News @ M-Media

Blog

  • ၂၀၁၀ တွင် ကမ္ဘာဖလား ချန်ပီယံ စပိန်ထက် ယခု စပိန်မှာ ပိုကောင်းဟု တိုက်စစ်မှူးတောရက်စ် အံ့အားသင့်ဖွယ်ပြောကြား

    ဇွန်လ ၁၈ ၊ ၂၀၁၄
    M-Media
    421605_heroa
    – ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့ဖလားကိုင်မြှောက်ခဲ့သည့် အသင်းထက် ယခုလက်ရှိ စပိန်အသင်းမှာ ပိုမိုကောင်းမွန်သည်ဟု တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြား လိုက်သည်။

    ချန်ပီယံဘွဲ့ကို ကာကွယ်ရမည့်စပိန်အသင်းမှာ အုပ်စု B အဖွင့်ပွဲတွင် ဟော်လန်အသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် ရှက်ဖွယ်ရှုံးနိမ့်ခဲ့ရပြီးနောက် သက်ကြီးကစားသမား အများစု ပါဝင်နေသည့် စပိန်အသင်းမှာ ဝေဖန်မှုများကို ခံနေရသည်။

    “အသင်းဟာ ပိုဆိုးနေပြီလို့ ပြောလို့မရပါဘူး။ ပိုကောင်းလာတယ်လို့ ကျွန်တော်ပြောပါမယ်။ ဒီအခြေအနေတွေအတွက် အသင်းဟာ စိတ်ဓာတ်ပိုင်းအရ ပြင်ဆင် ထားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီအုပ်စုမှာ အဆိုး၊ အကောင်းတွေ ရောပြွမ်းနေပါတယ်” ဟု ချီလီအသင်းနှင့် ကစားမည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် တောရက်စ်က ပြောကြား ခဲ့ပါတယ်။

  • အီရတ်တွင် မတည်ငြိမ်မှုများကြောင့် ဘဂ္ဂဒတ်ရှိ သံရုံးကို ကာကွယ်ရန် အမေရိကန် စစ်သားများ တိုးချဲ့ချထား

    ဇွန်လ ၁၈ ၊ ၂၀၁၄
    M-Media
    iraq-violence
    – ISIL တပ်ဖွဲ့များက အီရတ်ရှိ မြို့များကို ဆက်လက် သိမ်းပိုက်နေခြင်းကြောင့် ဘဂ္ဂဒတ်ရှိ အမေရိကန်သံရုံးအား ကာကွယ်ရန် အမေရိ စစ်သားများကို တိုးချဲ့ချထားလိုက်ပြီး လေကြောင်းမှ တိုက်ခိုက်ရန် စဉ်စားနေသည်ဟု သိရသည်။

    လူဦးရေ ၂ သန်းနေထိုင်သည့် မူဆိုးလ်မြို့ကို လွန်ခဲ့သည့် ၈ရက်က သိမ်းပိုက်ခဲ့ပြီးနောက် ISIL အဖွဲ့မှာ အခြားသော မြို့များကိုလည်း ဆက်လက်သိမ်းပိုက်နေပြီး အရပ်သားများအပါအ၀င် လူအများအပြား သေဆုံးနေသည်။

    အီရတ်လုံခြုံရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်မှုများပြုလုပ်နေပြီး နိုင်ငံတကာမှ တိုင်းပြည်များကလည်း အီရတ်တွင်ရှိနေသည့် ၎င်းတို့နိုင်ငံသားများအား ပြန်လည်ခေါ်ယူနေသည်။ ဘဂ္ဂဒတ်ရှိ အမေရိကန်သံရုံးနှင့် အမေရိကန်နိုင်ငံသားများအား ကာကွယ်ရန် စစ်သား ၂၇၅ ဦးကို ယမန်နေ့က တပ်ဖြန့်ချထားလိုက်ပြီး တိုက်ပွဲဝင် လက်နက်ကိရိယာများကိုလည်း တပ်ဆင်ပေးထားသည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကြေညာခဲ့သည်။

    လေယာဉ်တင်သင်္ဘောတစ်စင်းကို အမေရိကန်က ပင်လယ်ကွေ့အတွင်း မကြာသေးမီက ချထားခဲ့သည်။ အီရတ်နိုင်ငံသို့ အမေရိကန်စစ်တပ် ပြန်လာမည်ဆိုသည့် သတင်းကို အိုဘားမားက ငြင်းပယ်ခဲ့သော်လည်း အီရတ်အစိုးရအား ကူညီရန် နည်းလမ်းများကို စဉ်စားနေသည်ဟု ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ ဒရုန်လေယာဉ်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

    အမေရိကန်မှာ ၂၀၀၃နှစ်က အီရတ်နိုင်ငံသို့ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ၂၀၁၁ ခုနှစ်ကမှ ၎င်း၏ တပ်များအားလုံး ဆုတ်ခွာခဲ့သည်။

    Ref: AFP

  • “ရင့်” ကြဖို့ လိုပြီ (သူအမြင်)

    ဇွန်လ ၁၈ ရက်၊ ၂၀၁၄
    M-Media
    ဆောင်းပါးရှင်- ဦးဦးမှော်ဆရာ

    leader ship

    အချုပ်အခြာအာဏာ (Sovereignty) သဘော

    လူမှာ `အသက်´ရှိတယ်လို့ပြောရင် အချက်အလက်တစ်ခုအနေနဲ့ လူတိုင်းလက်ခံကြတယ်။ ဒါပေမဲ့ .. `အသက်´ဆိုတာ `ဒါကြီးကိုခေါ်တာကွ´..`ခန္ဓာကိုယ်ရဲ့ ဒီနေရာမှာရှိတယ်´လို့ ရုပ်သဏ္ဍာန်အားဖြင့် ပြလို့တော့မရဘူး။ နောက်ပြီး – ဒီလူကတော့ လူကောင်ထွားထွားကြီးဖြစ်လို့ `အသက်´က အကြီးကြီးရှိပြီး၊ ဒီလူကတော့ လူကောင်ပိစိလေးမို့လို့ သူ့ရဲ့ အသက်ကလည်း သေးသေးလေးပဲ ရှိတယ်လို့ ပြောလို့မရဘူး။ လူမှာ အသက်ရှိခြင်း ဆိုတာဟာ ၀ိဝါဒကွဲပြားစရာမလိုတဲ့ Fact ဖြစ်တယ်..။

