ဇွန်လ ၂၄ ရက်၊ ၂၀၁၄
M-Media

– ကမ္ဘာ့ဖလားပွဲစဉ်များအား ကြည့်ရှုရန်အတွက် လုံလောက်သော လျှပ်စစ်ဓာတ်အားရရှိရန် TV မှ လွဲ၍ အခြားသော လျှပ်စစ်ပစ္စည်းအားလုံးကို ပိတ်ထားရန် ကွန်ဂိုရှိ ဓာတ်အားပေး ကုမ္ပဏီ SNEL က ပြည်သူများအား ယနေ့တွင် ပန်ကြားခဲ့သည်ဟု သိရသည်။
ကွန်ဂိုမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲမအောင်ခဲ့သော်လည်း နိုင်ငံတစ်ဝှမ်း ဘောလုံးဝါသနာရှင်များက ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို TV များမှ စောင့်ကြည်နေသောကြောင့် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား မလုံလောက်မှုပြဿနာကို ပိုမို ကြီးထွားလာစေသည်။ ထို့ကြောင့် ဘောလုံးပွဲကြည့်နေစဉ် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန် ပြည်သူများအနေဖြင့် ရေခဲသေတ္တာများ၊ မီးဖိုများနှင့် မီးများကို တတ်နိုင်သမျှ ပိတ်ထားကြရန် နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ SNEL က ပန်ကြားခဲ့ခြင်းဖြစ်သည်။ SNEL၏ ထိုပန်ကြားမှုအတွက် ထောက်ခံသူများရှိသကဲ့သို့ ဝေဖန်သူများလည်း ရှိနေသည်။
ကွန်ဂိုနိုင်ငံရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုမှာ အကန့်အသတ်သာရှိနေသေးပြီး ကွန်ဂိုပြည်သူ ၉ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားကို ရရှိကြသည်။ အင်ဂါဆည်တွင် တည်ဆောက်ထားသည့် နိုင်ငံ၏ အဓိက ရေးအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ပျက်စီးယိုယွင်းနေပြီး နိုင်ငံတစ်ဝှမ်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှာ အမြဲလိုလိုဖြစ်နေသည်။
ပြည်သူများ စွမ်းအင်ချွေတာသောနည်းလမ်းဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲများကို ကြည့်ရှုနိုင်ရန် နိုင်ငံတစ်ဝှမ်း ကြီးမားသော TV စကရင် ၁၆ ခုကို SNEL က တပ်ဆင်ပေးထားပြီး အခြား ၁၂ ခုကိုလည်း ထပ်မံ၍တပ်ဆင်ပေးမည်ဟု ကတိပြုထားသည်။
Ref: Agencies



