News @ M-Media

Blog

  • အမေရိကန်ရှိ အကြီးဆုံး မွတ်စလင်အဖွဲ့ CAIR ၏ ဥက္ကဌအဖြစ် လူငယ် ရှေ့နေ အမျိုးသမီး တစ်ဦးအား ခန့်အပ်

    ဇွန်လ ၂၁ ရက်၊ ၂၀၁၄
    M-Media
    WomanChairs-US-Largest-Muslim-Group
    – အမေရိကန်နိုင်ငံရှိ အကြီးဆုံး မွတ်စလင်အဖွဲ့ဖြစ်သည့် အမေရိကန်-အစ္စလာမ် ဆက်ဆံရေး CAIR အဖွဲ့၏ ဥက္ကဌအဖြစ် အိုဟိုင်းယိုးပြည်နယ်မှ မွတ်စလင် အမျိုးသမီးတစ်ဦးအား ခန့်အပ်ခဲ့သည်ဟု သိရသည်။

    ဥက္ကဌဟောင်း အိုမာရ်ဇာကီ၏ ရာထူးသက်တမ်း ၂ နှစ်ပြည့်မြောက်ခဲ့ပြီးနောက် ဒုတိယဥက္ကဌဖြစ်သည့် ရူလာ အလ်လူခ်ျကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ရူလာမှာ အိုဟိုင်းယိုးနှင့် ကန်တာကီပြည်နယ်တွင် ရှေ့နေအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပြီး၊ ကန်တာကီ၊ စင်စင်နတီနှင့် အမေရိကန် ရှေ့နေများအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ကာ၊ အမေရိကန်လူငယ်ရှေ့နေများအဖွဲ့အတွက် လက်ထောက်ညွှန်ကြားရေးမှုးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထို့ပြင် အမေရိကန်ရှေ့နေများအသင်း လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွင် ကန်တာကီကိုစားပြု ကိုယ်စားလှယ်ဖြစ်သည်။

    “အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ်မှာ ပိုမိုနားလည်လာဖို့ CAIR ရဲ့ အားထုတ်မှုတွေကို ဆက်လက်ခိုင်မြဲအောင် လုပ်ဆောင်သွားဖို့ ကျွန်မ မျှော်လင့်ပါတယ်။ အမေရိကန်မွတ်စလင်တွေ မြို့ပြလုပ်ငန်းဆောင်တာတွေမှာ ပါဝင်မှုတွေ တိုးမြှင့်ဖို့၊ တရားမျှတမှုနဲ့ အပြန်အလှန် နားလည်သဘောပေါက်မှုတွေကို တိုးမြှင့်ရာမှာ ကျွန်မတို့နဲ့ သဘောထားတူတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ကိုလည်း ဆောင်ရွက်သွားပါမယ်” ဟု CAIR မှ ထုတ်ပြန်သော ကြေညာချက်တွင် ရူလာက ပြောကြားခဲ့သည်။

    ၂၀၀၈ ခုနှစ်နှစ်မှ ၂၀၁၃ ခုအထိ CAIR စင်စင်နတီအဖွဲ့ခွဲ၏ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည့် ရူလာအား ဥက္ကဌအဖြစ် ရွေးချယ်မှုကို CAIR အမှုဆောင်ဒါရိုက်တာဖြစ်သူ နီဟတ် အ၀ဒ်က ကြိုဆိုခဲ့ပြီး အဖွဲ့အတွက် သူမ၏ အားထုတ်မှုများကို ချီးကျူးခဲ့သည်။

    “အဖွဲ့ပေါ်မှာ ရူလာရဲ့ နှစ်မြှုပ်ဆောင်ရွက်မှုနဲ့ သူမရဲ့ ဥပဒေရေးရာ ကျွမ်းကျင်မှုတွေက ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ပြည်သူ့လွတ်လပ်ခွင့်တွေ တိုက်စားခံလာရမှုကို တားဆီးဖို့ ဆောင်ရွက်နေတဲ့ ဒီအဖွဲ့အစည်းကို ဦးဆောင်ဖို့အတွက် အသင့်တော်ဆုံး ရွေးချယ်မှုကို ဖြစ်စေခဲ့ပါတယ်” ဟု အ၀ဒ်က ဆိုသည်။

