရ၊
    ရဲများက ၂၆-လမ်း ၈၂-လမ်းထောင့်တွင် ရှိနေသော်လည်း ရပ်ကြည့်နေသည်မှအပ မည်သို့မျှ ထိန်းသိမ်းခြင်း မရှိ။
  • အသင်းအောင်မြင်မှုမှာ မိမိအပေါ်တွင် မူတည်ခြင်းမရှိဟု မက်ဆီဆို
    ဇူလိုင် ၁ ၊ ၂၀၁၄
    M-Media
    428881_heroa
    – ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းဗိုလ်စွဲရေး မိမိပေါ်တွင် မူတည်ခြင်းမရှိဟု အားထားရသည့် တိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်သည်။
    အာဂျင်တီးနားအသင်း၏ ကြယ်ပွင့်ကစားသမားဖြစ်ပြီး၊ အုပ်စုပွဲစဉ်များတွင် ၄ ဂိုးသွင်းယူပေးထားနိုင်ကာ အသင်းအောင်မြင်ရေးအတွက် အရေးပါသော ကစားသမား ဖြစ်နေသည်ဟု ပြောဆိုနေမှုများအပေါ် မက်ဆီက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
    “အသင်းဟာ ကျွန်တော့်အပေါ်မှာ တော်တော်မှီခိုနေတယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ဟာ အရည်အချင်းရှိတဲ့အသင်းပါ။ ကျွန်တော်ကတော့ ဒီအသင်းရဲ့ အစိတ်ပိုင်းတစ်ခုပါပဲ။ အသင်းတစ်သင်းအနေနဲ့ပဲ ကျွန်တော်တို့ ဗိုလ်စွဲနိုင်ပါတယ်” ဟု Times of India သတင်းစာသို့ မက်ဆီက ပြောကြားခဲ့သည်။
    ထို့ပြင် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲချင်ကြောင်း၊ ဘာစီလိုနာအသင်းဖော်များ စပိန်အသင်းနှင့်အတူ ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ခဲ့ခြင်းကို အားကျမိကြောင်း မက်ဆီက ထပ်လောင်းပြောကြားခဲ့သည်။ အာဂျင်တီးနားအသင်းမှာ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲအဖြစ် ဆွဇ်လန်အသင်းနှင့် ယနေ့ညတွင် ကစားရမည်ဖြစ်သည်။
  • ငြိမ်းချမ်းပါစေ မန္တလာမြေ …. သစ်ထူးလွင်က စတဲ့မီး…
    ဇူလိုင် ၁ ၊ ၂၀၁၄
    M-Media
    ရေးသူ- ဆွေမွန်
    10433077_1502307876647982_859176492853298206_n
    တကယ်ဆို ပြသနာ တကယ်မဖြစ်စေချင်ရင် ရန်ကုန် ၄၈ လမ်း ဗလီကိစ္စတုန်းက ရန်ကုန်မြို့တော်ခန်းမထဲမှာ တစ်နေ့တည်း သတင်းစာ ရှင်းလင်းပွဲ နှစ်ကြိမ်လုပ်ပြီး ပြသနာကို ပိတ်ပစ်သလို ခုလည်း မန္တလေးအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ဘာမှ ဆက်မဖြစ်အောင် လုပ်ပစ်လို့ ရနိုင်တယ်။
    ၁။ မနေ့က သစ်ထူးလွင်က စဖွတယ်။ ဒီညီအကို နှစ်ယောက် မုဒိမ်းကျင့်ရင် ဒီညီအကိုနှစ်ယောက်ကို ဖမ်းပေါ့။ ရဲက အရေးယူတာ မတွေ့ရဘူး။ ဒီညီအကို မန္တလေးဗလီမှာ ၀တ်ပြုနေတာကို တွေ့တဲ့လူ အများကြီးပဲလို့ သိနေရပြန်တယ်။ ရာဇ၀တ်မှုဖြစ်တဲ့အတွက် ရဲက ဖမ်းဆီးအရေးမယူသေး ဆိုကတည်းက လွဲနေပြီ။
