News @ M-Media

Blog

  • ၁၉၈၀ အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် တူရကီ သမ္မတဟောင်းအား ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်

    ဇွန်လ ၁၉ ရက်၊ ၂၀၁၄
    M-Media
    2012440953813734_20
    – ၁၉၈၀ အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် တူရကီ သမ္မတဟောင်း ကီနန် အီဗရန်နှင့် လေတပ် စစ်ဦးစီးချုပ်ဟောင်း တဟ်ဆင် ဆာဟင်ကာယာတို့အား တူရကီတရားရုံးက ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်လိုက်သည်ဟု ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။

    တိုင်းပြည်၏ နိုင်ငံရေး အခြေအနေတွင် စစ်တပ်က ကြားဝင်စွက်ဖက်ခဲ့ပြီး အာဏာသိမ်းမှုကို စီစဉ်ဆောင်ရွက်ခဲ့သည့် အတွက် အသက် ၉၆ နှစ်အရွယ် အီဗရန်နှင့် ၈၉ နှစ်အရွယ် ဆာဟင်ကာယာတို့အား ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အီဗရန်မှာ ၁၉၈၂ ခုနှစ်က သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၇ နှစ်ကြာ တိုင်းပြည်အား ချယ်လှယ်ခဲ့သည်။

    ထိုအာဏာသိမ်းမှုမှ စစ်အာဏာရှင်စနစ် ပေါ်ထွက်ခဲ့ပြီး ပြည်သူထောင်ပေါင်းများစွာမှာ ညှင်းပန်း နှိပ်စက်ခြင်းခံခဲ့ရကာ ရာပေါင်းများစွာမှာလည်း သေဒဏ်ပေးခြင်းခံခဲ့ရသည်။ ထို့ပြင် သတင်းအစအန ရှာမရဘဲပျောက်ဆုံးသွားသူများလည်း ရှိခဲ့သည်။

    Ref: Al Jazeera and agencies

  • လက်ရှိချန်ပီယံ စပိန်၊ သြစတေးလျနဲ့ ကင်မရွန်းတို့ အုပ်စုမှ ထွက်ရပြီ

    ဇွန်လ ၁၉ ၊ ၂၀၁၄
    M-Media

    လက်ရှိချန်ပီယံ စပိန်၊ သြစတေးလျနဲ့ ကင်မရွန်းတို့ အုပ်စုအဆင့်မှာပဲ လက်ပြ နှုတ်ဆက်ခဲ့ရတဲ့ ဇွန် ၁၈၊ ၁၉ ကမ္ဘာ့ဖလားပွဲစဉ်များ
    10440830_904902332858948_5357147040546073403_n
    – မနေ့ညနဲ့ ဒီနေ့မနက်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေမှာတော့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရမယ့် အသင်းတွေပေါ်လာခဲ့ပြီး လက်ရှိချိန်ပီယံ စပိန်အသင်းလည်း ပါဝင်ခဲ့ပါတယ်။ ဟော်လန်ကနဲ့ချီလီကတော့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီး ခရိုအေးရှားကလည်း နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက်တွေ ရှင်သန်လာခဲ့ပါတယ်။

    အုပ်စု B ရဲ့ သြစတေးလျနဲ့ ဟော်လန်တို့ပွဲမှာ နှစ်ဖက် ဂိုးတွေအပြန်အလှန်သွင်းကာ ကြည့်ကောင်းခဲ့ပြီး ဟော်လန်က ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရကာ နောက်တစ်ဆင့်တက်ဖို့ သေချာသွားခဲ့ပါတယ်။ စပိန်နဲ့ပွဲတုန်းက ၂ ဂိုးစီသွင်းခဲ့တဲ့ ရော်ဘင်နဲ့ ဗန်ပါစီ ဒီပွဲမှာလည်း တစ်ဂိုးစီသွင်းခဲ့ပါတယ်။ သြစတေးလျကတော့ ၂ ပွဲကစား ၂ ပွဲစလုံးရှုံးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပါပြီ။

    10387430_904214492927732_6525734561784246544_n
    အဖွင့်ပွဲမှာ ဟော်လန်ကို ဂိုးပြတ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ရတဲ့ စပိန်တို့ ဒီနေ့မနက် ချီလီနဲ့ပွဲမှာလည်း ၂ ဂိုးပြတ်နဲ့ ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲကို မဖြစ်မနေအနိုင်ကစားရမှာဖြစ်တဲ့အတွက် အသင်းကို နည်းပြ ဒဲလ်ဘော့စကေးက အပြောင်းအလဲတစ်ချို့လုပ်ခဲ့ပေမယ့် ကစားပုံကတော့ ထူးခြားမလာခဲ့ပါဘူး။ ချီလီအတွက်ဂိုးတွေကို ပထမပိုင်းမှာပဲ ရခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ စပိန်တို့ ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ ချီလီကတော့ ဟော်လန်နဲ့အတူ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး လက်ရှိချန်ပီယံ စပိန်ကတော့ အိမ်ပြန်ရပါတော့မယ်။

