News @ M-Media

Blog

  • ဆီးရီးယား သူပုန်များအား ငွေကြေးထောက်ပံ့ရန် လွှတ်တော်သို့ အိုဘားမား တောင်းဆို

    ဇွန်လ ၂၇ ၊ ၂၀၁၄
    M-Media
    Obama seeks $500m to equip Syria rebels
    – ဆီးရီးယားရှိ အစိုးရ အတိုက်အခံများအား လေ့ကျင့်ပေးရေးနှင့် လက်နက် တပ်ဆင်ရေးတွင်အသုံးပြုရန်အတွက် ကန်ဒေါ်လာ သန်း ၅၀၀ ဘက်ဂျက်အား ခွင့်ပြုပေးရန် အမေရိကန်သမ္မတ အိုဘားမားက လွှတ်တော်သို့ တောင်းဆိုလိုက်သည်ဟု သိရသည်။

    ထိုကဲ့သို့ တောင်းဆိုမှုမှာ အလယ်အလတ် အတိုက်အခံများက ထိန်းချုပ်ထားသော ဒေသများ တည်ငြိမ်ရေးနှင့် ဆီးရီးယားပြည်သူများအား ကာကွယ်ရေးတို့အတွက် အမေရိကန်၏ ကူညီမှုကို တိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အိမ်ဖြူတော်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ကုလရှိ ရုရှားသံအမတ် ဗီတာလီ ချာကင်ကမူ အမေရိကန်၏ ထိုခြေလှမ်းမှာ မှားယွင်းသောလားရာသို့ ဦးတည်နေသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်မတ်လကတည်းက ဆီးရီးယား အတိုက်အခံများအတွက် အမေရိကန်၏ ထောက်ပံ့မှုမှာ ဒေါ်လာ ၂၈၇ သန်းရှိပြီဖြစ်ပြီး များသောအားဖြင့် အသက်အန္တရာယ်မရှိနိုင်သည့် ကိစ္စများတွင်ဖြစ်သည်။ ထို့ပြင် အလယ်အလတ် အတိုက်အခံများအတွက် လျှို့ဝှက် စစ်သင်တန်းပေးမှုများကို စီအိုင်အေက ဂျော်ဒန်နိုင်ငံတွင် ပြုလုပ်ခဲ့သည်။

    ထို့ပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဂျော်ဒန်၊ လက်ဘနွန်၊ တူရကီနှင့် အီရတ်နိုင်ငံများရှိ ဆီးရီးယား ဒုက္ခသည်များအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၁.၅ ဘီလီယံ ပေးမည်ဟု အမေရိကန်က အဆိုပြုထားပြီး ထိုအထဲမှ သန်း ၅၀၀ ကို ပေးအပ်ခဲ့သည်။

    သို့သော်လည်း ဆီးရီးယားပြဿနာအား စစ်ရေးအရ မဖြေရှင်းနိုင်ဘဲ အမေရိကန်တပ်များကိုလည်း ဆီးရီးယားသို့မလွှတ်ဟု အမေရိကန် အစိုးရက ပြောဆိုထားသည်။