    ၂။ အာဏာပိုင်တွေ ကိုယ်တိုင်က ဟုတ်ရင် ဟုတ်တယ်။ မဟုတ်ရင် မဟုတ်ဘူး ရှင်းသင့်တယ်။ ခုတော့ တမင် ပြသနာကို မကြီးထွား ကြီးထွားအောင် စောင့်နေစေချင်တဲ့ သဘောကို တွေ့နေရတယ်။
    ၃။ တစ်ရက် ရှိနေပြီ။ မဖမ်းဘူး၊ လွှတ်ထားတယ်။ မဟုတ်ဘူးဆိုလည်း ရှင်းပေးလိုက်။ ဒီလိုလည်း မဟုတ်သလို၊ ဟိုလိုလည်း မဟုတ်ပြန်ဘူး။ အနီးကပ်နေကြတဲ့ မန္တလေးသားတွေဆီက သိရတာက သစ်ထူးလွင်က တမင် ဖွတာတဲ့….။ ဒါဆို ဘာကြောင့် ဖွရသလဲ။ နောက်ကွယ်က ရည်ရွယ်ချက်ကို မြင်အောင် ကြည့်တတ်သင့်တယ်။ သစ်ထူးလွင်သတင်း နောက်က ကော်ပီလုပ်ပြီး ဆက်ဖွတဲ့ လူတွေကလည်း မဟုတ်မှန်း သိရင် ပို့စ်ကို ဖျက်ပစ်သင့်တယ်။ ပါးစပ်က ပန်းစကားအော်နေပြီး လက်တွေ့ ပြသနာကို ဖိတ်ခေါ်ဆွဲသွင်းသလို လုပ်နေရင် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်နေတာပဲ။ တကယ်ဆို ကိုယ်ပိုင် အသိတရား နည်းနည်းလောက် ရှိရင် ဒီလို ပို့စ်မျိုးကို ကော်ပီလုပ်ပြီး လုံးဝ မဖြန့်သင့်ဘူး။ အင်မတန် ထိလွယ် ရှလွယ်တဲ့ကိစ္စတစ်ခုကို ချိန်သားကိုက် ဓာတ်ဆီလောင်းပေးနေတာနဲ့ တူနေတဲ့အတွက်ပဲ။ ၂၀၁၂ ရခိုင်သီတာထွေးကိစ္စ နောက်ဆက်တွဲ တောင်ကုတ် လူသတ်ပွဲမှာ တောင်တွင်းကြီးသားမွတ်ဆလင်တွေကို အိန္ဒိယတောင်ပိုင်းသား မွတ်ဆလင်ကုလားတွေလို့ အစိုးရသတင်းးစာတွေ ကိုယ်တိုင် ချိန်သားကိုက်ဓာတ်ဆီလောင်းပေးခဲ့တာ မြင်ဖူးကြပါလိမ့်မယ်။ ဒီသတင်းတစ်ပုဒ်က စလိုက်တဲ့ ဇာတ်လမ်းကြောင့် အသက်တွေ အိုးအိမ်တွေ ဘယ်လောက်တောင် ပျက်စီးဆုံးရှုံးခဲ့ရသလဲ သိလိုက် မြင်လိုက်ကြမှာပါ။ ဒါတွေကို သိပါလျှက် ဒီလို ထိခိုက်တတ်မှန်း သိပါလျှက် ထပ်ပြီး ကော်ပီလုပ် ဖြန့်ဝေတဲ့ လူတွေဟာ အတော်ကြီး မိုက်မဲ အသိဥာဏ်နည်းပါးလွန်းတယ်လို့ပဲ မြင်မိတယ်။ ဒီလို ဖြစ်လာရင် ဘယ်သူတွေ ဆုံးရှုံးမလဲ။ ၂၀၁၅ မတိုင်မီ ဖြစ်စရာ အကုန်ဖြစ်လေလေ ခင်ဗျားတို့ နှစ် ၂၀ လောက် ကြိုးစားထားတဲ့ အရာတစ်ခုဟာ တစ်ရက် နှစ်ရက်နဲ့ အကုန်ပျောက်သွားတော့မှာပါ။ ဒီလို ပြသနာ မဖြစ်ဖြစ်အောင် မီးထွန်းရှာဖို့ ကလည်း ဘယ်သူတွေ လုပ်နေသလဲ မမြင်တတ်ရင် သေကြရုံပါပဲ။
    ၄။ မနေ့က ရှင်းသင့်တဲ့ ပြသနာကို မနေ့က မရှင်းတဲ့အတွက် ဒီနေ့ ပွဲဆက်လာတယ်။ မလိုလားအပ်တဲ့ လူစုလူဝေးတွေ ဖြစ်လာရတယ်။ လူစုခွဲနေရပြီ။ ရဲက ရဲအလုပ် လုပ်ခဲ့ရင် ဒီနေ့ ဒီပြသနာ ပေါ်စရာ မရှိဘူး။ ရာဇ၀တ်ဆိုရင် ဖမ်း။ မဟုတ်ရင် စဖွတဲ့ သစ်ထူးလွင်ကို အရေးယူ။ ပြီးပြီ။ လူစုစရာကိစ္စ မဟုတ်ဘူး။ ဘာမှ မဆိုင်ဘူး။ မြင်းအလုပ် မြင်းလုပ်ရင် ခွေးဝင်ရှုပ်စရာ မရှိပါဘူး။