    အိမ်ရှင်ဘရာဇီးကို အဖွင့်ပွဲမှာ အရှုံးပေးခဲ့ရတဲ့ ခရိုအေးရှားကတော့ မန်ဇူကစ်ရဲ့ ဂိုးတွေနဲ့အတူ ကင်မရွန်းကို ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ပွဲအစမှာ ကင်မရွန်းက အသာရခဲ့ပေမယ့် ဂိုးရသွားတာကတော့ ခရိုအေးရှားဖြစ်ပြီး ၁၁ မိနစ်မှာ အိုလစ်က သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာ ကင်မရွန်းတို့ ဂိုးရဖို့ ကြိုစားခဲ့ပြီး အခွင့်အရေးတစ်ချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ပထမပိုင်းပြီးကာနီးမှာ နောက်ခံလူ အဲလက်ဆောင်း အထုတ်ခံခဲ့ရတာက ပွဲကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။

    10478220_904684909547357_5378764755244920402_n

    ဒုတိယပိုင်းမှာ ခရိုအေးရှားက ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ပြီး အဖိုးတန် အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ဟာ ၂၀၀၂ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်မှာ ခရိုအေးရှားနဲ့ ပထမဆုံးနိုင်ပွဲလည်းဖြစ်ပါတယ်။ ပထမပွဲမှာ မက္ကဆီကို ကို ရှုံးထားတဲ့ ကင်မရွန်းတို့ အုပ်စုအဆင့်ကပဲ လှည့်ပြန်ခဲ့ရပါပြီ။ ခရိုအေးရှားက ရမှတ် ၃ မှတ်ရရှိထားပြီး ဘရာဇီး၊ မက္ကဆီကိုတို့နဲ့ ၁ မှတ်အကွာ တတိယနေရာမှာရှိနေကာ မက္ကဆီကိုနဲ့ နောက်ဆုံးပွဲကတော့ နောက်တစ်ဆင့်တက်ရေး အဆုံးအဖြတ် ဖြစ်လာမှာ ဖြစ်ပါတယ်။

    အုပ်စု A

    ခရိုအေးရှား ၄-၀ ကင်မရွန်း

    အုပ်စု B

    ချီလီ ၂-၀ စပိန်
    ဟော်လန် ၃-၂ သြစတေးလျ

  • ဒု-ဝန်ကြီး ၁ ဦး နှုတ်ထွက်၊ ၁ ဦး စစ်ဘက်ပြန်ပို့၊ ၁ ဦး ဌာနပြောင်းခန့်

    ဇွန်လ ၁၉ ရက်၊ ၂၀၁၄
    M-Media
    .သီဟ
    19_June_14_2014-06-19_13.39.27
    ဇွန်လ ၁၈ ရက်နေ့မှာတော့ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဝင် ဒု-ဝန်ကြီး အချို့ အပြောင်းလဲ ဖြစ်ခဲ့ပါတယ်။

    ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာ မျိုးမြင့်ရဲ့ ၄င်းရဲ့ သဘောဆန္ဒအရ နှုတ်ထွက်ခွင့်ကို သမ္မတ က ခွင့်ပြခဲ့ပြီး ယခင် သမ္မတရုံး ဝန်ကြီးဌာန(၁) ဒုဝန်ကြီး ဦးသန့်ရှင်းကို ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်နေရာ ပြောင်းလဲ ခန့်ထားလိုက်တာကို ထုတ်ပြန်ကြေညာချက်များ အရသိရပါတယ်။

    ရခိုင်ပြည်နယ် ဒုချေယာတန်း အရေးကိစ္စများနှင့် အတူ  မီဒီယာရှေ့မကြာခဏ ရောက်လာတဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချူပ် မောင်မောင်အုန်းကို မူလ စစ်ဘက်တာဝန်များ ထမ်းဆောင်ဖို့ စစ်တပ်ကို ပြန်ပို့တဲ့ အမိန့်စာကြေညာချက်တစ်စောင်လဲ ထုတ်ပြန်ခဲ့ပါတယ်။