    Ref: Agencies

  • ဥရောပ ကုန်သွယ်ရေး သဘောတူညီချက်ကို ယူကရိန်း လက်မှတ်ထိုး

    ဇွန်လ ၂၇ ၊ ၂၀၁၄
    M-Media

    ukraine-crisis-eu
    – ရုရှားလိုလားသူ ခွဲထွက်ရေးသမားများ၏ ပြဿနာနှင့် ကြုံတွေ့နေရသည့် ယူကရိန်းနိုင်ငံမှာ ဥရောပသမဂ္ဂ ၏ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ကို ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    “လေးနက်၍ ပြည့်စုံသော လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်” ဟုခေါ်သည့် အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်နေ့မှာ သမိုင်းဝင်နေ့ဖြစ်ပြီး ထိုအခွင့်အရေးအား ခေတ်မှီသောနိုင်ငံ ဖြစ်လာရေး အတွက် အသုံးချသွားမည်ဟု ယူကရိန်း သမ္မတသစ် ပိုရိုရှန်ကိုကဆိုသည်။ ထို့ပြင် ယူကရိန်းနှင့် ဒေသတွင်းအနာဂတ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမှာလည်း အရေးပါကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုသဘောတူညီချက်အား လက်မှတ်ထိုးရေး အတွက် ပြည်သူများက ဆန္ဒပြခဲ့ခြင်းကြောင့် ရုရှားလိုလားသူ ယူကရိန်းသမ္မတဟောင်း ယာနူကိုဗစ်ခ်ျ ပြုတ်ကျခဲ့ ရပြီး နောက်ပိုင်းတွင် ရုရှား လိုလားသူ ခွဲထွက်ရေးသမားများက ခရိုင်းမီးယားဒေသအား ယူကရိန်းမှ ရုရှားနိုင်ငံ အတွင်းသို့ ပြောင်းလဲ သွတ်သွင်းခဲ့သည်။ ထို့ပြင် နိုင်ငံအရှေ့ပိုင်း ဒေသများကိုလည်း လွတ်လပ်သောနိုင်ငံအဖြစ်တည်ထောင်ရန် လက်နက်ကိုင် ပုန်ကန်ခဲ့ကြသည်။

    သမ္မတစ် ပိုရိုရှန်ကို တက်လာပြီးနောက်ပိုင်း ခွဲထွက်ရေးသမားများအား ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးပြီးနောက်ပိုင်း ပြဿနာပြေလည်ရေး အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ကာ ယခုလက်ရှိတွင် အပစ်ရပ်ကြောင်း ကြေညာထားသည်။

    Ref: Al Jazeera and agencies

  • တစ်ဦးချင်းအရည်အသွေး ကင်းမဲ့မှုကြောင့် ကမ္ဘာ့ဖလားမှ ထွက်ခဲ့ရခြင်းဟု ဂျပန်တိုက်စစ်မှူး ကာဂါဝါဆို

    ဇွန်လ ၂၇ ရက်၊ ၂၀၁၄
    M-Media

    429477_heroa
    – တစ်ဦးချင်း အရည်အသွေး ကင်းမဲ့မှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်ပြီး ထိုအမှားအား ပြုပြင်သွားမည်ဟု ဂျပန်အသင်းတိုက်စစ်မှူး ရှင်ဂျီ ကာဂါဝါက ပြောကြားလိုက်သည်။

    အာရှချန်ပီယံ ဂျပန်အသင်းမှာ ဘရာဇီးလ်တွင် ခြေစွမ်းပြနိုင်မည်ဟု ယူဆခဲ့သော်လည်း ၃ ပွဲကစား တစ်မှတ်သာရရှိကာ အုပ်စု C ၏ အောက်ဆုံးနေရာဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ထို့ကြောင့် ကိုလံဘီယာအား ၄ ဂိုး ၁ ဂိုဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် နည်းပြ ဇက်ခရိုနီလည်း ရာထူးမှ နှုတ်ထွက်ခဲ့သည်။

    “အသင်းတစ်သင်းအနေနဲ့တော့ ကျွန်တော်တို့ ကစားနိုင်ပါတယ်။ ဒါပေမယ့် ဂိုးသွင်းဖို့ ဒါမှမဟုတ် နောက်ဆုံးအခြေအနေမှာ ဂိုးမပေးရဖို့အတွက် တစ်ဦးချင်းအရည်အသွေးကတော့ လုံလောက်အောင် မကောင်းပါဘူး။ ဒါဟာ ကြီးမားတဲ့ခြားနားမှုကို ဖြစ်စေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အသင်းနှင့်ပတ်သက်၍ ကာဂါဝါက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ထိုအားနည်းချက်အားပြင်ဆင်ကာ တိုးတက်သွားအောင် ပြုပ်လုပ်မည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှာ မိမိ၏ နောက်ဆုံးပြိုင်ပွဲမဟုတ်ဘဲ စိတ်ပျက်မှုများကို အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ချင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • မွတ်စလင်တို့၏ အီးဒ်နေ့ကို ရုံးပိတ်ရက်အဖြစ် ခရိုင်းမီးယား သတ်မှတ်