    CAIR အဖွဲ့ကို ၁၉၉၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အလွှာစုံမှ မွတ်စလင်များပါဝင်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ ၀ါရှင်တန်တွင် ရုံးစိုက်ထားသည်။ CAIR ၏ အဖွဲ့ခွဲများကို အမေရိကန်တစ်ဝှမ်းနှင့် ကနေဒါအထိ ဖြန့်ကျက်ဖွဲ့စည်းထားသည်။

    ထိုအဖွဲ့မှာ အစ္စလာမ်သာသနာ အပေါ် နားလည်လွဲမှုများအား ဖြေရှင်းရေး၊ ဆွေးနွေးမှုမှုများ ဖြစ်ပေါ်လာစေရေး၊ ပြည်သူ့ လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရေး၊ အမေရိကန် မွတ်စလင်များ စွမ်းရည်မြင့်တက် လာစေရေးနှင့် တရားမျှတမှုနှင့် အပြန်အလှန် နားလည်မှုတို့ကို တိုးမြှင့်ဆောင်ရွက်ကာ မဟာမိတ်အဖွဲ့အစည်းများ တည်ဆောက်ရေး စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည်။

  • ဒိန်းမတ်တွင် ၀တ်ပြုဖိတ်ခေါ် မျှော်စင်ပါ ပထမဆုံး ဗလီဖွင့်ပွဲပြုလုပ်

    န်လ ၂၁ ရက်၊ ၂၀၁၄
    M-Media
    606x340_271352
    ကိုပင်ဟေဂင်။     ။ တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)အပေါ် သရော်ပုတ်ခတ်သိက္ခာချသည့် ကာတွန်းများ ထွက်လာပြီး ၉ နှစ်အကြာတွင် ၀တ်ပြုဖိတ်ခေါ်မျှော်စင်(မီနာရာ)ပါသော ပထမဆုံးဗလီဝတ်ကျောင်းကို ဒိန်းမတ်နိုင်ငံတွင် ဖွင့်လှစ်နိုင်ခဲ့ရာ နားလည်မှုတိုးတက်လာသောအရွေ့တစ်ခုဟု ဆိုရပေမည်။

    “ ဆွေးနွေးမှု၊ နားလည်မှုကို ဖန်တီးပေးတဲ့ ဒီလျှောက်လမ်းခင်းခြင်းနဲ့အတူ မုဟမ္မဒ်ကာတွန်းတွေလို ကိစ္စမျိုးတွေအပေါ် ပဋိပက္ခတွေ ရှောင်ကြဉ်နိုင်ပါလိမ့်မယ် ” ဟု ဗလီဝတ်ကျောင်း ပိုင်ဆိုင်တဲ့ ဒိန်းမတ်အမျိုးသားအစ္စလာမ့်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ  မုဟမ္မဒ် အလ် မိုင်မူနီက AFP သို့ ဇွန်လ ၁၉ ရက် ကြာသပတေးနေ့တွင် ပြောကြားသည်။

    ဒိန်းမတ်အမျိုးသားအစ္စလာမ့်ကောင်စီ The Danish Islamic Council သည် အလယ်အလတ် အစ္စလာမ့် အယူအဆရှိခြင်း၌ ကျော်ကြားသည်။ မိမိ လူ့အဖွဲ့အစည်းနှင့် မျှတစေသော အစ္စလာမ့် အတွေးအမြင်များလည်း ရှိပါသည်ဟု သူက ဆို၏။

    ကြီးထွားလာသော မွတ်စ်လင်မ်လူဦးရေ၀င်ဆန့်ရေးအတွက် ကာတာရံပုံငွေ ခရိုနာ သန်း ၁၅၀ (ဒေါ်လာ ၂၇.၂ သန်း)နှင့်အတူ တည်ဆောက်ထားသော ကိုပင်ဟေဂင် အနောက်မြောက်ပိုင်းခရိုင်ရှိ ဒိန်းမတ်နိုင်ငံ၏ အကြီးဆုံးဗလီ ၀တ်ကျောင်းတော်အား ကြာသပတေးနေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