    ဗိုလ်ချုပ်မောင်မောင်အုန်းဟာ နိုင်ငံတကာထိ ရိုက်ခတ်ခဲ့တဲ့ ဒုချေယာတန်း အရေးကိစ္စ စုံစမ်းစမ်းရေးကော်မရှင်မှာ ဥက္ကဌ တာဝန်ယူ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ လအတွင်းက  ဒုက္ခသည် စခန်းကိုသွားရောက်ကြည့်ရှုစဉ် ကမန်တိုင်းရင်းသားများကို ဧည့်သည်အဖြစ်သုံးနှုန်းခဲ့သူလဲဖြစ်ပါတယ်။

     

  • ရခိုင် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ၂ ဦး အပါအဝင် လူပုဂ္ဂိုလ် (၆) ဦး  သမ္မတ အကြံပေးခန့်

    ရခိုင် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ၂ ဦး အပါအဝင် လူပုဂ္ဂိုလ် (၆) ဦး သမ္မတ အကြံပေးခန့်

    ဇွန်လ ၁၉ ရက်၊ ၂၀၁၄
    M-Media
    .သီဟ

    19_June_14_2014-06-19_09.44.03
    သမ္မတ ဦးသိန်းစိန်လက်ထက် ရာထူးမှ နှုတ်ထွက်ခဲ့သူ သာသနာရေးဝန်ကြီးဟောင်း သူရဦးမြင့်မောင် အပါအဝင် လူပုဂ္ဂိုလ် (၆) ဦး သမ္မတ အကြံပေးအဖွဲ့များတွင် အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ အဖြစ် တိုးချဲ့ခန့်အပ်လိုက်ကြောင်း သိရပါတယ်။

    သာသာနာရေး အကြံပေးအဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံရသည့် သူရဦးမြင့်မောင်မှာ စစ်အစိုးရ လက်ထက်တွင် သာသနာရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဖွဲ့စည်းခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရ အဖွဲ့တွင် သာသနာရေး ဝန်ကြီး အဖြစ် ထပ်မံ တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။  ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ တွင် ဆက်သွယ်ရေး သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းနှင့် အတူရာထူးမှ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။

    သာသနာရေး အကြံပေးအဖွဲဝင် အဖြစ် ခန့်အပ်ခြင်းခံရသူ အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင် မှာ  ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တွင် ဥက္ကဌ တာဝန် ထမ်းဆောင် နေသူ ဖြစ်ပြီး သမ္မတ ဥိးသိန်းစိန် နှင့် ခမည်းခမက် တော်စပ်သူ ဖြစ်ကြောင်း သိရပါတယ်။

    ပညာရေးအကြံပေးအဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန်ပေးအပ်ခြင်း ခံရတဲ့ ဒေါက်တာ ဒေါ်ရင်ရင်နွယ်နှင့် အဖွဲ့ ဝင် အဖြစ် တာဝန်ပေးအပ်ခြင်း ခံရတဲ့ ဒေါက်တာ ကျော်ရင်လှိုင်တို့မှာ ၂၀၁၂ ခုနှစ် အတွင်း အကြမ်းဖက်မှုများကြောင့် မွတ်စလင် ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရတဲ့ ရခိုင်ပြည်နယ် အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ အဖွဲ့ဝင်နှင့် အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူများ ဖြစ်ကြပါတယ်။

    တိုးချဲ့ ဖွဲ့စည်းလိုက်တဲ့ အကြံပေးအဖွဲ့မှာ တာဝန်ပေးခြင်းခံရတဲ့ အခြား နှစ်ဦး ကတော့ ဒေါက်တာဒေါ်နုနုသာ (အငြိမ်းစား ဆေးရုံအုပ်ကြီး- ရန်ကုန်ပြည်သူ့ ဆေးရုံကြီး) အား ကျန်းမာရေးအကြံပေးအဖွဲ့အဖြစ် ၄င်း၊ ဦးတင်ထွဋ်ဦး (အငြိမ်းစား ညွှန်ကြားရေးမှူးချူပ်)အား  စီးပွားရေး အကြံပေးအဖွဲ့ အဖြစ်၎င်း ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။

  • ၆-ဘာသာ ဂုဏ်ထူးရှင် မဝေမာသက်နိုင်နှင့် တွေ့ဆုံခြင်း (ထူးချွန်လူငယ်ကဏ္ဍ)