    ဇွန်လ ၂၇ ရက်၊ ၂၀၁၄
    M-Media
    Ukraine Protests
    – အစ္စလာမ်ဘာသာဝင်တို့၏ အီးဒ်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ခရိုင်းမီးယား ပါလီမန်က ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    ပါလီမန်အစည်းအဝေးတွင် ဥပဒေပြုအမတ် ၇၂ ဦးက ထိုကဲ့သို့သတ်မှတ်ရန် မဲပေးခဲ့ကြခြင်းဖြစ်ပြီး အော်သိုဒေါ့စ်ခရစ်ယာန်အသင်းတော်၏ အီစတာပွဲတော်နေ့ကိုလည်း တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့သည်။ အဆိုပါဒေသအား ရုရှားမှ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးကြိမ်အဖြစ် ထိုကဲ့သို့ သတ်မှတ်ပေးခြင်းဖြစ်သည်။

    အစ္စလာမ်ဘာသာဝင်များမှာ တစ်နှစ်လျှင် အီးဒ်ပွဲတော်နှစ်ခုကို ကျင်းပလေ့ရှိပြီး တစ်ခုမှာ ရမ်ဇာန် ဥပုသ်လအကုန်နှင့် အခြားတစ်ခုမှာ ဟဂ်ျဘုရားဖူးကာလတို့တွင်ဖြစ်သည်။

    ခရိုင်းမီးယားဒေသလူဦးရေ၏ ၁၃ ရာခိုင်နှုန်းရှိသည့် တာတာမွတ်စလင်များမှာ ခရိုင်းမီးယားဒေသကို ယူကရိန်းလက်မှ ရုရှားက သိမ်းယူခြင်းကို လက်မခံဘဲ၊ ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင်လည်း မဲပေးခဲ့ခြင်းမရှိချေ။

  • ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် တိုက်ပွဲ၊ ဘာကြောင့်လဲ၊ ဘာတွေလဲ၊ ဘယ်သူတွေလဲ၊

    ဇွန်လ ၂၇ ရက်၊ ၂၀၁၄
    M-Media
    Bangladesh-Myanmar Border Skirmishes
    မကြာသေးခင်က နေပြည်တော်မှာ ပြုလုပ်ပြီးဆုံးသွားခဲ့တဲ့   နယ်ခြားစောင့်တပ်ဖွဲ့  ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးမှာ နှစ်နိုင်ငံလုံးက တည်ငြိမ်အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်း တည်ဆောက်သွားမယ်လို့ ဖြေရှင်းနိုင်ခဲ့ကြလင့် ကစား မေးခွန်းများစွာ ထွက်ပေါ်လာနေဆဲပါ။

    ဒီလို ရင်ဆိုင်တိုက်ခိုက် အချင်းပွားမှုတွေ ဘာကြောင့် စတင်ခဲ့ရပါသလဲ။ ဘယ်အရာက မလိုလားအပ်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်ဖြစ်စေပါသလဲ။ ဒီပြသနာဟာ သီးခြားဖြစ်ပွားတဲ့ နယ်စပ် တင်းမာမှုသက်သက်ပဲလား၊ ဒါမှမဟုတ် မြန်မာဖက်က သေချာတွက်ချက်ပြီး လုပ်ယူတဲ့ စွန့်စားမှုတစ်ခုပဲလား။ နှစ်နိုင်ငံလုံး အတွက် မကြာခင်ကဖြစ်ပွားခဲ့တဲ့ ဒီလိုတိုက်ခိုက်ကြမှု အတွက် ပိုမိုကြီးမားတဲ့ ဂယက်ရိုက်ခတ်နိုင်မှု အလားအလာတွေက ဘာတွေဖြစ်လာနိုင်သလဲ။

    နယ်စပ်ပြသနာ စဖြစ်ရတာ ဘာကြောင့်လဲ

    အစိုးရနှစ်ဖက်လုံးက ဒီလိုနယ်စပ်တင်းမာမှုအတွက် မတူညီတဲ့ အကြောင်းပြချက်တွေ ထုတ်ပြကြပါတယ်။ မြန်မာနယ်ခြားစောင့်ရဲ (BGP) တွေက  မေလ ၂၈ ရက်နေ့က ခြုံခို တိုက်ခိုက်ခံခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်စစ်သားတစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒါကာဖက်က ခိုင်ခိုင်မာမာဆိုပါတယ်။ မြန်မာ နယ်ခြားစောင့်ရဲ (BGP) တွေရဲ့ ပစ်သတ်တာကိုခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် စစ်သားရဲ့အလောင်းကို ပြန်ပေးဖို့  ညှိနှိုင်းနေစဉ်မှာပဲ မြန်မာနယ်ခြားစောင့်ရဲ (BGP) တွေရဲ့ နောက်ထပ်တစ်ကြိမ် “အကြောင်းမဲ့ ရန်စတိုက်ခိုက်မှု”က နယ်စပ်တစ်လျှောက် သေနတ် ပစ်ဖောက်တိုက်ခိုက်မှု အသစ်တွေကို အစပျိုးပေးလိုက်တာ လို့ ဒါကာဖက်က အခိုင်အမာပြောဆိုပါသေးတယ်။