    ၅။ ဒီသတင်း မဟုတ်မမှန်ခဲ့ရင်ကော…. ဒီနေရာမှာအဖြေတစ်ခု ထုတ်ပေးရတော့မှာပါ။ ရောချလို့ မရတော့ပါဘူး။ NLD လို နိုင်ငံရေးပါတီတွေအနေနဲ့လည်း လက်ရှောင်မနေသင့်ဘူး။ မဟုတ်မှန်း သိရင် သစ်ထူးလွင်ကို အမြစ်ကနေလှန်ပစ်လို့ ရတဲ့အထိ တွန်းတိုက်ပစ်သင့်တယ်။ ဒီလောက်လုပ်စရာ လိုသလား။ ၁၀၀ % လိုအပ်တာပေါ့။ အမှိုက်က စတဲ့မီးပဲ။ ဒီမီးကို မဟုတ်မှန်း သိပါလျှက် စရှို့တဲ့ကိစ္စဟာ ပေါ့သေးသေး မဟုတ်ပါဘူး။ တကယ် ကျယ်ပြန့်လာရင် NLD လည်း မြောင်းထဲရောက်မယ့် လမ်းစတစ်ခုပဲ။ နောက်ထပ်တစ်ကြိမ်ပဲ အဓိကရုဏ်းအကြီးအကျယ်ထပ်ဖြစ်ခွင့် ပေးလိုက်ပါ။ အခြေခံဥပဒေပြင်ဆင်ရေး သွားပါပြီ။ လူတိုင်း မြင်တတ်ပါတယ်။ ရှောင်သင့်တဲ့ ကိစ္စကို တမင် မီးထိုးပြတာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် မဟုတ်မှန်း ထမင်းစားသူတိုင်း သိကြမှာပါ။
    ၆။ ဒီလောက်ကြီးကျယ်တဲ့ ပြသနာကို ဖန်တီးပြပြီးတဲ့နောက် ဒီညီအကို နှစ်ယောက်ကို ဘာလုပ်ပြတော့မလဲ။ ဒီညီအကို နှစ်ယောက်ဟာ တကယ်ဟုတ်ခဲ့ရင် ပြသနာ မရှိပါဘူး။ သူ့လမ်း သူရွေးတာပါပဲ။ တကယ်မုဒိမ်းမှု မကျူးလွန်ဘဲ စွပ်စွဲခံခဲ့ရတာဆိုရင် သူတို့ဘ၀မှာ ပြန်ဖာထေးလို့ မရလောက်အောင် ဂုဏ်သိက္ခာကျဆင်းစေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုသာ ခံစားရကြေးဆိုရင် သစ်ထူးလွင် ဘလော့ပိုင်ရှင်ကို ထိုက်သင့်တဲ့ တုန့်ပြန်မှုတစ်ခုတော့ နောက်နောင်ဒီလို မလုပ်ရဲအောင် ပြန်ပေးသင့်ပါတယ်။
    ဒါတွေအားလုံးဟာ အတွေးတွေပဲ ဖြစ်နေပါသေးတယ်။ လက်တွေ့မြင်မိတာကတော့ ဒီနေ့ည မန္တလေးဘာမှ မဖြစ်ဖို့ပါပဲ။
    မြန်မာပြည်သူ ပြည်သားအားလုံး လှည့်ကွက် အသွယ်သွယ်မှ လွတ်ကင်းကြပါစေ။
    ဆွေမွန်
    ၁ ဇူလိုင် ၂၀၁၄
  • ဘာသာရေးအကြမ်းဖက်မှုဖြစ်ပွားရန် မန္တလေးတွင် လှုံ့ဆော်ခဲ့သော်လည်း ပြန်လည် တည်ငြိမ်
    ဘာသာရေးအကြမ်းဖက်မှုဖြစ်ပွားရန် မန္တလေးတွင် လှုံ့ဆော်ခဲ့သော်လည်း ပြန်လည် တည်ငြိမ်
    ဇူလိုင် ၁၊ ၂၀၁၄
    M-Media
    သုတ
    ဓါတ်ပုံအညွှန်း - ကိုဇော်မင်းထွန်း FB စာမျက်နှာမှ ကူးယူပါသည်။
    ဓါတ်ပုံ – ကိုဇော်မင်းထွန်း FB စာမျက်နှာမှ ကူးယူပါသည်။