    ၆၇၀၀ စတုရန်းမီတာ (ပေ ၇၂၁၁၈ ပတ်လည်) ပေါ် တည်ဆောက်ထားသော ဗလီဧရိယာအတွင်း ဗလီတစ်လုံး၊ ယဉ်ကျေးမှုစင်တာ၊ တီဗီ စတူဒီယို၊ အားကစားဌာန တစ်ခု ပါဝင်သည်။

    ဗလီဖွင့်ပွဲအခမ်းအနားကို ရေနံပေါကြွယ်သည့် ကာတာနိုင်ငံရံပုံငွေပါဝင်နေခြင်းအပေါ် လက်ျာစွန်းရောက်ခေါင်းဆောင်များ၊ ဒိန်းမတ်နိုင်ငံရေးသမား များစွာတို့မှ ရှောင်ဖယ်ခဲ့ကြသည်။

    ရှေးရိုးစွဲ ကာတာအစိုးရသည် ဗလီဝတ်ကျောင်းတော်အပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ သြဇာသက်ရောက်နိုင်ချေ ရှိသည်ဟု ထင်ရကြောင်း DPP ပါတီခေါင်းဆောင် Kristian Thulesen Dahl က ဒိန်းမတ် လူ့အဖွဲ့အစည်းအတွင်း မွတ်စ်လင်မ်တို့၏ ၀င်ဆန့်လာမှုကို မနှစ်မြို့ဟန်ဖြင့် ပြောကြားသည်။ DPP ၏ ဤအငြင်းပွားစရာ မှတ်ချက်များမှာ ပထမဆုံးအကြိမ် မဟုတ်ချေ။

    ၂၀၀၃ ခုနှစ်အစောပိုင်း ကာလ၌ အကြမ်းဖက်သမားဟု သံသယရှိသူ လူ ၇၀၀ ကို နိုင်ငံသားအသစ် အဖြစ် လူဝင်မှုကြီးကြပ်ရေး၏ကြေငြာချက်အား ဆန့်ကျင်သောကြောင့် DPP မှာ ဒဏ်ငွေတပ်ခံခဲ့ရသည်။

    ၂၀၀၇ ခုနှစ်တွင် ဒိန်းမတ်၏ တတိယအင်အားအကြီးဆုံး နိုင်ငံရေးအုပ်စု DPP မှ အများနှင့် သက်ဆိုင်သောနေရာများ၌ ဟိဂျာ့ဗ်(အမျိုးသမီးဦးဆောင်းပုဝါ) ဆင်ယင်ခြင်းကို ပိတ်ပင်ရန်၊ လုပ်ငန်းခွင်၌ မွတ်စ်လင်မ်တို့ အတွက် ၀တ်ပြုနေရာသီးသန့် မထားပေးရန် ဥပဒေထုတ်ပြန်ရေးကို လှုံ့ဆော်ခဲ့သည်။

    ထို့အတူ နေ့ကလေးထိန်းကျောင်းများ နှင့် မွတ်စ်လင်မ်ကျောင်းသူများ၏သီးသန့်စားသောက်ဆောင်များတွင် ဟလာလ်အသား အသုံးမပြုရေး တားမြစ်လှုံ့ဆော်မှုကိုလည်း ယင်းပါတီမှ ပြုလုပ်ခဲ့သည်။

    လိင်တူဆက်ဆံမှုအပေါ် မိုင်မူနီ၏ လတ်တစ်လော မှတ်ချက်များကိုလည်း ယင်းအုပ်စုဝင်များက သရော်ခဲ့ကြသေး၏။

    လက်ျာစွန်းရောက်တို့၏ ကာတာ ရံပုံငွေအပေါ် ဝေဖန်ချက်အား ချေပသောအားဖြင့် မိုင်မူနီက ယင်းအရှေ့အလယ်ပိုင်းမှ လှူဒါန်းမှုသည် ဒါန သက်သက် မျှသာဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။