    နိုင်ငံတစ်နိုင်ငံလို့ပြောဖို့ရာမှာ အကြမ်းဖျင်းအားဖြင့် (အများစု လက်ခံထားကြတဲ့) အချက်(၅)ချက်ရှိတယ်။ Territory  (နယ်နိမိတ်)၊ People (ပြည်သူ)၊ Government (အစိုးရ)၊ Sovereignty (အချုပ်အခြာအာဏာ) နဲ့ အခြားနိုင်ငံတွေနဲ့ နိုင်ငံတကာ ဆက်ဆံရေး ထူထောင်နိုင်သောစွမ်းရည် တို့ဖြစ်တယ်။ အဲဒီအချက်(၅)ချက်နဲ့ပြည့်စုံရင် နိုင်ငံတော်လို့ ယေဘုယျသတ်မှတ်လို့ရတယ်။ အဲဒီမှာ ပထမ(၃)ချက်က ရုပ်ဝတ္ထု သွင်ပြင်အားဖြင့် လက်တွေ့ပြလို့ရပေမဲ့၊ `အချုပ်အခြာအာဏာ´ ဆိုတာကတော့ ကျနော် အပေါ်မှာပြောခဲ့သလိုပဲ လူ့အသက်နဲ့တူတယ်။ `အချုပ်အခြာအာဏာ´ ဆိုတာ အဲဒါပဲကွယ့်..လို့ လက်ဆုပ်လက်ကိုင်ပြလို့မရဘူး။ အချုပ်အခြာအာဏာ ရှိခြင်းရဲ့ သရုပ်သကန်တွေကိုပဲ ပြောပြလို့ရတယ်။ အချုပ်အခြာအာဏာနဲ့ပက်သက်တဲ့ အယူအဆတွေက ခုချိန်ထိလည်း မေးခွန်း ထုတ်စရာတွေ၊ ၀ိဝါဒကွဲပြားမှုတွေ အများကြီးပဲ။ ဒါပေမဲ့ theoretically ပြောရရင် နိုင်ငံတစ်နိုင်ငံမှာ Sovereignty (အချုပ်အခြာအာဏာ) ဆိုတာ အကြွင်းမဲ့အာဏာ (Supreme Power / Supreme Authority) ပဲ။ နိုင်ငံတွင်းမှာ သူ့ထက်မြင့်တဲ့ အာဏာဆိုတာ မရှိဘူး။ နောက်ပြီး အစပိုင်းမှာ လူ့အသက်နဲ့ ဥပမာပေးခဲ့သလိုပဲ နိုင်ငံကြီးကြီး၊သေးသေး အချုပ်အခြာ အာဏာရှိခြင်းရဲ့ သဘောသဘာဝက အတူတူပဲဖြစ်တယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ အချုပ်အခြာအာဏာနဲ့ ဘူတန်ရဲ့အချုပ်အခြာ အာဏာ အတူတူပဲ။ နိုင်ငံကြီးလို့ အချုပ်အခြာအာဏာ အကြီးကြီးရှိပြီး၊ နိုင်ငံသေးရင် အချုပ်အခြာ အာဏာ သေးသေးလေးပဲ ရှိတယ်လို့ မှတ်ယူလို့မရဘူး။

    အချုပ်အခြာအာဏာကိုပဲ ပြည်တွင်းနဲ့ပြည်ပ အချုပ်အခြာ အာဏာဆိုပြီး နှစ်ပိုင်းခွဲခြားရှုမြင်ကြတယ်။ မြင်သာအောင် ဥပမာအနေနဲ့ပြောရရင် မြန်မာနိုင်ငံမှာ ဒီနှစ်မိုးတွင်းက စပြီး စပါးတစ်ပင်မှ မစိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရင် ဒီဆုံးဖြတ်ချက်ကို ဘယ်နိုင်ငံကမှ “ဟ .. ဒါတော့ ဘယ်ဖြစ်မလဲကွ” လို့ ၀င်ဟန့်လို့မရပါဘူး။ အမေရိကန်နိုင်ငံက `ဟေ့ကောင်တွေ.. ပြန်စိုက်ကွာ..´ လို့ အမိန့်ပေးလို့မရဘူး။ ဒါက မြန်မာပြည်သူတွေနဲ့ မြန်မာ အစိုးရသာ ရွေးချယ် ဆုံးဖြတ်ရမဲ့ ကိစ္စ..။ အဲဒါ `ပြည်တွင်း အချုပ်အခြာ အာဏာ´(internal Sovereignty) ရဲ့ သဘောကို ဖေါ်ပြတယ်။ `ပြည်ပအချုပ်အခြာအာဏာ´(external Sovereignty) ရဲ့ ယေဘုယျ သဘောကတော့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ကိုယ့်သဘော ဆန္ဒအလျောက် စီမံခန့်ခွဲနိုင်ခြင်းကို ဆိုလိုတယ်။ တနည်းအားဖြင့် ကိုယ့်ရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုကို တခြားသောနိုင်ငံတွေက အသိအမှတ်ပြုတဲ့ သဘောပေါ့။ ဒါကြောင့် ကိုယ့်နိုင်ငံကို ဘယ်သူ့ကိုမှ ၀င်ရောက် ခွင့်မပေးဘူးဆိုရင် (ဥပမာ-မြောက်ကိုရီးယား) ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကမှ ၀င်လာခွင့်မရှိဘူး။ ကိုလိုနီ လက်အောက်ခံနိုင်ငံတွေကို ပြန်ကြည့်ရင် ပြည်တွင်း ပြည်ပ အချုပ်အခြာ အာဏာနှစ်ရပ်လုံး ဆုံးရှုံးသွားတာကို ရှင်းရှင်းလင်းလင်း တွေ့ရလိမ့်မယ်။

    နိုင်ငံတကာအခင်းအကျင်းကို သရုပ်မှန်ဝါဒက မင်းမဲ့သဘောတရား(Concept of Anarchy)အနေနဲ့ ရှုမြင်ကြတယ်။ ဒီသဘောတရားအရ အချုပ်အခြာအာဏာပိုင် နိုင်ငံတွေအကြား တန်းတူညီမျှမှု ရှိတဲ့အတွက် နိုင်ငံတစ်နိုင်ငံက နောက်တစ်နိုင်ငံကို အမိန့်ပေးစေခိုင်းလို့မရသလို၊ အမိန့်ပေးတာကိုလည်း နာခံစရာ မလိုအပ်ဘူး။ ခုပြောခဲ့တာတွေက အချုပ်အခြာ အာဏာအကြောင်း သဘောတရား ရှုထောင့်က အကျဉ်းမျှပြောခဲ့တာပါ။ ဒါပေမဲ့ တကယ့်လက်တွေ့ အနေအထားတွေကိုကြည့်ရင် နိုင်ငံတွေ၊ အစိုးရတွေ နဲ့ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေ အကြား ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ ဆက်ဆံရေးကို အခြေခံပြီး တစ်နိုင်ငံကို နောက် တစ်နိုင်ငံက လွမ်းမိုးခြယ်လှယ်တာမျိုး၊ လက်ဝင်လျှိုတာမျိုး တွေရှိတယ်။ `အချုပ်အခြာအာဏာ´အကြောင်း ပြည့်ပြည့်စုံစုံရေးမယ်ဆိုရင် အခန်းဆက်ဆောင်းပါးရှည်ကြီး ရေးမှ ပြည့်စုံနိုင်မယ်။ ကျနော် အခုရေးမှာက သာမာန်ဆောင်းပါး တစ်စောင်သာဖြစ်လို့ ဆောင်းပါးပါအကြောင်းအရာနဲ့ ဆက်စပ်လို့ ရလောက်အောင်ပဲ သဘောတရား အကျဉ်းချုပ်မျှ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။

