News @ M-Media

Blog

  • BBC : သာသနာရေး ၀န်ကြီးကို ငွေအလွဲသုံးမှုနဲ့ ဖမ်းဆီး

    ဇွန်လ ၁၉ ရက်၊ ၂၀၁၄
    BBC (မြန်မာပိုင်း)
    U San Sint
    ကျပ်သိန်း ၁၀၀ ခန့် အလွဲသုံးစားမှုနဲ့ သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို ဖမ်းဆီး အရေးယူလိုက်တယ်လို့ ထိပ်တန်း အစိုးရ အရာရှိ တစ်ယောက်က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

    အလွဲသုံးစားမှုဟာ သာသနာရေးဆိုင်ရာ ကိစ္စတွေနဲ့ သက်ဆိုင်တယ်လို့ သတင်းတွေ ပေါ်ထွက်နေပြီး သူ့ကို စသုံးလုံးက ဖမ်းဆီး အရေးယူတာလို့ သိရပါတယ်။

    ဦးဆန်းဆင့်ဟာ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေ သာသနာရေး ဝန်ကြီးအဖြစ် မနှစ်က ပြောင်းလဲ ခန့်ထားခံခဲ့ရတာ ဖြစ်ပါတယ်။

    ဦးဆန်းဆင့်ဟာ သဘောထား ပျော့ပြောင်းသူလို့ အများက ယူဆကြပြီး အခု ဖမ်းဆီး အရေးယူမှုဟာ မဟာသန္တိသုခ ကျောင်းကို ချိပ်ပိတ်ခဲ့မှုနဲ့ ဆက်စပ်နိုင်တယ်လို့ သူနဲ့ နီးစပ်သူတွေက သုံးသပ်နေကြပါတယ်။

    ဓါတ်ပုံ အညွန်း – ဝန်ကြီး ဦးဆန်းဆင့်၂၇-၂-၂၀၁၃ က အစ္စလာမ်ဘာသာရေးအဖွဲ့များ နှင့် တွေ့ဆုံခဲ့စဉ်က
    Link =>https://www.facebook.com/bbcburmese/photos/a.266174993438393.67270.166580710064489/675233749199180

  • ညီလာခံကြီးသည် ပြည်ထောင်စုသား မွတ်စလင်များ၏ အနာဂတ် လမ်းပြမြေပုံ ပေါ်ပေါက်ရေးဟုဆို

    ဇွန် ၁၉၊ ၂၀၁၄
    M-Media
    ဆူးထက်၊ လမင်း
    UMNC
    ရန်ကုန် ။ ။ ပြည်လုံးကျွတ် ညီလာခံကြီးသည် ပြည်ထောင်စုသား မွတ်စလင်များ၏ တိုင်းပြည်ချစ်စိတ် နိုင်ငံချစ်စိတ်ကို ပြသနိုင်ရန် နှင့် အနာဂတ်လမ်းပြမြေပုံ ပေါ်ပေါက်ရေးအတွက် ကျင်းပရဖြစ်ကြောင်း ညီလာခံရေးကျင်းပရေးကော်မတီမှ ဒု-ဥက္ကဌ (၁) ဒေါက်တာမြင့်သိန်းက ပြောကြားလိုက်သည်။

    ဇူလိုင်လ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဒေါ်စောရွှေခန်းမ ကျင်းပပြုလုပ်ခဲ့တဲ့  ပြည်ထောင်စုသား မွတ်စလင်မ် များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေးကော်မတီ၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးပွဲနှင့် စပ်လျှဉ်း၍ သတင်းစာရှင်းလင်းပွဲကို အဆိုပါ ကော်မတီရုံးခန်း မှာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁၀ နာရိမှ ပြုလုပ်ခဲ့တာ ဖြစ်ပါသည်။

    “ပြည်ထောင်စုသား မွတ်စလင်တွေအနေနဲ့ မိမိတို့အား ပြည်ထောင်စုနှင့် ခွဲမရတဲ့ အစိတ်အပိုင်းတွေဖြစ်ကြောင်း၊ မိမိတို့၏ အကျိုးစီးပွားသည် ပြည်ထောင်စုရဲ့ အကျိုးစီးပွားနဲ့ ဆက်နွယ်နေကြောင်း ပြသဖို့ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

    အဆိုပါ ညီလာခံကြီးတွင် တစ်ပြည်လုံးမှ တက်ရောက်လာကြမည့် ဒေသခံကိုယ်စားပြု ကိုယ်စားလှယ်များက အနာဂတ် လမ်းပြမြေပုံကို ရေးဆွဲ အတည်ပြုကြမည်ဖြစ်ပြီး ဖြစ်ပေါ်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် အညီ ဖော်ဆောင် သွားကြမည်ဖြစ်ကြောင်း ယင်းညီလာခံ ကျင်းပရေး ကော်မတီမှ ဆိုသည်။