    “ ကာတာနိုင်ငံရေးထဲ ကျွန်တော်တို့ ၀င်ပါမှာမဟုတ်ပါဘူး။ သူတို့ပြည်တွင်းရေးနဲ့ ကျွန်တော်တို့က ဘာမှ မပတ်သက်ပါဘူး။ ဒိန်းမတ် အမျိုးသားအစ္စလာမ့်ကောင်စီမှာ ၀ါဒဖြန့်မှုတွေအပေါ် အပြည့်အ၀ ကိုင်တွယ်နိုင်တဲ့ အာဏာရှိပါတယ်။ မည်သည့်နှောင်ကြိုးမှ မပါဝင်တဲ့ လှူဒါန်းမှုဖြစ်လို့ ကျွန်တော်တို့ နှစ်မြို့ကျေနပ်စွာ လက်ခံခဲ့ခြင်းဖြစ်တယ် ” ဟု မိုင်မူနီက ဆိုပါသည်။

    ကာတာရံပုံငွေများ လက်မခံမီက ဒိန်းမတ်အမျိုးသားအစ္စလာမ့်ကောင်စီသည် အခြားမွတ်စ်လင်မ်နိုင်ငံများထံမှ ရံပုံငွေ မရယူခဲ့။

    အဆိုပါ ဗလီဝတ်ကျောင်းဖွင့်ပွဲကို ဒိန်းမတ်ချာ့ခ်ျမှ ကိုယ်စားလှယ်များ၊ ဂျူးလူ့အဖွဲ့အစည်းများနှင့်အတူ ဒါနပံ့ပိုးမှုနှင့် အစ္စလာမ့်ရေးရာဝန်ကြီးဦးဆောင်သော ကာတာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့သည်။

    “ ကာတာ သို့မဟုတ် မော်ရိုကိုက အစ္စလာမ်ဟာ ဒိန်းမတ်က အစ္စလာမ်ပုံစံနဲ့ ထပ်တူ မကျပါဘူး။ ဆိုလိုတာက အစ္စလာမ်မှာ ကာလဒေသံပေါ်မူတည်ပြီး မပြောင်းလဲတဲ့ စည်းမျဉ်းတွေရှိပေမယ့် အဲ့ဒါမှအပ ကျန်တာတွေကို အပြောင်းအလဲလုပ်ခွင့် ရှိနေပါတယ် ” ဟု မိုင်မူနီက ပြောပြသည်။

    လက်ျာစွန်းရောက်တို့၏ ဝေဖန်ချက်များနှင့်ဆန့်ကျင်စွာ ဗလီဝတ်ကျောင်းတော်သစ်နှင့်ပတ်သက်၍ အကောင်းမြင်တုန့်ပြန်ကြိုဆိုချက်များစွာ ဖြစ်ထွန်းခဲ့သည်။

    “ ကျွန်မဟာ ကာတာအစိုးရပုံဟန်နဲ့ အမျိုးသမီးတွေအပေါ်ထားရှိတဲ့ သူတို့အမြင်ကို လက်ခံသူ မဟုတ်ပါဘူး။ ဒါကြောင့် ကာတာရဲ့ပံ့ပိုးမှု ရှိနေပေမယ့်လည်း ဗလီသစ်ကို လာရောက်ဖို့ ကျွန်မမှာ ပြဿနာ တစ်စုံတစ်ရာ မရှိပါဘူး ” ဟု ပါလီမန်အဖွဲ့ဝင် Özlem Sara Cekic မှ Jyllands-Posten သို့ ပြောကြားသည်။
    ဒိန်းမတ်လူ့အဖွဲ့အစည်းအတွင်း မွတ်စ်လင်မ်နှင့် အခြားအုပ်စုတို့အကြား အပြန်အလှန်ဆွေးနွေးဖလှယ်မှုပလက်ဖောင်းတစ်ခု ဖန်တီးမည်ဟု ဗလီဝတ်ကျောင်းတော်မှ ဆိုထားပါသည်။

    တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)အပေါ် သရော်ပုတ်ခတ်သိက္ခာချသည့် ကာတွန်းများကို အစ္စလာမ်၌ စော်ကားချက်အဖြစ် သတ်မှတ်ခဲ့သော်လည်း ဥရောပသတင်းစာများက လွတ်လပ်စွာဖော်ထုတ်တင်ပြခွင့်အဆိုဖြင့် ထပ်မံပုံနှိပ်ဖော်ပြခဲ့ကြရာ အနောက်တိုင်းနှင့် မွတ်စ်လင်မ်ကမ္ဘာအကြား တင်းမာမှုကို ပိုမို ပြင်းထန်သွားစေခဲ့သည်။ ထိုကာတွန်းများ ထွက်ခဲ့စဉ်က ကမ္ဘာ့မွတ်စ်လင်မ်ထုမှ တမန်တော်၏ထူးမြတ်သောဂုဏ်ရည်များကို ပြန်လည်ဇောင်းပေးတင်ပြခဲ့ကြသည်။