    ဇွန်လ ၁၈ ရက်၊ ၂၀၁၄
    M-Media
    .မေးမြန်းသူ – ဆူးထက်

    ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) စာမေးပွဲကို တစ်ပြည်လုံးက ၅၈၈၆၁၂ ဦး၊ ၀င်ခွင့်လျှောက်ထားသူ ၉၀ % ၀င်ရောက်ဖြေ ဆိုခဲ့ပြီး အောင်ချက် ၃၄.၃၃ ရှိကြောင်း သိရပါတယ်။ ယခုနှစ်တွင် မော်ဒေးရှင်း (Moderation) မရှိကြောင်း၊ အောင်ချက်ကျ၊ ဂုဏ်ထူးထွက်သူနည်း၊ သချာင်္မေးခွန်း သတ်သည်ဟု အသံများ ဝေဖန်ထွက်ပေါ်နေသည့်ကြားမှ သင်္ချာ ဘာသာ ၉၆ မှတ် စုစုပေါင်းရမှတ် ၅၃၇ မှတ်ဖြင့်  (၆)ဘာသာ ဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသူလေး မဝေမာသက်နိုင် ကို M-Media မှ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
    wai mar thet naing
    မေး – ညီမလေးရဲ့ အသက်က
    .ဖြေ – (၁၆) နှစ်ပါရှင်။

    မေး – ဂုဏ်ထူး (၆)ဘာသာ ထွက်အောင် ဘယ်နှစ်တန်းလောက်ကတည်းက အခြေခံ ခိုင်အောင် စပြီး ကြိုးစားသင့်တယ်လို့ ညီမလေး အတွေ့အကြုံအရ အကြံပြု ပြောကြားပေးပါ။

    .ဖြေ – သူငယ်တန်းကစပြီး အခြေခံခိုင်အောင် ကြိုးစားရင် ပိုပြီးတော့ လိုကူပြီး ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။ အ.မ.က (၁) ပန်းဘဲတန်းမှာ ညီမလေး သူငယ်တန်းကနေ လေးတန်းအထိ တက်ခဲ့ပါ တယ်။ ပထမ၊ ဒုတိယ၊ တတိယ အမြဲဝင်ပါတယ်။ စာစီစာကုံး အမြဲဝင်ပြိုင်တယ်။ အတန်းကြီးလာ တော့ စာဘက်မှာပဲ အာရုံစိုက်လိုက်တယ်။ ဒါပေမယ့်လည်း (၅) တန်းလောက်က စပြီးတော့ ပြုပြင် ပြောင်းလဲ ကြိုးစားရင် ဂုဏ်ထူးထွက်ဖို့ မှီပါတယ်။

    မေး – ညီမလေးရဲ့ စာကျက်နည်းလေးကိုလေး မျိုးဆက်သစ်တွေအတွက် မျှဝေပေးပါဦး။

    .ဖြေ – အဓိက ပုံမှန်လုပ်ဖို့ လိုပါတယ်။ ပေးတဲ့လေ့ကျင့်ခန်း စာတွေကိုပြီးအောင် လုပ်နိုင်ရင် ရပါတယ်။ ညနက် သန်းခေါင်အထိ အမြဲစာကျက်ဖို့ မလိုပါဘူး။ ခေါင်းထဲမှာ အမြဲအစီအစဉ် ချထားတယ်။ ဘယ်ဘာသာကိုတော့ အပြီးသတ် လုပ်မယ်ဆိုပြီး အချိန်ဇယားနဲ့ လုပ်ရင်းကနေ စာမေးပွဲအတွက် အသင့်ပြင်ဆင်ထားပြီးသလို ဖြစ်သွားပါတယ်။

    မေး – ဘ၀ကို တန်းတူရည်တူကနေ အနိမ့်အမြင့် ကွာခြားမှုအဖြစ် အဆုံးအဖြတ်ပေးမယ့် တက္ကသိုလ်ဝင် တန်းစာမေးပွဲမှာ ဘယ်လိုတွန်းအားမျိုးတွေက လက်ရှိ အခြေအနေကို ပိုင်ဆိုင်ဖို့ စေ့ဆော်ခဲ့တာလဲ။

    .ဖြေ – အဓိက အဖွားနဲ့ မိဘအသိုင်းအ၀ိုင်းက ဖြစ်စေချင်ကြတယ်။ ဆုမွန်တွေ တောင်းပေးကြတယ်။ ညီမလေးရဲ့ အဒေါ်က ဆရာဝန် တစ်ယောက် ဖြစ်တာမို့ သူ့ကိုအရမ်း အားကျတယ်။ အဒေါ်ကလည်း သူ့လို ဖြစ်စေချင်တဲ့အတွက် တွန်းအားတွေ အများကြီးပေးတယ်။
    အဓိက အမှတ်များများနဲ့ ဂုဏ်ထူးတွေနဲ့ အောင်မြင်ဖို့ပါ။ ဒါမှသာ ကိုယ်လိုချင်တဲ့ လမ်းကြောင်းကို ကြိုက်တာ ရွေးချယ်လို့ ရမှာပါ။ ကျောင်းကလည်း သမီးတို့ A အတန်းကို အများကြီး အားထားပြီး တွန်းအားပေးပါတယ်။