    အဆိုပါညီလာခံကြီးရဲ့ လုပ်ငန်းစဉ် အဖြစ် တရားဥပဒေစိုးမိုးသော လူ အဖွဲ့အစည်း တစ်ရပ်ပေါ်ထွန်းရေး၊  ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်သည့် လူ့အဖွဲ့အစည်းပေါ်ထွန်းရေး၊ ဘာသာရေး၊ လူမျိုးရေး၊ အစွန်းရောက်မှု ကင်းသည့် ယဉ်ကျေးမှု  တစ်ရပ် ပေါ်ထွန်းရေး၊ အကြမ်းမဖက်ဘဲ သဟဇာတ ရှိသည့် နိုင်ငံရေး နိုးကြားမှု ပေါ်ထွန်းရေး နှင့် ပြည်ထောင်စုသားမွတ်စလင်များ တိုင်းပြည်ချစ်သော နိုင်ငံသားကောင်းဖြစ်ကြောင်း သမိုင်းမှန် ပြန်လည်ဖော် ထုတ်ရေးတို့ဖြစ်ကြောင်း သိရှိသည်။

    ထို့အပြင် ယင်းညီလာခံကြီးတွင် ပြည်ထောင်စုသား မွတ်စလင်မ်များ၏ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရရှိပြီး တိုင်းပြည်တာဝန်ကို တန်းတူ ထမ်းဆောင်နိုင်ရေး၊ လူနည်းစု အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ရရှိရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို လက်တွေ့တွင်  ခံစား ကျင့်သုံး နိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

    ယင်းပြည်လုံးကျွတ်ညီလာခံကြီးကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် ကျင်းပသွားရန် ရည်ရွယ်ထားကြောင်း ဇွန်လ ၁၈ ရက်နေ့တွင် ပြုလုပ်သော ညီလာခံ ကျင်းပရေး ကော်မတီရဲ့ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် အတည်ပြု ပြောဆိုခဲ့ကြောင်း သိရသည်။

    ညီလာခံကျင်းပပြုလုပ်မည့် နေရာနှင့် မြို့နယ်အလိုက် တက်ရောက်မည့် ဦးရေများကို ဒုတိယ အကြိမ်ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  • M-Media FB Page တွင် သတင်း အသစ်တင်တိုင်း သင်သိလိုလျှင်

    Noti

    M-Media FB Page တွင် သတင်း အသစ်တင်တိုင်း M-Media စာဖတ်ပရိတ်သတ် သိလိုလျှင် အောက်ပါ အတိုင်း လုပ်ဆောင်ထားပါ။

    https://www.facebook.com/MMediaMyanmarVersion => Like => Get Notifications ကို အမှန်ခြစ် ရွေးချယ်ပါ။

    M-Media တွင် သတင်းအသစ်တင်သည်နှင့် သင့် FB အကောင့်တွင် Notification အလိုအလျောက်ပြပေးမှာဖြစ်ပါတယ်။

  • သယံဇာတ ခိုးရောင်းသူတွေ နိုင်ငံဂုဏ်ရည်ဆု ရနေတဲ့ တိုင်းပြည်က ပြည်သူတွေ့ရဲ့ ဘဝ (ပြည်သူ့အသံ)

    ဇွန်လ ၁၉ ရက် ၊ ၂၀၁၄
    M-Media
    ရေးသူ- သန့်ဇင်ထွေး
    10469680_786556378055906_6221634489750000111_n
    မနေ့က မလေးရှား တရားရုံးတခုကို ကိစ္စတခုနှင့် ရောက်ခဲ့တယ်။

    ကျွန်တော့်မိတ်ဆွေ အလှည့် မရောက်မှီမှာ ကောင်မလေး (၅) ယောက်နှင့် ကောင်လေး (၁) ယောက် တရားခွင်ကိုရောက်လာတယ်။ (အားလုံး မြန်မာတွေပါ)၊၊

    အမှုသွား အမှုလာ မလေးလိုပဲ ပြောကြပါတယ်၊၊ စကားပြန်လည်း မရှိပါဘူး။ နောက်တော့ တရားသူကြီးက ကောင်မလေးတွေကို ထောင်ဒဏ် တလ စီ အမိန့်ချ လိုက်တယ်၊၊

    ကောင်လေးကိုတော့ ထောင်ဒဏ် (၃)လ နှင့် ကြိမ်နှစ်ချက် အမိန့်ချလိုက်တယ်။ ထောင်တလစီ ကျတယ်လို့ နားလည်လိုက်တဲ့ ကောင်မလေးတွေ ပါးပေါ်မှာ မျက်ရည်တွေနဲ့ပေါ့။