    စက္ကူကျား

    နိုင်ငံတကာပဋိပက္ခတွေကို ကြည့်လိုက်ရင် ကုလသမဂ္ဂ၊ အီးယူတို့က သူတို့ဝန်ထမ်းတွေကို ပြဿနာဖြစ်ပွားနေတဲ့ နေရာကို သွားရောက် တာဝန်ထမ်းဆောင် ခိုင်းတာတွေ လုပ်လို့ရတဲ့အတွက် တခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ကျော်လွန်ပြီး လုပ်နိုင်တယ်၊ အားကောင်းတယ်လို့ မြင်ရတယ်။ အမှန်တကယ်ကတော့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း တွေကို အခြေခံပြီး လက်ခံမယ့် အိမ်ရှင်နိုင်ငံက သဘောတူသလောက်ပဲ သူတို့ပရောဂျက်တွေကို လုပ်လို့ရတာပါ။ ဒါကိုတော့ ကျနော်တို့ လက်တွေ့ကျကျ  နားလည်လက်ခံကြဖို့ လိုပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ နိုင်ငံတစ်နိုင်ငံရဲ့ `အချုပ်အခြာအာဏာ´ဆိုတာကပဲ အရေးအကြီးဆုံးဖြစ်သလို၊ အိမ်ရှင်နိုင်ငံရဲ့ အဆုံးအဖြတ်ကပဲ ပိုပြီးအဓိကကျတယ်။ ပြင်ပကလာတဲ့ ဧည့်သည်တွေ၊ ကူညီကယ်ဆယ်ရေးတွေ၊ ပညာရှင်တွေ .. ဘယ်သူ့ကိုမှ လက်မခံဘူး၊ မနေနဲ့ဆိုရင် ချက်ချင်းထွက်ခွာပေးရတယ်၊ မသွားနဲ့ဆိုတဲ့နေရာကို သွားခွင့်မရှိဘူး။ မလာနဲ့ဆို လာလို့မရဘူး။ ပြန်ပါဆိုရင် ပြန်ရတယ်။ Sovereignty State ဖြစ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကပဲ အတည်ဖြစ်တဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတာက နှစ်ဖက် သဘောတူညီမှသာ လာကူညီနိုင်တဲ့ အနေအထားလို့ပြောရမယ်။ အိမ်ရှင်က သဘောမတူရင် ဘာမှလုပ်လို့မရဘူး။ ဒီနေရာမှာ အချုပ်အခြာ အာဏာရဲ့ သဘောကို နားမလည်ရင် ကျနော်ပြောတာကို လက်ခံနိုင်မှာ မဟုတ်ဘူး။ (ဒါကြောင့် အစပိုင်းမှာ အချုပ်အခြာ သဘောကို အကြမ်းဖျင်းမျှ ကြို ရှင်းပြခဲ့တာဖြစ်တယ်။)

    ကမ္ဘာအရပ်ရပ် ပဋိပက္ခဖြစ်ပွားရာဒေသတွေက ဖိနှိပ်ညှင်းဆဲခံနေရသူတွေကိုကြည့်ရင် ကုလသမဂ္ဂ၊ အီးယူ၊ အိုအိုင်စီ၊ အမေရိကန် စသဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပက်သက်ပြီး သူတို့ အပြည့်အ၀ နားမလည်ကြတာ တွေ့ရတယ်။ သူတို့ရဲ့အမြင်မှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက သူတို့အစိုးရကို ၀င်ဟန့်တားလိုက်ရင် အစိုးရ လက်တွန့်သွားလိမ့်မယ်၊ မလုပ်ရဲကြတော့ဘူးလို့ ထင်မှတ်နေခဲ့ကြတယ်။ နောက်ဆုံး ပြောမရတဲ့အစိုးရတွေကို အင်အားကြီးနိုင်ငံတွေက ၀ိုင်းလှော်ကြလိမ့်မယ်လို့ ခပ်လွယ်လွယ် မျှော်လင့်ခဲ့ကြတယ်။ အမှန်တကယ်မှာလည်း စစ်အင်အားသုံးဝင်ရောက်စွက်ဖက် ခဲ့တဲ့ သမိုင်းတွေကရှိနေတော့ ဒီအယူအဆကို ပိုမိုခိုင်မာစေတယ်။ ဒါပေမဲ့ အဲဒီလူတွေ မသိကြတာက ဘာကြောင့် ဒီလို စစ်အင်အား သုံးခဲ့တာလဲဆိုတဲ့ အချက်ကိုပါ .. တကယ်တမ်း သူတို့မျှော်လင့်သလို ဖြစ်မလာဘဲ၊ အကြမ်းဖက်သတ်ဖြတ်မှု တွေ အများကြီးဖြစ်ပွားပြီးတဲ့အခါမှပဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတာ ဘာမှ အစွယ်မရှိဘူးဆိုတာ ဒီလူတွေ နားလည်သွားကြတယ်။ အမှန်တကယ်က အစွယ် မရှိဘူးဆိုတာထက်၊ ကိုယ်ကျိုးစီးပွားကို ဦးစားပေးတဲ့ ပေါ်လစီကြောင့်ပါ။ နိုင်ငံ တစ်နိုင်ငံချင်းစီရဲ့ ပေါ်လစီက သူတို့ရဲ့ (Value) နဲ့ (Interest) ပေါ်မူ အဓိကမူတည်ပါတယ်။  ဥပမာ- သမ္မတအိုဘားမား လက်ထက် အမေရိကန်ပေါ်လစီမှာ (Smart Power Diplomacy) ဖြစ်သည်။ ကိစ္စ တစ်ခုချင်းစီကို တွက်ချက်ကာ လိုအပ်သည်ဟု ယူဆရသော နည်းလမ်းများဖြင့် အမေရိကန်တို့၏ အကျိုးစီးပွားအောင်မြင်အောင် အကောင်ထည်ဖေါ်မည့် နည်းလမ်းဖြစ်ပါသည်။

    ကျနော်တို့ အသေအချာ နားလည်ထားရမှာက နိုင်ငံတကာအသိုင်းအ၀ိုင်းဆိုတာ စုစည်းညီညွှတ်တဲ့ အဖွဲ့အစည်း  မဟုတ်သလို၊ ခေါင်းဆောင် တစ်ဦးတည်းက ဦးဆောင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ရပ်မဟုတ်ပါဘူး။ နိုင်ငံတွေ အချင်းချင်း စုပေါင်း လုပ်ဆောင်နေကြတာ ဖြစ်သလို၊ အဲဒီနိုင်ငံအသီးသီးရဲ့ ခေါင်းဆောင်တွေ၊ အစိုးရတွေက ကိုယ့်အကျိုးစီးပွားတွေ အလျောက် သူတို့ သန်ရာ သန်ရာဘက်ကိုလိုက်ပြီး လုပ်ဆောင်နေကြတဲ့ နိုင်ငံ အချင်းချင်းကြားက ဆက်ဆံရေးပုံစံ တစ်ခုပဲ ဖြစ်တယ်။ အဲဒီလို အကျိုးစီးပွားတွေကို အရင်းခံထားတဲ့ ဆက်ဆံရေး တစ်ရပ် ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်က သဘောမတူရင် နောက်လူတွေက ဘာမှလိုက်လုပ်ပေးလို့ မရဘူး။ အားလုံး သဘောတူတဲ့ ကိစ္စဆိုတာလဲ ပေါ်လာဖို့သိပ်ခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဆိုတဲ့ (၅)နိုင်ငံကို ကြည့်လိုက်ရင် တဘက်မှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့ရှိနေပြီး၊ ကျန်တဘက်မှာ သူတို့နဲ့ ရပ်တည်ချက်မတူတဲ့ ရုရှား နဲ့ တရုတ်တို့ ရှိနေကြတယ်။ ဒါကြောင့် သူတို့ကြားက အချင်းချင်း အားပြိုင်မှု(Power Balance)တွေကြောင့် တဘက်က လုပ်ချင်ပေမယ့်လည်း နောက်တဘက်က သဘောမတူတဲ့အတွက် အကောင်အထည်ပေါ် မလာတာတွေ ရှိပါတယ်။ ဒါကြောင့်လည်း ဒီနေ့ခေတ် အခြေအနေမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတာ တကယ်တမ်း အကြပ်အတည်း တွေ့လာပြီဆိုရင် ဘာမှ မလုပ်နိုင်တော့ဘဲ စက္ကူကျား သာသာပဲ ဖြစ်နေတယ်။

    လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ ဖြစ်ခဲ့တဲ့နေရာတွေကို ပြန်ကြည့်ရင် အဲဒီမှာအသတ်ခံနေရတဲ့ လူတွေထက်စာရင် ကုလသမဂ္ဂ၀န်ထမ်း လူဖြူတွေရဲ့ အသက်က ပိုပြီးတန်ဖိုးကြီးနေတဲ့ ပုံစံမျိုးတွေ့ရတယ်။ လူဖြူတစ်ယောက် အသက်အသေခံမလား၊ ဒီကလူတွေ ထောင်သောင်းချီသေတာကို လက်ခံမလားဆိုရင်တောင် သူတို့လူတစ်ယောက် အသေမခံဘဲ ကယ်ထုတ်သွားရမဲ့ အနေအထားကိုတွေ့ရတယ်။ အဲဒါ သူတို့ရဲ့ ပထမ ဦးစားပေးပေါ့.. ဒုက္ခသည်တွေရဲ့ အသက်က ဒုတိယနေရာမှာပဲရှိတယ်။ ဒီလိုအဖြစ်အပျက်တွေက ဘော့စနီးယား၊ ကိုဆိုဗို၊ ရ၀န်ဒါ၊ သီရိလင်္ကာ စတဲ့နေရာစုံမှာ ဒီလိုပဲတွေ့ရတယ်။ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေက ဒေသခံတွေရဲ့အသက်ကို ဘယ်လိုပဲ ကယ်တင်လိုစိတ် ရှိနေပါစေ .. သူတို့လူဖြူတွေရဲ့ အသက်ကို အာမခံချက်ရှိမှပဲ လုပ်ကြတာ။ အာမခံချက် မရှိတဲ့အခါ ဒေသခံတွေ ဘာချည်းပဲဖြစ်နေပါစေ .. သူတို့လူတွေကိုပဲ အရင်ဆုံး ကယ်ထုတ် သွားကြတာပါပဲ။

    ကျနော်ပြောချင်တာကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတိုင်း၊ ကုလသမဂ္ဂဆိုတိုင်း ကျနော်တို့အနေနဲ့ လက်တွေ့ မကျဘဲ သဘောထားနုနယ်တဲ့ အတွေးတွေ မရှိသင့်တော့ဘူး။ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတိုင်း ပြည်တွင်းရေးမှာ ၀င်ရောက် စွက်ဖက်နိုင်တာပဲ .. အာဏာရှင်တွေကို တားဆီးနိုင်တာပဲ .. သူတို့ ဒါမျိုးတွေ မလုပ်ရဲအောင် ၀င်ပြောနိုင်တာပဲ .. နိုင်ငံတကာက ၀င်ပြောလိုက်ရင် ဒီအစိုးရ လုပ်ရဲတော့မှာမဟုတ်ဘူး .. စသဖြင့် ကျနော်တို့ ဒါမျိုး နုနယ်တဲ့ သဘောထားတွေ၊ မရင့်ကျက်တဲ့ အမြင်တွေ မရှိသင့်တော့ဘူး။ လက်တွေ့ကျကျ စဉ်းစားကြဖို့ လိုပါပြီ။

    `ရင့်´ဖို့လိုပြီ

    ကျနော့်ဆောင်းပါးက ပြည်ပအကူအညီတွေ အပေါ် မျှော်လင့်ချက်ထားနေသူတွေ စိတ်ပျက် အားလျော့သွားအောင် ရေးထားတာ မဟုတ်ဘူး။ ဒီဆောင်းပါးကို ဖတ်နေတဲ့ ခင်ဗျားတို့မှာ အသိဥာဏ်ကိုယ်စီရှိပါတယ်။ ကျနော်ပြောနေတာ ဖြစ်နိုင်၊မဖြစ်နိုင် ဆိုတာလောက်တော့ ခင်ဗျားတို့ စဉ်းစားနိုင်ကြလိမ့်မယ်။ လက်တွေ့ဖြစ်နေတာတွေကို ထောက်ပြပြီး သတိပေးနေတာပါ။ ကျနော်ရေးတာ ကျိုးကြောင်းဆီလျော်မှု ရှိ၊မရှိဆိုတာ ရိုဟင်ဂျာ ကိစ္စကိုကြည့်ရင်ပဲ သိသာပါတယ်။ ရိုဟင်ဂျာပြဿနာက ခုချိန်မှ ဒါမျိုးကြုံရတာ မဟုတ်ပါဘူး။ စစ်အစိုးရ အဆက်ဆက် ရိုဟင်ဂျာတွေကို ခုတိုင်းပဲ နှိပ်စက်ခဲ့ကြတာပါ။ ဒီဘက်ခေတ်မှာဆို သန်းရွှေလက်ထက် ၁၉၉၆ ၀န်းကျင်ခန့်ကလည်း ရိုဟင်ဂျာတွေကို ခုထက်ပိုပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ဖူးပါတယ်။ ဒီအကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေ မသိတာမဟုတ်ပါဘူး။ မသိယောင်ဆောင် နေကြတာပါ။ ကချင်တွေကိုလည်း စစ်ရာဇ၀တ်မှု ကျူးလွန်နေတာ ကမ္ဘာသိပါ။ နေရာတိုင်းမှာ မုဒိန်းကျင့်ခြင်းကို လက်နက်သဖွယ် လုပ်ဆောင်နေတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေလည်း အများအပြား ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး “စိုးရိမ်မိပါတယ်..” “အနီးကပ်စောင့်ကြည့်နေပါတယ်..” “၀မ်းနည်းပါတယ်..” ဆိုတဲ့ ကြေငြာချက်တွေကလွဲရင် ဘယ်နိုင်ငံတွေက ဘယ် အတိုင်းအတာထိ ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ပါသလဲ..။ ခုချိန်မှာ ကုလသမဂ္ဂကိုဖြစ်စေ၊ အမေရိကန်ကိုဖြစ်စေ ငိုပြရင်လည်း ခင်ဗျားတို့ချင်း စားပွဲပေါ်မှာ ပြေလည်အောင်ညှိကြလို့ပဲ ပြောမှာပါ။ ဒီကိစ္စတွေအတွက် ဘယ်သူကမှ စွန့်စွန့်စားစား မလုပ်လိုဘူးဆိုတဲ့ ဆန္ဒကိုဖေါ်ပြနေပါတယ်။ မြင်အောင် ကြည့်ကြပါ။