    မေး – တစ်နိုင်ငံလုံးမှာရှိတဲ့ စာမေးပွဲမှာ မျှော်မှန်းထားသလောက် ဖြစ်မလာဘဲ အောင်မြင်ခဲ့တဲ့ သူတွေ အတွက် အားပေးစကား ပြောကြားပေးပါ။

    .ဖြေ – အဓိက က အောင်မြင်ဖို့ပါပဲ။ ကိုယ်လိုချင်တဲ့ လိုင်း မရခဲ့ရင်တောင် ကိုယ်ရောက်နေတဲ့ နေရာမှာ အကောင်းဆုံး ကြိုးစားပါ။

    မေး – ညီမလေးရဲ့ အနာဂတ် ရည်မှန်းချက်က ဘာလဲ။

    .ဖြေ – ဆေးတက္ကသိုလ်တက်ဖို့ စိတ်ကူးထားပါတယ်။

    မေး – ကိုယ်ရွေးချယ်မယ့် အနာဂတ် ရည်မှန်းချက်လိုင်းပေါ် ဘယ်လိုမျိုး ကြိုးစားမှုတွေ ဘယ်လိုမျိုး ခွန်အားတွေနဲ့ ကျော်ဖြတ်ပြီး ပြည်သူအတွက် အကျိုးပြုမယ်ဆိုတဲ့ အစ္စလာမ် ဘာသာဝင် တစ်ယောက်ရဲ့ စိတ်ရင်းစေတနာကို ပြောပြပေးပါ။

    .ဖြေ – ဆေးကျောင်းတက်ပြီဆိုရင် အများကြီးသူများတွေထက် အဆမတန် ကြိုးစားရမယ်။ ဆရာဝန် ကောင်း တစ်ယောက်ရဲ့ အရည်အချင်း ပြည့်မှီအောင် ကြိုးစားသွားမယ်။ လူမျိုး ဘာသာ မရွေး ပြည်သူတွေကို ဆေးဝါးကုသပြီး ကယ်တင်သွားပါမယ်။ တိုင်းပြည်အတွက် အကျိုးပြုတဲ့ ဆရာဝန် ကောင်း တစ်ယောက်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားသွားမယ်။

    မေး – လက်ရှိ မြန်မာ့ ပညာရေး စနစ်ကို ဘယ်လိုဝေဖန် အကြံပြု ပြောကြားလိုပါသလဲ။

    .ဖြေ – အလွတ်ကျက် ပညာရေးစနစ်လို့ လူကြီးသူမတွေက ပြောနေကြတယ်။ နိုင်ငံတကာနဲ့ ယှဉ်ရင် မပြည့်မှီသေးပါဘူး။ အဲဒီအတွက် ပညာရေးစနစ်တွေ အများကြီး ပြုပြင်ပြောင်းလဲဖို့ လိုပါသေးတယ်။

    မေး – ညီမလေးရဲ့ ဘ၀မှာ စွဲကိုင်လျှောက်လှမ်းတဲ့ ဆောင်ပုဒ်လေးက ..

    .ဖြေ – အနာခံမှ အသာစံရမယ်၊ လှေခွက်ချည်းကျန် အလံမလဲ။

    မေး – အစ္စလာမ် အမျိုးသမီး တစ်ယောက်အနေနဲ့ လူငယ်အမျိုးသမီးထု ငယ်လေးတွေကို ဘာများ ပြောချင်ပါသလဲ။

    .ဖြေ – မွတ်စလင် အမျိုးသမီးတွေ အနေနဲ့ ပညာသင်ခွင့် မရှိတဲ့ အချို့နိုင်ငံတွေလည်း ရှိတယ်။ ဒီမှာတော့ ပညာသင်ခွင့်ရတုန်း အတက်နိုင်ဆုံး ကိုယ့်ဘက်က ကြိုးစားစေချင်ပါတယ်။ မွတ်စလင် အမျိုးသမီး တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အရည်အချင်းကို အများသိအောင် အစွမ်းကုန် ကြိုးစားစေချင်ပါတယ်။

    M-Media သို့ ထူးချွန်လူငယ်ကဏ္ဍ ဆက်သွယ်လိုလျှင် [email protected] သို့ အီးမေးလ် ပို့၍ ဖြစ်စေ M-Media FB Page သို့ Message ပို့၍ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။