    အဲဒီကောင်မလေးတွေထဲက နှစ်ယောက်က မင်းသမီး သက်မွန်မြင့် နီးနီးလောက်လှတယ်လို့ ပြောရင် ကျွန်တော်လွန်တယ်လို့ ခင်ဗျားတို့ မထင်စေချင်ဘူး။

    အဖြစ်မှန်က အဲဒီ (၆) ယောက်စလုံး နိုင်ငံကူးလက်မှတ်ရော ၊ ပါမစ်ရော ရှိတယ်။ ပါမစ်သက်တမ်းတိုးတဲ့ အချိန်မှာ မြန်မာ ပွဲစားတယောက်ကို ပေးလိုက်တယ်။

    ပွဲစားက လိမ်ပြီး ပါမစ်အတုတွေ ကပ်ပေးလိုက်တယ်။ နောက်နှစ်လနေတော့ စားသောက်ဆိုင်ကို လဝက (အင်မီဂရေးရှင်း) အော်ပရာစီ ဝင်ဖမ်းတော့ ပါမစ်အတု အမှုနဲ့ satu bulan penjara(ထောင်တလ) ပေါ့ဗျာ။

    အဲဒီလိမ်သွားတဲ့ ကိုရွှေ ပွဲစားကတော့ ဒီတရားခွင်ကို ဘယ်တော့မှ မရောက်ဘဲ လွတ်မြောက်နေဆဲပါ၊

    ဒီမတရားမှုအတွက် ကျွန်တော်တို့ ဘယ်သူ့ကို သွားတိုင်ရမှာလဲ….

    ကျွန်တော်တို့ ဘဝက နိုင်ငံခြားမှာ အားကိုးစရာမရှိ( မိဘမဲ့သား ရေနည်းငါးလိုပါပဲ)

    အားကိုးစရာ ကျွန်တော်တို့တိုင်းပြည်ကို ကြည့်ပြန်တော့လည်း
    …………………
    …………………
    …………………
    တိုင်းပြည်ရဲ့  မြေပေါ်မြေအောက် သယံဇာတတွေကို ဘာမျှ မကျန်အောင် ခိုးရောင်းစားခဲ့တဲ့ သူကိုတောင် နိုင်ငံတော် သမ္မတ က နိုင်ငံ့ဂုဏ်ရည်ဆုပေးနေတဲ့ တိုင်းပြည်ဖြစ်နေတော့လည်းဗျာ…….

     

    M-Media “ပြည်သူ့အသံ” ကဏ္ဍတွင် ဖော်ပြပေးစေလိုလျှင်  [email protected] သို့ အီးမေးလ် ပို့၍ ဖြစ်စေ M-Media FB Page သို့ Message ပို့၍ ဖြစ်စေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။ စိစစ်ပြီး ဖော်ပြပေးပါမည်။

  • ရမသွာန် အခြေပြု Give 30 ငတ်မွတ်ခေါင်းပါးမှု တွန်းလှန်ရေး လှုပ်ရှားမှု ကနေဒါတွင် တွင်ကျယ်လာ

    ဇွန်လ ၁၉ ရက်၊ ၂၀၁၄
    M-Media
    CanadaMuslims-Fight-Hunger-in-Ramadan
    – အစ္စလာမ်ဘာသာဝင်တို့၏ ရမသွာန်  ဥပုသ်လမှ အခြေတည်လာသော မွတ်သိပ်မှု တွန်းလှန်ရေး လှုပ်ရှားမှုတစ်ခုဖြစ်သည့် Give 30 လှုပ်ရှားမှုမှာ ကနေဒါနိုင်ငံတွင် အောင်မြင်မှုများ ရရှိနေသည်ဟု သိရသည်။

    “Give 30 လှုပ်ရှားမှုဟာ အောက်ခြေလူတန်းတွေ အတွက် လုပ်ဆောင်တာဖြစ်ပြီး ထင်ထားတာထက် မြန်မြန်အောင်မြင်လာပါတယ်။ ဒီနှစ် Give 30 လှုပ်ရှားမှုကို ကနေဒါက ပြည်နယ် ၅ ခုမှာ ပြုလုပ်သွားမှာဖြစ်ပြီး အစားအသောက်တွေ ထောက်ပံ့မယ့် မိတ်ဖက် ၉ ခုရှိပါတယ်” ဟု Give 30 လှုပ်ရှားမှုကို တည်ထောင်သူ ဇီယဒ် မီယာက OnIslam.net သို့ ပြောကြားခဲ့သည်။