    ကျနော် ဆောင်းပါးနဲ့ပတ်သက်ပြီး သဘောပေါက်လွဲမှာစိုးလို့ အသေအချာ ထပ်ပြောချင်တာ တစ်ခုက- ဘယ်နိုင်ငံမှာ ဘာဖြစ်ဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက လက်ပိုက်ကြည့်နေရမယ်လို့ မဆိုလိုပါဘူး။ ဘာမှဝင်စွက်ဖက်လို့ မရတာမျိုးလည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့လပိုင်းက Responsibility to Protect(R2P)  Link ဆိုတဲ့အကြောင်း ကျနော် အကျဉ်းချုပ်ရေးဖြစ်ခဲ့တယ်။ အဲဒီလိုမျိုး ၀င်ရောက်စွက်ဖက်နိုင်တဲ့ ဥပဒေတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေတွေ အသက်ဝင်လာအောင်၊ အရေးယူမှုတွေ ရှိလာအောင် ကိုယ့်ဘက်က လမ်းကြောင်းပေးနိုင်မှာပဲ ရမှာပါ။

    ကျနော်တို့အမြင်မှာ သိန်းစိန်က အရည်အချင်း မရှိတဲ့ လူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့၊ သူ့နားမှာရှိတဲ့ master mind တွေကတော့ အချဉ်တွေမဟုတ်ပါဘူး။ အစိုးရတစ်ရပ်ကို လျော့ မတွက်ကြပါနဲ့။ ဒီလို စဉ်းလဲယုတ်ညံ့တဲ့အစိုးရမျိုးကို ကလေးကွက်တွေနဲ့ ရင်ဆိုင်ဖို့ ကြိုးစားနေမဲ့အစား လိမ္မာပါးနပ်စွာ ဆက်ဆံကြဖို့လိုအပ်နေပါပြီ။

    Comparative Politics ကို လေ့လာဖူးသလောက် ပြောရရင် ပြည်ပအင်အားသုံး စွက်ဖက်မှုတွေကို လမ်းခင်းပေးနိုင်တဲ့ အကြောင်းရင်းတွေက ယေဘုယျ အားဖြင့် နှစ်ချက် ရှိတာတွေ့ရတယ်။ တချက်က ပြည်တွင်း အင်အားစုတွေရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှု၊ နောက် တချက်ကတော့ သယံဇာတမက်လုံး..။ အထူးသဖြင့် လက်ရှိ သိန်းစိန် အစိုးရလိုမျိုး ဒိုင်ယာလော့ခ်ကို မဟာဗျူဟာမြောက် ကျင့်သုံးနေတဲ့ နိုင်ငံတွေကို ပြင်ပမှ အင်အားသုံး စွက်ဖက်တာမျိုး လုပ်လေ့မရှိဘူး။ နောက်ပြီး Rome Statue ကိုလည်း လက်မှတ် ထိုးထားခြင်း မရှိတဲ့အတွက် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တရားစွဲဖို့ ပိုမို ခက်ခဲပါတယ်။ အထူးသဖြင့် High Intensity Violence အဖြစ် သတ်မှတ်လို့ရတဲ့ စစ် အာဏာရှင်နိုင်ငံများကိုသာ ပြည်ပမှ စစ်အင်အားသုံး ၀င်စွက်လေ့ရှိတာတွေ့ ရတယ်။ မြန်မာပြည်ရဲ့အနေအထားကို ပြန်ကြည့်ရင် high intensity လို့ ပြောရမှာထက် တရိရိ တိုက်စားနေတာမျိုးပဲ ဖြစ်တယ်။ ဒါ့အပြင် တဘက်ကိုပြန်ကြည့်ရင် ဖိနှိပ်ညှင်းပမ်းနေသူတွေကို ပြန်လှန် တွန်းလှန်တာမျိုး ပြည်တွင်းမှာ လုံးဝမရှိဘူး။ ပြောရရင် သိန်းစိန်အစိုးရက ဒိုင်ယာလော့ခ်ပေါ်လစီကို အောင်အောင်မြင်မြင် ဗန်းပြ အသုံးချနိုင်နေသလို၊ တဘက် အင်အားစုတွေကလည်း ငြိမ်းချမ်းစွာ အဖြေရှာရေးကို ဦးတည်နေတဲ့ အနေအထားမျိုးမှာ ဘယ်ပြည်ပနိုင်ငံကမှ အင်အားသုံး ၀င်စွက်ဖက်မှာ မဟုတ်ဘူး။ ဒီလို ပြည်တွင်း အင်အားစုတွေရဲ့ တိုက်ပွဲပုံစံမရှိဘဲ ပါးစပ်က ထိုင်အော်နေယုံနဲ့တော့ ဘယ်နိုင်ငံခြား စစ်တပ်ကမှ ၀င်တိုက်ပေးမှာလည်း မဟုတ်ပါဘူး။

    နိုင်ငံရေးဆိုတာ `နု´ရာကနေ `ရင့်´လာကြရတာပါ။ ကိုယ့်ရဲ့ တကယ့်အခြေအနေမှန်ကို လက်ခံနိုင်စွမ်း မရှိရင် ရှေ့ဆက်လုပ်ဆောင်ရမဲ့ အစီစဉ်တွေမှာ တလွှဲတချော်တွေပဲ ဆက်တွေးနေလိမ့်မယ်။ ဒီလိုအတွေးမှားတွေက ခင်ဗျားတို့ရဲ့ လက်တွေ့ အခြေအနေ(reality)ကိုေ၀၀ါးသွားစေပါတယ်။ ခုကြုံတွေ့နေရတာတွေက ရက်ပိုင်း၊ လပိုင်းအတွင်း ဖြစ်လာတဲ့ ကိစ္စမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အစီစဉ်ချပြီး လုပ်ဆောင်ခဲ့တာပါ။ ကျနော်တို့အမြင်မှာ သိန်းစိန်က အရည်အချင်း မရှိတဲ့ လူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့၊ သူ့နားမှာရှိတဲ့ master mind တွေကတော့ အချဉ်တွေမဟုတ်ပါဘူး။ အစိုးရတစ်ရပ်ကို လျော့ မတွက်ကြပါနဲ့။ ဒီလို စဉ်းလဲယုတ်ညံ့တဲ့အစိုးရမျိုးကို ကလေးကွက်တွေနဲ့ ရင်ဆိုင်ဖို့ ကြိုးစားနေမဲ့အစား လိမ္မာပါးနပ်စွာ ဆက်ဆံကြဖို့လိုအပ်နေပါပြီ။ စိတ်ကူးယဉ်(Utopia) အိပ်မက်တွေထဲက ထွက်လာပြီး ပြတ်သားတဲ့၊ လက်တွေ့ကျတဲ့၊ စနစ်ကျတဲ့၊ ရည်မှန်းချက်ရှိတဲ့ နိုင်ငံရေး (deliberated politics)ကို ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ လိုအပ်နေပါပြီ။ Strategy ကောင်းကောင်းတစ်ခု ရှိရပါမယ်။ မှန်ကန်တဲ့ Vision (မျှော်မှန်းချက်) ရှိရပါမယ်။ ဒါပေမဲ့ ကိုယ့် Vision ကိုချည်း အော်နေလို့မရပါဘူး။ ဒီ Vision ကိုရောက်အောင် သွားနိုင်ဖို့ လက်တွေ့အကျဆုံးက ခင်ဗျားတို့ကိုယ်တိုင် ရွေးချယ်ရမယ့် Mission ပါ။ လုပ်သင့်တယ်ထင်တဲ့ လမ်းကြောင်းတွေ အားလုံးကို ထည့်စဉ်းစားကြဖို့ သင့်ပါတယ်။