    ရိုဟင်ဂျာလူမျိုးတွေရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ၁၉၈၀က တည်ထောင် ဖွဲ့စည်းခဲ့ကာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေထဲမှာ လှုပ်ရှားနေတယ်လို့ မြန်မာဖက်က စွပ်စွဲနေပေမယ့် သက်သေ အထောက်အထား တစ်စုံတရာမရှိတဲ့ RSO သောင်းကျန်းသူတွေက မြန်မာဖက်ကို ကျူးကျော် ၀င်ရောက်ဖို့ ကြိုးစားခဲ့လို့ ဒီလိုနယ်စပ် တိုက်ခိုက်မှုတွေ ဖြစ်ရတာလို့ မြန်မာဖက်က ဆန့်ကျင်ဖက် စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဝတ်စုံနဲ့ မတူတဲ့ အ၀ါရောင်ပြောက်ကြားဝတ်စုံ ၀တ်ဆင်ထားတာကြောင့် လူနှစ်ဦးကို မြန်မာ နယ်ခြားစောင့်တပ် က ပစ်ခတ်ခဲ့တယ်လို့ နေပြည်တော်က ရှင်းပြခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ မေလ ၁၇ က မြန်မာ နယ်ခြားစောင့်ကို RSO တွေက တိုက်ခိုက်သွားတာလို့ မြန်မာဖက်က သက်သေအထောက်အထားမဲ့ စွပ်စွဲပြောဆိုပြီး နယ်စပ်ပြသနာ တင်းမာအောင် ပြုလုပ်ထားချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အချုပ်အခြာအာဏာကို ထိပါးလာရင် သည်းခံမှာ မဟုတ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဖက်က တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကို တားဆီးဖို့ ဆောင်ရွက်သွားမယ်လို့ မြန်မာဖက်က ထုတ်ပြန်ခဲ့ပါတယ်။

    မကြာခင်ကဖြစ်ပွားခဲ့တဲ့ နယ်စပ်အကြမ်းဖက်မှုတွေဟာ ဒီဒေသတွင်း တရားဥပဒေစိုးမိုးမှု မရှိတာကို ထောက်ပြနေပါတယ်။ လူကုန်ကူးတာတွေ၊ လက်နက်နဲ့ မူးယစ်ဆေးဝါးမှောင်ခိုတာတွေ၊ ဓားမြတိုက်တာတွေစတဲ့ ရာဇ၀တ်မှုဆိုးတွေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာ ကျော်ကြားလှပါတယ်။  ဒါ့ပြင် လက်လုပ်ဖောက်ခွဲပစ္စည်းတွေ နယ်စပ်ဒေသမှာရှိနေခြင်းက အိမ်နီးခြင်းနှစ်နိုင်ငံကြား ယုံကြည်မှုတွေကို ယုတ်လျော့နေစေပါတယ်။ အကျင့်ပျက်ခြစားမှုတွေဟာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လှိုက်စားနေတယ်၊ ပြီးတော့ နယ်စပ်ဒေသမှာနေထိုင်တဲ့လူတွေကို နှိပ်စက်ခေါင်း ပုံဖြတ်ကာ ငွေကြေးရယူကြတယ်လို့  နှစ်ဖက်နယ်ခြားစောင့်တပ်တွေက အပြန်အလှန် စွပ်စွဲကြပါတယ်။ ဒီလိုစွပ်စွဲမှုတွေကတဆင့် နယ်စပ်တင်းမာမှု အသေးစားတွေ ဖြစ်ပွားတတ်ကြပေမယ့် တစ်ခါတစ်ရံမှာတော့ ပြေလည်မှု မရနိုင်တဲ့ထိ ဦးတည်သွားစေပါတယ်။