    အစ္စလာမ်သည် ဒိန်းမတ်တွင် နိုင်ငံ့လူဦးရေ ငါးပုံလေးပုံရှိ လူသာရန် ပရိုတက်စတင့် ခရစ်ယျာန်ပြီးလျှင် ဒုတိယအကြီးဆုံးသာသနာတစ်ရပ်ဖြစ်သည်။

    Ref: OnIslam & News Agencies

  • ရာနှုန်းပြည့် စွမ်းဆောင်နိုင်၍ မိမိ ခြေစွမ်း ပိုကောင်းလာမည်ဟု ဘန်ဇီမာဆို

    ဇွန်လ ၂၁ ရက်၊ ၂၀၁၄
    M-Media
    426704_heroa
    – မိမိကိုယ်တိုင်နှင့် မိမိတို့အသင်းမှာ ပိုမိုတောင့်တင်းလာပြီး မိမိမှာ ပိုမိုကောင်းမွန်လာမည်ဟု ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းတိုက်စစ်မှူး ဘန်ဇီမာက ပြောကြားလိုက်သည်။

    ၂၀၁၂ ဇွန်လမှ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိသည့် ဘန်ဇီမာမှ ယခုကမ္ဘာ့ဖလားပြိုင်ပွဲ အကောင်းဆုံး ခြေစွမ်းပြနေပြီး နှစ်ပွဲကစားပြီးချိန်တွင် အသင်းအတွက် ၃ ဂိုးသွင်းယူပေးထားသည်။

    “ကျွန်တော့် ရာနှုန်းပြည် ကောင်းနေပြီး ပိုပြီးတော့လည်း ကောင်းလာနိုင်ပါတယ်။ အသင်းဖော်တွေရဲ့ အားထုတ်မှုကို ကျွန်တော်က ခူးဆွတ်ရတာဖြစ်ပြီး ကျွန်တော်တစ်ယောက်တည်း ကောင်းတာတော့မဟုတ်ပါဘူး။ လူတိုင်းကောင်းကြပါတယ်။ ပွဲထွက်စာရင်းမှာမပါတဲ့သူတွေ၊ ဒီပွဲမှာ ပြန်ပါလာတဲ့သူတွေရောပေါ့” ဟု ဘန်ဇီမာက France Football သို့ ပြောကြားခဲ့သည်။

    အုပ်စု E မှ ပြင်သစ်အသင်းမှာ ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ်ဖြင့် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

  • ယူကရိန်းအစိုးရ၏ အပစ်ရပ်ရေး ယနေ့တွင် စတင်

    ဇွန်လ ၂၁ ရက်၊ ၂၀၁၄
    M-Media
    Ukraine president announces temporary truce
    – နိုင်ငံအရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများအား လျော့ကျစေရန် ပထမခြေလှမ်းအဖြစ် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအား တိုက်ခိုက်နေမှုကို ယူကရိန်းစစ်တပ်က ရပ်တန့်လိုက်ပြီဟု သိရသည်။

    သမ္မတသစ် ပိုရိုရှန်ကိုက သောကြာနေ့တွင် ကြေညာခဲ့သည့် တစ်ပါတ်ကြာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ခွဲထွက်ရေးခေါင်းဆောင်များက ငြင်းပယ်ပြီး တစ်ရက်အကြာ ယနေ့တွင် ရပ်တန့်ခဲ့ခြင်းဖြစ်သော်လည်း ခွဲထွက်ရေးသမားများက တိုက်ခိုက်လာပါက ယူကရိန်း စစ်သားများက တန်ပြန် တိုက်ခိုက်သွားဖွယ်ရှိနေသည်။