    စိတ်ဓါတ် မြှင့်တင်တာလား .. စိတ်ဓါတ်ဖျက်ဆီးတာလား

    ကျနော် မှတ်မှိပါသေးတယ်။ မူကြိုကလေးဘ၀တုန်းက ရွယ်တူကလေးတွေ ကျနော့်ကို ကြောက်အောင် `င့ါအဖေက ဟောဒီ အိမ်ကြီးလောက် ကြီးတာ.. မင်းတို့ကို ဘယ်လို ကိုင်ပေါက် ပစ်လိုက်လိမ့်မယ်..´ဆိုပြီး ဖြဲခြောက်လေ့ရှိတယ်။ ကိုယ့်လိုပဲ ဘာမှ မသိနားမလည်သေးတဲ့ ကလေးချင်းကတော့ ကျနော့်လေလုံးတွေကို အဟုတ်မှတ်ပြီး ကြောက်တာပေါ့။ ဒီတော့ ကျနော့်ကိုလည်း လာဖားကြတယ်.. မုန့်တ၀က် ခွဲကျွေးတာတွေ လုပ်ကြတယ်။ ဒီအကြောင်း လူကြီးတွေသိသွားတဲ့ အခါကျတော့ ၀ိုင်းရယ်ကြတာပေါ့ဗျာ..။

    အခုလည်း ဒီအသက်အရွယ်ရောက်မှ ငယ်ငယ်က အကြောင်းတွေကို ပြန်သတိရဖို့ အကြောင်းဖန်လာတယ်။ တခါတလေ အွန်လိုင်းပေါ်ကမိတ်ဆွေတချို့ share လုပ်ထားကြတဲ့ တချို့သော စာတွေဟာ မူကြိုအရွယ် ကလေးငယ်တစ်ယောက်ကပဲ စိတ်ကူးယဉ်ပြီး ချရေးထားသလားလို့ ထင်မိတယ်။ အဲဒီလောက် အနှစ်သာရကင်းမဲ့ပြီး ပေါချာချာနိုင်တဲ့စာတွေကို တွေ့ရတော့ ပထမ ကျနော် အံသြမိပါတယ်။ နောက်တော့ စဉ်းစားစရာဖြစ်လာတယ်။ ဘာရည်ရွယ်ချက်နဲ့ ဒီလောက် ပေါချာချာစကားတွေ လျောက်ပြောနေတာလဲလို့..။

    မြန်မာပြည်က မွတ်ဆလင်တွေကို အကြောင်းခံပြီး ဘယ်နိုင်ငံ၊ ဘယ် အဖွဲ့အစည်းကမှ သိန်းစိန်အစိုးရကို လာဖြုတ်ချမှာ မဟုတ်သလို၊ သိန်းစိန်ကို ကြိုးစင်ပို့မယ်ဆိုတာလည်း လက်ရှိအချိန်ထိ လုံးဝမဖြစ်နိုင်ပါဘူး။  ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်လိုက်ပါလို့ ကုလသမဂ္ဂကလည်း အမိန့်ပေးလို့မရသလို၊ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးလိုက်ပါလို့ ဘယ်သူကမှ အမိန့်ပေးစေခိုင်းလို့လည်း မရပါဘူး။ ဒါဟာ မကြိုက်ရင်လည်း လက်ခံရမဲ့ အရှိတရားပါ။

    ကျနော်(ဦးဦး မှော်ဆရာ) ဘာတစ်ခုမှ မသိဘူးလို့ပဲ ထားပါတော့။ ဒီလို ရေးသားနေသူတွေနဲ့ပက်သက်လို့ ပုဂ္ဂိုလ်ရေးတွေ၊ အတွင်းရေးကိစ္စတွေ လုံးဝ မပါစေဘဲ အပေါ်ယံရှပ်တွေးကြည့်ရင်တောင် အဲဒီလို လုပ်ရပ်တွေမှာ အဓိကဆိုးကျိုး(၃)ခု တွေ့ရတယ်။

    (၁) ပြင်ပဗဟုသုတလည်းချို့တဲ့ပြီး တကယ့်လက်တွေ့ခံစားနေရတဲ့ ပြည်တွင်းကလူတချို့စိတ်ထဲမှာ ဒီလို လေလုံးတွေ နားယောင်သွားတဲ့အခါ မိမိတို့ရဲ့အခြေအနေ ဘယ်လောက်တောင် ဆိုးရွားနေတယ်ဆိုတာကို လက်တွေ့ကျကျ သုံးသပ်နိုင်တော့မှာ မဟုတ်ဘူး။ မနက်ဖန်ပဲ နိုင်ငံသား ဖြစ်တော့မလိုလို၊ နောက်တစ်လကြာရင်ပဲ တိုင်းရင်းသား ဖြစ်လာတော့ မလိုလို …၊ ဟိုလူတွေ လာလုပ်နိုးနိုး၊ ဒီလူတွေ ၀င်လာကူနိုးနိုး စိတ်ကူး ယဉ်မှုတွေကြောင့် ကိုယ်ကိုယ်တိုင် နည်းလမ်းတကျကြိုးစားမှပဲ ရလိမ့်မယ်ဆိုတဲ့ အသိ စိတ်ဓါတ်ကိုေ၀၀ါးပျောက်ဆုံးသွားစေတယ်။ တနည်းအားဖြင့် apolitical trend ကို ဦးတည်တယ်။

    (၂) ပြဿနာအပေါ် သူတို့ရဲ့ရှုမြင်ပုံက လမ်းလွှဲသွားတဲ့ အတွက် ဖြေရှင်းမှုနဲ့ပက်သက်လို့လည်း မှန်ကန်တဲ့၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်တော့မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ (capacity building) အရည်အသွေးကို မြှင့်တင်ရကောင်းမှန်း  မသိကြတော့ဘူး။ စိတ်ဓါတ်ပိုင်းဆိုင်ရာကို ဖျက်ဆီးရာရောက်ပါတယ်။