    နယ်စပ်တင်းမာမှုသက်သက်ပဲလား၊ ဒါမှမဟုတ် သေချာတွက်ချက်ပြီး လုပ်ယူတဲ့ စွန့်စားမှုတစ်ခုပဲလား။

    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာ အခြေအနေရုတ်ချည်းပြောင်းလဲတတ်တယ်၊ ၀င်ထွက်ရလွယ်တယ်၊ နားလည်ရခက်တတ်တယ် စတဲ့အချက်တွေဟာ ဗြိတိသျှကိုလိုနီခောတ်ကာလကတည်းကပါ။ ရခိုင်ဒေသမှာ လွန်ခဲ့တဲ့နှစ်နှစ်ကဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးအကြမ်းဖက်မှုလှိုင်းဂယက်တွေက ဒီဒေသမှာ ဘာသာမတူသူတွေကို ခွဲခြားဆက်ဆံမှုတွေရှိလာစေခဲ့ပြီး နောက်ထပ်တဆင့်အနေနဲ့ မလိုလားအပ်တဲ့ နယ်စပ်တင်းမာမှုတွေထိ ဖြစ်လာစေ ခဲ့ပါတယ်။ မြန်မာအစိုးရဟာ ဒီနယ်စပ်ပြသနာကို “ဖန်တီး”ဖြစ်ပွားစေခဲ့ပြီး ပါဝါချိန်ခွင်လျှာကို လွှမ်းမိုးနိုင်စေရုံမျှသာမက ပြည်တွင်းနိုင်ငံရေး တိုးတက်ပြောင်းလဲလာမှုဖြစ်စဉ်တွေအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အာရုံစိုက်မှုကို လွှဲဖယ်နိုင်ခဲ့ပါတယ်။

    မြန်မာသတင်းစာတွေက ဘာသာကူးပြောင်းရေးဆိုင်ရာဥပဒေမူကြမ်း လေးချက်ကို စတင်ထုတ်ဝေတဲ့နေ့နဲ့ နယ်စပ်ပြသနာဖြစ်ပေါ်တဲ့နေ့တွေ တူညီနေတာက တော်ရုံတိုက်ဆိုင်နေတာတော့ မဟုတ်ပါဘူး။ ဒေသခံအာဏာပိုင်တွေဆီမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းချင်ရင် ထောက်ခံချက်တွေ အထပ်ထပ်ရယူဖို့ လိုအပ်တဲ့ ဒီဥပဒေကြမ်းကို မြန်မာပါလီမန်မှာ အတည်ပြုတော့မှာ ဖြစ်ပါတယ်။

    ဒီနယ်စပ်ပြသနာဟာ မတော်တဆဖြစ်ပွားတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲတွေ မတိုင်မီတိုင်းမှာ ၂၇၀ ကီလိုမီတာအရှည်ရှိတဲ့  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက် တင်းမာမှုတွေကို မြန်မာအစိုးရက တိုးမြှင့် လုပ်ဆောင်လေ့ရှိပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကလည်း ၂၀၁၀ ရွေးကောက်ပွဲအကြိုအဖြစ် နယ်စပ်ခြံစည်းရိုးတွေ တိုးမြှင့်ကာရံတာတွေ၊ တပ်အင်အားကို တိုးမြှင့်ချထားတာတွေလုပ်ကာ တူညီတဲ့အခြေအနေတွေကို ဖန်တီးလုပ်ဆောင်ဖူးပါတယ်။ ခုလည်း RSO တွေကို ဘင်္ဂလားဒေ့ခ်ျက လက်ခံထားတယ်ဆိုတဲ့ အမည်ကို ဆုတ်ကိုင်ပြီး မြန်မာနယ်ခြားစောင့်ရဲ (BGP) တွေရဲ့ လုပ်ရပ်ကို အပြတ်အသတ်ထောက်ခံကာ ၂၀၁၅ ရွေးကောက်ပွဲအတွက် အစိုးရအပေါ် အကောင်းမြင်ထောက်ခံစေချင်တဲ့ သဘောနဲ့ နယ်စပ်ပြသနာကို ပြန်လည်ဖန်တီးစေခဲ့ပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နောက်ဆုံးသန်းခေါင် စာရင်းကောက်ယူမှုမှာ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အထောက်အထားတွေကို ဖယ်ချခံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်က တရားမ၀င်ခိုးဝင်လာသူတွေအဖြစ် ဘင်္ဂလီအမည်တပ် သတ်မှတ်ခံခဲ့ရပါတယ်။ နယ်စပ်သေနတ်ပစ်ဖောက်တိုက်ခိုက်မှုကို စတင်ရခြင်းဟာ မြန်မာရဲ့ ရိုဟင်ဂျာတွေ အပေါ်မှာ တာဝန်ရှိမှုကို ငြင်းဆိုလိုတဲ့ နောက်ထပ်ကြိုးပမ်းမှု တစ်ခုလည်းဖြစ်သလို တရားမ၀င်နေထိုင်ကြမှုတွေအတွက် အဖြေရှာပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဖက်မှာလည်း တာဝန် ရှိကြောင်း ပြသမှုတစ်ခုလည်း ဖြစ်ပါတယ်။