    ရှေ့နေတစ်ဦးဖြစ်ပြီး လူမှုရေးလုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်သည့် မီယာမှာ တိုရွန်တိုတွင်နေထိုင်ပြီး ၂၀၁၂ ခုနှစ် ရမသွာန်  ဥပုသ်လမတိုင်ခင် တစ်ရက်က ၎င်း၏ ကော်ဖီခွက်ကိုဆေးခဲ့ရာမှ နောက်ထပ် ရက်ပေါင်း ၃၀ ကော်ဖီသောက်ရတော့မည် မဟုတ်ဟု အတွေးဝင်လာခဲ့ပြီး ထိုအတွေးမှတစ်ဆင့် Give 30 လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

    ရမသွာန်  ဥပုသ်လတွင် ဥပုသ်သီလ ဆောက်တည်ကြသည့် အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ထိုတလလုံး အစားသောက် နည်းခြင်းကြောင့် ပိုထွက်လာမည့် နေ့စဉ်သုံးငွေများကို လှူဒါန်းရေးအတွက် လှုံ့ဆော်ရန် Give 30 လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၂နှစ်က စတင်ခဲ့သည့် အဆိုပါလှုပ်ရှားမှုမှာ ယနေ့အချိန်တွင် ဒေါ်လာ ထောင်ပေါင်းများစွာဖြင့် လည်ပတ်နေပြီး ဆင်းရဲသူ အမြောက်အများကို ကူညီနိုင်ပြီဖြစ်သည်။

    ဥပုသ်သီလ ဆောက်တည်ခြင်းမရှိသူများလည်း ၎င်း၏ လှုပ်ရှားမှုတွင်ပါဝင်နိုင်ပြီး ၂ နှစ်တာကာလအတွင်း အခြားဘာသာဝင်များနှင့် လူတန်းစား အသီးသီးကလည်း လာရောက် လှူဒါန်းကြသည်ဟု မီယာက ဆိုသည်။

    “ဥပုသ်လ တစ်လလုံး မစားမဲ့ နေ့လည်စာကိုယူလာပါ။ ဒါမှမဟုတ် ရက် ၃၀ စာ ကော်ဖီဖိုးကို တွက်ပြီးလှူပါ။ ဘာပဲဖြစ်ဖြစ် ဒါတွေဟာ စားဖို့မလောက်တဲ့သူတွေရဲ့ ဘ၀မှာ ထူးခြားမှုကို ပြုလုပ်ပေးနိုင်မှာပါ” ဟု မီယာက တိုက်တွန်းခဲ့သည်။

    မတတ်နိုင်သူများအား အစားသောက်များကို ထောက်ပံ့နေသည့် ကနေဒါ Food Banks ၏ နှစ်စဉ် လေ့လာမှုများအရ ကနေဒါနိုင်ငံတွင် လူဦးရေ ၈၃၃၀၀၀ ကျော်မှာ Food Bank များကို မှီခိုနေရပြီး ထိုပမာဏ၏ လေးပုံသုံးပုံမှာ ကလေးများဖြစ်သည်ဟု ဆိုသည်။

    Food Banks မှာ ယမန်နှစ်က ပြည်နယ် ၃ ခုတွင်ပြုလုပ်ခဲ့သည့် Give 30 လှုပ်ရှားမှုများတွင် ပါဝင်ကူညီခဲ့ပြီး ယခုနှစ်တွင်ပြုလုပ်မည့် လှုပ်ရှားမှုများတွင်လည်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။

    ၎င်း၏ဖြူစင်သောစိတ်ကူးနှင့် ဆိုရှယ်မီဒီယာများ၏ အားကောင်းမှုတို့ကြောင့် Give 30 လှုပ်ရှားမှုမှာ သိသာစွာတိုးတက်လာခြင်းဖြစ်သည်ဟု မီယာက မှတ်ယူထားသည်။

    “ရမသွာန်  ဆိုတာ လှူဒါန်းခြင်း၊ လူ့အဖွဲ့အစည်းတည်ဆောက်ခြင်းနဲ့ ဆာလောင်မွတ်သိပ်ခြင်းရဲ့ စိန်ခေါ်မှုတွေကို နာလည်ခြင်းလို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဒါကြောင့် လှူဒါန်းဖို့အတွက် လူတွေကို လှုံ့ဆော်တဲ့နေရာမှာ ကောင်းကောင်းအလုပ်ဖြစ်တာပါ။ လူတိုင်းဟာ ရမသွာန် ကနေ ဖြစ်လာတဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်နိုင်ပါတယ်။ ဆာလောင်မွတ်သိပ်မှုကို အရွယ်စုံခံစားနေရတာဖြစ်ပြီး ဒါ့ကြောင့် Give 30 လှုပ်ရှားမှုကို ဆက်သွယ်ဖို့ လူတိုင်းအတွက် အရေးကြီးပါတယ်” ဟု မီယာကဆိုသည်။