    (၃) အဲဒီလိုအခြေအမြစ်မရှိတဲ့ ကပေါက်တိ ကပေါက်ချာလေလုံးတွေကို ယုံကြည်မိတဲ့လူတွေ စိတ်ထဲမှာ တကယ့် လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တွေ အပေါ် ရေရှည်မှာ အမြင်ကောင်းနိုင်တော့မှာ မဟုတ်တော့ဘူး။ ဥပမာ- ပြည်ပက ဘယ်သူတွေက ဘယ်လိုကျိန်းဝါးထားတာ။ ဘယ်နှစ်လ အတွင်း ဘာတွေ လုပ်ပေးစေရမယ်လို့ စိတ်ချလက်ချ ယုံမှတ်နေသူတွေရဲ့ စိတ်ထဲမယ် အဲဒီလုပ်ရပ်တွေကပဲ ဒီပြဿနာရဲ့ ဖြေရှင်းနည်းလို့ တထစ်ချ သတ်မှတ်ပြီးသား ဖြစ်နေ လိမ့်မယ်။ ဒါကြောင့် ပြည်တွင်းမှာ အခက်အခဲတွေကြားက လက်တွေ့ ရင်ဆိုင်ဖြေရှင်းနေသူတွေရဲ့ လုပ်ဆောင်နေမှု အပေါ် နားလည်လက်ခံပေးနိုင်ဖို့ သိပ်မလွယ်တော့ဘူး။ အဲဒီလူတွေ “သေမှာကြောက်လို့၊ စည်းစိမ်ဥစ္စာ ထိခိုက်မှာကြောက်လို့ အစိုးရ နောက်မြီးဆွဲနေတယ်..” ဆိုတဲ့ အမြင်ထက် ထူးပြီး အကောင်းမြင်နိုင်တော့မှာ မဟုတ်ဘူး။ (သေမှာကြောက်တာ အပြစ်မဟုတ်ဘူး) အမှန်တကယ် အစိုးရအလိုတော်ရိတွေ၊ ကိုယ်ကျိုးရှာသူတွေ၊ နောက်မြီးဆွဲ သစ္စာဖေါက်သူတွေ မရှိမဟုတ်… ရှိပါတယ်။ ဒါပေမဲ့ ကျနော် ရည်ညွှန်းချင်တာက လုပ်ဆောင်ချက်ကိုပါ။ လုပ်ရပ်တစ်ခုကိုပဲ အဖြေလို့ တထစ်ချမှတ်ယူလိုက်တဲ့အခါ ကျန်တာတွေအားလုံးကို အကောင်း မမြင်နိုင်တော့တဲ့ သဘောပါ။

    စာလည်း သိပ်ရှည်သွားပြီ။ နိဂုံးချုပ်ပါမယ်။ မိတ်ဆွေတို့ကို အထူး သိစေချင်တာက မြန်မာပြည်က မွတ်ဆလင်တွေကို အကြောင်းခံပြီး ဘယ်နိုင်ငံ၊ ဘယ် အဖွဲ့အစည်းကမှ သိန်းစိန်အစိုးရကို လာဖြုတ်ချမှာ မဟုတ်သလို၊ သိန်းစိန်ကို ကြိုးစင်ပို့မယ်ဆိုတာလည်း လက်ရှိအချိန်ထိ လုံးဝမဖြစ်နိုင်ပါဘူး။  ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်လိုက်ပါလို့ ကုလသမဂ္ဂကလည်း အမိန့်ပေးလို့မရသလို၊ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးလိုက်ပါလို့ ဘယ်သူကမှ အမိန့်ပေးစေခိုင်းလို့လည်း မရပါဘူး။ ဒါဟာ မကြိုက်ရင်လည်း လက်ခံရမဲ့ အရှိတရားပါ။ ခုချိန်ထိ လက်တွေ့ ကြုံနေရတာတွေကို တချက်ပြန် စဉ်းစားကြည့်ပါ။ နောက်ပြီး ဘယ်နှစ်လအတွင်း ဘာဖြစ်စေရမယ် ဆိုတာမျိုးကလည်း ကျနော့်အတွေ့အကြုံအရ လုံးဝမဖြစ်နိုင်သေးပါ။ ခင်ဗျားတို့ကိုယ်တိုင် လေ့လာဆန်းစစ်ပြီး ချင့်ချိန်ယုံကြပါ။ မြန်မာမွတ်ဆလင်တွေရဲ့ အခွင့်အရေး နစ်နာဆုံးရှုံးနေတဲ့ ကိစ္စက လွယ်လွယ်လေးနဲ့ အဖြေမရပါနိုင်ဘူး။ ခင်ဗျားတို့ကိစ္စကို ခင်ဗျားတို့ ကိုယ်တိုင် လုပ်မှရလိမ့်မယ်။ ခင်ဗျားတို့ ဘယ်နည်းလမ်းသုံးပြီး အရွေ့တစ်ခုကို ဖန်တီးမလဲဆိုတာကိုတော့ ခံစားချက်ရှိတဲ့လူတွေကိုယ်တိုင် လက်တွေ့ကျကျ  စဉ်းစားချိန်တန်ပါပြီ။ Strategy ကောင်းကောင်းနဲ့ ပါးပါးနပ်နပ် လုပ်ဆောင်မယ်ဆိုရင် ပြည်ပ ဖိအားတွေ၊ နိုင်ငံတကာအရေးယူမှုတွေ ရှိလာမှာဖြစ်သလို၊ ထိုက်သင့်တဲ့အောင်မြင်မှုလည်း ရလာမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် ..

    စိတ်ကူးယဉ်မနေကြပါနဲ့။
    အင်မတန်ခက်ခဲတဲ့ အခြေအနေဆိုတာ သတိပြုကြပါ။
    လမ်းစပျောက်ပြီး လုံးပါး ပါးသွားပါလိမ့်မယ်..။

    ဦးဦး မှော်ဆရာ
    (၁၇ – ၆ – ၂၀၁၄)

    ** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

  • ဘယ်လ်ဂျီယံ အနိုင်ရခဲ့ပြီး ဘရာဇီး၊ ရုရှားတို့ သရေကျခဲ့သည့် ဇွန် ၁၇၊ ၁၈ ကမ္ဘာ့ဖလား ပွဲစဉ်များ

    ဇွန်လ ၁၈ ရက်၊ ၂၀၁၄
    M-Media
    10489952_902331289782719_2144723335484427433_n
    – ကမ္ဘာ့ဖလား အုပ်စု H က ၂ ပွဲနဲ့၊ အုပ်စု A က ၁ ပွဲကို မနေ့ညနဲ့ ဒီနေ့ မနက်တွေမှာ ကစားခဲ့ပြီး ၂ ပွဲသရေကျခဲ့ပါတယ်။

    မနေ့ညက ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ အလ်ဂျီးရီးယားတို့ပွဲမှာတော့ ဘယ်လ်ဂျီယံကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ခဲ့ပြီး လိုချင်တဲ့အနိုင် ၃ မှတ်လည်းရခဲ့ပါတယ်။ ဒါပေမယ့် အလ်ယ်ဂျီးရီးယားအသင်းက ပထမပိုင်း ၂၅ မိနစ်မှာရတဲ့ ပင်နယ်တီနဲ့ မိနစ် ၇၀ အထိ ဦးဆောင်နေခဲ့တာပါ။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ ဘယ်လ်ဂျီယံတို့ တောက်လျှောက်ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရခဲ့ပေမယ့် လိုအပ်နေတဲ့ ချေပဂိုးကိုတော့ မိနစ် ၇၀ မှာမှ မန်ယူကွင်းလယ်လူ ဖယ်လိုင်နီက သွင်းယူပေးခဲ့ပါတယ်။ နောက်ထပ် ၁၀ မိနစ်အကြာမှာတော့ အနိုင်ဂိုးထပ်ရခဲ့ပြီး ဒီမာတန်စ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုရဲ့ ရုရှားအသင်းကတော့ တောင်ကိုရီးယားကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ အစောပိုင်း မိနစ်တွေမှာ ရုရှားက ဘောလုံးပိုင်းဆိုင်မှုအသာရခဲ့ပေမယ့် တောင်ကိုရီးယားရဲ့ တန်ပြန်တိုက်စစ်ကလည်း ရုရှားနောက်တန်းကို အလုပ်ပေးနိုင်ခဲ့ပါတယ်။ နှစ်သင်း ဂိုးသွင်းခွင့် အနည်းငယ်ဆီရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ၆၈ မိနစ်မှာတော့ တောင်ကိုရီးယားတို့ အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ကွမ်ဟိုလီက သွင်းပေးခဲ့တာပါ။ ဒါပေမယ့် အဲဒီဦးဆောင်မှုဟာ ၆ မိနစ်သာ ခံခဲ့ပြီး ၇၄ မိနစ်မှာ ကာဇာကော့ဗ်က ရုရှားအတွက်ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