    မန္တလေး ။ ။ မန္တလေးမြို့ ၂၇-လမ်းနှင့် ၈၂-လမ်းထောင့်ရှိ ဆန်းလ္ဘက်ရည်ဆိုင်ရှေ့တွင် အကြမ်းဖက်မှုဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့သော်လည်း အချိန်မီ တားဆီး ထိန်းသိမ်းနိုင်သဖြင့် ယခုအခါ အခြေအနေ ပြန်လည် တည်ငြိမ်နေပြီဖြစ်ပါတယ်။
    ယနေ့ည ၈-နာရီဝန်းကျင်ခန့်တွင် ဆန်းလ္ဘက်ရည်ဆို
    င်အနီးသို့ လူတစ်စု ရောက်လာပြီး ဆန်းလ္ဘက်ရည်ဆိုင်အား ဖျက်ဆီးမည်ဟု အော်ဟစ်ခဲ့ကြသဖြင့် အနီးအနားဝန်းကျင်မှ လူများစုရုံးရောက်ရှိလာပြီး လူစုလူဝေးဖြစ်သွားခြင်းဖြစ်ပါတယ်။
    လ္ဘက်ရည်ဆိုင်အား ဖျက်ဆီးမည်ဟု အော်ဟစ်သူများက အော်၍ ထွက်ပြေးသွားခဲ့ပြီး ယခုအခါ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အခြေအနေအား ထိန်းသိမ်းထားပြီပါတယ်။
    ဇွန်လ ၃၀-ရက်နေ့ သစ်ထူးလွင်ဘလော့ဂ်တွင် ဆန်းလ္ဘက်ရည်ဆိုင်ပိုင်ရှင် မူဆလင်ညီအစ်ကိုနှစ်ဦးက ဗုဒ္ဓဘာသာဆိုင် အလုပ်သမ တစ်ဦးအား အဓမ္မပြုကျင့်ဟူသော သတင်းခေါင်းစဉ်ဖြင့် သတင်းတင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆူပူလှုံ့ဆော်မှုများ မန္တလေးတွင် ဖြစ်ပွားစေရန် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တွေ့ရပါတယ်။
    ၎င်းသတင်းမှာ အမှန်တကယ် ဖြစ်ပွားခြင်းမရှိခဲ့ဘဲ ဘာသာရေးအဓိကရုဏ်းဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသတင်းထွက်ပေါ်ခဲ့ပြီး နောက်ရက်တွင် ယခုကဲ့သို့ မန္တလေး၌ ဆူပူလှုံ့ဆော်ခဲ့သော်လည်း မန္တလေးဒေသခံများမှ ဘာသာလူမျိုးမခွဲခြားခဲ့သည့် အစဉ်အလာအား ဆက်လက်ထိန်းသိမ်း၍ မန္တလေးမြို့ တည်ငြိမ်အေးချမ်းစေရန် ၀ိုင်းဝန်းလက်တွဲ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
    “ဘယ်ကလူတစ်စုလည်းတော့ မသိဘူး အော်ပြီးထွက်ပြေးကြတာ။ လ္ဘက်ရည်ဆိုင်ကို ဖျက်ပစ်မယ်နဲ့ အော်တယ်။ ပြီးတော့ အဲ့ဒီအချိန်က မွတ်စလင်တွေ ညဘက် ဘုရားဝတ်ပြုဖို့သွားနေကြတာရယ်၊ ဗလီအနီးတစ်ဝိုက်ဖြစ်နေတာရယ်နဲ့ လူတွေ စုပြုံရောက်သွားကြတယ်။ ခဏနေတော့ ရဲတွေလည်း ရောက်လာတယ်။ အော်ပြေးတဲ့သူတွေက ပြေးပြီ။ အဲ့ဒီနား စုရုံးရောက်လာတဲ့လူတွေပဲ ကျန်တော့တာ။ ရဲကလည်း အဲ့ဒီနားရှိနေတဲ့သူတွေကိုပဲ ဖမ်းဖို့လုပ်နေတော့ မဆိုင်သူတွေ ပါကုန်မှာစိုးလို့ ကျွန်တော်တို့ဝိုင်းပြီး ပြောနေရတယ်။ အခုတော့ အခြေအနေ တည်ငြိမ်နေပါပြီ။ ၂၈လမ်း တလျှောက်လည်း လမ်းပိတ်လိုက်တယ်။ ရဲတွေလည်း အစောင့်ချထားတယ်”လို့ အခင်းဖြစ်ပွားရာအနီးတွင် ရောက်ရှိနေသူ မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။