    “အကြမ်းဖက်နှိမ်နင်းရေး တပ်တွေ့ရဲ့ တိုက်ခိုက်မှုတွေကို ဒီနေ့ကစပြီး ဇွန်လ ၂၇ ရက်နေ့အထိ ရပ်တန့်သွားပါမယ်” ဟု ပိုရိုရှန်ကို၏ ပြောကြားမှုကို ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

    သို့သော်လည်း ထိုကြေညာချက်မှာ ငြိမ်းချမ်းရေးကြေညာချက်ထက် ရာဇသံပေးခြင်းနှင့် ပိုတူနေသည်ဟု ရုရှားအစိုးရက ပြောကြားခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီများက ဖော်ပြခဲ့သည်။

    အဆိုပါငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကြာသာပတေးနေ့က အသေးစိတ်ဆွေးနွေးပြီးနောက် ပိုရိုရှန်ကိုက ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ်မှာ ခွဲထွက်ရေးသမားများ လက်နက်ချ၍ တိုင်းပြည်မှထွက်ခွာရန် အချိန်ပေးခြင်းဖြစ်ပြီး ထို့နောက် ဆွေးနွေးမှုများ၊ ရွေးကောက်ပွဲအသစ်နှင့် အလုပ်အကိုင်အစီအစဉ်များ ဆောင်ရွက်သွားမည်ဟု ပိုရိုရှန်ကိုကဆိုသည်။

    Ref: Reuters And AP

  • Muslim Brotherhood’sးအဖွဲ့ ဦးသျှောင် အပါအ၀င် လူ တစ်ရာကျော်အား အီဂျစ်စစ်တပ် သေဒဏ်ချမှတ်ပြန်

    ဇွန်လ ၂၁ ရက်၊ ၂၀၁၄
    M-Media
    20146717564520734_20
    – စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံခဲ့ရသည့် မွတ်စလင်ညီအကိုတော်များ အဖွဲ့၏ ဦးသျှောင် မိုဟာမက် ဘာဒီအပါအ၀င် အဖွဲ့ဝင် ၁၈၀ ဦးအား အီဂျစ်တရားရုံးက ယမန်နေ့က သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

    ရှေ့နေများက ထိုပြစ်ဒဏ်ချမှတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ယနေ့တွင် အတည်ပြုခဲ့ပြီး အယူခံဝင်နိုင်သည်ဟု ပြောကြားခဲ့သည်။ အီဂျစ်နိုင်ငံ သမိုင်းတွင် ဒီမိုကရေးစီနည်းကျ ပထမဆုံး ရွေးကောက် တင်မြှောက်နိုင်ခဲ့သည့် မွတ်စလင်ညီအကိုတော်များအဖွဲ့မှ သမ္မတ မိုဟာမက်မော်စီအား အီဂျစ်စစ်တပ်က ပြီးခဲ့နှစ် ဇူလိုင်လတွင် ဖြုတ်ချပြီးနောက် ဖမ်ဆီးခဲ့သော အဖွဲ့ဝင်ထောင်ပေါင်းများစွာတွင် ဘာဒီလည်းပါဝင်ခဲ့သည်။

    ဘာဒီအား ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၄ ရက်နေ့က နိုင်ငံတောင်ပိုင်း မင်ယာမြို့ရှိ ရဲစခန်းတစ်ခုအား တိုက်ခိုက်မှုဖြင့် တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ကိုင်ရိုရှိ မွတ်စလင်ညီအကိုတော်များအဖွဲ့ဝင် ရာပေါင်းများစွာကို ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုအား တုံ့ပြန်ခြင်းအားဖြင့် အဆိုပါရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

    ထိုအချိန်မှစ၍ မွတ်စလင် ညီအကိုတော်များအဖွဲ့အား အာဏာသိမ်း အီဂျစ်စစ်အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး အဖွဲ့ဝင်ထောင်ပေါင်းမျာစွာကို ဖမ်းဆီးခဲ့ကာ၊ အစုလိုက် အပြုံလိုက် သေဒဏ်ပေးခြင်းနှင့် နှစ်ရှည်ထောင်ဒဏ်ချခြင်းများကို ပြုလုပ်ခဲ့သည်။

    Ref: Al Jazeera and agencies