    အုပ်စု A ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ ဘရာဇီးလ်နဲ့ မက္ကဆီကိုတဲ့ရဲ့ ပွဲမှာတော့ အိမ်ရှင်ဘရာဇီးလ်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် မက္ကဆီကို ဂိုးသမား ဂူလာမို အိုချွာရဲ့ အံ့သြဖွယ်လက်စွမ်းကြောင့် ဂိုးမရှိသရေနဲ့ ပွဲပြီးခဲ့ပါတယ်။ ဒီအုပ်စုမှာ ဘရာဇီးနဲ့ မက္ကဆီကို ၂ သင်းစလုံးဟာ ၂ ပွဲကစား ၄ မှတ်နဲ့ အမှတ်တူနေပြီး ဂိုးကွာခြားချက်အသာနဲ့ ဘရာဇီးက အုပ်စုကို ဦးဆောင်နေပါတယ်။

    အုပ်စု H

    ဘယ်လ်ဂျီယံ ၂-၁ အလ်ဂျီးရီးယား
    တောင်ကိုရီးယား ၁-၁ ရုရှား

    အုပ်စု A

    ဘရာဇီး ၀-၀ မက္ကဆီကို

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဇွန်လ ၁၈  ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    သက်ရှိဆဲလ်တွေရဲ့ ရှင်သန်မှုကို ခေတ္တ ရပ်တန့်နိုင်မည်လား

    အမေရိကန်နိုင်ငံ Pittsburgh မြို့ရှိ UPMC Presbyterian ဆေးရုံမှ ခွဲစိတ်ဆရာဝန် Dr. Sam Tisherman ဦးဆောင်တဲ့ အဖွဲ့ဟာ အမေရိကန်စစ်တပ် အတွက် သုတေသန တစ်ရပ်ကို ပြုလုပ်လျှက် ရှိပါတယ်။ ပြင်းထန်တဲ့ ဒါဏ်ရာကြောင့် သွေးဆုံးရှုံးမှု များတဲ့အခါ ခွဲစိတ်တဲ့ အချိန်ကို မမှီနိုင်ခဲ့ရင် ရှင်သန်မှုကို နာရီ အနည်းငယ် ရပ်တန့်ပြီး ခွဲစိတ်နိုင်အောင် ဖြစ်ပါတယ်။

    ပထမဆုံး သွေးကြောမကြီးက တဆင့် ခန္ဓာကိုယ်ထဲက သွေးတွေကို 10°C လောက်အေးတဲ့ ဓါတ်ဆားရည် နဲ့လဲထည့်ပေး မှာဖြစ်ပါတယ်။ သွေးမရှိရင် ဆဲလ်တွေသေသွားနိုင်ပေမယ့် အဲ့သလောက် အေးသွားတဲ့အခါမှာ ဆဲလ်တွေရဲ့ ဇီဝရုပ် ဖြစ်ပျက်မှု ရပ်တန့်သွား တဲ့အတွက် ဦးနှောက် အပါအဝင် ဆဲလ်တွေ မပျက်စီး ပဲ နာရီအနည်းငယ် ထားနိုင်မှာ ဖြစ်ပါတယ်။

    ခွဲစိတ်မှုပြီးတဲ့အခါ သွေးပြန်သွင်းပေးပြီး နှလုံးနှိုးစက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီHypothermia လို့ခေါ်တဲ့နည်းကို လူသားတွေမှာ စမ်းသပ်နိုင်ဖို့ကတော့ သုတေသန ပြုဆဲဖြစ်ပါတယ်။

    photo.php

    _________________________________

    နာဆာရဲ့ အနာဂါတ် အာကာသယာဉ်

    NASA ရဲ့ ရူပဗေဒပညာရှင် အင်ဂျင်နီယာ ဖြစ်သူ Harold White က နာဆာမှာ နှစ် အနည်းငယ်ကြာ သုတေသနပြုခဲ့တဲ့ အာကာသယာဉ် ဒီဇိုင်းကို ထုတ်ဖေါ်ပြသ လိုက်ပါတယ်။

    အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ အရ ဖြစ်နိုင်ခြေရှိတဲ့ loophole သဘောတရားကို အခြေခံပြီး အာကာသ−အချိန်ကို ချုံ့ယူ−ဆန့်ထုတ်နိုင်မယ့် ကွင်းပုံစံ အာကာသယာဉ်ဟာ ရာစုနှစ်နဲ့ချီပြီး သွားရမယ့်ခရီးကို တစ်ပတ်လောက် အတွင်း ရောက်နိုင်မှာ ဖြစ်ပါတယ်။

    ဒါဟာ အလင်းထက် အဆ များစွာ မြန်တယ်လို့ ထင်ရပေမယ့် တကယ်ကတော့ အာကာသယာဉ်က အမြန်ပျံသန်းတာ မဟုတ်ဘဲ အာကာသ−အချိန်ကို ချုံ့ယူ−ဆန့်ထုတ်တဲ့နည်းနဲ့ ကျော်ဖြတ်တာ ဖြစ်ပါတယ်။

    NASA
    _________________________________

    လျှပ်စစ်ကားနည်းပညာသစ်

    ဘက်ထရီ တစ်ကြိမ် အားဖြည့်ထားတာနဲ့ ၉၉၄ မိုင် မောင်းနိုင်မယ့် နည်းပညာသစ်ကို Phinergy နဲ့ Alcoa ကုမ္ပဏီ နှစ်ခုက ပူးပေါင်းတီထွင်လိုက်ပါတယ်။

    သူတို့ ထုတ်ဖေါ်ပြသလိုက်တဲ့ လျှပ်စစ်သားမှာ သုံးနေကျ ဖြစ်တဲ့ lithium-ion ဘက်ထရီအပြင် aluminum-air (ဒန်သထ္ထု နှင့် လေ)ဘက်ထရီ ကိုပါ တပ်ဆင် ထားပါတယ်။

    အားကုန်သွားတဲ့အခါမှာလည်း သာမန်ရေဖြည့်ပေးရုံပဲ ဖြစ်တဲ့ အတွက် လေထု ညစ်ညမ်းမှု လုံးဝ မဖြစ်စေတဲ့ နည်းပညာဖြစ်ပါတယ်။

    aluminum-air

    _________________________________

    မြေပြင်နဲ့မထိပဲ သွားမည့်ကား

    တိုယိုတာ ကားကုမ္ပဏီ ရဲ့ နည်းပညာ managing officer ဖြစ်သူ Hiroyoshi Yoshiki က တိုယိုတာဟာ မြေပြင်နဲ့ မထိပဲ ရှပ်ပြေးသွားနိုင်မယ့် ကားနည်းပညာအသစ်ကို သုတေသနပြုနေတယ်လို့ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

    ‘ဒီနည်းပညာရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

    hover cars