    နှစ်ဖက်အစိုးရတွေအပေါ် ပိုမိုကြီးမားတဲ့ ဂယက်ရိုက်ခတ်နိုင်မှု

    ဒါကာ နဲ့ နေပြည်တော် နှစ်ဖက်လုံးက နယ်စပ်ပြသနာဟာ သီးခြားဖြစ်ပွားတဲ့ နားလည်မှုလွဲမှားခြင်းသာ ဖြစ်တယ်၊ ဆက်လက်ပြီး ကြီးကြီးမားမား ထပ်ဖြစ်စရာမရှိဘူးလို့ ခိုင်ခိုင်မာမာဆိုခဲ့ကြပါပြီ။ နှစ်ဖက်အစိုးရတရားဝင်ထုတ်ပြန်ချက်တွေမှာ နယ်စပ်ဖြစ်ရပ်ကြောင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ကြပါတယ်။ မြန်မာဖက်က နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တည်တံ့ရင်းနှီးမှုကို ပြသတဲ့အနေနဲ့ နယ်စပ်ကို တရားမ၀င်ဖြတ်ကျော်လာတဲ့ အတွက် ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည် ၃၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

    နိုင်ငံဖြတ်ကျော်မှုခင်းတွေ တားဆီးနှိမ်နင်းနိုင်ဖို့၊  နယ်စပ်ဒေသ တစ်လျှောက်မှာနေထိုင်ကြတဲ့  ဒေသခံပြည်သူများတွေကို နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနဲ့ စပ်လျဉ်းတဲ့ အသိပညာပေး အစီအစဉ်တွေဆောင်ရွက်ကြနိုင်စေဖို့ အတွက် နယ်စပ် ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ကြဖို့ နှစ်နိုင်ငံလုံးက သဘောတူခဲ့ကြပါတယ်။

    ဒါ့ပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတာက ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေထဲမှာ လှုပ်ရှားနေတယ်လို့ မြန်မာဖက်က စွပ်စွဲနေပေမယ့် အထောက်အထားတစ်စုံတရာမရှိတဲ့ RSO သောင်းကျန်းသူတွေရဲ့ ပြသနာကြောင့် ဖြစ်ပါတယ်။ RSO အပါအ၀င် ဘယ်လို သောင်းကျန်းသူအုပ်စုမှ ဘင်္ဂလားဒေ့ရှ် ပိုင်နက်မှာ မရှိဘူးလို့ ဒါကာဖက်က ပြင်းပြင်းထန်ထန်ပယ်ချပြောဆိုခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နယ်မြေ ဖက်ကနေ မြန်မာစစ်သားတွေကို ချောင်းမြောင်း တိုက်ခိုက်နေတာ RSO မဟုတ်ဘူး၊ RSO မရှိဘူးဆိုရင် ဘယ်သူတွေလဲလို့ မြန်မာဖက်က မေးခွန်းတန်ပြန်ထုတ်ခဲ့ပါတယ်။ ဒီပြသနာအတွက် အဖြေတစ်ခုရတဲ့ထိ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ နှစ်နိုင်ငံလုံးက ပြုလုပ်ကြရဦးမှာပါ။

    ဆွေမွန်

    Eurasiareview တွင် ဖော်ပြခဲသည့် Bangladesh-Myanmar Border Skirmishes: Who, What And Why – Analysis By Dibya Shikha ဆောင်းပါးအား ဆီလျော်အောင် ပြန်ဆိုပါသည်။